မေငြိမ်း - လွမ်းရကောင်းနိုးမကောင်းနိုး… (၁)
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဒီဇင်ဘာ ၇၊ ၂၀၁၅
မနေ့ကမြန်မာပြည်ကသူငယ်ချင်းလည်းသူငယ်ချင်းအစ်မလိုလည်းဖြစ်နေတဲ့စာရေးဆရာပန်းချီဆရာမနဲ့စကားပြောကြတယ်။သူကပြောတယ်.. ကျမတို့သူငယ်ချင်းပန်းချီဆရာ --- ကကျမကိုပြည်ပြေး.. လို့ပြောတယ်တဲ့။ကျမကပြုံးနေတဲ့ Smiley အရုပ်ကလေးပို့ပေးလိုက်တယ်။ကျမထွက်လာကာစကလည်းသူငယ်ချင်းကဗျာဆရာတစ်ယောက်ကပြောတယ်တဲ့.. ကိုယ့်နိုင်ငံကိုထားခဲ့ပြီး .. ကိုယ်လွတ်ရုန်းသွားတယ်ဆိုလို့ကျမတိတ်တိတ်ကြေကွဲပြီးကဗျာတစ်ပုဒ်ရေးဖြစ်ခဲ့ရဖူးတယ်။
အနာသည်
ဒီလောက်ဝေးကွာနေတာတောင်
အဲဒီပူဆွေးသောက
ငါမြည်းစမ်းလို့ရတယ်။
ခါးသက်ခါးသီး
ရိုးတံတွေနဲ့ချွန်ထက်
သူမင်းကိုမျိုချခိုင်းခဲ့တယ်။
(phillip largin- British Poet)
ငါယုံပါတယ်...
အဲဒီလမ်းမဲမဲတွေပေါ်မှာ
ချွေးသန်တွေ
စိတ်ကျဒဏ်တွေ
တရွှဲရွှဲနဲ့ဆိုတာ။
အနိုင်ရလိုမှုမပါတဲ့
အရက်ခွက်တွေ
အချင်းချင်းထိခတ်နေ...
ချီးယာ့စ်တွေထဲမှာတော့
မျက်ရည်တွေစွန်းပေနေပေလိမ့်မယ်။
ဒီမှာ
မင်းရိုက်ခွဲလိုက်တာ
ကားမှန်တချပ် ...(မဟုတ်ဘူး)
မင်းသူငယ်ချင်းရဲ့ခေါင်း...(မဟုတ်ဘူး)
မင်းနာကျင်နေတာ
လေးလုံးစပ်ကဗျာ...(မဟုတ်ဘူး)
မင်းတို့အနားကထွက်ပြေးသွားတဲ့ငါ...(မဟုတ်ဘူး)
မင်းလိုချင်နေတာ
ချိုးဖြူတမန်...(မဟုတ်ဘူး)
သံလွင်တစ်ခက်...(မဟုတ်ဘူး)
မင်းပူလောင်နေတာ
ယွတ်ပီတွေအတွက်လား...(မဟုတ်ဘူး)
ဇစ်ပီတွေအတွက်လား...(ဒါလဲမဟုတ်သေးဘူး)
တကယ်တော့
အဲဒီထိပ်တုံးကြီးက
ငါတို့အားလုံးကိုခတ်ထားတာပါကွာ...
ခုချိန်မှာတော့
လောင်းထည့်သမျှတွေကို
မျိုမျိုချနေရုံကလွဲလို့။
ဇန်န၀ါရီ၊၂၀၀ရ။
တကယ်တမ်းကျတော့ကျမတို့မလိမ်မညာစတမ်းဝန်ခံရရင်နေရာတစ်ခုမှာနေလို့သာတဲ့သူတွေကနေကျန်နိုင်မှာပဲ။အဲလိုမှမဟုတ်ဘဲ.. ကိုယ့်တိုင်းသူပြည်သားနဲ့အတူတန်းတူဒုက္ခခံနေမယ်ဆိုတဲ့တိုင်းချစ်ပြည်ချစ်တွေလည်းရှိမှာပဲ။ဒါပေမဲ့ကိုယ်လိုချင်တာဘာလဲ.. ကိုယ်ဘာကိုရွေးချယ်သလဲ.. ဘာကြောင့်ရွေးချယ်သလဲဆိုတာတွေမှာရိုးသားဖို့တော့လိုတယ်ထင်ပါတယ်။ကျမရဲ့၂၀၁၃ဒီဇင်ဘာမှာထွက်ခဲ့တဲ့“မြသီလာအလွမ်းပြေ” မှာဒါတွေကိုပွင့်ပွင့်လင်းလင်းရက်ရက်စက်စက်ရေးခဲ့ပါတယ်။
အဲဒီနေရာမှာကျမဘယ်လိုမှမနေနိုင်တော့.. နေလို့မရတော့လောက်အောင်ကျမရဲ့ပတ်ဝန်းကျင်ကြီးအကာရောအနှစ်ပါပျက်စီးနေတာတွေကိုရင်မဆိုင်နိုင်တော့လို့ .. ဒါ့ထက်ပိုဆိုးတာကကျမရဲ့သားသမီးတွေကိုဒီပတ်ဝန်းကျင်မှာမကြီးပြင်းစေချင်တော့လို့။ဒါ့ထက်ပိုကြီးကြီးကျယ်ကျယ်ပြောရရင်ကျမကိုယ်တိုင်‘သုည’ က‘အစဂဏန်း’ ဖြစ်နေတဲ့ဘ၀မှာဘယ်သူကိုမှတန်ဖိုးမတက်ပေးနိုင်တော့တာသေချာလို့ဆိုတာတွေပါပဲ။
တကယ်တမ်းကျမထွက်ခဲ့တဲ့အချိန် .. ကျမအတွက်ပြည်ပမှာလည်းသေချာခိုင်မာတဲ့မက်လုံးမျိုးရှိနေခဲ့တာမဟုတ်ပါဘူး။ဘာဖြစ်ဖြစ်.. ဒီဝန်းကျင်ကလွတ်ရင်ပြီးရောဆိုတဲ့ခံစားချက်တစ်ခုတည်းနဲ့ထွက်ခဲ့တာ။ဒါကြောင့်ကျမကပြည်ပကိုတိုင်းပြည်လွတ်လပ်ရေးအတွက်ထွက်ခဲ့ကြရတဲ့ဒီမိုကရေစီရေးကြိုးစားလှုပ်ရှားနေတဲ့သူတွေနဲ့လည်းရည်ရွယ်ချက်ကမတူပါဘူး။ကျမကကိုယ့်ခံစားချက်တစ်ခုတည်း.. ကိုယ့်မိသားစုဘ၀တစ်ခုတည်းအတွက်အဓိကထွက်ခဲ့တာ။အပြင်ရောက်မှတိုင်းပြည်အတွက်လုပ်တယ်ဆိုတာတွေကကိုယ့်ထိခိုက်ခံစားတတ်မှုရဲ့ကျွဲကူးရေပါကိစ္စတွေပါ။ဒါကြောင့်ကြီးကြီးကျယ်ကျယ်တွေလည်းမပြောခဲ့ပါဘူး။
ဒါပေမဲ့အပြင်ရောက်တော့ကိုယ့်တိုင်းပြည်ကိစ္စကိုပိုမြင်လာရပြီးကိုယ်နိုင်သလောက်.. ကိုယ့်ပြည်သားတွေကိုဘယ်လိုကူမလဲဆိုတဲ့စိတ်နဲ့တော့တတ်နိုင်သမျှကူခဲ့ပါတယ်။စဉ်းစားကြည့်တော့ဒါကလည်းကိုယ့်စိတ်လိပ်ပြာလုံချင်တာကြောင့်ဆိုတာပါနေတာပါပဲ။ဒါကြောင့်ကျမသူငယ်ချင်းကဗျာဆရာပြောတဲ့ကိုယ်လွတ်ရုန်းတယ်ဆိုတဲ့ကိစ္စကိုကျမစိတ်မဆိုးခဲ့ပါဘူး။အဲလိုလုပ်ခဲ့ရတာကိုပြန်မြင်ပြီးကြေကွဲမိတာပဲရှိပါတယ်။ပြီးတော့အဲလိုပြောတဲ့ဘယ်သူ့ကိုမှလည်းစိတ်မဆိုးခဲ့ပါဘူး။လူတိုင်းဟာကိုယ့်ရွေးချယ်မှုအတိုင်းပဲလို့သာသဘောထားခဲ့ပါတယ်။လိပ်ပြာလုံကြဖို့ပါပဲ။
တကယ်တမ်းအပြင်ရောက်တော့ထိုင်းမှာ၎နှစ်ကြာပြီးကိုယ့်အနာဂတ်ဘာဖြစ်မလဲမသိသေးတဲ့အချိန်မှာကံကောင်းထောက်မစွာကိုရာကျော်ကအမေရိကန် DV Lottery ပေါက်တာနဲ့အပေါင်းအသင်းတွေကောင်းတာကြောင့်.. မိသားစုတစ်စုလုံးအမေရိကားရောက်ခွင့်ရခဲ့တာပါ။
ကျမခဏခဏစဉ်းစားမိတာပြောရရင်ကျမခုထိတိုင်းပြည်ထဲရှိနေသေးရင်ဘာဖြစ်မလဲ..။သေချာတာပေါ့.. တက္ကသိုလ်တခုခုမှာပါမောက္ခတမျိုးမျိုးဖြစ်နေမှာပေါ့။ကျမသားကြီးဘွဲ့တခုခုရပြီးကျောင်းပြီးအိမ်ထောင်ကျဖြစ်နေမှာပေါ့။သမီးကတော့ကျမမကြိုက်တဲ့ပညာရေးစနစ်ထဲ၁၀တန်းစာမေးပွဲဖြေဖို့လုံးပန်းနေရမှာပေါ့။သားငယ်လေးက၇တန်းလောက်ရောက်နေမှာပေါ့။ရာကျော်ကဓာတုဗေဒနဲ့ရထားတဲ့ဘွဲ့လက်မှတ်ကိုဘီရိုထဲမှာသိမ်းပြီးတပြည်တရွာမှာမဆိုင်တဲ့အခြေခံအလုပ်တွေလုပ်နေရမှာပေါ့။ကျမတို့ကကိုယ့်ကိုကျားကန်ပေးထားနိုင်တဲ့မိသားစုအဆွေအမျိုးလည်းမရှိ.. နေစရာအိမ်ပိုင်တောင်မှလည်းမရှိတော့တစ်လတစ်လသိန်းချီတဲ့အိမ်ငှားခတွေအိမ်စရိတ်တွေသားသမီးစရိတ်တွေကာမိဖို့ကျမစိတ်ဆင်းရဲတဲ့ကျူရှင်ပြရတဲ့အလုပ်ကိုမျက်လုံးပြူးမျက်ဆန်ပြူးလုပ်နေရမှာပေါ့။ဒီဘဝကိုကျမမရွေးချယ်နိုင်ခဲ့ဖူးလေ။ (ဒီလိုရေးတဲ့အတွက်ပြည်တွင်းကသူငယ်ချင်းဆရာဆရာမတချို့စိတ်မကောင်းဖြစ်မှာကိုလည်းစိုးပါတယ်.. ဒါပေမဲ့အားလုံးဟာကိုယ့်ဘ၀နဲ့ကိုယ် .. ကိုယ့်ခံစားချက် .. ကိုယ့်အယူအဆနဲ့ကိုယ်ဆုံးဖြတ်ကြရတာချည်းပါ)
ခုဒီတိုင်းပြည်မှာရော.. ဓာတုဗေဒဘွဲ့ရရာကျော်ကအိမ်တံခါးမကြီးတွေ Install လုပ်ရတဲ့ကုမ္ပဏီမှာလက်သမားခေါင်းဆိုပါတော့။ဒါပေမဲ့တကယ်တမ်းဓာတုဗေဒနဲ့ပတ်သက်လို့ဘာမှတကယ်တတ်မလာတဲ့အတွက်ရာကျော်ကသူ့ဘွဲ့ကိုလုံးဝမလွမ်းဘဲ.. ခုအလုပ်ထဲမှာကျွမ်းကျင်တာကိုပဲဂုဏ်ယူလို့။ကျမက .. ကံကောင်းချင်တော့ဒီရောက်စမှာကိုယ်သဘောကျတဲ့ရေဒီယိုအလုပ်လေးလုပ်ခွင့်ရခဲ့..။နောက်မြန်မာစာဆရာမအလုပ်တစ်ခုပြောင်းရ။ခုလည်းပြောက်တိပြောက်ကျားမြန်မာစာဆရာမလုပ်.. ။ဒီလိုပဲအိမ်စရိတ်ပူရ.. ကားစရိတ်ပူရ..။ပိုက်ဆံပိုတစ်ပြားမှမရှိ။ဒါပေမဲ့မျက်လုံးပြူးမျက်ဆန်ပြူး .. လောဘဒေါသသိပ်မရှိ။ကလေးပညာရေးအတွက်သိပ်မပူရ။ခုနေကျမတို့မိဘနှစ်ပါးသေသွားရင်တောင်ကျမကလေးတွေပညာရေးခါးပြတ်မသွားနိုင်တဲ့အစိုးရစနစ်ထဲမှာကျမအသက်ရှူဝတာအမှန်ပါ။
ဟုတ်တာပေါ့။ဒါတွေဟာကိုယ့်မိသားစုအရေးသာစဉ်းစားတာမို့တကိုယ်ကောင်းဆန်တယ်ဆိုပါစို့။ကျမကိုယ့်တိုင်းပြည်မှာတုန်းကတော့ကိုယ့်မိသားစုကိုတောင်တရားသဖြင့်ပိုက်ဆံနဲ့မထောက်ပံ့နိုင်…။ကိုယ့်အမေနေမကောင်းလို့မှဆေးမကုနိုင်။ပြီးတော့ကျမ၀န်းကျင်မှာဒေါသလောဘမောဟတွေနဲ့။အချင်းချင်းတွေခုတ်ကြထစ်ကြပါးပါးလှီးကြ.. အရက်ခွက်တွေထိခတ်ပြီးအမနာပတွေပြောရင်းစိတ်ဖြေကြရ။အချင်းချင်းအပြစ်ရှာရင်းထိုးကြကျိတ်ကြခေါင်းရိုက်ခွဲကြ။တချို့ကတော့အချင်းချင်းချစ်ချစ်ခင်ခင်တယောက်ဒဏ်ရာတယောက်ကျပ်ပူထိုးပေးကြ..။စင်ပေါ်ကမတရားသဖြင့်တွေနဲ့စင်အောက်မြေပြင်မှာဒဏ်ရာရနေတဲ့တရားသဖြင့်တွေကိုကျမဘယ်လိုမှမကြည့်နိုင်တော့တဲ့အချိန်…။ထားပါတော့.. ကျမကိုယ်လွတ်ရုန်းခဲ့တယ်..။ပြည်ပြေးခဲ့တယ်ပေါ့..။ဒါဆိုရင်ကျမကို (ကျမလိုပြည်ပရောက်သူများကို) အဲလိုဆိုကြသောအဲလိုမြင်ကြသော..သူအများစုရော.. ကျမထက်ပို .. ကျမတို့တွေထက်ပိုလို့.. တိုင်းပြည်အတွက်တာဝန်ကျေနိုင်ခဲ့ကြပြီလား.. အဲဒီမေးခွန်းကိုကိုယ့်ကိုယ်ကိုပြန်မေးကြဖို့ကောင်းပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ခုလိုနိုင်ငံရေးအကူးအပြောင်းကာလ .. ခေါင်းဆောင်ပိုင်းတွေကပြည်ပရောက်နေသူတွေပြန်လာပြီးကိုယ့်တိုင်းပြည်အတွက်တဘက်တလမ်းကလုပ်ပေးကြပါတော့လို့ပြောနေချိန်မှာ..။အဲဒီပြည်တွင်းမှာရှိကြသူတွေကရောကျမတို့ပြည်ပကနေပြန်သွားကြမယ့်သူတွေကိုဘယ်လိုပုံစံနဲ့လက်ခံမယ်ဆိုတာကသိပ်အရေးကြီးလာပါပြီ။တချိန်တည်းမှာပဲပြည်ပကနေပြန်သွားမယ့်သူတွေကလည်းဘယ်လိုစိတ်ထားတွေ.. ခံယူချက်တွေရည်ရွယ်ချက်တွေနဲ့ပြန်မယ်ဆိုတာအရေးကြီးလာပါပြီ။တကယ်တော့ပြန်လည်ရင်ကြားစေ့ရေးကကျမတို့အချင်းချင်းကြားမှာကိုအရေးတင်္ကြီးလိုအပ်နေတာပါ။ကျမရေးခဲ့တဲ့ကဗျာတစ်ပုဒ်လိုကျမတို့ဟာခေတ်ကခွဲလို့ကွဲခဲ့ရတဲ့သွေးတွေပါ...
++++++
ကျမကိုသူငယ်ချင်းတချို့ကပြောတယ်။ကိုယ့်တိုင်းပြည်ကိုမလွမ်းဘူးလားတဲ့။ပြောရရင်ကျမကကိုယ့်တိုင်းပြည်မှာတကယ်တန်အောင်နေခွင့်ကြုံခဲ့တဲ့သူပါ။ရူးလောက်အောင်တန်ဖိုးကြီးတဲ့ကိုယ့်တိုင်းပြည်လေးထဲကရှမ်းပြည်၊ကရင်ပြည်၊မွန်ပြည်နဲ့ပုဂံတွေမှာကိုယ့်အိမ်လိုနေခဲ့တဲ့သူ..။ဧရာဝတီမြစ်ကိုအရှေ့ခြမ်းအနောက်ခြမ်းရွာသိမ်ရွာငယ်လေးတွေပါမကျန်နှမ်းနှမ်းမွှေ .. စိမ်ပြေနပြေသွားခွင့်ရခဲ့ဖူးသူ။ကျမလောက်လွမ်းစရာများတဲ့သူ…။ဒါပေမဲ့ဆရာငြိမ်းကျော်ကိုတုပြောရရင်လွမ်းရမှာကိုလည်းအားနာပါတယ်လေ.. ပေါ့။ကိုယ်ထားချင်လို့ထားခဲ့ပြီးမှလွမ်းကြောင်းဆွေးကြောင်းရက်လွန်ဆောင်းရမှာ.. အားနာလှပါတယ် ..။ဒါနဲ့ပဲ…..
(ပန်းချီ - ဘဌေးကြည်)