ရွှေကူမေနှင်း - ဘကြီးအောင်ညာတယ်
(တို့ခေတ်ဂျာနယ် အတွဲ -၁၊ အမှတ် ၂၁၊ ၂၃ ဒီဇင်ဘာ၊ ၂၀၁၅)
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၅
လွန်ခဲ့တဲ့ ၈၃ နှစ်က ရေးခဲ့တဲ့ ဝတ္ထုတပုဒ်ဟာ ဒီနေ့ထိသက်ဝင်လှုပ်ရှားနေဆဲဆိုတာ ထူးခြားမှုတခုပါ။ နေ့မြင် ညပျောက် မည်ကာမတ္တတွေကို ဘယ်သူမှ သတိ မထားမိကြသလို ၊ စွဲလမ်းမှုလည်း မရှိကြပါဘူး။ ပရိသတ်နှလုံးသားမှာ သံမှိုနဲ့ နှက်ထားသလို စွဲနစ်ကြတဲ့ အနုစာပေက တကယ်ရှားပါတယ်။ အဲဒီရှားတဲ့အထဲမှာ `ဘကြီးအောင် ညာတယ်´ က ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဆရာကြီးမင်းသုဝဏ် ရေးသားခဲ့တာပါ။ ၁၉၃၂ ခုနှစ်၊ တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်းမှ စတင်ပုံနှိပ်ခဲ့ပြီး စစ်ပြီးကာလမှာလည်း ပြန်လည်ပုံနှိပ်ခဲ့ပါသေးတယ်။
အဲဒီ ၁၉၃၂ ခုနှစ်က ဝတ္ထုဟာ ဒီကနေ့ မြန်မာနိုင်ငံနဲ့ကိုက်ညီနေသေးတယ်လို့ ယူဆသူများကတော့ ၂၀၁၆ ဇန်နဝါရီ ၁၆၊ ၁၇၊ ၁၈ မှာ စင်တင်ကပြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒုတိယအကြိမ် နိုဘယ်- မြန်မာ စာပေပွဲတော်ကြီးရဲ့ ညဘက်ဖျော်ဖြေရေး အဖြစ် စင်တင်ကြမှာပါ။ ဇာတ်ညွှန်းက ထုံးစံအတိုင်း ဆရာ ချစ်ဦးညိုပါ။ ဒါရိုက်တာကလည်း (ထုံးစံအတိုင်း) ဆရာနန်းဝင်းပါ။ သူတို့ နှစ်ယောက်က အတွဲညီတယ်။ အပေးအယူညီတယ်။
မနှစ်က ` မဟာဆန်ချင်သူ´ ပြဇာတ်နဲ့ အောင်ပွဲခံခဲ့ကြတဲ့ စာရေးဆရာများဟာ မိဘများမြှောက်စားလို့ ဆိုပြီး ဒီနှစ်လည်း ပြဇာတ်ကကြဖို့ သဘောတူခဲ့ကြတယ်။ ၂၀၁၅ နိုဘယ်- မြန်မာ ပွဲတော်ရဲ့ အောင်မြင်မှုထဲမှာ ညပိုင်း ဖျော်ဖြေရေးက ရာနှုန်း တစုံတရာ ပါခဲ့တာကိုး။
ဂျပန်ခေတ်ကစလို့ ပြဇာတ်(လူဘိုင်စကုပ်) ခေတ်စားလာတာမှာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာ ဒဂုန်တာရာအမှူးပြုပြီး ` နတ်သျှင်နောင် ´ ကို ပြဇာတ်အဖြစ်တင်ဆက်ခဲ့တယ်။ ဝိဇိယ ပြဇာတ်လည်း ကခဲ့တယ်။ ဒိုင်းခင်ခင်လည်း ကခဲ့ကြတယ်။ ရည်ရွယ်ချက်က စာပေထဲက အနုပညာကို ဇာတ်ခုံပေါ်တင်ပြီး ပရိသတ်ကို နှိုးဆွဖို့ပါပဲ။ ဒါမှ မြန်မာစာပေ မတိမ်ကောအောင်လို့ ရည်ရွယ်ကြတာပါ။ စာပေမှ စင်တင်ပြဇာတ်သို့ ကူးပြောင်းပေးတဲ့အတွက် စာရေးဆရာတွေကိုယ်တိုင် ကပြကြတာလည်း ဖြစ်ပါတယ်။ ပိုးကြောင့်မဟုတ်၊ အပျော်မဟုတ်၊ စာပေဖွံ့ဖြိုးရေး ဦးတည်ချက်နဲ့ပါ။
ဆရာသုခ၊ ဆရာရွှေပိန်သောင်း၊ ဆရာဥာဏ၊ ဆရာသော်တာဆွေ၊ ဆရာမကြီး ဒဂုန်ခင်ခင်လေး၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ ဆရာမကြီးစောမုံညင်း စသည်တို့ဟာ စာပေအရာမှာ ထက်မြက်သလို ဇာတ်ဝင်ခန်းအရ သရုပ်ဆောင်ရာမှာလည်း ပီပြင်ခဲ့ကြပါတယ်။
၁၉၆၂ နောက်ပိုင်း မုန်တိုင်းထဲမှာမို့ ၊ဒီလို စုစုဝေးဝေးပြဇာတ်ကဖို့ စိတ်မကူးနိုင်ခဲ့ကြပါ။ ၂၀၁၅ ခုနှစ်ကျမှ လွတ်လပ်ပျော်ရွှင်ဖွယ် လမ်းစပေါ်လာလို့ စာပေပွဲလုပ်ရင်း စာရေးဆရာပြဇာတ်ကို ပြန်လည် အသက်သွင်းနိုင်ခဲ့တယ်။ ဇာတ်ညွှန်းပညာ၊ ဒါရိုက်တာပညာ၊ သရုပ်ဆောင်ပညာ ပြည့်ဝတဲ့ အပြင်၊ နိုင်ငံရေး အနှစ်သာရကိုပါ စိမ့်ဝင် ခံစားတတ်တဲ့ ဆရာချစ်ဦးညို ကျန်းမာနေလို့လည်း အောင်မြင်ခဲ့တာပါ။
ဒီနှစ်အတွက်လည်း နိုင်ငံရေးအတွေးအမြင်နဲ့ပဲ ဇာတ်ရွေးခဲ့တယ်လို့ ပြောရင် မမှားပါဘူး။ စာရေးဆရာ ဆိုတာ နိုင်ငံရေးသမားတော့ မဟုတ်ပါဘူး။ ပါတီစွဲ မရှိဘူး။ လူထုကို သိစေချင်တဲ့ စေတနာကို နိုင်ငံရေးသမားလို တည့်တည့် မပြောဘူး။ သွယ်ဝိုက်တင်စားပြီး အလင်္ကာနဲ့ ပြောတတ်တယ်။ ဘကြီးအောင် ညာတယ်ကို လွန်ခဲ့တဲ့ ၈၃ နှစ်တုန်းက ဆရာမင်းသုဝဏ်ခံစားသလို ၊ လက်ရှိစာရေးဆရာတွေ ခံစားကြဆဲ ဖြစ်တယ်။
နောက်ထပ် ဘကြီးအောင်ညာတာ ကို မခံချင်ကြဘူး။ ဇာတ်လမ်းထဲမှာ ဆင်စွယ်ပန်းပု မင်းသမီးရုပ်ကလေး ထုနေတဲ့ ဘကြီးအောင်က ဇာတ်လိုက်ကလေးငယ်လေး မောင်ချစ်ကို အရုပ်ပြီးရင် တစ်ကျပ်နဲ့ ရောင်းမယ်လို့ ဆိုတယ်။ တစ်နေ့မှ မုန့်ဖိုးတပြားရတဲ့ ကလေးက မုန့်မစားဘဲ စုတယ်။ ကျောက်သင်ပုန်းအကွဲကို ကျောက်တံဖြစ်အောင် သွေးပြီးရောင်းတယ်။ တစ်ကျပ် (၆၄ ပြား) ပြည့်ရင် သူ အရုပ်ကလေး ရမယ်လို့ ယုံတယ်။ ဒါပေမဲ့ ရွာကိုခဏလာတဲ့ အရေးပိုင်က အရုပ်ကလေးကို မြင်တဲ့အခါ လိုချင်တယ် ဆိုလို့ ပေးလိုက်ရတယ်။ မောင်ချစ်သိတော့ ရင်ကွဲနာကျပြီး သေတယ်။ ဘာမှ မဖြစ်လောက်ဘူး ထင်ပြီး ကလေးကို ကတိပေးခဲ့တဲ့ကိစ္စမှာ ကတိမတည်လို့ ကလေးသေဆုံးရတယ်။ ဒီတော့ လူကြီးတွေ ကတိ လွယ်လွယ်မပေးပါနဲ့။ ကတိ ပေးပြီးရင်လည်း ကတိတည်ပါစေ။ ကလေးတွေကို မညာပါနဲ့လို့ ဒီဇာတ်က ဆိုလိုတာပါ။ ဒါဆိုရင် ဆင့်ပွားတွေးလို့ ရပါပြီ။
ဘကြီးအောင်အဖြစ် ကဗျာဆရာ နေဇော်နိုင်(DVB) က သရုပ်ဆောင်ပါမယ်။ နေဇော်နိုင် ဆိုတာ ၂၀၁၀ မတိုင်မီ (DVB ) မှာ ထင်ရှားတဲ့ ပေါ်ပြူလာမင်းသားပဲ။ အသံဩဇာက ပါရမီ ရှိပြီးသားမှာ၊ လေသံဟန်ပန်သရုပ်ဆောင်မှုကို အတွေ့အကြုံများစွာနဲ့မို့ သူ့ထက်ပီသအောင် လုပ်နိုင်ဖို့ ရှားပါလိမ့်မယ်။
မောင်ချစ်ကလေးရဲ့ အဖေနဲ့ အမေ အဖြစ် ဆရာကိုရိုးကွန့် နဲ့ ဆရာ သန်းမြင့်အောင် တို့ သရုပ်ဆောင်ကြမှာပါ။ ကိုရိုးကွန့်ဆိုတာ အော်ပီကျယ်နဲ့ ညီအစ်ကိုအရင်းလို့ ပြောရင် အံ့ဩကြမြဲပဲ။ အော်ပီကျယ် ရွှင်သလောက် ကိုရိုးကွန့်က တည်တယ်။ အေးတယ်။ သူ သရုပ်ဆောင် နိုင်ပါ့မလားလို့ ပူစရာပါ။ ဒါပေမဲ့ သားသေတဲ့အခန်းမှာ ကိုရိုးကွန့် အလွမ်းသယ်တာများ သူ မတူအောင်ပါပဲ။ မိခင် ဖြစ်တဲ့ သန်းမြင့်အောင်ကို တော့ မစိုးရိမ်ပါ။ ဆရာမင်းသစ်က ပြောပါရဲ့။ သူ့လုပ်ငန်းနဲ့ ကွက်တိပဲတဲ့။ သူတို့နှစ်ယောက် ပူးတွဲအကယ်ဒမီ ရနိုင်တယ်။
မောင်ချစ်ရဲ့ သူငယ်ချင်းအဖြစ် အသက်ခုနှစ်ဆယ်ကျော် မောင်ခေတ်ထွန်းကို သရုပ်ဆောင်ခိုင်းတော့ ဆရာချစ်ဦးညိုရဲ့ ဟာသကို လက်ခံကြရပြီ။ ပုပုဝဝ မောင်ခေတ်ထွန်းခမျာ အလယ်တန်းကျောင်းသားတွေနဲ့ အတူ ရွှေစွန်ညို ကစားတာ၊ တဗုန်းဗုန်း လဲကျတာ၊ ဇာတ်တိုက်တာ ကြည့်တဲ့လူတိုင်း ဩခနဲ ရယ်ကြရတယ်။ ကဗျာဆရာမ မအိက မောင်ချစ်ရဲ့ဖောက်သည် ကောက်ညှင်းပေါင်းသည်ပါ။ မအိကလည်း သင်စရာမလိုပါ။ ဘာလုပ်ရမယ်ဆိုတာ သိပြီးသား။
ရွာသူကြီး အဖြစ် ကဗျာဆရာ စောဝေ။
နယ်ပိုင်ကြီး အဖြစ် အရပ်မြင့်မြင့် နှုတ်ခမ်းမွှေးကားကားနဲ့ ကာတွန်းစိုးသော်တာ။
ပယောဂဆရာအဖြစ် ဂတုံးအောက်တိုဘာအောင်ကြီး။
ဇာတ်အဖွင့်မှာ မြင်ရမယ့် စုံတွဲကတော့ စင်ပေါ်မှာ မမြင်ဖူးသေးတဲ့ သင်းသင်းသာနဲ့ ကာတွန်းစိုးစံဝင်း ပါပဲ။
ကဲ အဓိက ဇာတ်ဆောင်တွေ ပြောပြီးပြီ။ ကလေးသေတဲ့အခန်းမှာ အစမ်းလေ့ကျင့်စဉ်မှာကိုပဲ စင်ပေါ် စင်အောက် မျက်ရည်တွေရွှဲလို့။ မယုံ မရှိပါနဲ့။ လာကြည့်လှည့်ပါ။ လက်မှတ်ခတော့ နည်းနည်းများမယ်။ စိတ်မကောင်းစရာက အမျိုးသားဇာတ်ရုံရက် မရလို့ MEP မှာပဲ လုပ်ရမယ်ဆိုတာပါပဲ။ စင်ညံ့ပေမယ့် လူတွေ မညံ့ဘူးလို့ အာမခံပါတယ်။
အားလုံးကြွတော်မူကြပါ။