လှကျော်ဇော - ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေ
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၅
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၅
ဖေဖေနဲ့မေမေဟာ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက အတူတူကြီးပြင်းလာခဲ့ကြ၊ အတူတူ ဆော့ကစား လာခဲ့ကြ တဲ့ ဆွေမျိုးသားချင်းများ ဖြစ်ကြပါတယ်။ ၁၉၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မေမေ့ကို သာယာဝတီခရိုင်၊ သုံးဆယ်မြို့မှာ အဘ ဦးဘအုံး၊ အမိ ဒေါ်တင်တို့က မွေးဖွားခဲ့ပါတယ်။ ဖေဖေ့ထက် အသက်အရ ၂ နှစ်ငယ်ပေမယ့် ဝါကတော့ မေမေက ကြီးပြီး၊ အဒေါ်တော်ပါတယ်။ ဖေဖေ့အဘွားနဲ့ မေမေ့အမေက ဖအေတူ မအေကွဲ ညီအစ်မအရင်းပါ။ ဒီလို ဆွေမျိုးတော် စပ်ကြလို့ပဲ အတူဆော့ကစားရင်း ကြီးပြင်းလာခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဖေဖေ့မိသားစုနဲ့ မေမေ့မိသားစု ဖြတ်သန်းပုံခြင်း မတူတာကြောင့် သဘောစရိုက်တွေကလည်း ကွဲပြားခြားနားပါတယ်။
မေမေက တဦးတည်းသမီးပါ။ မိဘများကလည်း အဲဒီခေတ်က ရှားပါးလှတဲ့ အစိုးရဝန်ထမ်းတွေဖြစ်တာကြောင့် မတောင့်မတ မကြောင့်မကြ ကြီးပြင်းလာခဲ့ပါတယ်။ စည်းမဲ့၊ ကမ်းမဲ့၊ စားချင်တိုင်းစား လည်ချင်းတိုင်းလည် ဆော့ချင်တိုင်း ဆော့နဲ့ လူတိုင်း မျက်စိစပါးမွေးစူးအောင် ကဲခဲ့သူပါ။
မေမေ့အဖေ ဦးဘအုံးဟာ သာယာဝတီအရေးပိုင်ရုံးက ရုံးအုပ်စာရေးကြီးပါ။ မေမေ့အမေ ဒေါ်တင်ကတော့ အလွန်အေး ဆေးပြီး စိတ်ရင်းသဘောရင်း ကောင်းလှသူ ဖြစ်ပါတယ်။ ကျွန်မတို့အဘိုး ဦးဘအုံးရဲ့အဖေ ဦးပိုင်ဟာ အစစအရာရာ သားကိုအားကိုးနေရလို့ အေးဆေးပြီး လောဘရမက်နည်းလှတဲ့ ကျွန်မတို့အဘွားကို ချွေးမအဖြစ်သဘောကျပြီး ပေးစားခဲ့ တာပါ။ အဘိုးက သူမေတ္တာရှိလို့ ယူတာမဟုတ်လေတော့ အဘွားကို စိတ်ချမ်းသာအောင် မထားခဲ့ပါဘူး။ ဒါ့အပြင် အဲဒီခေတ် မင်းအမှုထမ်း၊ အရာထမ်းတို့ရဲ့ထုံးစံအတိုင်း အပျော်အပါး အသောက်အစားလေးလည်း ရှိခဲ့ဆိုပဲ။ ဒါပေမဲ့ အဘိုးဟာ တဦး တည်းသောသမီး မေမေ (ကျွန်မတို့မေမေ) ကို ရလာတော့ သမီးမှ သမီးဖြစ်လာပြီး ကမ်းမမြင် လမ်းမမြင် အလိုလိုက်ချင်တိုင်း လိုက်ခဲ့တော့တာပါပဲ။ အဲသလို မိသားစုအသိုင်းအဝိုင်းမှာ မေမေက ကြီးပြင်းခဲ့တာပါ။
ဖေဖေတို့ မိသားစုကတော့ သုံးဆယ်မြို့က ၂ မိုင်လောက်ဝေးတဲ့ ဆိုင်းစုရွာကပါ။ ဖေဖေတို့မိသားစုက ညီအစ်ကို မောင်နှမက လည်းများ၊ မိဘများကိုယ်တိုင်ကလည်း လယ်ကလေးနည်းနည်းပါးပါးသာ ပိုင်ဆိုင်သူဖြစ်လေတော့ အစစအရာရာ ဇယား ကိုက်လုပ်ရတဲ့ အိမ်ထောင်ပါ။ ဖေဖေငယ်စဉ်က ဘုန်းကြီးကျောင်းမှာပဲ စာသင်ခဲ့ရပြီး အိမ်ပြန်ရောက်တာနဲ့ အိမ်အလုပ်တွေ ကူရပါတယ်။ အဲသလို စနစ်ဇယားနဲ့ တိတိုင်းပြီးနေခဲ့ရတဲ့ အိမ်ထောင်စုမှာ ကြီးခဲ့ရတဲ့ ဖေဖေဟာ ငယ်စဉ်ကတည်းက စည်း လွတ်ဝါးလွတ်ကြီးပြင်းခဲ့တဲ့ မေမေကို ကြည့်မရပါဘူး။ ဖေဖေရဲ့တဦးတည်းသော နှမလေး ကျင်ကျင် (ကျွန်မတို့အခေါ် ဒေါ် လေးကျင်) နဲ့ မေမေနဲ့က အလွန်ချစ်ခင် ရင်းနှီးကြပါတယ်။ မေမေက ဒေါ်လေးကျင်နဲ့ လာလာကစားကြ၊ အပြန်အလှန် လည်ကြပတ်ကြတာကို ဖေဖေ သဘောမတွေ့လှပါဘူး။
ဒီလို အလွန်ကွဲပြားခြားနားတဲ့ အိမ်ထောင်စုနှစ်စုက ပေါက်ဖွားလာခဲ့သူနှစ်ဦး ဘယ်လိုများ ဖူးစာရေစက်ဆုံသွားပါလိမ့်။
မေမေအရွယ်ရောက်လာတော့ မေမေတို့အဖေက “မိန်းကလေးပဲ သေစာရှင်စာရေးတတ်ရင် တော်ရောပေါ့” ဆိုပြီး ကျောင်း ထုတ်လိုက်ပါတယ်။ ဖေဖေကလည်း ရန်ကုန်ဆရာအတတ်သင်ကျောင်း ရောက်သွားပါတယ်။
၁၃၀ဝ ပြည့်အရေးတော်ပုံကြီးဖြစ်လာတော့ ဖေဖေက သူ့ကျောင်းက ကျောင်းသူ ကျောင်းသားတွေကို ခေါင်းဆောင်ပြီး ပါဝင်ခဲ့ပါတယ်။ သခင်ပေါက်စလည်း ဖြစ်နေပါပြီ။ သပိတ်ပြိုကွဲပြီး ရွှေတိဂုံဘုရားပေါ်တက် အစာငတ်ခံ တိုက်ပွဲဆက်ဆင်နွှဲတဲ့ ရဲရဲတောက် သခင်သန်းတင်အဖွဲ့မှာ ဖေဖေပါသွားပါတယ်။ အဲဒီသပိတ်လှန်ပြီးနောက် အစိုးရ ရက်ရွှေ့စစ်ပေးတဲ့ စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီးနောက် မိမိဇာတိကို ပြန်လာခဲ့ပါတော့တယ်။
ဖေဖေက အဲဒီအရေးတော်ပုံ မပေါ်ခင်လေးတင် အသဲကွဲခဲ့ပါတယ်။ သူက သူနဲ့ကျောင်းနေဘက် ကျောင်းသူတဦးကို မေတ္တာ ရှိခဲ့တာပါ။ တောကျောင်းသားလေးရဲ့မေတ္တာကို ရွှေဂုန်သူကြီးက မတုံ့ပြန်ခဲ့ပါဘူး။ ပထမဆုံး အတွေ့အကြုံမို့ထင်ပါရဲ့ ဖေဖေ က တော်တော်ထိလိုက်ပုံရပါတယ်။
နိုင်ငံရေးတိုက်ပွဲလည်းရှုံး၊ အချစ်ရေးလည်း အထိနာနဲ့ ဒွေးရောဥပါဒ်ရောယှက်ပြီး ဖေဖေ အပြင်းဖျားလိုက်တာ ရွာမှာ အ တော်ဆေးကုယူရပါတယ်။ နည်းနည်း နာလန်ထလာတော့ ဖေဖေ့အဖေက ရန်ကုန်ပြန်မလွှတ်တော့ဘဲ စိတ်ငြိမ်အောင်ဆိုပြီး အိမ်ထောင်ချပေးဖို့ စီစဉ်ပါတော့တယ်။ ဒီတော့ အမျိုးထဲက လူကြီးဖြစ်တဲ့ မေမေတို့အဖေကိုတိုင်ပင်ပြီး သင့်တော်သူ ရှာ ဖွေပေးစားဖို့ အပ်ပါတယ်။ ဒါကြောင့်ပဲ မေမေ့အဖေက သူ့အမျိုးထဲက တူမ ဝမ်းကွဲလေးတယောက်နဲ့ ပေးစားဖို့ စီစဉ်ပါတယ်။ တဆွေလုံးတမျိုးလုံး ဝိုင်းသဘောတူပြီး ဖေဖေ့ကို နားချကြပေမယ့် ဖေဖေက တူးတူးခါးခါးချည်း ငြင်းပါတယ်။ အဲဒီအချိန်က ဖေဖေက သုံးဆယ်မြို့နားက ပန်းဆွဲရွာလေးမှာ ယာယီကျောင်းဆရာလေး ဝင်လုပ်နေတာပါ။ သူက သုံးဆယ်မြို့ပေါ်တက် လာရင် မေမေတို့အိမ်မှာပဲ စတည်းချလေ့ရှိတာကြောင့် မေမေနဲ့ကလည်း ငယ်ငယ်တုန်းကလို မျက်နှာကြောမတည့် သိပ်မ ဖြစ်တော့ဘဲ ခင်မင်ရင်းနှီးနေကြပါပြီ။ မေမေကလည်း ဖေဖေ့ရဲ့ ရန်ကုန်အတွေ့အကြုံတွေကို ကြားချင်သိချင်နေတာလေ။
ဒီလိုနဲ့ တနေ့ မေမေနဲ့ ဖေဖေရောက်တတ်ရာရာ စကားတွေ ထိုင်ပြောနေကြတုန်းမှာ နှုတ်သွက်လျှာသွက်မေမေက “နို့ နေ ပါဦး အားလုံးက ဝိုင်းနားချနေတာကို ဘာလို့ ဒါလောက် ငြင်းနေရတာလဲ။ တခြားတွေ့ထားတာများ ရှိလို့လား” လို့ ဆိုင်းမဆင့် ဗုံမဆင့် မေးလိုက်ပါသတဲ့။ ဒီတင် မမှီတဲ့ပန်း တုံးခုလှမ်းသလိုဖြစ်နေလို့ စတင်ရန်ခက်နေရှာတဲ့ ဖေဖေ့ခမျာ အကွက်ဆိုက် သွားပါလေရော။ ဒီလိုနဲ့ မေမေနဲ့ ဖေဖေတို့ရဲ့မေတ္တာဇာတ်လမ်း စခဲ့တာပါပဲ။
အဲဒီအကြောင်း မေမေက ကျွန်မကိုပြန်ပြောတော့ ကျွန်မက “မေမေက ရေလာမြောင်းပေးလုပ်တာပေါ့လေ” လို့ စတော့ “ဘုရားပေးပေး ကျမ်းပေးပေးပါအေ။ မသိခဲ့ရိုး အမှန်ပါ” လို့ ပြောပါတယ်။ ဟုတ်လောက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မေမေက ဖေဖေ့အပေါ် ထားရှိခဲ့တဲ့ သူ့မေတ္တာအတိုင်းအတာကို ဘယ်တုန်းကမှ ကွယ်ဝှက်ပြောလေ့မရှိလို့ပါပဲ။ အဲဒီတုန်းက တော့ သူတကယ်ပဲ ရိုးရိုးခင်ခဲ့ဟန်ရှိပါတယ်။ ဖေဖေကတော့ ဒါတွေကို ဘယ်တုန်းကမှ ပြန်မပြောတတ်ပါဘူး။ သူပြောပြဖူး တာတခုကတော့ “ဖေဖေတို့အကြောင်းကို သူ့အဖေကြီးက ဘာမှမရိပ်မိ မသိရှာပဲ သူ့တူမနဲ့ပဲ လက်ဆက်ဖို့ ဖေဖေ့ကို နား ချချနေတာကို သိပ်အားနာမိတာပဲ” တဲ့။
မေမေကတော့ ဒီအကြောင်းတွေကို သူ့အမေကို ဖွင့်ပြောပြပါတယ်။ သူ့အဖေကိုသာ ပြောမပြရဲတာပါ။ အဘွားကတော့ နဂို ကတည်းက ဖေဖေ့ကို တည်တည်ကြည်ကြည်ရှိလှသူမို့ သဘောကျပြီးသား။ သူ့အမျိုးလည်းဖြစ်တယ်လေ။ ဒါကြောင့် ကူညီပြီးတော့တောင် ဖုံးဖိပေးသေးတယ်တဲ့။
ဒီလိုနဲ့ ဖေဖေနဲ့မေမေတို့ မေတ္တာဇာတ်လမ်း ၅ နှစ်ကျော်ကြာခဲ့ပါတယ်။
ဒီကာလအတွင်းမှာ ဖေဖေက ရန်ကုန်ပြန်တက်ပြီး ကျောင်းတက်ရင်း ဂျပန်ပါသွားပါတယ်။ ဂျပန်ကပြန်လာပြီး ဘီအိုင်အေစစ် ဗိုလ်အဖြစ် လျှမ်းလျှမ်းတောက် ကျော်ကြားလာခဲ့ပြီး ရန်ကုန်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ကြားကမှ မေမေ့ကို သူပြန်ဆက် သွယ်ခဲ့တာပါ။ သူ တောကျောင်းသားလေးဘဝ၊ ဘာအနာဂတ်မှ မရှိစဉ်က သူ့မေတ္တာတို တုံ့ပြန်ခဲ့တဲ့ မေမေရဲ့မေတ္တာကို လေးစားမှုရှိခဲ့ဟန်ရှိပါတယ်။ ထို့အတူပဲ မြို့သူပညာတတ်တွေကို ခေါင်းခေါက်ယူနိုင်တဲ့ဘဝက မိမိဇာတိရပ်မှာ ကျန်ခဲ့တဲ့ ငယ်ချစ်ငယ်ရည်းစားလေးကို ပြန်ဆက်သွယ်ခဲ့တဲ့ ဖေဖေရဲ့မေတ္တာကိုလည်း မေမေက အသိအမှတ်ပြုပုံရပါတယ်။ ဒါကြောင့် ပဲ ဖေဖေနဲ့မေမေတို့ရဲ့အိမ်ထောင်ရေးဟာ အဖုအထစ် အနှောင့်အယှက်မရှိလှဘဲ သာယာချမ်းမြေ့ခဲ့တာပါ။ တဦနဲ့တဦး အပြန်အလှန် နားလည်ကြင်နာပြီး စိတ်ချင်းသဘောချင်းပါ တိုက်ဆိုင်တူညီလာဟန်ရှိပါတယ်။ အထူးသဖြင့် မေမေဟာ ဖေ ဖေနဲ့ မေတ္တာမျှချိန်ကစလို့ သူ့ဘဝတလျှောက်လုံး သူ ဖေဖေ့ပေါ်မှာ ထားရှိခဲ့တဲ့ မေတ္တာရဲ့စေစားမှုကိုသာ ခံယူသွားခဲ့ပြီး သူ့နေပုံထိုင်ပုံ စဉ်းစားပုံ လုပ်ဆောင်ပုံတွေအားလုံး ဖေဖေ့စိတ်ကြိုက် အလိုကျ အံ့သြစဖွယ် ပြောင်းလဲနေထိုင်သွားခဲ့တာဟာ အသက် ၇၈ နှစ် ကွယ်လွန်ချိန်အထိ ဖြစ်ပါတော့တယ်။
လှကျော်ဇော
၂၃-၄-၂၀၁၀
မှတ်ချက်
ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ၊ ဆောင်းပါးပေါင်းချူပ်၊ အတွဲ(၁)၊(ဖြိုးမောက်သာစာပေ)၊
ဆောင်းပါးအမှတ် (၁၄) ကိုပြန်လည်တင်ပြပါတယ်။
ပုံစာ - ၁၉၄၉ ခုနှစ်က ဖေဖေနဲ့ မေမေ