ကျော်မောင်(တိုင်းတာရေး) - ကျွန်ုပ်သည် ကြက်သားကို ကြိုက်ပါသည်
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅
“I like chicken” “ကျွန်ုပ်သည် ကြက်သားကို ကြိုက်ပါသည်"တဲ့။
ကလေးတွေ ဆိုနေကြတာပါ။ အင်္ဂလိပ်လို ပထမရွတ်ပါတယ်။ ပြီးမှ ဘာသာပြန်တဲ့အနေနဲ့ မြန်မာလို ရွတ်ပါတယ်။ သတင်းဌာနတခုရဲ့ မှတ်တမ်းဗီဒီယိုတခုအဆုံးသတ်ခါနီးမှာ ကြည့်လိုက်ရ၊ ကြားလိုက်ရတာလေးပါ။
“I like chicken” ဆိုတဲ့နေရာမှာ "I eat chicken” "ကျွန်ုပ်သည် ကြက်သားကို စားသည်"ဆိုတာ ဖြစ်စေချင်လှပါတယ်။ ကြက်သားဆိုတာ ရွှေပြည်ကြီးမှာ ဈေးကြီးကြီးပေးဝယ်ရတဲ့ အထဲမှာ အပါအ၀င်ဖြစ်တဲ့ ဟင်းလျာဖြစ်ပါတယ်။ ကြက်ငှက်တုပ်ကွေးတွေ ဖြစ်နေတုန်းက ကြက်သားဈေးတွေ အတော်ကျပါတယ်။ အဲဒီအခါ ကြက်သားဟင်းတမယ် မည်မည်ရရ မစားနိုင်ခဲ့တဲ့၊ မစားဘူးသေးတဲ့ မိသားစုတွေ အားရပျော်ရွှင်စွာ ၀ယ်စားကြပါတယ်။ ဘာတုပ်ကွေး ညာတုပ်ကွေးဆိုတာတွေ မမှုပါ။ ဒီအချိန်မှာမှ စားရတာတဲ့၊ စားနိုင်တာတဲ့၊ စားဖူးတာတဲ့။
ရေသည်ပြဇာတ်ထဲမှာ ဆင်းရဲတဲ့ရေသည်ယောက်ျားရဲ့ဘ၀ကို စလေဦးပုညက "ကောက်လျင်ကြီးဆန်၊ နီတာလံနှင့်၊ ငါးသန်သေးနုပ်၊ ရေလုံပြုပ်များကို၊ တလုပ်ကယ်၀၀၊ စားလိုက်ရလျှင်ဖြင့်၊ အာကပါးစပ်၊ လူဖြစ်ကျိုးနပ်လေငဲ့"လို့ စပ်ဆိုပြထားပါတယ်။ ဈေးမကြီးသင့်ဘဲ ကြီးနေတဲ့ ကြက်သားကို မ၀ယ်နိုင် မစားနိုင်တဲ့ ရွှေပြည်ကြီးက မိသားစုတွေနဲ့ သူတို့ ကလေးငယ်တွေရဲ့ဘ၀ကိုများ ဦးပုညတွေ့ခွင့်ရသွားခဲ့ရင် ဘယ်လိုများ စပ်ဆိုပြလိုက်လေမလည်းရယ်လို့ တွေးမိပါတယ်။
ကြက်သားအကြောင်းတွေးရင်းနဲ့ ကြက်ပေါင်အကြောင်းလည်း ဆက်တွေးမိပါတယ်။ ကြက်ပေါင် ကြက်ပေါင် ဒီကြက်ပေါင်ဆိုတာလည်း ကြက်သားရဲ့ အစိတ်အပိုင်းပါပဲ။ ကြက်ပေါင်ဆိုတာက ရွှေပြည်ကြီးမှာ တော်ရုံတန်ရုံအဆင့်ထဲကသူတွေ မကိုက်နိုင်ပါ။ အမြဲကိုက်နိုင်သူဆိုတာ ဝေလာဝေးပါပဲ။ ကြက်သားကလည်း ဈေးကြီးသကိုး။ ဈေးကြီးတဲ့ ကြက်ကို ၀ယ်စားနိုင်ဖို့ကလည်း ဟင်းလျာမပြောနဲ့ ထမင်းတနပ်အတွက်တောင် အနိုင်နိုင်မဟုတ်လား။ အိမ်ရှင်မတွေ ဈေးကအပြန် ဈေးခြင်းထဲမှာ ကြက်ခြေထောက်နှစ်ချောင်း ထောင်လျက်သားနဲ့ ပြန်လာရင် လမ်းမှာတွေ့တဲ့သူတွေရဲ့ အထင်ကြီးခံရတာက အခုခေတ်အထိ ရွှေပြည်ကြီးမှာ မပျက်သုဉ်းသေးတဲ့ ပြက်လုံးလေးပမာဖြစ်ပါတယ်။
မိတ်ဆွေတယောက်က ဒီလို အမြဲပြောလေ့ရှိပါတယ်။
"ဟကောင်ရ ကြက်သားဆိုတာ ဒို့နိုင်ငံမှာ ဈေးကြီးတဲ့အထဲ အခုထိပါတုန်းကွ။ ကြက်ပေါင်ကိုက်တဲ့သူကလည်း အခုထိကိုက်တုန်း။ ငါ ကြက်ပေါင်စားနေရတယ်၊ တခြားသူတွေလည်း စားနိုင်အောင် ဘယ်လိုလုပ်ပေးရမလည်း ဆိုတဲ့စိတ်လည်း မရှိတဲ့ အပြင် တချို့များဆို ဟိုမှာ ထမင်းတနပ်တောင် အနိုင်နိုင်စားဖို့ ရုန်းကန်နေရသူတွေရှေ့မှာကို တဖြဲနှစ်ဖြဲကိုက်ပြနေကြတာကွ"။
စင်ကာပူနိုင်ငံသားတယောက် မြန်မာပြည် အလည်ရောက်တဲ့တခေါက်မှာ သူတွေ့ရ ကြုံရတာလေးတွေ ပြောပြရင်း ကြက်သားဟင်းအကြောင်း ပြောပြပါတယ်။ ဒါကို မိတ်ဆွေတယောက်ဆီက တဆင့်စကားကြားရတာပါ။ သူက ဘယ်လိုပြောပြလည်းဆိုတော့ "မြန်မာပြည်မှာ စားရတဲ့ကြက်သားဟင်းဟာ အတော်ရင့်ကြောင်း၊ အတော်ကိုက်ခဲ့ ၀ါးခဲ့ရကြောင်း၊ ဘာလို့အဲဒီလောက် မာရ ရင့်ရသည်ကို သူမသိကြောင်း"ဆိုပြီးပြောပါတယ်တဲ့။ အသိမိတ်ဆွေက ပြန်ဖြေခဲ့ပါတယ်။"မြန်မာပြည်မှာ စားခဲ့ရတဲ့ ကြက်သားဟာ စင်ကာပူမှာ Kampong Chicken တောကြက်လို့ခေါ်တဲ့ ကြက်ပုံစံမျိုးဖြစ်နိုင်ဖွယ်ရှိကြောင်း၊ မြန်မာကြက်လို့ခေါ်ကြောင်း၊ မွေးမြူရေးကြက်မဟုတ်လို့ သူ့ဘာသာသူ ရှင်သန်အသက်မွေးရတာဖြစ်တဲ့အတွက် အသားတွေ သန်မာနေတဲ့ ကြက်ဖြစ်ပြီး အဲဒီကြက်ကိုစားခဲ့ရတာဖြစ်မယ် ထင်ကြောင်း"အရွှန်းဖောက်ပြီး ဖြေလိုက်တဲ့အခါ တဖက်လူ သဘောကျ ကျေနပ်သွားကြောင်းပြောပြပါတယ်။
ဖြေခဲ့တဲ့မိတ်ဆွေက အဲဒီအကြောင်းလေးကို ကြုံတိုင်းပြောပြောပြပြီး ဘာဖြစ်လို့ ကြက်သားဆိုတာကို ပေါများအောင်၊ လူအများစားနိုင်အောင် မဆောင်ရွက်နိုင်ကြတာလည်းဆိုပြီး မချိတင်ကဲ ပြောလေ့ရှိပါတယ်။ သူပြောတာနားထောင်ပြီး သူသာ ဟိုစင်ကာပူနိုင်ငံသားကို မြန်မာကြက်သားဈေး ဘယ်လောက်ရှိတယ်ဆိုတာ ပြောပြလိုက်လို့ကတော့ ဒီထက်မက အံ့အားသင့်သွားမှာပဲလို့ ဆင့်ပွားတွေးမိပါတယ်။
လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့တဲ့ မိတ်ဆွေတယောက်ကတော့ “ ကြက်ပေါင်ကြီးကိုက်တာ ကြည့်ပြီး ရုပ်ရှင်တွေ သွားသွားသတိရတယ်ကွာ။ ကြက်ပေါင်ကိုက်တာ လူဆိုးကြီးတွေမှ ကိုက်တာကွ၊ ရုပ်ရှင်တွေထဲမှာလေ"လို့ နောက်ပြောင်ပြီး ပြောလေ့ရှိပါတယ်။ ဘယ်လိုအခါမျိုးမှာ ပြောသလည်းဆိုတော့ သူ့ရှေ့မှာ ကြက်ပေါင်ကြော်ကြီးကို တယောက်ယောက်က အားပါးတရ ကိုက်စားနေတဲ့အချိန်မျိုးမှာပါ။ အဲဒီအခါ ကြက်ပေါင်ကိုက်နေသူလည်း ကိုက်လျက်စ တန်းလန်း တွန့်သွားမိတာ အမှန်ပါပဲ။ ဟုတ်သားပဲ၊ ရုပ်ရှင်တွေထဲမှာ လူဆိုးတွေပဲ ကြက်ပေါင်ကိုက်တာကိုး။ ကာတွန်းတွေ ရုပ်ရှင်တွေထဲမှာ ပါတယ်ဆိုတာ အပြင်လောကကို ထင်ဟပ်ပြတာပါပဲ။
"I like chicken” မှသည် "I eat chicken” ဖြစ်ဖို့လိုပါတယ်။ "I like football “ မှသည် "I play football” ဖြစ်ရန်လိုပါတယ်။ "I like books” ကနေ "I read books” ဖြစ်ဖို့ကြိုးစားရမှာပါ။ ဒါတွေဖြစ်အောင် ကြံဆောင်နိုင်သူတွေက ကြံဆောင်ပေးရမှာဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်အောင်လည်း စေတနာကောင်းရှိဖို့သာမက စနစ်တကျလုပ်ဆောင်နိုင်စွမ်းရှိဖို့လိုပါတယ်။
ကြာတော့ကြာခဲ့ပါပြီ။ အငြိမ်းစား အထက်တန်းကျောင်းဆရာမကြီးတယောက်နဲ့ စကားစမြည်ပြောဖြစ်ခဲ့ပါတယ်။ ပြောရင်းနဲ့ စာကြည့်တိုက်တွေ အကြောင်းရောက်သွားပါတယ်။ ကလေးလူကြီး စာဖတ်ဖို့ဆိုတာမှာ စာဖတ်နိုင်အောင် စာကြည့်တိုက်တွေ ရှိလာဖို့၊ ရှိလာတဲ့ စာကြည့်တိုက်တွေမှာလည်း စာအုပ်စာတမ်းတွေ ပြည့်ပြည့်စုံစုံရှိနိုင်ဖို့၊ လူငယ်တွေ ဘယ်စာအုပ်တွေ ဖတ်သင့်တယ်ဆိုတာ ညွှန်ပြကြဖို့ ဆိုတာတွေပြောဖြစ်ခဲ့ပါတယ်။ ဆရာမကြီးက အန်တီဆိုပြီး သူ့ဘာသာသူညွှန်းပါတယ်။ သူကပြောပါတယ်။ သူ့မွေးရပ်ရွာကို သွားတဲ့အခါတိုင်း မဂ္ဂဇင်းအဟောင်းတွေ၊ ဂျာနယ်အဟောင်းတွေ၊ စာစောင်တွေကို ရွာမှာရှိတဲ့ စာကြည့်တိုက်လေးကို လှူဖို့ သယ်သွားလေ့ရှိပါတယ်တဲ့။
တခေါက်မှာ အတော်များများ သူလှူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရွာကို နောက်တခေါက် ရောက်သွားတဲ့အခါ စာကြည့်တိုက်မှာ သူလှူခဲ့တဲ့ စာအုပ်ထုပ်ကြီးက ထောင့်တထောင့်မှာ လှူစဉ်ကအတိုင်းပါပဲတဲ့။ သူက အခုလို မှတ်ချက်ချပြောပါတယ်။ "အန်တီတို့ကတော့ လှူလိုက်တာပါပဲ။ သူတို့က စာဖတ်ချင်တဲ့စိတ်မရှိကြတော့ မဖတ်ကြဘူးလေ၊ ကဲ မခက်ဘူးလားကွယ်"လို့ပြောပါတယ်။ အဲဒီတုန်းက အဲဒီအန်တီကြီးကို မပြောဖြစ်ခဲ့တာရှိပါတယ်။ "အန်တီက ဘာဖြစ်လို့ စာဖတ်ချင်စိတ်မရှိတဲ့သူတွေကို စာဖတ်ချင်စိတ်ရှိလာအောင် မလုပ်ပေးနိုင်ရတာပါလည်း"ဆိုတာပါပဲ။
စာဖတ်စေချင်ရင် စာအုပ်စာပေတွေကို နှစ်သက်အောင်၊ "I like books” ဖြစ်အောင် စတင်ကြိုးစားပေးရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာမှ Mobile Library ဆိုတဲ့ ရွေ့လျားစာကြည့်တိုက်ဆိုတာတွေနဲ့ ဆောင်ရွက်ပေးတာတို့၊ ရွေ့လျားစာကြည့်တိုက်တွေသုံးပြီး မူလတန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေ၊ အထက်တန်းကျောင်းတွေမှာ စာအုပ်ငှားပေးတာတို့ လုပ်ဆောင်တာဟာ “I read books” ဖြစ်လာအောင် ဆောင်ရွက်ကြခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ရှိပြီးသား ကျောင်းစာကြည့်တိုက်တွေ၊ တက္ကသိုလ်စာကြည့်တိုက်တွေ၊ မြို့နယ်စာကြည့်တိုက်တွေမှာ စာအုပ်စာတမ်းတွေ ပိုမိုပြည့်စုံနေအောင်၊ စာကြည့်တိုက် စနစ်တွေ သုံးရစွဲရ လွယ်ကူလာအောင်၊ စာကြည့်တိုက်တွေကို လူတွေ လာပြီး သက်တောင့်သက်သာ စာဖတ်နိုင်အောင် စတဲ့ ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ဒါမှလည်း "I read books” ဆိုတာကနေ "I read a lot of books” ဆိုတာဖြစ်လာမှာပါ။
အလားတူပါပဲ။ ကြက်သားဆိုတဲ့ တော်ရုံလူ မစားနိုင်တာကနေ စားနိုင်အောင် လုပ်ပေးနိုင်ဖို့လိုပါတယ်။ “ကျွန်ုပ်သည် ကြက်သားကို ကြိုက်ပါသည်"ဆိုတာမှာ စားဖူးလို့ ကြိုက်သွားတာလို့ဆိုနိုင်သလို မစားဘူးပေမယ့် သူများစားတာတွေ့ပြီး အရသာရှိပုံပေါ်လို့ ကြိုက်ပါသည်လို့ ပြောတာဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။ အသားစားကြက်မွေးမြူရေးတွေကို စနစ်တကျနဲ့ တိုးတက်အောင်လုပ်ပေးပြီး ပြည်သူပြည်သားတွေ ပေါပေါလောလော စားနိုင်စေရပါမယ်။ ဘယ်လိုအကြောင်းကြောင့် ကြက်သားဆိုတာ ဈေးကြီးရပါသလည်းဆိုတာ လေ့လာဆန်းစစ်မှုတွေလုပ်၊ လျှော့ချနိုင်သင့်တာ လျှော့ချ၊ နည်းပညာတိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးသင့်တာ ဆောင်ရွက်ပေး စသဖြင့် လုပ်ရပါမယ်။ အဲဒီအခါ “ကျွန်ုပ်သည် ကြက်သားကို ကြိုက်ပါသည်"ကနေ “ကျွန်ုပ်သည် ကြက်သားကို စားပါသည်"။ တဆင့်တက်ပြီး “ကျွန်ုပ်သည် ကြက်သားကို များများစားပါသည်"ဆိုတဲ့အထိ ရောက်သွားနိုင်ပါတယ်။
ဘောလုံးကစားနည်းကို နှစ်သက်တာကနေ ဘောလုံးကစားတာ၊ ဘောလုံး နေ့တိုင်း ကန်နိုင်တဲ့ လူငယ်တွေ ဖြစ်လာတာ ဖြစ်ဖို့လိုပါတယ်။ အဲဒီလို ကလေးတွေ၊ လူငယ်တွေ လွတ်လွတ်လပ်လပ် သာမက နည်းစနစ်ကျကျ ဘောလုံးကစားနိုင်အောင် ဖန်တီးပေးနိုင်ဖို့လိုပါတယ်။
ကလေးတွေ ရွတ်ဆိုနေကြပါတယ်။ "I like chicken” “ကျွန်ုပ်သည် ကြက်သားကို ကြိုက်ပါသည်"တဲ့။ ကြက်သားကြိုက်သော ရွှေပြည်ကြီးရဲ့ ရင်သွေးငယ်တွေ၊ ရွှေပြည်ကြီးရဲ့ အားထားရမယ့် အနာဂတ်မျှော်လင့်ချက်ဖြစ်တဲ့ ကလေးသူငယ်တွေ "I eat chicken” ဆိုပြီး ကြက်သားစားရဖို့ ကြိုးစားရမှာပါ။ ကြက်ပေါင်ကြီးတွေကို လူဆိုးကြီးတွေပဲ ကိုက်နေရတဲ့အဖြစ်မျိုး မဖြစ်စေရပါ။
"ကျွန်ုပ်သည် ကြက်သားကို မြိန်ရှက်စွာဖြင့် အားပါးတရ စားနေပါသည်"တဲ့။
ကလေးလေးတွေ ကြက်သားစားရင်း အသံနေ အသံထားဖြင့် ပျော်ပျော်ရွှင်ရွှင် ရွတ်ဆိုလိုက်သံလေးတွေပါ။ အဲဒီအခါ ဘယ်လောက်များ ကြည်နူးစရာ ကောင်းလိုက်လေမလည်းဟု တွေးရင်း။ ။
ကျော်မောင်(တိုင်းတာရေး)
၂၉-ဇွန်-၂၀၁၅
( RFA Burmese ရဲ့ ဖေ့ဘုတ် စာမျက်နှာမှ ဗီဒီယိုဖိုင်တဖိုင်ပါ ကလေးငယ်များ စာဆိုနေသည်ကို တွေ့ပြီး တွေးမိ ရေးမိပါကြောင်း)