Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

စောဝေ - ငြိမ်းချမ်းရေး ပြန်ပေး

$
0
0
စောဝေ - ငြိမ်းချမ်းရေး ပြန်ပေး
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၅

ငြိမ်းချမ်းရေး
အလှမ်းဝေးနေတာလား
မင်းကို ငါတို့ချစ်တယ်
မင်းက ငါတို့ကို ပြန်ချစ်ဖို့ပဲ လိုတယ်
ဂါဇာမှာ ဗုံးဆံထိထားတဲ့ ခလေးကို
ပွေ့လာတဲ့ ကလေးလေးကို မကြည့်ရက်ဘူး
ဆီးရီးယားမှာ
ကျည်ဆံရာတွေနဲ့ အဖွားအိုကို မမြင်ရက်ဘူး
အီရတ်မှာ
ဘုရားကျောင်းထဲ
အစုလိုက် အပြုံလိုက်သေနေတာ ရင်နာတယ်
ယူကရိန်းမှာ
အပြစ်မဲ့ MH17 လေယာဉ်ထဲက လူတွေဟာ
မေတ္တာတရားဆီ သွားနေတာ
မေတ္တာတရားဆီ ပြန်နေတာ
ငြိမ်းချမ်းရေးရေ မျက်ကွယ်မပြုပါနဲ့
တို့မြေရဲ့ ရှမ်းမြောက်၊ကချင်၊ ကရင်၊ရခိုင်နဲ့
လက်ပန်းတောင်းတောင်က ဒေါ်ခင်ဝင်းကို
မျက်ကွယ်မပြုပါနဲ့ ငြိမ်းချမ်းရေး။

ဖားကန့်မှာ
တောထဲကို ထင်းသွားရှာတဲ့အဖေ
စစ်ပွဲတွေကြောင့် ပြန်မလာဘူး
သမီးကျောင်းတက်ချင်လှပြီ ဖေဖေ။

လိုင်ဇာမှာ
ရွာအပြင် ဟင်းစားသွားရှာတဲ့ အမေ
စစ်ပွဲတွေကြောင့် ပြန်မလာဘူး
သား ကျောင်းတက်ချင်လှပြီ မေမေ။

နှစ်ဖက် ကျည်ဆံဖိုးတွေကုန်မယ့်အစား
ဒုက္ခသည်စခန်းမှာ
သားတို့ သမီးတို့အတွက်
စာသင်ကျောင်းလေး ဆောက်ပေးပါ
ကျောင်းတက်ချင်လှပြီ မေမေ။
ကျောင်းတက်ချင်လှပြီ ဖေဖေ။

မြို့ပြနဲ့ အလှမ်းကွာတာနဲ့
ငြိမ်းချမ်းရေးဟာ ဝေးနေပြီလား
သမ္မတကြီး
စစ်ပွဲတွေ ရပ်ပေးပါ သမ္မတကြီး။

စစ်ပွဲတွေအစား
လူတွေသတ်နေမယ့်အစား
မေတ္တာတရားနဲ့
ငြိမ်းချမ်းရေးစကားတွေ ပြောကြပါ။

မြန်မာပြည်ရဲ့
တောပါးပါး၊ တောင်ပါးပါးလေးထဲမှာ
ကျောင်းတက်ချင်လှပြီလို့
အမြဲအော်နေတဲ့ ခလေးအသံတွေ
ကမ္ဘာကြီးက ကြားရဲ့လား
တယ်လီဖုန်းဆင်းကဒ်အစား
စားစရာ ဆန်ပေးပါ
တပ်စကရင် ဟမ်းဆက်နဲ့
တက်ဘလက်အစား
ကျောက်သင်ပုန်းဘဲပေးပါ
သံချပ်ကာကားနဲ့ စစ်ကားတွေအစား
အုန်းလက်နွားလေးဘဲ ပြန်ပေးပါ
နပ်စ်မနဲ့ ကျောင်းဆရာမတွေအစား
လယ်ထဲသွားပြီး  ပြန်မလာတော့တဲ့
ကျနော့် အမပဲ ပြန်ပေးပါ
ဆိုင်ကယ်နဲ့ ထော်လာဂျီတွေအစား
စစ်သားလုပ်ခဲ့ရတဲ့
ကျမ အစ်ကိုပဲ ပြန်ပေးပါ
ဒုက္ခသည်စခန်းတွေ ဖွင့်ပေးမယ့်အစား
အသိမ်းခံရတဲ့
ကျမတို့မြေတွေ ပြန်ပေးပါ
ဆိုလာမီးစက်အစား
ဘုရားရိခိုးကျောင်းလေး ပြန်ပေးပါ
တံဆိပ်အမျိုးမျိုးနဲ့ စစ်သားတွေအစား
ရွာကို စံပယ်ပန်းတွေနဲ့ ကာပေးပါ
လမ်းတွေဖောက်ပေးမယ့်အစား
မိုင်းတွေရှင်းပေးပါ
မင်းသားမင်းသမီးအဆိုတော်တွေလာမယ့်အစား
မြေစာပင်ဖြစ်သွားတဲ့ သားတို့ သမီးတို့ရဲ့ ဆွေမျိုးတွေ ပြန်ပေးပါ။

အစိုးရက သင်ချင်ရာသင်ခိုင်းမယ့်
ပညာရေးအစား
ကျောင်းသားကျောင်းသူတွေ ဆရာဆရာမတွေ
အမှန်တကယ်လိုလားတဲ့
ပညာရေးဘဲ သင်ပေးပါ။

သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်အစား
မိုင်းထိပြီး သေသွားတဲ့
အဖေနဲ့ အမေကို ပြန်ပေးပါ
ကမ္ဘာကြီးရေ… ငြိမ်းချမ်းရေး ပြန်ပေးပါ။

စောဝေ
(ကချင်ရှမ်းမြောက်ဒုက္ခသည်စခန်းငါးခုသို့ရောက်ခဲ့စဉ်ခံစားမှု)
 
Painting by Maia Kirchkheli

Viewing all articles
Browse latest Browse all 9633


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>