(မိုးမခ) ဇန်န၀ါရီ ၄၊ ၂၀၁၆
ငါ့ကို ဇန်န၀ါရီပြန်ပေး(ကဗျာ လုံးချင်းစာအုပ် ၁၉၈၅)
လွန်ခဲ့တဲ့အနှစ် ၃၀ ကျော်က ကျေန်ာတို့ ဒီလိုကဗျာရေးပြီး တောင်းခဲ့ဖူးတယ်။ ငါ့ကို ဇန်န၀ါရီပြန်ပေး..ငါ့ကို ဇန်န၀ါရီပြန်ပေး ...ငါ့ကို ဇန်န၀ါရီပြန်ပေး..လို့။ ဆိုတော့ ကျနော့်ဆွေမျိုးသားချင်းတချို့တလေအပါအ၀င် တော်တော်ပြိန်းတဲ့လူတချို့က ဇန်န၀ါရီကိုဘာလို့ပြန်တောင်းတာလဲလို့ ထုတ်ဖော်မေးခဲ့ကြဖူးပါတယ်။
သူတို့နားဝေးတာကိုး။
အဲဒီ့ကဗျာစာအုပ်ထုတ်ဝေတဲ့ခေတ်က ရန်ကုန် ဗဟန်းမှာ စာပေကင်ပေတိုင်ရုံးလို့ခေါ်တဲ့ ပြည်ထဲရေးဝန်ကြီးတိုက်ရိုက်ကွပ်ကဲတဲ့ စာပေစိစစ်ရေးရုံးဆိုတာကြီး ရှိတယ်။ အဲဒီရုံးကြီးဟာ ဂျပန်ခေတ်မှာ တကယ့်ကင်ပေတိုင်ရုံးကြီးဖြစ်ခဲ့တယ်လို့ ဆိုကြပြီး လွတ်လပ်ရေးအလွန် နှစ်တွေတော်တော်ကြာတဲ့အထိ အဲဒီ့အဆောက်အအုံထဲမှာ လူရိုးတွေရှိနေခဲ့သေးတယ်လို့လဲပြောကြပါတယ်။
ဂျပန်တွေ လူသတ်ခဲ့ကြသလား ...၊ ဂျပန်တွေလူသတ်တာက ဆန်းတာတော့မဟုတ်ဘူး။ ခုနေ ကျေနာ့်အနီးအနား ကိုးကားပြစရာမရှိတော့ ဒါတွေကို သေသေချာချာပြောပြဖို့တော့ခက်ပါတယ်။ သိချင် စာတွေဖတ်ကြ၊ သမိုင်းတွေဖတ်ကြပေါ့။
သေချာတာက ကျေန်ာပြောတဲ့ စာပေစိစစ်ရေးရုံးဆိုတာမှာ ဗိုက်ပူပူ အဆီတ၀င်းဝင်း ဂုတ်ပိုး အထစ်ထစ်နဲ့လူထီးကြီးတွေရယ် စိန်ရောင် ရွှေရောင် မြရောင် တ၀င်းဝင်းတလက်လက် ပွက်ထနေတဲ့လူမကြီးတွေရယ်ဟာ စာပေအနုပညာသမားတွေ လွတ်လပ်စွာ ရေးဖွဲ့ခံစားတဲ့ အနုပညာတွေကို မြိန်ရေရှက်ရေ ဖြုတ် ထုတ် သတ်ဖြတ် အကြမ်းဖက်ခဲ့ကြသူတွေဖြစ်တယ်ဆိုတာကိုပြောချင်တာပါ။ စာပေအနုပညာသမားတွေရဲ့ ဦးခေါင်းတွေ (ဦးနှောက်ပေါ့ဗျာ) နှလုံးသားတွေ ကို အားပါးတရကြီး ၀ိုင်းကာဝန်းကာ လှီးဖြတ် ဖောက်ထုတ် သုတ်သင်ကြတယ်။
လွတ်လွတ်လပ်လပ်တွေးတော ခံစား ပြောဆို ရေးဖွဲ့ ...စတာတွေ လုံးဝဆိတ်သုဉ်းစေဖို့ ခိုင်းစေလမ်းညွှန်တဲ့ စစ်အာဏာရှင်တွေအကြိုက် အာဏာပါးကွက်သားများအဖြစ်၊ လက်မရွံ့ကြီးတွေအဖြစ်နဲ့ ထူးထူးချွန်ချွန် သူ့ထက်ငါ ကျေပွန်လွန်းမက ကျေပွန်အောင် လုပ်ခဲ့ကြသူတွေဖြစ်ပါတယ်။
ဘာ့ကြောင့် ဘယ်လိုတွေလုပ်ကြတာလဲဆိုတာကတော့ အာဏာရှင်ကြီးများခေတ် ထာဝရ နေ၀င်မသွားရအောင် စစ်အာဏာရှင်စနစ်ကို ထိပါးဝေဖန်တဲ့ ပုတ်ခတ်တဲ့ စာပေမျိုးထွက်မလာဖို့ကို သူတို့က စာပေစိစစ်ရေးသမားတွေအဖြစ် ဖယ်ရှားသန့်စင်ပေးကြရတာပါ။ လွတ်လပ်ရေးရပင်ရခဲ့သော်ငြားဆင်းရဲတွင်းထဲ နစ်သထက်နစ်နေတဲ့ မြန်မာပြည်သူပြည်သားတွေအရေး တွေးတွေးဆဆရေးသားဖော်ပြတာတွေကို ပိတ်ပင်တားဆီးကြတယ်။

လူတွေရဲ့အသိဉာဏ်ကိုမှောင်နဲ့အတိဖုံးနေအောင် မှိုင်းတိုက်ထားချင်ကြတာမို့ လူထုမျက်စေ့ပွင့်စေမယ့်စာပေမျိုး အနုပညာမျိုး မရှိစေအောင် စည်းအတန်တန် တားပြီး ဆန်ခါ(ဇကာ)နဲ့တိုက်ချသလို ပြူးပြဲရှာဖွေ ဖြိုခွင်းခဲ့ကြတယ်။ တဖက်ကလဲအပြိုင် အဲဒီ့လိုစာပေအနုပညာမျိုးတွေရဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ လူထုကိုဘိန်းမှိုင်းတိုက်သလို မှိုင်းတိုက်ထုံးထိုင်းစေတဲ့ စာပေအနု ပညာတွေ ပေါ်ထွက် ရှင်သန်စေဖို့ လုံလဥဿ ဟ ပြုကြရသူများဖြစ်တယ်။
လူတွေရဲ့စိတ်ကူးစိတ်သန်း စွမ်းပကားတွေထက်မြက် စူးရှလက်ပနေမှာကို စိုးတော့ ရှင်သန်ခွင့်မရှိအောင် အာဏာနဲ့၊ မတရားဥပဒေတွေနဲ့၊ အလိုတော် ရိတွေနဲ့ ပါးကွက်သားတွေနဲ့ အဲဒီလို အထပ်ထပ် ပိုက်စိတ်တိုက် တားဆီး ဖြိုခွင်းခဲ့တယ်။

ဒီတော့ စာပေအနုပညာရှင်တွေမှာ ရှင်လျက် သေသလို ညှိုးငယ်ခဲ့ကြရတယ်။ သို့သော်ငြား ဒီအတားအဆီး အပိတ်အဆို့ အကျဉ်းအကြပ်တွေကိုပဲ စာပေ အနုပညာ မာယာတမျိုးနဲ့ ဉာဏ်ကိုလွှာကာ ထိုးဖောက်ကြရပါတယ်။
အမှောင်ချထားတဲ့သံလှောင်အိမ်ကြီးထဲက လူထုဆီကိုရောက်အောင် နည်းပရိယာယ်တွေ သေနင်္ဂဗျူဟာတွေ ကျင့်သုံးရတယ်။ ဒီတော့ တချို့သော စာပေအနုပညာရှင်ကြီးတွေဟာ စစ်အာဏာရှင်တွေရဲ့မဟာရန်သူကြီးများအဖြစ်သတ်မှတ်ခံရသလို ရန်သူတော်အင်အားတွေ ဆက်လက်မွေးဖွား ရှင်သန်မလာစေဖို့ တင်းတင်းကြပ်ကြပ် စီမံဆောင်ရွက်တဲ့အခါ ပြည်သူဘက်က အနုပညာသမားများဟာလဲ စစ်အာဏာရှင်ကြီးတွေကို ထိုးနှက်နိုင်ဖို့ သေနင်္ဂဗျူဟာတွေ နည်းပရိယာယ်တွေ ပြန်လည်ကျင့်သုံးရတော့တာပဲဖြစ်တယ်။
ဆိုတော့ ဇန်န၀ါရီ ဘာကြောင့် ပြန်တောင်းရတာလဲ ဆိုတဲ့စကားကိုပြန်ကောက်ရင် ၁၉၄၈ ဇန်န၀ါရီ ၄ ရက်နေ့မှာ မြန်မာပြည်ကို လွတ်လပ်တဲ့အချုပ်အခြာပိုင်သောနိုင်ငံရယ်လို့ဖြစ်ခဲ့တာကို အပြည့်အ၀ မခံစားရလို့ လွတ်လပ်ရေးကြီး ပြန်ပေးဗျာ လွတ်လပ်ရေး ရအောင် ပြန်လုပ်ကြဗျာလို့ ဆိုလိုတာဖြစ်တယ်။
အဲဒီတော့ စစ်အာဏာပိုင် အလိုတော်ရိ ဒေါက်တိုင်တွေဖြစ်ကြတဲ့ စာပေစိစစ်ရေး သမားကြီးတွေ မျက်စေ့လည်သွားအောင် ထုတ်ဝေဖို့ ပိတ်ပင်တားဆီးမှုလဲမခံရအောင် လွတ်လပ်ရေးရတဲ့လဖြစ်တဲ့ ဇန်န၀ါရီလို့ ဆိုလိုက်ရင် မထူတဲ့လူတွေက တန်းခနဲ နားလည်သွားတော့တာပဲ။
မထူမအသူတွေက ဒီကဗျာဆရာတွေဟာ လူထုမလွတ်လပ်သေးတာကို သတိပေးတာ။ လွတ်လပ်ကြဖို့ တောင်းဆိုတာပဲလို့ သိသွား ရသွားကြတယ်။
ဟုတ်တယ်။ စိစစ်ရေးဌာနက ဂုတ်ပိုးသုံးထစ်ပါးကွက်သားတွေ စိန်မမတို့ ရွှေမမတို့တွေလဲ ဇန်န၀ါရီငါ့ပြန်ပေးဆိုတော့ မျက်စေ့လေး ကလည်ကလည်ဖြစ်သွားပြီး နားမလည်ပါးမလည်နဲ့ ဒီကဗျာစာအုပ်ကို ခွင့်ပြုပေးလိုက်ရတယ်။ (တကယ်က သူတို့သိတာ ငွေပါ၊ အနုပညာနဲ့ ဘ၀ ၅ ကဋေလောက် ဝေးကြသူတွေပါ)
ဒီမှာ နိုင်ငံရေးတို့ လူထုရေးတို့လုပ်တယ်ဆိုတာလဲ အနုပညာပါမှဗျ။ အလှဓာတ်ပါမှ။ အနုပညာမာယာ နည်းပရိယာယ်လေးလဲ ကြွယ်မှ။
ကဲ အခု ဒီကဗျာစာအုပ်ထုတ်ဝေခဲ့တာ အနှစ် ၃၀ ကျော်ပြီ။
ခုနေ ဒီကဗျာစာအုပ်အမည်ကို ပြန်ပြောင်းပြီးထုတ်ခွင့်ပြုမယ်။ အမည်လဲ ပြောင်းချင် ပြောင်း ခွင့်ပြုတယ်ဗျာလို့ ကျနော့်ကို ပြောလာ ခွင့်ပြုလာတယ်ဆိုပါစို့။
ကျေန်ာကတော့ ဘာမာယာပရိယာယ်မှ ဘာအနုပညာမှ ထည့်မနေချင်တော့ဘဲ “ဒုတိယလွတ်လပ်ရေး ပြန်ပေး” လို့မျာျး ဒဲ့ပေးရင် ဘယ့်နှယ်နေမလဲ မိတ်ဆွေ။
တဆိတ် ငါ့ကို ဇန်န၀ါရီပြန်ပေးဗျာ။

(ထိုကဗျာစာအုပ်အမည်ကို ကဗျာဆရာအောင်ဝေးက ပေးခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားကဗျာတပုဒ်မှ ဆပွားယူသည်ဟု မှတ်မိခဲ့။ )