ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အလုံ၊ ကရင်ခြံတွင် ကျင်းပပြုလုပ်
သွန်းခ ၊ ရန်ကုန်။ မိုးမခ၊ ဇန်န၀ါရီ - ၁၁၊ ၂၀၁၆
ရန်ကုန်တိုင်းဒေသကြီး ၊ အလုံမြို့နယ်၊အလုံ၊ ကရင်ခြံတွင် ၂ဝ၁၆၊ဇန်နဝါရီ ၁၀ရက် နံနက် ၆ နာရီ ၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပခဲ့သည်။
အစီအစဉ်အရ ရှေးဦးစွာ ကရင်အမျိုးသားအလံတော်အား ကရင်ရိုးရာအခမ်းအနားနှင့် တင်မြှောက်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံနှင့် ကရင်အမျိုးသား အလံတော်တို့ကို အလေးပြုခဲ့သည်။ ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံကို မြန်မာ၊ စကော၊အရှေ့ပိုး၊အနောက်ပိုး ဘာသာများဖြင့် ပြောကြားခဲ့သည်။
Image may be NSFW.
Clik here to view.

ဖိတ်ကြားထားသည့် ဧည့်သည်တော်များအနက် ကရင်အမျိုးသားအစည်းအရုံး ဒု ဥက္ကဌ နော်စီဖိုးရာစိန် မှလည်းကောင်း၊ ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးကော်ကဆာစောစိုးစိုး မှလည်းကောင်း အမှာစကားများပြောကြားခဲ့သည်။
ဗိုလ်မှူးကြီးကော်ကဆာစောစိုးစိုး မှအမှာစကားပြောကြားရာတွင် လူမျိုးတိုင်း၌အထွတ်အမြတ်များရှိသည့်အတိုင်း ကရင်နှစ်သစ်ကူးသည် ကရင်အမျိုးသားတို့အတွက် တန်ဖိုးမဖြတ်နိုင်သည့် အဓိပ္ပါယ်များစွာဆောင်သော ၀မ်းသာဂုဏ်ယူရသည့် ဘိုးဘွားအမွေအနှစ်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကရင်အမျိုးသားတို့အတွက် အရေးကြီးတန်ဖိုးထားသော နေရာတွင်ဂု ဏ်ယူဝင့်ကြွားနိုင်သည်ကို နိုင်ငံတော်မှ အသိအမှတ်ပြုခြင်းသည် ကရင်အမျိုးသားနှင့် အစိုးရတို့၏ အရေး ၃ ပါးနှင့် ပါတ်သက်သောအမြင်ကို ပိုမိုကြည်လင်စေပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စရပ်များအတွက် အထောက် အကူပြုစေပါကြောင်း။

ယခုကဲ့သို့ တစ်ဦးနှင့်တစ်ဦး အသိအမှတ်ပြုခြင်းသည် ပြည်ထောင်စုနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို အထောက်အကူပြုသည့်အတိုင်း လက်ရှိအစိုးရမှ KNU ကရင်အမျိုးသားအစည်းအရုံးအား ၂၀၁၅၊ အောက်တိုဘာ ၁၂ ရက်နေ့၌ မတရားအသင်းမှ ပယ်ဖျက်ခဲ့ခြင်းသည် ၁၉၄၉ ခုနှစ် ဇန်န၀ါရီ ၃၁ မတိုင်မီကာလကအတိုင်း ကရင် ဗမာ ချစ်ကြည်စည်းလုံးညီညွှတ်ရေးအတွက် လက်တွေ့ထိရောက်သည့် လုပ်ဆောင်ချက်ဖြစ်ပါကြောင်း၊ အဆုံးစွန်ရည်မှန်းချက် ပန်းတိုင်ရောက်ရှိရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေးအတွက် အသိအမှတ်ပြု သင်္ကေတနှင့်ပတ်သက်၍ စံနမူနာများစွာရှိသည့်အနက် ကရင်အမျိုးသားတို့၏ အရေးအရာကိစ္စများနှင့် ပတ်သက်သည်များကို အဓိကထားဆောင်ရွက်ခြင်းသည် ကရင်အမျိုးသားတို့၏ သတ်မှတ်ချက်ကို အသိအမှတ်ပြုခြင်းဖြစ်ပါကြောင်း။
ယခုနှစ်သစ်ကူးပွဲတော် ကျင်းပသည့်နေရာ (အလုံ) အား ကရင်အမျိုးသားတို့အနေနှင့် ထူးခြားသောအမျိုးသားအမွေအနှစ်အဖြစ် ပြန်လည်ရရှိရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းကြသည်မှာ ယနေ့အထိဖြစ်ပါကြောင်း၊ လက်ရှိအစိုးရအနေနှင့် နိုင်ငံတော်၏ အရေး ၃ ပါးကို အထောက်အကူပြုစေမည့်အတွက် လက်ရှိအစိုးရ၏ သက်ဆိုင်ရာခေါင်းဆောင်တာဝန်ခံ မှတစ်ဆင့် ကရင်အမျိုးသားတို့အတွက် မကြာမီ ပြန်လည်ပေးအပ်မည့်အကြောင်း အလေးအနက်ပြုပြောကြားထားပါ၍ ကရင်အမျိုးသားတို့အတွက် နှစ်သစ်ကူးမင်္ဂလာစကားအဖြစ် ပြောကြားလိုပါကြောင်း ထည့်သွင်းပြောကြားသွားသည်။

ကရင်အမျိုးသားအစည်းအရုံး ဒု ဥက္ကဌ နော်စီဖိုးရာစိန် မှ -
ကရင်အမျိုးသားများတွင် ကိုယ်ပိုင်နှစ်သစ်ကူး ရှိပြီး တစ်ကမ္ဘာလုံးမှာလည်း တရားဝင်နေ့ထူးနေ့မြတ်အဖြစ် ကျင်းပနေကြကြောင်း မြန်မာနိုင်ငံတွင်လည်း ယခုကဲ့သို့ လွတ်လပ်စွာ တွေ့ဆုံခွင့် ရသည့်အတွက် နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ပါကြောင်း။
ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်နှစ်သစ်ကူးပွဲ ပြုလုပ်နေနိုင်တဲ့ လူမျိုးအဖြစ်ရပ်တည်နိုင်အောင် ကြိုးပမ်းခဲ့သည့် ကရင်အမျိုးသားခေါင်းဆောင်ကြီးများကို ကျေးဇူးတင်ကြောင်း ကရင်အမျိုးသားခေါင်းဆောင်ကြီးများရဲ့ ကြိုးပမ်းအားထုတ်မှုများသည် ဆုံးခန်းတိုင်မရောက်ရှိသေးပါကြောင်း။ မိမိတို့ကရင်လူမျိုးများအနေနှင့် ရှိသည့်နေရာတွင် မိမိတို့လူမျိုး၏ ရိုးသားမှု၊ ယဉ်ကျေးမှု၊ ဓလေ့များကို ဆက်လက် ထိန်းသိမ်းသွားကြစေလိုကြောင်း။ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပါဝင်သည့်အဖွဲ့များ ရှိသကဲ့သို့ မပါဝင်သေးသည့် အဖွဲ့များလည်း ရှိနေပါသေးကြောင်း။ လက်ရှိတိုက်ပွဲများကြောင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုအား ယုံကြည်မှု လျော့နည်းစေပါကြောင်း။ အားလုံးပါဝင်သည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးတစ်ခု ဖြစ်ပေါ်လာစေရန် မျှော်လင့်ပါကြောင်း။ ယခုလအတွင်း တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ ပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံပြုလုပ်ရန် အစီအစဉ်ရှိသည့်အကြောင်း။ အားလုံးပြန်ဆုံကြချိန်တွင် ရလဒ်ကောင်းတစ်ခု ပေါ်ထွက်လာလိမ့်မည်ဟု မိမိအနေနှင့် ယုံကြည်ပါကြောင်း။ ယခုနှစ်သစ်ကူးကာလတွင် ကရင်တိုင်းရင်းသားများ ရသင့်ရထိုက်သည့် အခွင့်အရေး ပိုင်ဆိုင်သင့်သည့် အခွင့်အလမ်းများ ရရှိကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသွားခဲ့သည်။
သဘာပတိ မန်းခင်မောင်လှ ၏ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားရုတ်သိမ်းခဲ့သည်။ ထို့နောက်ကရင်ရိုးရာဒုံးယိမ်းအကများဖြင့် ဆက်လက်ဧည့်ခံခဲ့သည်။