Image may be NSFW. Clik here to view. ![]() |
မြင်းပြဂူ၊ ယခင် |
ရန်ဝင်း (တောင်တံခါး) - မြင်းပြဂူ
(မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၁၆
ပုဂံမြို့ဟောင်းက ဂူဘုရားတွေမှာ တစ်ဆူနဲ့ တစ်ဆူ အတိအကျလုံးဝတူတာမရှိပေမယ့် ပုံစံဆင်တူတာတွေတော့ ရှိပါတယ်။ အဲဒီလို ဆင်တူတဲ့လက်ရာမရှိပဲ တစ်ဆူတည်းရှိတာကတော့ မြင်းပြဂူ ဂူဘုရား၊ ဘုရားအမှတ် (၁၄၉၃/၈၀၆) ဖြစ်ပါတယ်။ဘာကြောင့် နာမည် ခပ်ဆန်းဆန်းရှိတဲ့ မြင်းပြဂူလို့ ဘွဲ့တော်ခေါ်တွင်ကြောင်းကိုတော့ ရှာဖွေမတွေ့ရှိရသေးပါ။ အနီးအနား မှာလည်း နွားပြဂူနဲ့ ဆင်ပြဂူဆိုတာတွေ ရှိနေပါသေးတယ်။
မြင်းပြဂူ ဂူဘုရားကြီးကို ထိလိုင်ရှင်မင်းကြီး လက်ထက်လောက်က တည်ခဲ့တာဖြစ်နိုင်သလိုပဲ၊ အဲဒီခေတ်လောက်မကပဲ အနိရုဒ္ဓ မင်းကြီးလက်ထက်လောက်မှာဖြစ်စေ၊ စောလူးမင်း လက်ထက်လောက်မှာဖြစ်စေ၊ (၁၀၇၅-၁၀၈၄) ခုနှစ်လောက် အထိ ရှေးကျနိုင်ပါသေးတယ်လို့ သမိုင်းသုတေသနဆရာကြီးများက အဆိုအမိန့်ရှိတာတွေကိုလည်း မှတ်သားမိပါတယ်။
ခပ်နိမ့်နိမ့် ပစ္စယံ ၃ ဆင့်ပုံ လေးထောင့်ဂူကြီးအပေါ်မှာ စေတီကြီးပေါက်ထားပြီး ဂူအတွင်းမှာ လိုဏ်ပတ်လမ်းနှစ်ဆင့် ပုံစံရှိ တာကြောင့် ထူးခြားတဲ့ ပုံစံဖြစ်ပါတယ်။
Image may be NSFW. Clik here to view. ![]() |
မြင်းပြဂူ၊ ယနေ့ |
အပေါ်ကပေါက်ထားတဲ့စေတီကြီးရဲ့ အောက်တည့်တည့်မှာ မဏ္ဍိုင်ကြီး ရှိပါတယ်။ အဲဒီမဏ္ဍိုင်ကြီးရဲ့ လေးမျက်နှာမှာ အခန်း ကျဉ်းတစ်ခုစီပါရှိပြီး၊ ဗုဒ္ဓဆင်းတုတော်များ သီတင်းသုံးရန်နေရာဖြစ်ပါတယ်။
အနောက်ဘက်မှာရှိတဲ့ အ၀င်မုခ်ပေါက်ကနေ ၀င်ရောက်တဲ့အခါ၊ အမှောင်ရိပ်ကျနေတဲ့ အတွင်းလိုဏ်ပတ်လမ်းနှစ်ခုအနက်၊ အောက်ဘက်က အပြင်လမ်း နရံတွေမှာ ဗုဒ္ဓဆင်းတုတော်များကို ထားရှိပါတယ်။
ဆင်းတုတော်တွေကတော့ အပျက်အစီးတွေများပါတယ်။ ဘူမိဖသသ မုဒြာတွေနဲ့များပါတယ်။ ဈာနမုဒြာ၊ နဂါးရုံပုံတော်တွေ လည်း ရှိပါတယ်။ တချို့ ဗုဒ္ဓဆင်းတုတော်တွေက အနိရုဒ္ဓ (အနော်ရထာ) မင်းကြီးခေတ်လက်ရာတွေနဲ့ နည်းနည်း ကွာခြား နေပြီး၊ ပုံတော်တွေက ပုဂံခေတ်နှောင်းလက်ရာတွေနဲ့ ဆင်တူနေတာကိုထောက်ရှုပြီး၊ နှောင်းခေတ်တွေမှာ အပြုအပြင်တွေ ရှိခဲ့တဲ့ပုံပဲလို့ ယူဆကြတာတွေလည်း ရှိပါတယ်။
Image may be NSFW. Clik here to view. ![]() |
မြင်းပြဂူ၊ ဖြတ်ပိုင်းဆွဲပုံ |
ဆင်းတုတော်တွေရဲ့ အပေါ်ဘက် နရံတလျှောက်မှာ ကြာဖူးတွေနဲ့ ထူပါပုံတွေ တန်းစီရေးဆွဲထားတာမှာ တစ်ချို့တစ်ဝက် ကောင်းမွန်သေးတာကို တွေ့နိုင်ပါတယ်။
အတွင်းနံရံတွေမှာလည်း ဗုဒ္ဓ၀င်ဇာတ်တော်လာ နံရံဆေးရေးပန်းချီတွေ၊ မွန်ဘာသာ ကမ္ပည်းစာတွေက အပျက်အစီးများ ပေမယ့် သင့်တင့်ကောင်းမွန်သေးတာတွေလည်း ရှိပါသေးတယ်။
စေတီကြီးရဲ့ခြေရင်းမှာ လိုဏ်ပတ်လမ်းတစ်ခုရှိပါတယ်။ အဲဒီနေရာကနေပြီး၊ အောက်ဘက် မဏ္ဍိုင်လေးမျက်နှာမှာရှိတဲ့ ဆင်းတုတော်တွေဆီကို အလင်းရောင် ပေးထားတဲ့ အလင်းပေါက်တွေကို ထည့်သွင်းထားပါတယ်။
အောက်ခြေ လေးထောင့်ဂူကြီးအပေါ်မှာ အချိုးကျလှတဲ့စေတီကြီးအပါအ၀င်၊ အင်မတန် အဆင်ပြေပြေ ခန့်ခန့်ညာညား တည်ဆောက်ထားတဲ့ ပိသုကာပညာက အင်မတန်မှပဲ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
ပုဂံဒေသ ထနောင်းပင်တွေ၊ ကန္တာရဆူးပင်တွေကြားက မြေနီနီလမ်းကလေးပေါ်မှာ ရပ်ပြီး၊ ညနေ နေ၀င်ဆည်းဆာချိန်ရဲ့ နီပြေပြေ အဆင်းအောက်က မြင်းပြဂူ ဂူဘုရားကြီးကို မြင်ရတဲ့ မြင်ကွင်းက ရင်ထဲမှာ အစဉ်အမြဲ ရှိနေဆဲ။
စာကိုး၊
(၁) ပုဂံသုတေသနလမ်းညွှန်၊ ဦးဗိုကေ၊ ပထမအကြိမ်၊ ၁၉၈၁
(၂) AOMAR: Myanmar Archaeology Students
မြင်းပြဂူ၊ အတွင်းလိုဏ်ပတ်လမ်းမှ ဆင်းတုတော်များ