အရင်တုန်းက ဂျီတီအိုင်ကျောင်း၊ ၂၀၀၇ တုန်းက စစ်အစိုးရ၏ နှိပ်စက်ညှင်းပမ်း ထောက်လှမ်းရေးစခန်း |
ဦးဇင်းဂျောင်းဂျောင်း(ရွှေဝါရောင်) - ဘဝ၏ အဆိုးဆုံးနေ့ရက်များ - (၅)
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၆
မိမိသတိပြန်ရလိုက်သည်နှင့် အသက်ရှူလို့ရပြီ ဖြစ်ကြောင်း သိလိုက်သည်။ နွေးထွေး သောလေကို ဖြေးညှင်းစွာရှူရှိုက်ရင်း ဆေးနံ့ပါလာသည်။ ငါ ဘယ်ရောက်နေပါ လိမ့်။ အားယူထမည်ကျိုးစားသော်လည်း ခေါင်းကမထူနိုင်ပါချေ။ လက်ဖြင့်ဘေးဘက် တို့ကိုစမ်းကြည့်လိုက်သည်။ ဘယ်ဘက်တွင် နောက်မှီတန်းကိုစမ်းမိပြီး၊ ညာဘက်က ပျဉ်တန်းတစ်ခုကို စမ်းလိုက်မိသဖြင့် ဒါဟာ တန်းလျားတစ်ခု ဆိုတာ သိလိုက်သည်။ ထိုစဉ် မိမိထံသို့ ချဉ်းကပ်လာသောခြေသံများကို ကြားရသည်။ သတိရပြီလား - ဆိုသောအ မေးနှင့်အတူ ညာဘက်လက်ဖျံကို သွေးတိုင်းနေမှန်းသိလိုက်သည်။ မျက်လုံးကို အားယူဖွင့်လိုက်တော့ စစ်ဝတ်စုံနှင့်အမျိုးသား ၂ ယောက်၊ စကဒ်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူတို့ပြောပြချက်အရ အင်းစိန် GTI အတွင်းတွင်ဖွင့်ထားသော ယာယီဆေးခန်းသို့ရောက်နေခြင်းဖြစ်သည်။ အမျိုးသမီးသည် အဖွဲ့ခေါင်းဆေယာင်ဖြစ် ဟန်ရှိသည်။ သူက စမ်းသပ်ပေးပြီး ကျန်သူများကိုညွန်ကြားနေသည်။ ထို့နောက် အကြောဆေး ထိုးပေးသည်။ အကိုက်အခဲပျောက်ဆေးများ ပေးပြီး ဆေးနှင့် တွဲသောက် ရန် အချိုရည်ပုလင်းပါ ပေးသွားသည်။ နောက်မှ ဆေးတပ်ရင်းတစ်ခုမှ လာရောက်ဖွင့်လှစ်ကြောင်း သိရသည်။
ခနနေတော့ မနက်စာအတွက် ထမင်းထုပ် လာပို့သည်။ စားချင်စိတ်လည်း မရှိသလို ပါးစပ်များပင် မဟချင်လောက်အောင် နုံးချိနေပါသည်။ နောက်ထပ် ရဲများရောက်လာပြီး ဆေးတပ်မှ အရာရှိနှင့် စကားပြောနေကြပါသည်။ ထို့နောက် မိမိအား အခန်းထဲမှခေါ်သွားပြီး ဒုတိယထပ်ရှိ ရုံးခန်းထဲသို့ခေါ်သွားပါသည်။ အရာရှိဖြစ် ဟန်တူသောသူမှ မျက်နှာကို သေချာကြည့်ပြီး ရှေ့ကော်ရစ်တာမှာ ခုံချပေးလိုက်၊ ကနေ့ ဆေးနားပေးလိုက်လို့ေ ပြောပြီး အပြင်ထွက်သွားပါသည်။ အဘဆိုသူ နောက်သို့ လူများလိုက်သွားသဖြင့် အခန်းတွင်းမှာ လူမကျန်ခဲ့ပါ။
မိမိလည်း သူတို့ပြန်အလာ စောင့်ရင်း မိမိရှေ့တွင်ရှိသော စာရွက်ထပ်လေးကို ကြည့်လိုက်မိသည်။ ပြန်လည်စစ်ဆေးရန်ဟု ရေးထားထားသော A4 ဆိုဒ်ကို ကန်လန့်ဖြတ်ဇယားဖြင့် ရိုက်ထားသော ညွန်ကြားချက်များဖြစ်နေသည်။ မိမိထွက်ချက်များကို ရီပို့တက်ထားရာမှ အထက်မှ အခြားသူများထွက်ချက်နှင့် ကွဲလွဲနေသည်များကို ပြန်လည်စစ်ဆေးခိုင်းခြင်းများ ဖြစ်နေသည်။ မှတ် ချက်အကွက်တွင် ထပ်မံစစ်ဆေးရမည့်သူများဟု ဖော်ပြထားပြီး၊ နာမည်စာရင်းနှင့် မေးရမည့်မေးခွန်းများပါ တစ်ပါတည်းပါလာသည်ကို သိလိုက်ရပါသည်။ မိမိနှိပ်စက်ခံရကျိုး နပ်သည်ဟုပင် အောက်မေ့မိသည်။ ဒီကောင်တွေက ဒီစာတွေဖတ်ပြီး သူတို့ကိုယ်တိုင် လိုက်ထားလို့ သိသယောင်ယောင်နှင့် အတည်ပေါက် ဟောက်စားလုပ်နေကြခြင်း ဖြစ်ကြောင်း ကောင်းကောင်း သိလိုက်ပါသည်။ မိမိ၏ လူနာမည်ကို အမှန်မသိဘဲ မိမိလိမ်လည်ထွက်ထားသောအမည်ကိုသာ သုံးစွဲနေကြသည်။ မဲဆောက်မှ မိမိတို့နှင့်အဆက်အသွယ်ရှိသူများကိုလည်း မိမိပြောထားသလိုပင် ရာဇာ(ခ) ငြိမ်းချမ်းဟုသာ မှတ်တမ်း တင်ထားသည်။ (သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဦးကျော်ဆန်းနှင့် ရဲချုပ်ခင်ရီတို့ကလည်း ရာဇာ(ခ)ငြိမ်းချမ်း ဟုသာ ပြောကြားသွားသည်)။ ကိုရာဇာနှင့် ကိုငြိမ်းချမ်းမှာ တစ်ယောက်စီဖြစ်သည်။
သူတို့ကိုယ်တိုင်လည်း အဘဆိုသူတို့ကို မကျေမနပ်စကား ခနခနပြောသံ ကြားနေရသည်။ စစ်ပုလိပ် ရဲလုပ်ငန်း ဘာမှ သိတာမဟုတ်ဘူးလို့ မကျေမနပ်ပြောသံများမှာ နားထဲလျှံနေပါသည်။ အဘဆို သူများသည် စစ်တပ်မှ ရဲသို့အသွင်ပြောင်းကာ ရဲအရာရှိနေရာ ဝင်ယူထားကြသူများ ဖြစ်ပြီး ရဲထမင်းစား ကြီးသည့် ရဲစစ်စစ်များမှာ ရဲအုပ်ထက် ရာထူးမတိုးတော့ဘဲ လစ်လပ်ရာထူးတွင် မိုးကျရွှေကိုယ်များ ဝင်လာသည်ကိုမကျေနပ်ကြခြင်းဖြစ်သည်။
အဘဆို သူမှ ဆေးနားပေးသည့်အတွက် ပြန်လှည့် မကြည့်ကြတော့ချေ။ ည(၈)နာရီလောက်မှ လူများရောက်လာပြီး မိမိအား ခေါ်သွားပါသည်။ လွှဲပြောင်းပေးသည်ဆိုတဲ့ စကားကြားရသဖြင့် အခြားအဖွဲ့သစ်က လာခေါ်ကြောင်း နားလည်လိုက်သည်။ တစ်ယောက်၏ လက်ထဲတွင် ဣဿရိယ (ခ) ဂျောင်းဂျောင်း (ခ) အေးမောင် - အမှုတွဲ ဟု ရေးထားသော ဖိုင်ကို တွေ့လိုက်ရသည်။ ဟုတ် မေဂျာ - ဆိုသည့် အခေါ်ကို ကြားလိုက်ရသည့်အ တွက် စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) ကမှန်း သိလိုက်ပါသည်။
အခန်းထဲရောက်တော့ စာပွဲလေးလုံးနှင့် ထိုင်ခုံအချို့သာရှိပြီး စာပွဲပေါ်တွင် မည်သည့်စာရွက်စာတန်း၊ ဖိုင် များမရှိသဖြင့် ယခုမှ စဖွင့်သော ရုံးခန်းဖြစ်ကြောင်း နားလည်လိုက်ပါသည်။ ဗိုလ်မှူးဆိုသူက သူ့စာပွဲရှေ့ ထိုင်ခုံတွင်နေရာပေးပြီး စတင်မိတ်ဆက်ပါသည်။ သူတို့ကို အဖွဲ့တစ်ဖွဲ့ကလို့သာ သိထားဘို့လိုကြောင်း၊ ရဲ မဟုတ်ကြောင်း၊ ထို့ကြောင့် မရက်စက် မယုတ်မာကြောင်း။ သူတို့နှင့်သာ အတူလက်တွဲပါက မိမိအနေဖြင့် အကျိုးထူးများ ခံစားနိုင်ကြောင်း စတင်ပြောပါသည်။ သူတို့မေးတာကို မှန်မှန်ကန်ကန်ဖြေပေးပါက အခွင့်အရေးရမည်ဖြစ်ကြောင်းများ ပြောပါသည်။
"ကဲ ... ခေါ်လို့ရပြီ"ဟု ပြောလိုက်သည်နှင့် ထောင့် စာပွဲသို့ ခေါ်သွားပါသည်။ စာပွဲရှေ့ ခွေးခြေလေးတွင် ထိုင်လိုက်သည်နှင့် "မင်းကို ဘယ်သူက ထိုင်ခွင့်ပေးလို့လဲ"ဟု စပြောပါသည်။ မိမိလည်း ရယ်ချင်စိတ်ကို မျိုသိပ်ထားလိုက်မိသော်လည်း မျက်နှာက ပြုံးစေ့စေ့ဖြစ်နေသည် ထင်ပါသည်။ စစ်ကြောရေး စ တိုင်း၊ ဦးချိုးသည့်အနေဖြင့် ခြောက်လှန့်ခြင်းဖြစ်ကြောင်း သိနေပါပြီ။ ဟိုဘက်အခန်းက မုသားဖော်စက်အသင့်ပြင်ထားဟု ဖိန့်ပါသည်။ MP3 ကို ကလိပြီး နားကျပ်တပ်ပေးထား သည်။ ရှေ့မှ ထိုင်နေသူက သူ့မျက်နှာကို ကြည့်ပြီး နားထောင်ရမည်ဟု အမိန့်ပေးလိုက် သေးသည်။
မဖမ်းမီည (စက်တင်ဘာ၂၆ရက်၊ ၂၀၀၇) ည ၁၂း ၁၅ ခန့်က BBC မှ ဦးကိုကိုအောင်နှင့် အင်တာဗျူး အမေးအဖြေများ ဖြစ်နေသည်။ မိမိလည်း မျက်နှာမပျက်ဘဲ အင်တာဗျူးကို သေချာ နားထောင်နေလိုက်သည်။ (၁၂း၁၅တွင် ဗျူးထားပြီး မထုတ်လွှင့်မီ ည ၁း ၃၀ ခန့်မှာ လာဖမ်းသွား၍ နားမထောင်ခဲ့ရသဖြင့် နားထောင်ချင်နေတာလည်း ပါမည်ထင်ပါသည်။)
အင်တာဗျူးတွင် မိမိသုံးထားသော အသုံးအနှုံးများမှာ ပြင်းထန်လွန်းသည်။ "လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရားရှင်ကိုယ်တိုင် ဖွဲ့စည်းထားခဲ့တဲ့ သံဃာ့အဖွဲ့အစည်းက မနေ့တစ်နေ့ကမှ ဘယ်ချောင်က ထွက်လာမှန်းမသိတဲ့ သန်းရွှေဆိုတဲ့ကောင် ဦးဆောင်တဲ့ မလောက်လေးမလောက်စား စစ်တပ်ကို လုံးဝဂရုစိုက်နေမှာ မဟုတ်ဘူး ..."လို့ ဒေါသသံအပြည့်ဖြင့် ဖြေထားသောစကားများ ပါသည်။
ဒါကို မျက်နှာပျက်သွားခြင်း ရှိ မရှိ စောင့်ကြည့်နေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ အင် တာဗျူး ပြီးသည်နှင့် "တော်တော်ကြမ်းပါ့လား၊ ဘယ်သူတုန်းဗျ ..."လို့ ခပ်တည်တည်နှင့် ပြန် မေးလိုက်သည်။
"ဟိတ်ကောင် ... ဘာ အူလည်ခြောက်ပေါက် ပြောနေတာလဲ၊ ဒါ မင်းအသံကွ"ဟု နောက်နားမှ အသံထွက်လာပါသည်။ အသံထွက်ရယ်လိုက်ပြီး "CIA ကတောင် အသံနဲ့ပတ်သက်ရင် ဘင်လာဒင့်အသံကို အတည် မပြုနိုင်သေးပါဘူးဗျာ။ ကျုပ်အသံရဲ့ Vibration, Frequency, HZ စသည်ဖြင့်ပေါ့ဗျာ။ဘာတွေများ တိုင်းထားဘူးလို့လဲ"ဟု မေးနေစဉ်ပင် "ငါတို့ကို မင့်အမေလင် အမေရိကန်နဲ့ မနှိုင်းနဲ့ကွ"ဆိုပြီး ဘေးကကောင်က စထိုးပါတော့သည်။
ထိုးလိုက်သည်နှင့်မိမိလည်းဝမ်းသာသွားသည်။ အတွေ့အကြုံအရ ထိုးကြိတ်ရိုက်နှက်ပြီးလျှင် ဆက်မစစ်တော့ပါ။ အကယ်၍ရိုက်နှက် စစ်နေလျှင်လည်း ခင်ဗျားတို့ရိုက်မှာကြောက်လို့ အကြိုက် လိုက်ထွက်နေရတာ အမှန်တွေမဟုတ်ဘူးလို့ သာပြောလိုက် စစ်ဆေးတာ ချက်ခြင်း ရပ်ကြပါသည်။ တရားရုံးထွက်ချက်နဲ့ စစ်ကြော ရေးထွက်ချက် မတူလဲ ဘာမှဖြစ်ဘူးဗျ၊ ကြောက်လို့ ထွက်ခဲ့တာပါလို့ပြောရင် တရားရုံးမှာ ကိုယ်ထွက်တာ တရားဝင်တယ်ဗျ လို့ပြောလိုက်လျှင်လည်း နောက် မရိုက်တော့ချေ။ ခုလည်း ဆက်မစစ်တော့ဘဲ အခန်း ပြန်ပို့ရန် ပြင်နေကြပြီ ဖြစ်သည်။ နှစ်ည ပြန်မအိပ်ရ သောအခန်းသို့ ပြန်အိပ်ရပေတော့မည်။ အခန်းထဲ ဘာတွေများဖြစ်နေကြပြီလဲ သိချင်လှပါပြီ။
(ဆက်ရန်)