လင်းသက်ငြိမ် - သတ္တုရောင်မှတ်စု
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
ချစ်သူရဲ့လက်ထဲမှာ မကျဆုံးချင်ဘူး။
အမေ့ရဲ့လက်ထဲမှာ မကျဆုံးချင်ဘူး။
ကိုယ့်ထက်အသိဉာဏ်နိမ့်ကျတဲ့သူတွေရဲ့လက်ထဲမှာ မကျဆုံးချင်ဘူး။ သွေးနဲ့ သားနဲ့ တည်ဆောက်ထားတဲ့ကိုယ်ဟာ ကားသော့ကို ညာဘက်လက်နဲ့ ဟန်ပါပါလှည့်ပြီး ဘယ်ဘက်လက်က အကောင်းစားမျက်မှန်တစ်လက်ကိုင်ပြီး လက်ဖက်ရည် ဆိုင်ထဲဘယ်သူ့ကိုမှ ငဲ့စောင်းမကြည့်ပဲ ထိုင်ချင်ခဲ့ဖူးတယ်။ ပိုက်ဆံတောင်းလာတဲ့ကလေးတွေလာရင် ၂၀၀ တန်တစ်ရွက်လောက်ထည့်ပြီး ဆေးပေါ့လိပ်ကို အေးအေးဆေးဆေး ဆက်ဖွာချင်ခဲ့ဖူးတာပေါ့။
အခုတော့ ကိုယ့်အိတ်ထဲက၂၀၀ ဟာ ကိုယ့်လက်ဖက်ရည်ဖိုးပါပဲ ကလေးရယ်။ ဘုရားသခင်က လူကိုဖန်ဆင်းပြီးတော့ ကိုယ် ဟာကိုယ့်ခန္ဓာအတွက် စားနပ်ရိက္ခာကို ဆက်လက်ဖန်ဆင်းရတယ်။ နေစရာထိုင်စရာကို ဖန်ဆင်းရတယ်။ အသက်မပါပေမယ့် လှလှပပပြုံးတတ်အောင် သင်ယူရတယ်။ ဘဝဟာ သင်ယူရခြင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပင့်ကူအိမ်ပါပဲ။
ကိုယ့်ကိုယ်ကိုကာကွယ်ဖို့သင်ယူရတယ်။
သူများတွေကိုကာကွယ်ဖို့သင်ယူရတယ်။
အကြမ်းဖက်မှုတွေဟာ ကာကွယ်ခြင်းတွေရဲ့ ဘေးထွက်ဆိုးကျိုးပဲ ကိုယ်သင်ယူနေရတဲ့အရာတွေထဲမှာ ကိုယ်ရောက်နေတဲ့နေရာမှာ နေတတ်ထိုင်တတ်အောင် သင်ယူရတဲ့အလုပ်က အဆိုးရွားဆုံးသင်ယူရခြင်းပေါ့။
ခွေးချင်းကိုက်တာတောင် ကိုယ့်ခွေးကိုအနိုင်ရစေချင်တဲ့ လူ့စိတ်သဘောထားအတိုင်း ကိုယ်ဟာကိုယ့်ကိုယ်ကို အမြဲတမ်း ဇာတ်လိုက်လို့ထင်မြင်မိအောင် သင်ယူခဲ့ပြီးပြီ။ ခန္ဓာကိုယ်ကို အပြည့်ပေးပြီး စိတ်ကိုတစ်ဝက်တိတိပေးအပ်ရတဲ့ အသက်မွေးမှုကို ဆက်လက်သင်ယူနေရဆဲပဲ။
ဒဏ်ရာရနေတဲ့ အတိတ်၊ မသန်စွမ်းတဲ့အနာဂါတ် ဘာဖြစ်ဖြစ် ကိုယ်ဟာ နေပျော်အောင်သင်ယူနေတုန်းပါပဲ ကမ္ဘာကြီး။ ငြိမ်းချမ်းရေးကို မခူးဆွတ်ရသေးတဲ့ လူအချင်းချင်းနှိမ့်ချဆက်ဆံ၊ လုယက်သတ်ဖြတ်နေကြတာ မေတ္တာတရားကို သင်ကြားဖို့မေ့လျော့နေလို့လား။ အလုပ်ထဲရောက်တဲ့ အခါကိုယ့်အကြောင်း ကိုယ်ခဏမေ့ထား။ ထမင်းစားနားတဲ့အခါ ကိုယ့် အကြောင်း ကိုယ်ခဏမေ့ထား။ ညနေပိုင်းအလုပ်သိမ်းတဲ့အခါ ကိုယ့်အကြောင်းကိုယ် ခဏမေ့ထား။ လူတွေဟာ ကိုယ်ဖော်တဲ့အဆိပ် ကိုယ်မျိုနေကြတာလား။ ဆော့ခရိတ္တိဟာ အမှန်တရားဘက်က အဆိပ်တစ်ခွက်နဲ့ မားမားရပ်ခဲ့တယ်။
လင်းသက်ငြိမ်