ညွန့်ထွေး - စာအုပ်မိတ်ဆက်
ကျွန်တော့်ဘဝ ကျွန်တော့်အကြောင်း တစ်သက်တာ အတွေ့အကြုံ
ဒေါက်တာမောင်ရှိန်
စာမျက်နှာ - ၂၄၄၊ ကျပ် ၃,ဝဝဝ၊
မေခဆောင်ဖောင်ဒေးရှင်းဆောင်းပါးများ၊ စာတမ်းများ၊ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတို့ ပါ ဝင်သည်။ စီမံ/ဘဏ္ဍာ ဒု-ဝန်ကြီး၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ဘောဂဗေဒပါမောက္ခ စတဲ့တာဝန်ကြီးတွေ ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမောင်ရှိန်ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်ပါတယ်။
ယခင်ခေတ် အထက်တန်းကျောင်း၊ တက္ကသိုလ်နဲ့ အင်္ဂလန်ပညာတော်သင်ဘဝဖြစ်ရပ်များကို ဖော်ပြထားသလို ဖွံ့ဖြိုးမှုအ နည်းဆုံးနိုင်ငံစာရင်းဝင်ခဲ့ရခြင်းအကြောင်းရင်းများ၊ ဒုဝန်ကြီးတစ်ဦး၏ အတွေ့အကြုံများကိုလည်း ဖော်ပြထားပါတယ်။
ပဲခူး၊ ညောင်လေးပင်ဇာတိ ဒေါက်တာမောင်ရှိန်က အရွယ်ရောက်စအချိန်ကရင်းထားခဲ့တဲ့ နှုတ်ခမ်းမွေးကို ရန်ကုန်တက္ကသိုလ် ဘောဂဗေဒကထိက ဖြစ်လာပြီးမကြာခင်မှာပဲ ရိတ်လိုက်တဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ အဲဒီခေတ်ကနာမည်ကျော် ရုပ်ရှင်မင်းသားဝင်းဦးကို အတုခိုးတယ်လို့ အထင်မခံလိုတဲ့အတွက်ဖြစ်တယ်လို့ ရေးထားပါတယ်။ ဒီစာအုပ်မှာ အင်္ဂလိပ် အမည်၊ အသုံးအနှုန်းတွေကတော သိသိသာသာ များပြားလွန်းတာတွေ့ရမှာပါ။
နိုင်ငံရေး၊ ဘောဂဗေဒဘာသာရပ် လေ့လာလိုသူများအတွက် သင့်တော်တဲ့ဒီစာအုပ်မှာ နိုင်ငံတကာအတွေ့အကြုံ၊ အကြား အမြင်များတဲ့ ဒေါက်တာမောင်ရှိန်ရဲ့ အစီရင်ခံစာ၊ စာတမ်းတချို့ ထည့်သွင်းထားပါတယ်။
---------------------------------------
မြတ်ကိုကို (ရုက္ခ)
စွယ်စုံမင်းသားကြီးနှင့် မဂဇင်းဝတ္ထုတိုများ
စာမျက်နှာ - ၁၇၈၊ ကျပ် ၂,ဝဝဝ၊ ရန်အောင်စာပေ (၂)
စာရေးဆရာ လူသစ်တန်းတစ်ယောက်ဖြစ်တဲ့ ဆရာမြတ်ကိုကိုက ရန်ကုန်သားဖြစ်လို့သူ့စာတွေမှာ ရန်ကုန်အသုံးအနှုန်းတွေ တွေ့ရပါတယ်။ အခုထွက်လာတဲ့ သူ့ရဲ့ဝတ္ထုတိုများစုစည်းမှုဟာ မဂ္ဂဇင်းတွေက ရွေးချယ်ဖော်ပြထားတာတွေထဲက သူ့စိတ် ကြိုက် ရွေးချယ်ထားတာတွေပါ။
လူတွေပြောတဲ့ခွေးတို့အကြောင်း၊ ကျွန်တော်ဖွက်ထားတဲ့ခေတ်၊ သူ့အရပ်နဲ့သူ့ဇာတ်၊ အမာရွတ်များ၏ရာဇဝင် ဆိုတဲ့ ၄ ပုဒ် ကတော့ သရော်စာဝတ္ထုတိုများ ဖြစ်ပါတယ်။ ကျန်တဲ့ ရယ်မောစရာများပါဝင်သလို ရင်မောစရာတွေလည်း ပါဝင်နေပါတယ်။
မြတ်ကိုကို (ရုက္ခ) က လူငယ်ဘဝမှာ တေးကဗျာတချို့ ရေးဖွဲ့တဲ့အတွေ့အကြုံရှိပြီး လူလတ်ပိုင်းအရွယ်ရောက်လာချိန်မှာ စာရေးသား၊ ဖတ်ရှုခြင်းကို ပိုပြီးအချိန်ပေးဖြစ်ရာကနေ အခုလို ဝတ္ထုတိုတွေဖန်တီးလာနိုင်တာ ဖြစ်ပါတယ်။
မဂ္ဂဇင်းတွေက ဖတ်စရာထက် ကြော်ငြာတွေများနေတာကြောင့် ကိုယ့်စိတ်ကြိုက်ဖတ်နိုင်ဖို့အတွက် ကဗျာပေါင်းချုပ်၊ ဆောင်းပါးပေါင်းချုပ်၊ ၀တ္ထုတိုပေါင်းချုပ်တွေကိုပဲ အားကိုးနေရပါတယ်။ ဆရာမြတ်ကိုကိုရဲ့ စာအုပ်လိုမျိုး စုစည်းထုတ်ဝေ ခြင်းဟာ ဝတ္ထုတို၊ ဆောင်းပါး စသည်ဖြင့် သီးသန့်ဖတ်လိုသူတွေအတွက် ကျေနပ်စရာကောင်းလှသလို၊ စာပေလက်ရာကိုအကဲဖြတ်လိုသူတွေအတွက် အဆင်ပြေလှပါတယ်။ ဒါ့အပြင် စာရေးသူတွေအတွက်လည်း အမှတ်တရ မှတ်တိုင်တစ်ခု ဖြစ် နေပါတယ်။
-------------------------------------
ဘဝအစွန်မှာ
ကြည်အေး
၉၉ မျက်နှာ၊ ကျပ် ၂,ဝဝဝ၊ နှင်းဆီဖြူစာအုပ်တိုက်
၈၆ နှစ်အရွယ် စာရေးဆရာမကြီး ကြည်အေးရဲ့ စာပေလက်ရာသစ်ပါ။ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကဗျာတွေ အများအပြား ရေးဖွဲ့ ဖန်တီးခဲ့တဲ့ ဆရာမကြီးကဒီစာအုပ်မှာတော့ သူ့အကြောင်းကိုပဲ ရေးသားထားတာပါ။ "တရားကိစ္စပဲရေးဖြစ်ပါတယ်၊ တခြား ဘာမှ စိတ်ဝင်စားစရာလည်း မရှိပါ"လို့ သူ့အတွေးအမြင်စာအုပ်မှာ ရေးပါတယ်။
စာဖတ်ပရိသတ်တွေဖတ်ခဲ့ရတာတွေက လွန်ခဲ့တဲ့ ၄၅ နှစ်မတိုင်ခင် သူ့ရဲ့လူငယ်ဘဝ ပြည်တွင်းမှာရှိစဉ်ကာလ လက်ရာ များဖြစ်ပါတယ်။ အခုတော့ ပြည်ပမှာနှစ်ပေါင်းများစွာ အခြေချနေထိုင်သူ ၈ဝ ကျော်အရွယ်မှာ ရေးထားတာတွေကိုဖတ်ရှုရမှာပါ။ ပြည်ပမှာ အနေကြာပေမယ့် "ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကိုချစ်တဲ့စိတ်က ပြင်းထန်တုန်းပါ။ ဖျောက်ဖျက်ကောင်းတယ်လည်း မထင်ပါဘူး"လို့ ဆိုပါတယ်။ သူ့မိဘတွေက ပထမဆုံးကလေးကို သားယောက်ျားလေး ဖြစ်စေချင်ပေမယ့် သူ့အစ်မဖြစ်သူ မွေးလာတယ်၊ ဆေးရုံမှာမွေးတော့ကလေးတွေထဲက ယောက်ျားလေးတစ်ယောက်ယောက်နဲ့လဲဖို့ သူနာပြုဆရာမကို အကူ အညီတောင်းတယ်လို့ ဆိုတယ်။ "အဲဒီခေတ်မှာ ဗမာလူမျိုးတွေက အင်မတန်မှ ယောက်ျားမာန်ထတတ်ပါတယ်… အေဝမ်း ရုပ်ရှင်ကုမ္ပဏီက ခေတ်ဆန်တဲ့ ရုပ်ရှင်မင်းသမီး မင်းသားတွေထင်ရှားလာပြီး မေရှင်၊ ပြည်လှဖေ၊ တင်မောင် စသဖြင့် သီချင်း ဆိုတဲ့လူတွေက အချစ်ကို ဦးစားပေးပြီး မိန်းကလေးကို တန်ဖိုးထားလိုက်တော့ နည်းနည်းမျှတတဲ့ အယူအဆတွေ ပေါ်လာ တယ်"လို့လည်း မှတ်ချက်ပြုပါတယ်။
သူနဲ့ အသက် ၄ဝ နီးပါးအရွယ်ကွာခြားတဲ့ မိဘတွေက သမီးမိန်းကလေးပညာသင်တာကို အားမပေးတာကြောင့် ဆေးတက္က သိုလ်တက်တာကို နှစ်အတန်ကြာ နားတယ်၊ ဘီအေဘွဲ့ယူ၊ အိမ်ထောင်ကျ၊ လန်ဒန်ဘီဘီစီမှာ ၁ နှစ် ဝင်လုပ်၊ တက္ကသိုလ် အင်္ဂလိပ်စာနည်းပြ ၁ နှစ်လုပ်ပြီး ဆေးတက္ကသိုလ်ပြန်ရောက်၊ နောက်ပိုင်း အမေရိကန်မှာအခြေစိုက်တဲ့ ဆရာဝန်ဖြစ်လာ ကြောင်း စာအုပ်မှာ တွေ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းအခြေအနေတွေကိုလည်း စာအုပ်မှာ ပါပါတယ်။ ဂျပန်ခေတ် ရောက်တော့ ယောက်ျားတွေလည်း ခေါင်းပေါင်း မပေါင်းတော့ဘူး၊ မိန်းမတွေလည်း ပုဝါမခြုံတော့ဘူးလို့ ဆိုတယ်။ စစ်အ တွင်း ရန်ကုန်အနှံ့ ဗုံးဒဏ်ခံရပေမယ့် လေယာဉ်တွေက ရန်ကုန်ရဲ့အမှတ်အသား ရွှေတိဂုံကို မဖျက်ဆီးကြဘူးလို့ ဆိုပါတယ်။ "ဂျပန်လက်အောက်ခံပဲ လုပ်ပါတော့မယ်လို့ စိတ်တုံးတုံးချသူတွေလည်း ရှိပါရဲ့။ ကျမတို့ ဗမာလူမျိုးက လက်အောက်ခံဘဝမှာ နေတတ်လာကြတာ ကြာပြီကိုး။ ငုံ့ခံတဲ့အကျင့်က မပျောက်ဘူး"ဆိုတဲ့အရေးအသားကတော့ ပြည်ပမှာအနေကြာသူရဲ့ လွန်ခဲ့တဲ့ နှစ် ၆ဝ ကျော်ကအခြေအနေကို ပြန်ပြောပြ မှတ်ချက်ချခြင်းပါပဲ။ ဒီစာအုပ်ဟာ သူ့ရဲ့ "တသက်တာ ဆင်ခြင်စဉ်းစားမှု အတွေးများ"ဖြစ်ကြောင်း မျက်နှာဖုံးမှာ ရေးထားပါတယ်။
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆