Photo Irrawaddy, KIA soldier |
မောင်မောင်စိုး - ငြိမ်းချမ်းရေး ဤခရီး နီးပါ၏လော အပိုင်း( ၅ )
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၅
မွန်နှင့်ကယား
မွန်ပြည်နယ်တွင်း NMSP နှင့်အစိုးရတပ်ကြား သိသိသာသာ ထိပ်တိုက်တွေ့သည့် သတင်းမကြားရပါ။ ကယားပြည်အတွင်း၌ လည်း KNPP နှင့် အစိုးရတပ်ကြားထိတွေ့မှုမကြားရပါ။ ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့များ လူထုစည်းရုံးရေး လှည့်လည်မှုအား စစ်တပ်ကတားဆီးမှုပြုသည်ဆိုသည့် သတင်းမှလွဲ၍ ထူးခြား သတင်းမရှိပါ။
AA နှင့်တိုက်ပွဲများ
၂၀၁၅ နှစ်ဆန်းပိုင်းတွင် AA ရက္ခိုင်တပ်မတော်အင်အားအချို့ ချင်းပြည်နယ် ပလက်ဝမှတဆင့် ကျောက်တော်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်ကြား ဒေသသို့ဝင်ရောက်လှုပ်ရှားရာ အစိုးရတပ်၏ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ AA အဖို့ခြေကုပ် မရမှီပင် သတင်းပေါက်ကြား၍ တိုက်ခိုက်ခံလိုက်ရရာ အကျအဆုံးများရှိခဲ့ သလို လက်နက်နှင့်အတူ အချို့ဖမ်းဆီးခံခဲ့ရပြီး ရိက္ခာသိုလှောင် ရာနေရာများအားလည်း ရှာဖွေတွေ့ရှိ သိမ်းဆည်းခံလိုက်ရသည်။ ထိုပြင် AA နှင့်ဆက်သွယ်သည်ဆိုကာ မြို့များရွာများမှ ရခိုင် ဆယ် အချို့လည်းဖမ်းဆီးခံခဲ့ရသည်။ ရခိုင်ပြည်နယ်တွင်း ခြေကုပ်ယူရန် ကြိုးစားသည့် AA အဖို့ စစ်မြေပြင်တွင် အထိနာခဲ့သည်ဟု ဆိုရ ပေမည်။
တကယ်တော့ ယခု AA ဝင်ရောက်လှုပ်ရှားသည့်ကျောက်တော် မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လက်ရှိ အစိုးရနှင့် အပစ်ရပ်ထားသော ALP ခေါ် အခြားရခိုင်အဖွဲ့တဖွဲ့ ဦးစွာရှိနေပြီး ဖြစ်ရာ AAနှင့် ၎င်းအဖွဲ့နားလည်မှု ရမရဆိုသည်မှာ စဉ်းစားဘွယ် ဖြစ်သည်ဟု ရခိုပြည်နယ်အရေးကျွမ်းကျင်သူတစ်ဦးက ဆိုပါသည်။
AA အနေနှင့် ကိုးကန်တွင် MNDAA ကိုးကန်အဖွဲ့နှင့် တွဲ၍ တိုက်ပွဲဝင်နေသည်ဟုဆိုသည်။ လတ်တလောတွင်မူ ကိုးကန့် တွင်လည်း တိုက်ပွဲများ ရပ်တန့်နေသည်။
UWSA/NDAA နှင့် တင်းမာမှုများ
UWSA ဝ အဖွဲ့နှင့် NDAA မိုင်းလားအဖွဲ့တို့ ၁၉၈၉ မှစ၍ အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီးနောက် အနှစ် ၂၀ ခန့် ပြသနာကြီးကြီး မားမား မရှိခဲ့သော်လည်း ၂၀၀၉ တွင် အစိုးရ၏ BGF နယ်ခြား စောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကိုလက်မခံရာမှစပြီး တင်းမာမှု များ ဖြစ်ပွါးခဲ့သည်။ စစ်ရေးအရပါတင်းမာမှုများ ဖြစ်လာ၍ ဝ ဒေသ နှင့် မိုင်းလားဒေသတွင်းရှိ ပညာရေး ကျန်းမာရေးဆိုင်ရာ အစိုးရ ဝန်ထမ်းများ ထွက်ခွါခဲ့ရသည်။ တနှစ်အကြာ တင်းမာမှုလျော့ကျ သွားချိန် မိုင်းလားဒေသမှ ထိုအရပ်ဖက်ဝန်ထမ်းများအား ပြန်လည် လက်ခံခဲ့သေည်လည်း ဝဒေသကမူ အဆိုပါအစိုးရဝန်ထမ်းများ အား ဟက်ဟက်ပက်ပက်ပြန်လည်လက်မခံတော့ဟု ဆိုသည်။
၂၀၁၅ ကိုးကန့်ဒေသ စစ်ပွဲများပြန်လည်ဖြစ်ပေါ်လာသောအခါ ကိုးကန့်အဖွဲ့အား UWSAနှင့် NDAA တို့မှပါဝင်ကူညီသည်ဟု အစိုးရမှ စွပ်စွဲပြောဆိုခဲ့ပြီးနောက် ၎င်းအဖွဲ့များမှငြင်းဆန်မှုပြုခဲ့ပြီး တင်းမာမှုအနဲငယ်ဖြစ်ပေါ်ခဲ့သည်။ ကျိုင်းတုံမှမိုင်းလားဒေသသို့ သွားရာလမ်းတလျောက် အစိုးရစစ်တပ် သံချပ်ကာကားများ ချီတက်အင်အားပြခဲ့သလို မိုင်းလားနှင့် ဝဒေသ မိုင်းပေါက်ဖက် တွင် စစ်ပြင်ဆင်မှုများနှင့် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည်ကို တွေ့ ရသည်။ နောက်ပိုင်းတွင် တင်းမာမှု ပြန်လည်လျော့ကျခဲ့သည်။
ထို့နောက် ပန်ဆန်းတွင် လက်နက်ကိုင်တိုင်းရင်းသား ၁၂ ဖွဲ့ ညီလာခံကျင်းပခဲ့ပြီး UWSA နှင့်NDAA တို့သည် မိမိတို့ဖါသာ သီးသန့်ရပ်တည်သည့်အနေအထားကို ရပ်တန့်လိုက်သည်ကို တွေ့ရသည်။ အစိုးရအနေနှင့်လည်း ၎င်းအဖွဲ့များကို အာရုံစိုက်ဖွယ် ဖြစ်လာတော့သည်။
နောက်ဆုံး UWSA နှင့်သိသိသာသာ တင်းမာမှုမှာ ၂၀၁၅ ဇွန်လ ၃ ရက်နေ့တွင် စတင်ပါသည်။ဖြစ်ပွါးသည့်နေရာမှာ မိုင်းဆတ်ခရိုင် မိုင်းတုံနှင့်ပုံပါကျင်ကြားတွင်ဖြစ်သည်။ လွယ်လန်း ဒေသဟုလည်းခေါ်သည့် ထိုင်းနယ်စပ်ဖက်တွင်ဖြစ်သည်။ ယင်း ဒေသမှာ မူလ ဝ ဒေသမဟုတ်သော်လည်း ၁၉၉၄ ၁၉၉၅ တွင် နဝတ အစိုးရမှာ ခွန်ဆာအဖွဲ့အားတိုက်ခိုက်ရန် ဝ တပ်ဖွဲ့အင်အား ၃၀၀၀ စေလွှတ်ရန် စည်းရုံးခဲ့ပြီး ဝတို့အား အခြေချရန် ခွင့်ပြုခဲ့ သည့်ဒေသဖြစ်သည်။ တဖက်တွင် UWSA အနေနှင့် ရပ်စောက် ဒေသ ရှမ်းပြည်အလယ်ပိုင်းရှိ တပ်မ ၆၈ မှတပ်များ ပြန်လည်ဆုတ် ခွါပေးခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ထိုဒေသမှ UWSA တပ်များ ဖယ်ရှားပေးရန် အစိုးရကတောင်းဆိုသော်လည်း လက်မခံသဖြင့် တင်းမာမှုများ ဖြစ်ပွါးခဲ့သည်။
ထိုဒေသအား UWSA က ၁၇၁ စစ်ဒေသဟုသတ်မှတ် ခေါ်ဝေါ်ပါသည်။ ဟွေ့အော်တွင် ဌာနချုပ်ထားရှိပြီး ပေါက်ယိုချမ်း ၏ညီဖြစ်သူ ပေါက်ယိုရိနှင့် ဝေရှောက်ကန်း ဝေရှောက်လုံတို့၏ညီ ဝေရှောက်ရင်တို့မှ ဦးစီးသည်ဟုဆိုပါသည်။
၂၀၁၅ ဇွန် ၃ ရက်နေ့က မိုင်းတုံနှင့်ပုံပါကျင်ကြား နန့်ဆိန် သစ်တောကြိုးဝိုင်းကြား သစ်ခုတ်နေသူ UWSA မှ ၁၆ ဦးအား စစ်တပ်၏ လုံခြုံရေးအကူဖြင့် ရဲနှင့်သစ်တောက ဖမ်းဆီးလိုက်ရာမှ ပြသနာစတင်သည်။ ၎င်းတို့တပ်ဖွဲ့ဝင်များဖမ်းဆီးခံရသည်နှင့် UWSA တပ်များကလည်း ထိုအစိုးရတပ်နှင့် ရဲ သစ်တောများအား ပြန်လည်ဝိုင်းထားပြီး ရဲနှင့်သစ်တောအမှုထမ်း ၁၁ ယောက်ကို ပြန်လည်ဖမ်းဆီးလိုက်သည်။ ဤသို့ဖြင့် မိုင်းတုံ မိုင်းဆတ် ဟိုပန် ဟိုယွတ် နာကောင်းမူး ဘီပီဝမ်း တလျောက်တွင် နှစ်ဖက်တပ်အင်အားထောင်ချီချထားပြီး ရင်ဆိုင် စစ်ပြင်ခဲ့ကြသည်။ ပန်ဆန်းဘက်မှ UWSA တပ်များလည်း မိုင်းပေါက်ဘက်သိုဆင်းလာသည်ကိုတွေ့ရသလို မိုင်းလားဒေသ တွင်း၌လည်း စစ်ပြင်ဆင်မှုများ ရှိနေသည်ဟုဆိုပါသည်။ ထိုပြသနာနှင့်ပတ်သက်ပြီး သမတဦးသိန်းစိန်က သေနတ်သံ မထွက်ဘဲ ဖြေရှင်းရန် ညွှန်ကြားခဲ့သည်ဟု ဆိုပါသည်။
တြိဂံတိုင်း တိုင်းမှူးနှင့် UWSA ခေါင်းဆောင်များ ညှိနှိုင်းပြီး ဇွန် ၈ ရက်တွင် နှစ်ဖက်ဖမ်းဆီးထားသူများ ပြန်လွှတ်ပြီးဖြေရှင်းခဲ့သည်။သို့သော် နှစ်ဖက်ရင်ဆိုင်ထားသောတပ်များ မဆုတ်ကြသေးဘဲ လမ်းများ လည်းပိတ်၍ စစ်ဖြစ်မည်စိုး၍ရွာသားများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရသည်ဟုဆိုသည်။
ဝဒေသအတွင်းတွင်လည်း UWSA ဒုစစ်ဦးစီးချုပ် ကျောက်ကျုံးတန်းဦးစီးပြီး အကြီးစားစစ်လေ့ ကျင့်မှုများ လက်နက်ကြီးမျိုးစုံ ပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ် ခဲ့သည်။ အစိုးရစစ်တပ်မှလည်း သံချပ်ကာ ယန္တယားတပ်များအပါ စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
၂၀၁၅ ဇွန် ၂၃ ရက်တွင် UWSA ၁၇၁ စစ်ဒေသ ဆက်ဆံရေး တာဝန်ခံ ဦးကော့နိန် နေပြည်တော်သို့သွားရောက်ညှိနှိုင်းသည်ဟု ဆိုသည်။UWSA ဆက်ဆံရေးဌာနကြီးမှူး ဦးအိုက်လူက သူတို့ အနေနှင့် စစ်မတိုက်ချင်ကြောင်း ငြိမ်းချမ်းရေးလိုလာကြောင်း သို့သော်အစိုးရတပ်ဖက်မှ ဆုတ်မှ သူတို့ဆုတ်ပေးနိုင်မည်ဖြစ် ကြောင်း ဦးကော့နိန် နေပြည်တော်မှပြန်လာမှ ဆုံးဖြတ်နိုင်မည်ဟု ပြောကြားခဲ့သည်။ ထိုနောက် အစိုးရမှ မည်သည့် သတင်းထုတ် ပြန်မှုမှ မတွေ့ရသော် ညှိနှိုင်းမှု အဆင်ပြေပုံရပြီး ဇွန်လကုန်ပိုင်း တွင် နှစ်ဖက်တပ်များ အပြန်အလှန်ဆုတ်ခွါပြီး တင်းမာမှု လျော့ ကျသွားသည်ကိုတွေ့ရပါသည်။
KIA SSA DKBA အပါ အခြားလက်နက်ကိုင်တပ်ဖွဲများနှင့် ပတ်သက်လျင် ဆတ်ဆတ်ထိမခံ တိုက်ခိုက်လေ့ရှိသော လေ ကြောင်းပစ်ကူပါယူ၍ အင်အားသုံးဖြေရှင်းလေ့ရှိသော အစိုးရ စစ်တပ်သည် UWSA နှင့်ပတ်သက်လျင် သေနတ်တချက် မဖေါက် ဘဲ လိုက်လျောဆက်ဆံသည်ကို တွေ့ရသည်။ ထို့ကြောင့် အချို့က အစိုးစစ်တပ်က ဝတပ် ဆိုလျင် မတိုက်ရဲဟုဆိုကြခြင်းဖြစ်သည်။ တကယ်တော့ ယင်းမှာ တိုက်ရဲမတိုက်ရဲနှင့် မဆိုင်ပေ။အစိုးရ၏ UWSAနှင့် NDAA ပေါ်ထားသည့်ပေါ်လစီနှင့်သာဆိုင်ပေလိမ့်မည်။
တိုင်းပြည်ဘဏ္ဏာကိုချုပ်ကိုင်ထားနိုင်ပြီး ကြီးမားသောစစ်အင်အား ကိုပိုင်ဆိုင်ထားသော စစ်တပ်အနေနှင် မတိုက်နိုင်စရာ အကြောင်း တော့မရှိ။ ဖြစ်လာမည့်အကျိုးဆက်နှင့် ခြေလှမ်းများကို ထည့်သွင်း တွက်ချက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ ဤသို့ဖြင့် UWSA /NDAA တို့နှင့် မအီမလယ် ရှေ့မတိုး သာ နောက်မဆုတ်သာ အခြေအနေတွင်ရောက်ရှိနေသည်ဟု ဆိုရပေမည်။
ဆက်လက်ဖေါ်ပြပါမည်