ခင်လေး – နှစ်သစ်ဆုတောင်း
(မိုးမခ) ဧပြီ ၁၄၊ ၂၀၁၆
ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ဖွားအေကြီးက ကိုယ်တို့ မြေးတွေ လက်ကိုဆွဲပြီး သူတရားထိုင်သွားတဲ့ ဆီကို ခေါ်သွားလေ့ရှိတယ်။ ကိုယ်တွေကလည်း ဝိပဿနာဆိုတာ ဘာမှန်းသေချာမသိ လူကြီးတွေ လုပ်တာကြည့်ပြီး လိုက်လုပ်တာလောက်ပါပဲ။ ဒါပေမယ့် သေချာတာ တခုကတော့ အဲဒီအသက်အရွယ်ကတည်းက Meditation ဆိုတဲ့ တရားမှတ် ဝိပဿနာ ရှုရတာကို ကိုယ်နှစ်သက်ခဲ့တယ် ဆိုတာပါ။
အရွယ်ရောက်လာတဲအခါ စာတွေလည်း စုံအောင်ဖတ်လာသလို ဝိပဿနာဆိုတာ ဘာလဲဆိုပြီး ပိုသိချင်လာခဲ့တယ်။ ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မာဆိုပြီး ဝိပဿနာ ရှုနည်း လေးမျိုးရှိတာကို သိလာခဲ့ရတယ်။ အဲဒီ လေးမျိုးထဲမှာ ကိုယ်နဲ့ အဆင်ပြေဆုံးကတော့ စိတ်ရဲ့ ဖြစ်ပျက်နေတဲ့ သဘောတရားတွေကို သတိလေးကပ်ပြီး စောင့်ကြည့်ရတဲ့ စိတ္တာနုပဿနာဆိုတာကို သိနားလည်လာခဲ့တယ်။ အတော်လေးလည်း လုပ်ဖြစ်ခဲ့တယ်။
ဒေါသဖြစ်နေတာ၊ မာနဖြစ်နေတာ၊ ပျော်တာ၊ ဝမ်းနည်းတာ စတဲ့ စက္ကန့်နဲ့ အမျှ ပြောင်းလဲပြီး ကိုယ့်ရဲ့ စိတ်မှာဖြစ်နေတဲ့ အရာတွေကို သတိထားမိလာသလို နာရီချိန်သီးလို လှုပ်ရမ်းနေတဲ့ စိတ်အလျင်ကို လျော့ပါးလာအောင် တည်ငြိမ်လာအောင် ကြိုးစားနေထိုင်ခဲ့ဖူးတယ်။ အဲဒီအချိန်တွေဟာ သိပ်အေးချမ်းခဲ့တယ်။ လူ့သဘာဝအရ ဒေါသ၊ မောဟ၊ လောဘတွေ၊ ဝမ်းသာခြင်း ဝမ်းနည်းခြင်းဆိုတာတွေရှိနေခဲ့ပေမယ့် ဒါတွေကို ဖြစ်နေချိန်မှာ လိုက်သိအောင် လေ့ကျင့်ပေးနေတဲ့ အလေ့အကျင့်ကြောင့် ချိန်သီးလို ပြေးနေတဲ့ စိတ်က အတော်လေးတည်ငြိမ်နိုင်တာပါ။
အဘိဓမ္မာကို သူများတွေက ဥာဏ်ကောင်းတော့ စာကျက်ပြီး ဖြေဖို့လုပ်တယ်။ ကိုယ်ကတော့ အဲလိုကျက်မှတ်နိုင်လောက်အောင် ဉာဏ်ကောင်းခဲ့သူ မဟုတ်လေတော့ ဒီစာထဲက အကြောင်းအရာ၊ အဖြစ်အပျက်တွေကို တကယ်လက်တွေ့ ကိုယ်ခံစားရတာတွေနဲ့ လိုက်မှတ်ခဲ့ရတယ်။ ကိုယ်တိုင်က လက်တွေ့သိချင်တဲ့ စိတ်လည်းပါခဲ့ပါတယ်။
တကယ်တော့ စိတ်ဆိုတာ အလေ့အကျင့်ပါပဲ။ ဒါပေမယ့် လူသား ပုထုဇဉ်တွေ ဖြစ်တတ်တဲ့ အတိုင်းပဲ တချိန်က ကိုယ်တိုင် အေးချမ်းအောင် လေ့ကျင့်ပျိုးထောင်ခဲ့တဲ့ ကိုယ့်ရဲ့ စိတ်ကို ကိုယ်တိုင်ပဲ ဖျက်ဆီးပစ်ခဲ့တယ်။ လွတ်ချင်တိုင်း လွတ်တတ်တဲ့ စိတ်ရဲ့ သဘောကို သိနေရက်နဲ့ လွှတ်ချခဲ့တယ်။
မနက်ကမှ မနက်စာစားရင်း မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ဟားဗက်တက္ကသိုလ်မှာ တရားထိုင်၊ ဝိပဿနာ အလုပ် Meditation အကြောင်း ပထမဦးဆုံး နိုင်ငံခြားသားတွေကို ဟောပြောပို့ချတာကနေ ပျံလွန်တော်မူတဲ့ အထိ မှတ်တမ်းရုပ်ရှင်ကို ရုပ်မြင်သံကြား ကနေ ပြန်လွှင့်တာ ကြည့်မိတော့ ငယ်ငယ်က မိုးရေတွေထဲ ဆရာတော်ကြီးရဲ့ ရုပ်ကလပ်ကို နောက်ဆုံးအနေနဲ့ သွားဖူးခဲ့ရတာကို မျက်စိထဲမြင်ယောင်လာခဲ့တယ်။ တဆက်ထဲမှာပဲ ငယ်ငယ်ထဲက အင်မတန်မှကို အေးအေးချမ်းချမ်း နေချင်တတ်တဲ့၊ နေချင်ခဲ့တဲ့ ကိုယ့်ရဲ့ စိတ်ကို ပြန်သတိရလာတယ်။
ဘယ်နေရာရောက်ရောက် အတော်ဆုံးဖြစ်ရမယ်၊ ငါသာလူရာဝင်ရမယ်၊ ငါလုပ်သမျှအောင်မြင်ရမယ်၊ ငါပြောတာသာအမှန်၊ ငါ့မာန၊ ငါလုပ်နိုင်တယ်၊ ငါ့မှဖြစ်ရလေခြင်း ဆိုတဲ့ ငါ…… ငါ…… ငါ…… တွေနဲ့ ပြည့်နေတဲ့ စိတ်တွေ ဖုံးလွှမ်းတာကို အချိန်အတော်ကြာကြာ ပစ်စလက်ခတ် ထားခဲ့ မိတဲ့ ကိုယ့်စိတ်ကို ပြန်မြင်ပြီး ကြောက်လန့်လာမိတယ်။ အေးချမ်းချင်တယ်၊ အေးချမ်းအောင် နေ နေတာ ဆိုတဲ့ အပေါ်ယံ အေးချမ်းချင်နေတဲ့ စိတ်နောက်ကွယ်က ပူလောင်မှုတွေကိုလည်း သတိထားမိလာတယ်။
ရေကြောင့်ဖြစ်လာတဲ့ ရွှံ့နွံတွေပေကျံခဲ့လို့ ညစ်ပေသွားရင် ရေနဲ့ပဲ ပြန်ဆေးမှ ပြောင်စင်နိုင်သလို၊ ကိုယ်တိုင် လွှတ်ချခဲ့လို့ဖြစ်လာတဲ့ စိတ်အညစ်အကြေးတွေကို ကိုယ့်ရဲ့စိတ်နဲ့ပဲ ကိုယ်တိုင်ပြုပြင်ယူနိုင်မှသာ ရနိုင်မှာပါလေ။ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တယ်ဆိုရင် ကိုယ်တိုင် ငြိမ်းချမ်းအောင် နေမှရနိုင်သလို ကိုယ်တိုင်က အေးချမ်းမှသာ ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတဲ့ လူတွေလဲ ငြိမ်းချမ်းအေးမြကြမှာပါ။ ကျွန်မကိုယ်တိုင်လည်း ဒီလိုအေးချမ်းမှုတွေရပြန်ရအောင် ကြိုးစားယူရပါဦးမယ်။
ကဲ ကျွန်မရဲ့ သူငယ်ချင်း၊ ချစ်သူ ခင်သူ ဆွေမျိုးအားလုံးနဲ့ ဒီစာဖတ်သူ မိတ်ဆွေအပေါင်းလည်း နှစ်သစ်ကူး အခါသမယကို စိတ်ရော ကိုယ်ပါ အေးချမ်းသာယာစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
ခင်လေး
11-4-2016 (11:25AM)