ကျော်ဟုန်း - ကြောင်
(မိုးမခ) မေ ၁၂၊ ၂၀၁၆
တံလျှပ်ကို ရေမထင်မိဖို့ 
ကြိုးစားပါ။
သူများ "ဘာလဲ "
ပြောဖို့ သာ ခြောင်းပြီး
ကိုယ် "ဘာလဲ"မသိတဲ့
မောဟကြောင်
သီလကြောင်။
ကိုယ့်ပုံရိပ်မည်းက
ကိုယ့်ပြန်
ဟားတိုက်ခံရတတ်တယ်။
လောကမှာ
"ကြောင် "တွေ များတယ်၊
ဒို့ နိုင်ငံသားတွေမှာ ပိုများသလိုပဲ။
ကြောင်ရဲ့ တွဲဖက်က ယောင်
ကြောင်ရင် ယောင်တတ်သလို
ယောင်ရင်လည်း ကြောင်တတ်တာပဲ။
ဒုဿီလ သီလကြောင်တွေက
လူကြားထဲ ခွင်သာရင်
သူတော်ကောင်းယောင်။
ပုဆိုးခြုံ လက်သီးပုန်းတွေက
ကျည်ကွယ် မျက်ကွယ်မှာ
သူရဲကောင်းယောင်။
ဒါပေမယ့်
ချောင်မှောင်ရင်
အရိပ်မြင်တိုင်း ဟောင်
သခင်မဲ့ လေလွင့်ခွေးစရိုက်နဲ့ ။
ဗွေဖောက်ကြောင်တဲ့
(တာရိုးက နွား)လို
မြက်နုကျွေးတော့ ချေးများ
ရေငံသောက် မြက်ခြောက်စားမှ
အာယား လျှာယားပြေကြ။
ကြောင်သတ္တဝါကို ဖယ်လိုက်
ဗမာ့အဘိဓာန်မှာ
"ကြောင်"ရဲ့ အဓိပ္ပါယ်က
(မပြေမပြစ်၊
အရည်အသွေး မပြည့်မီ)
အဲ့ဒိ ကြောင်တွေက
ယောင်ဝါးဝါးနဲ့ 
ခွင်ဆင် ခွင်ရှင်ရင်
ထထ ကြောင်တဲ့အခါ...။
သမုဒ္ဒရာထဲ
မင်ရည်စွန်းသလိုပေမယ့်
အရေးမပါတွေနဲ့  အိပ်ရေးပါပျက်ရ။
အလုပ်များနေသူ ဦးခေါင်းမှာ
သန်းစွဲခံရသလို
ရွစိ ရွစိ။ ။