ဆောင်းယွန်းလ ● နင်သိရင် ငါကျေနပ်တယ် ဂျူလီယာ
(မိုးမခ) မေ ၁၂၊ ၂၀၁၆
လူတချို့က ပြောတယ်
တကိုယ်ရေလွတ်မြောက်ခြင်း ကမ္ဘာပေါ်က
ပြစရာ ဆန္ဒတွေမရှိသူတယောက်နဲ့
ပေးစရာ ဆန္ဒတွေမရှိသူတယောက်ဟာ
ဒီကဗျာကိုရေးခဲ့တဲ့ ငါပဲတဲ့ ဂျူလီယာ…
ဆန္ဒပါပါ မပါပါ ဆန္ဒရှိရှိမရှိရှိ
ပစ္စုပ္ပန်နဲ့ထိနေတဲ့ ပြေးလမ်းထဲကနေ
ဘယ်သူတယောက်ကများ ရှောင်ထွက်ရနိုင်လို့လဲ ဂျူလီယာ…
အနာဂတ်ကို
ကဗျာဖတ်သလို ဖတ်ချင်သတဲ့လား
ဖတ်ချင်ရင် ဖတ်ကြပါစေပေါ့ ဂျူလီယာ
ကဗျာတပုဒ်ဖြစ်ဖို့အတွက်
ရင်ဘတ်ထဲကထုတ်ခဲ့ရတဲ့ ခံစားချက်နဲ့အချိန်ဟာ
တဘ၀လုံးစာထက်ကြာတယ်ဆိုတာ
နင်သိရင် ငါကျေနပ်ပါတယ် ဂျူလီယာ….
အနာဂတ်ကို
ပန်းလှလှတပွင့်ပန်သလို ပန်ချင်သတဲ့လား
ပန်ချင်ရင် ပန်ကြပါစေ ဂျူလီယာ
နင့်အရှေ့နားဖွင့်ထားတဲ့ ပန်းဥယျာဉ်ကြီးထဲ
တချိန်တခါတုန်းဆီက သေပန်းတွေ ပွင့်ခဲ့ဖူးတာကို
နင်သိရင် ငါကျေနပ်ပါတယ် ဂျူလီယာ…
ကြယ်တွေစုံပြီတဲ့လား ဂျူလီယာ
ဒီလိုညမျိုးမှာ
ငါမှိတ်ထားခဲ့တဲ့ အတိတ်မီးတွေက
ရန်ကုန်မြို့ကြီးတမြို့လုံးဖွင့်ထားတဲ့ မီးတွေထက်
ပိုပြီး လင်းလက်နေခဲ့မယ်ဆိုတာကို
နင်သိရင် ငါကျေနပ်ပါတယ် ဂျူလီယာ….
စက်သေနတ်သံတွေရဲ့အစနဲ့
လက်နက်ကြီးသံတွေရဲ့ အဆုံးမှာ
ရခဲ့တဲ့ အမြင့်မားဆုံးဆုလာဒ်ဟာ
“သင်သွားလိုရာ သွားနိုင်ပြီ” ဆိုတဲ့ အမိန့်ပြန်တမ်း
ဒီလမ်းကို ငါကိုယ်တိုင် ပြဌာန်းခဲ့မိပါတယ် ဂျူလီယာ..
စစ်ပွဲတွေထဲမှာ
ငါ..အသက်မသေခဲ့ပါဘူး ဂျူလီယာ
ဒါပေမယ့် ငါဟာ
ခံစားချက်တွေ သေဆုံးခဲ့သူတယောက်
စိန်ပန်းပြာနဲ့ ကံ့ကော်ပိတောက်ကို လွမ်းခဲ့ဖူးသူတယောက်
ပစ္စုပ္ပန်မှာ ဧည့်သည်ဖြစ်သွားခဲ့တဲ့ အတိတ်ရဲ့ အိမ်ရှင်တယောက်…
ဒါတွေကို နင်သိရုံနဲ့တင်
ငါက လုံလုံလောက်လောက် ကျေနပ်ခဲ့ချင်သူပါ ဂျူလီယာ…။
ဆောင်းယွန်းလ (မေ ၁၂၊ ၂၀၁၆)