စမ်းစမ်းနွဲ့ (သာယာဝတီ) - အရှင်ဇ၀န၏ ရွှေပုရပိုဒ်
(မိုးမခ) မေ ၁၃၊ ၂၀၁၆
အရှင်ဇ၀န(နိုင်ငံရေးအကျဉ်းသားဟောင်း)၏ “ သံတိုင်ကြားမှ ရဟန်းတစ်ပါး” စာအုပ်စီစဉ်သူ သားရဟန်း(ရဟန်းစာဆို သာအေးည)၏ အမှာစာရေးပေးပါရန်ဟူသော စာတိုကလေးဖြင့် တစ်ချက်လွှတ်တာဝန်ပေးလာပါသည်။
အရှင်ဇ၀န၏ ရသဆောင်းပါးတစ်ချို့ကို ဖတ်မိသမျှ အမှတ်ထင်ထင်ရှိခဲ့သည်။ ဘ၀ဖြတ်သန်းမှု ပုံရိပ်ကိုလည်း အတော်အတန်ကြားဖူးနားဝရှိထားသည်။ အထူးသဖြင့် ပတ္တာနိက္ကုဇ္ဇနကံဆောင်ကာလများမှာ ကျွန်မတို့၏ စံပြသူရဲကောင်း ရဟန်းတစ်ပါးအဖြစ် မြင်ခဲ့ကြားခဲ့ရပါသည်။ ပုဂ္ဂိုလ်ရေး ကျွမ်းဝင်မှု အလျဉ်းမရှိခဲ့သော်လည်း ကျွန်မ လေးစားချစ်ခင်သော လုပ်ဖော်ကိုင်ဖက်မိတ်ဆွေကြီး “ဦးမောင်ကို” နှင့်အတူ ၀င်ထွက်သွားလာ တွေ့ဆုံဆွေးနွေးခဲ့သော နေရာအချို့မှာ “အရှင်ဇ၀န” ကို မြင်ဖူးခဲ့သည်။ ဆရာတော်ကတော့ သတိထားမိမည် မဟုတ်ပါ။
ထောင်သုံးထောင် လှည့်လည်ခဲ့သည့် အတွေ့အကြုံအပြင် ထောင်ကျသက်ကလည်း ဆယ့်ခြောက်နှစ်တစ်လစွန်း။
ရွှေပြည်သာ ပရိယတ္တိစာသင်တိုက်ကို တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ရဟန်းသာမဏေများကို ပရိယတ္တိစာပေ သင်ကြားပို့ချခဲ့သော ဆရာတော်သည် သာသနာဝန်သာမက လောကတာဝန်ကြုံလာသမျှကိုပါ အကြားအလပ်မရှိ ထမ်းရွက်ကျေပွန်ခဲ့သူ ဖြစ်ပါသည်။
“သံတိုင်ကြားမှ ရဟန်းတစ်ပါး” ဟူသော စာအုပ်နာမည်ကြောင့် အကျဉ်းစံ ရဟန်းတစ်ပါး၏ အတွေ့အကြုံဟု အကြမ်းဖျင်း ခပ်ကျဉ်းကျဉ်း တွေးယူလျှင် ဧကန် လွဲရော့မည်။
အကျဉ်းစံဘ၀မှာ ကျဉ်းထဲကြပ်ထဲ ဆုံတွေ့ခဲ့ရသော “ အာဂနိုင်ငံရေးအကျဉ်းသား” တစ်ချို့၏ အတွေ့အကြုံနှင့် လှပသော စရိုက်အဖုံဖုံကို ဝေဖန်သုံးသပ် အကဲဖြတ်မှတ်တမ်းတင်ရာမှာ စာရေးသူ ပါဝင်ပတ်သတ်မှုကို ခပ်ပါးပါးကလေး ရေးဖွဲ့ သွားခြင်းဖြစ်ရာ ဖတ်ရှုခံစားရင်း အနုမောဒနာမပြုပဲ မနေနိုင်တော့။ ထောင်ကျဖူးရုံနှင့် “ ငါနှင့်ငါသာ နှိုင်းစရာ” ဖြစ်နေသူများ သင်ယူဖို့ကောင်းလှသည်။
ဆရာတော်မှတ်တမ်းတင် ရေးဖွဲ့အပ်သော ဤစာအုပ်ပါနိုင်ငံရေး အကျဉ်းသားများ၏ ပုံရိပ်မှာ လေးစားအပ်သော ဂုဏ်သရေရှိ ပုဂ္ဂိုလ်များချည်းဖြစ်ကြောင်း ခံစားနားလည်ခွင့်ရစေသည်ဖြစ်ရာ “ အာဂနိုင်ငံရေးအကျဉ်းသားများ” ဟု ကျမဆိုခဲ့လျှင် စိုးစဉ်းမျှ မလွန်ကဲနိုင်ပါ။ ယုံကြည်ချက်မြဲမြံသူများ၊ စရိုက်လှပသူများ၊ ချစ်ခင်လေးစားအားထားထိုက်သူများ၊ သူတို့တတွေ ရှင်သန်ခဲ့ဖူးပါသည်။
ဂုဏ်သိက္ခာကြီးစွာ ရှင်သန်ခဲ့ဖူးပါသည်။
“ဦးသု” ဟုအများခေါ်ကြသော “ကိုအောင်မေသု” ၏ ပုံရိပ်တွင် ဆရာတော်ရေးဖွဲ့ထားပုံ တစ်စွန်းတစ်စကို ဖောက်သည်ချချင်ပါသေးသည်။
“သူနဲ့ ဦးဇင်းက ဘာသာတရားစည်းတားထားပေမဲ့ ယုံကြည်ချက်က ဦးဇင်းတို့နှစ်ယောက်ကို ပေါင်းစည်းစေတယ်။ မျှော်မှန်းချက်က လက်တွဲစေတယ်။ တူညီတဲ့ ဆုံးဖြတ်ချက်က ခြားနားချက်တွေကို ကျဉ်းမြောင်းစေတယ်”
စာဖတ်သူမျာ သတိထားမိပါစေ၊ မျက်စိကျပါစေဟု ဆန္ဒပြုရသော စာသားတွေပါ။
ကျမနှင့်ဒေသတူ သာယာဝတီခရိုင် မင်းလှမြို့သား ကိုအောင်မေသုကို အထူးနှမြောတသ လွမ်းဆွတ်မိသည်။ ၁၉၆၀ ကျော်ကာလများက ခရိုင်ကျောင်းသား သမဂ္ဂတွင် ကျွန်မတို့၏ စံပြခေါင်းဆောင်တစ်ဦး။ အနစ်နာခံမှု၊ သိမ်မွေ့သော ပြတ်သားမှု၊ သူ့ထံမှ သင်ယူခဲ့ရတာတွေများလှသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်စ ကာလမှ သူနှင့် ပြန်ဆုံရတော့ လုပ်ဖော်ကိုင်ဖက်တွေ
ဖြစ်ရပြန်သည်။အကျင့်မတူသော်လည်း စရိုက်တူလှသော လုပ်ဖော်ကိုင်ဖက်။ ဘာသာခြားလည်း အဟန့်အတားမဖြစ်။ ကျင့်ဝတ်ကိုယ်စီသာ အပြန်အလှန် လေးစားလိုက်နာခဲ့ကြသည်။ သက်တောင့်သက်သာပါပဲ။
ထောင်တွင်း အစာငတ်ခံတိုက်ပွဲနှင့် ပတ်သတ်ပြီး ကိုအောင်မေသု၏ “ကျွန်း” အတွေ့အကြုံ သင်ခန်းစာတွေ အတိပေးခဲ့ပုံ၊ သတိပေးခဲ့ပုံတွေ ဖတ်ရပြန်တော့ သူလုပ်သင့်သော အလုပ်ကို တာဝန်ကျေကျေ လုပ်သွားတဲ့သူ၊ အာဂလူလို့ ဂုဏ်ပြုမိပြန်ပါသည်။
အစာငတ်ခံတိုက်ပွဲမှာ အသက်ပေးသွားသည့် “ကိုအောင်ကျော်မိုး” နှင့် ထပ်တူထပ်မျှပါ။
လွတ်ရက်စေ့ပြီးမှ ပုဒ်မ၁၀(က)နှင့် ပြန်အချုပ်ခံခဲ့ရသော ကိုအောင်မေသု ကွယ်လွန်ခြင်းကို စာရေးသူ ရေးဖွဲ့ထားသည်မှာ ရင်ကိုလှုပ်ခါပါဘိခြင်း၊
“အာဏာရှင်တို့ကတော့ ဦးသုကိုသတ်တာ အစာအိမ်ရောဂါလို့ပြောမယ်။ နောက်အစာအိမ်ကင်ဆာလို့ပြောမယ်။ ရဲဘောတစ်ယောက်ရေးဘူးတဲ့ ကဗျာထဲက စာသားကိုပဲ ဦးဇင်းကျယ်လောင်စွာ ရွတ်ဆိုရတော့မယ်။
ကင်ဆာ…..
ဦးသုကိုသတ်တဲ့ ကင်ဆာ….အမြန်ဆုံးကျဆုံးပါစေ”
ကျမ အလျဉ်းသင့်တိုင်း ပြောတတ်သော စကားရှိပါသည်။
“စာရေးဆရာတိုင်း နိုင်ငံရေးသမားမဖြစ်နိုင်သလို နိုင်ငံရေးသမားတိုင်း စာရေးဆရာ မဖြစ်နိုင်ပါ” ဟူ၍ လူမှုပဋိပက္ခများကို ဓမ္မနှင့်ယှဉ်၍ ဥာဏ်ပညာရှေ့သွား လှုပ်ရှားရွက်ဆောင်ခဲ့သော သာသနာ့ ၀န်ထမ်းဆရာတော် “အရှင်ဇ၀န”ကိုဖြင့် စာရေးဆရာ သို့မဟုတ် ရဟန်းစာဆိုတစ်ပါးအဖြစ် လေးစားကြည်ညိုရပါသည်။
ရသထုံမွှန်းသော စာစုများကို “ သံတိုင်ကြားက ရဟန်းတစ်ပါး” ဟုအမည်တပ်ပြီး ဖြစ်သော်လည်း ကျမကတော့ “အရှင်ဇ၀န၏ ရွှေပုရပိုဒ်” ဟုသာခံစားနေမိသည်
ဓမ္မပုဂ္ဂိုလ်တို့ မှတ်တမ်းတင်ရာ ဤရွှေပုရပိုဒ်ကို ကျမ၏ အမှာစာဖြင့် စီခြယ်ရန် မလျော်ကန်လှပါ။
ဖတ်ရှုခံစားသိနားလည်ခွင့်ရခြင်းအတွက်သာ ခေတ်ပြိုင်၊ မျိုးဆက်သစ် စာဖတ်သူများစွာနှင့်အတူ ကျေးဇူးအထူးတင်ရမည်မို့
မုဒိတာနှလုံးသားဖြင့် အဦးအဖျားဆိုအပ်သော ကျေးဇူးစကားသာ ဖြစ်ပါကြောင်း
စမ်းစမ်းနွဲ့ (သာယာဝတီ)