(ခင်လွန်း၊ မိုးမခ) မေ ၂၃၊ ၂၀၁၆
မြန်မာစာပေလောက ကဗျာလောကတွင် အောင်မြင်ထင်ရှားပြီး လှပထက်မြက်သည့် အတွေး၊ ဖန်တီးမှုများဖြင့် ကဗျာများရေးဖွဲ့တတ်သူ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးတို့အတွက် စာပေအနုပညာ ကဗျာလက်နက်ကို ယုံယုံကြည်ကြည်ခိုင်ခိုင်မာမာကိုင်စွဲ၍ တိုက်ပွဲဝင်ခဲ့သူ၊ ထိုသို့ တိုက်ပွဲဝင်မှုများအတွက် ၁၉၉၀ ခုနှစ်များက အာဏာရှင်တို့၏ နရသိန်စံအိမ်အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရကာ အပြင်းအထန်ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ ကဗျာဆရာမ -မစိမ်းပင်သည် မေလ ၂၂ ရက် ၂၀၁၆ က မန္တလေးမြို့တွင် ကွယ်လွန်သွားကြောင်းသိရသည့်အတွက် မြန်မာစာပေနဲ့ကဗျာ လောကတွင် ကြယ်နီတပွင့် ကြွေလွင့်သွားသလို ၀မ်းနည်းပူဆွေးနှမြောမိပါကြောင်း ။။
အဝေးရောက် မြန်မာကဗျာဘက်တော်သား
ခင်လွန်း
(ဆရာမ မစိမ်းပင်၏ကဗျာတပုဒ်ကို မူရင်းသတ်ပုံအတိုင်း ဖော်ပြပါသည်။)
“သံတိုင်ကြားမှ သုံးရာသီ”
(မစိမ်းပင်)
-သံတိုင်အကွယ်၊ တိုက်ခန်းငယ်မှာ
လေ ဘယ်အရပ်က တိုက်နေသလဲ။
-လျပ်ပြက်ထစ်ချုန်း၊
ဝုန်းဝုန်းဒိုင်းဒိုင်း၊ အသံလှိုင်းများ
နားကကြားရဲ့၊ မိုးပွားမိုးပေါက်
ရေသရောက်က၊ ဟောက်သံငေါက်သံ
အမိန့်သံကို၊ လွှမ်းမျိုလေသော်
အော် …မိုးရာသီပေဘဲ။
-တောင်လေဘယ်မှာ မြောက်လေဘယ်က
မှန်းဆမသိ၊ အမိရင်ခွင်
တိုးဝင်နွေးလို၊ မီးဖိုလေး တ
နေခြည်လေး တ၊ မရနိုင်ဘူး
ချမ်းပုံထူးမှ၊ ဒူးနှစ်လုံးဖက်
ရက်စက်လှသော ဆောင်းပေကိုး။
လက်ခုံပေါ်မှာ
လျောလာသက်တဲ့ ရေစက်များ။
နှလုံးသားက
ခံစားစိမ့်ထွက်၊ မျက်ရည်စက်လား?
လျပ်စီးမလက်၊ မိုးရေစက်လား ?
ရေအစက်များ
စိုရွှဲသွားမှ၊ လေမ၀သော
ခယောင်းတောမှာ၊ စောကြောပီပြင်
“ ပူချင်ပူစမ်း၊ ဒင်းအစွမ်းဖြင့်
ချွေးမခဏ်းချေ
နွေရာသီလျင် လေးလထဲ ” ။ ။
----
မစိမ်းပင်