Quantcast
Viewing all articles
Browse latest Browse all 9633

မင်းကိုနိုင် ● ဆီးသီးသည်၊ ချင်ပန်ဇီနှင့် လကမ္ဘာခရီး

Image may be NSFW.
Clik here to view.
 
မင်းကိုနိုင် ● ဆီးသီးသည်၊ ချင်ပန်ဇီနှင့် လကမ္ဘာခရီး
(မိုးမခ) ဇွန် ၁၊ ၂၀၁၆

(ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်)

“ဆရာမက ချင်ပန်ဇီကြီး လုပ်ပါမယ်။ တပည့်တို့က ဒီဇာတ်လမ်းထဲက လူတွေလုပ်ပေးပါ။ ချင်ပန်ဇီကြီးနဲ့ မိတ်ဆွေ လာဖွဲ့ကြပါ”
....

၁၉၇၄-၇၅ ကာလများက ဖြစ်ပါသည် ကျနော့်အစ်မအထက်တန်းကျောင်းသူဘဝ အင်္ဂလိပ်ဖတ်စာစာအုပ်မှ Making friends with Chimpanzees (ချင်ပန်ဇီများနှင့် မိတ်ဆွေဖွဲ့ခြင်း) ခေါင်းစဉ်ဖြင့် သင်ခန်းစာကိုသရုပ်ဖော်ရန် ဆရာမတဦးက အား ထုတ်နေခြင်းဖြစ်ပါ၏။ ထိုဆရာမသည်ပင် ကျနော့်ဆရာမ ဆက်ဖြစ်ခဲ့ပါသည်။

ဆရာမသည် ငယ်နုပြီး ဖြူနွဲနွဲ့ဖြစ်သော်လည်း သူနှင့်အရွယ်မတိမ်းမယိမ်း တပည့်များရှေ့ မရှက်မကြောက်စတမ်း ချင်ပန်ဇီ မျောက်ဝံအဖြစ် သရုပ်ပြပါသည်။ သင်ခန်းစာတခုကို သမာရိုးကျ ဖတ်ပြနားထောင် အလွတ်ကျက်ရတာမဟုတ်။ ကိုယ်တိုင် ပါဝင်ဆင်နွှဲနေရာတာမို့ စာသင်နေရတယ်ဆိုတာမေ့ပြီး၊ ပျော်ရွှင်မှုဖြင့် လိုက်ပါနိုင်ခဲ့ကြပါသည်။ စာသင်ရတာ ပင်ပန်းတယ် မြန်မြန်ပြီးပါတော့ဟု မခံစားရ။ အချိန်စေ့သွားမှဟာခနဲ ဖြစ်ကာ သင်လို့တောင်မ၀သေးဘူးဟု တသသကျန်ခဲ့ရပါသည်။

တကယ်တော့ ထိုသင်ခန်းစာ (Lesson) ကို ယခုလို ကိုယ်တိုင်သရုပ်ဆောင် သင်ကြရမည်ဟု ညွှန်ကြားချက်မရှိပါ။ ထိုဆရာ မ၏ စိတ်စေတနာအလျောက် သရုပ်ပြတီထွင် သင်ကြားခဲ့ခြင်းသာဖြစ်ပါသည်။ ပြဇာတ်တိုတပုဒ်လို ကကြသည်ပဲ ဆိုပါစို့။ မည်သူမှ ချင်ပန်ဇီမျောက်ဝံ လုပ်လိုကြမည်မဟုတ်ပါ။ ဘယ်သူမှ မနေချင်၊ မလုပ်ချင်သော ဇာတ်ရုပ်တနေရာကို ဆရာမက ရွေးခဲ့ပါသည်။ ရွေးပြီးသည့်အလျောက်လည်း ပီပြင်အောင်မျက်နှာကအစ ချင်ပန်ဇီနှင့်တူအောင် ကြိုးစားပြီး သူ့ပင်ကိုယ်ပြေ ပြစ် နုနယ်သည့်ရုပ်ကို အပျက်ခံ သရုပ်ပြပေးခဲ့ပါသည်။
*▬*▬*▬*

ကျနော်မူလတန်းတွင် ချစ်ခင်စွဲလန်းရသည့် ဆရာတယောက်ရှိခဲ့သည်။ ထိုအချိန်က အပိုလို (၁၁) ဒုံးပျံယာဉ် လကမ္ဘာဆင်း သက်ပြီးစ။ ထိုဆရာက ကျနော်တို့အား သူ့ကိုယ်သူ မိတ်ဆက်ပြီးသည်နှင့် လကမ္ဘာသွားကြမယ်ဟု ကောက်ကာငင်ကာ ခေါ်ပါတော့သည်။ ငယ်စဉ်ကပင်စိတ်ကူးယဉ်ခဲ့ရသော ဖိုးလမင်းထံသွားကြမည်ဆိုတော့ အားတက်သရောပေါ့။ ဘယ်သူ လိုက်မလဲ လူရွေးကြပြီ။ ကျန်းမာရေး ကောင်းရမည်တဲ့။ ကျနော်တို့မှာ ကျန်းမာရေးကောင်းကြောင်း သက်သေပြလိုက်ရ တာအမော။ ကျောင်းက ဆရာမချောချော တယောက်ကိုလည်း ပါစေချင်ကြောင်း ဆရာကအဆိုပြုတော့ ရယ်လိုက်ကြရသေး။

ဒုံးပျံထွက်တော့မယ်ဆိုမှ ဆရာက နေဦးဟုဆိုသည်။ ကမ္ဘာ့ဆွဲအားက တွန်းကန်ထွက်ဖို့ အာကာသထဲရောက်ဖို့ကိစ္စ လာ ပြီပေါ့။ ကမ္ဘာဆွဲအားကို ကျနော်တို့ မသိချင်လို့မရတော့။ ဆရာရှင်းပြသမျှ ကမ္ဘာ့ဆွဲအားအကြောင်း ကျနော်တို့ မျက်လုံး တွေဝိုင်း နားရွက်တွေထောင် အာရုံစိုက်ကြရ၏။ မည်သည့်ဖိအားကြောင့်မျှမဟုတ် စာမေးပွဲ၏ခြိမ်းခြောက်မှုမပါ ကျနော်တို့၏ သိချင်စိတ်သက်သက်ကိုဆရာက ဒုံးပျံနှင့်အတူ ဆွဲခေါ်သွားချေပြီ။ အာကာသထဲရောက်တော့လည်း ကျနော်တို့မှာ ငြိမ်ငြိမ် မနေရ။ အောက်စီဂျင်မရှိ၊ ရှူစရာလေမရှိတော့ ဘယ်လိုအသက်ရှင်ရမယ်ဆိုတာ ဆရာက သင်ပြပေးပြန်သည်။ အောက်စီ ဂျင်ဘူးကြီးတွေယူ မျက်နှားဖုံးစွပ်တွေ၊ ခေါင်းစွပ်တွေနဲ့ တယောက်ကို တယောက် မမှတ်မိကြတော့။ လေထဲမှာ ပေါလော ကြီးတွေ မျောနေကြပျော်လိုက်ကြတာ။ စာကို သင်မှန်းမသိ သင်ပေးသွားတာပဲပြောပါတော့။
*▬*▬*▬*

ဆရာအောင်သင်း၏ “ကန့်ကူလက်လှည့်” မှာ မြန်မာစာပေတွင် အလွန်ထင်ရှားပါသည်။ ထိုစာထဲမှာ သူငယ်တန်းသင်ဆရာ ဦးဉာဏ်စိန်၏ ထူးကွက်များကို ကြည့်ပါ။ ပန်းချီသင်ရာမှ သူငယ်တန်းပြဖြစ်ခဲ့သောဆရာက လိပ်ပုံ၊ ယုန်ပုံ ဆွဲပြ၊ တုတ် ကောက်၊  ဦးထုပ်၊ မျက်မှန်တွေတပ်ပြ (ထိုဇာတ်ကောင်တွေက ထိုခေတ်ကလေးတွေ ရင်းနှီးပြီးသား ကာတွန်းဇာတ်ကောင်တွေ) ဘယ့်နှယ် စာမသင်ပဲပုံတွေဆွဲပြ ဟေးဝါးလုပ်နေကြသလဲ မေးစရာရှိသည်။ ဒါကို ဆရာဦးဉာဏ်စိန်က ဖြေထားသည်။ “စာ သင် တာဘယ်အချိန်သင်သင် ရတဲ့ကိစ္စပါ” တဲ့။

သူငယ်တန်းဆရာတယောက်ရဲ့ ဒုက္ခများကို ဆရာအောင်သင်းက အခုလို ပြောပြခဲ့သည်။ အငိုသန်သောကလေးတယောက် ရှိနေရင် တခန်းလုံး စာမသင်နိုင်။ အဲဒါကို ထိန်းကျောင်းကိုင်တွယ်ဖို့ နည်းက တက္ကသိုလ်နည်းပြ ဆရာအောင်သင်းကိုယ်တိုင် က အခက်ဆုံး၊ အကြောက်ဆုံးတဲ့။ ဒါပေမယ့် ကန့်ကူလက်လှည့် ဆရာဦးဉာဏ်စိန်ကတော့ ပေါ့ပေါ့ပါးပါးပါပဲ။ အငိုမတိတ် နိုင်တဲ့ကလေးကို အငိုတွေ ကုန်သွားအောင်ဆိုပြီး သူငယ်ချင်းတွေ အားလုံးက ၀ိုင်းငိုပေးကြ။ ဟိုကလေးကတိတ်သွားတော့ ပုံပြင်ဇာတ်ကောင်တွေထဲ ဈာန်ပြန်ဝင်။ သတိရလို့ ထငိုတော့ အားလုံးက ၀ိုင်းကူငိုပေးလိုက်ကြ။
.
ပြီးတော့ ဆီးသီးရောင်းတမ်းကစားမတဲ့။ သင်ပုန်းပေါ်မှာ ဆီးသီးလုံးဝိုင်းဝိုင်း ဆွဲပြအညှာထည့်။ စားကြမလား မေး။စားမယ့်သူ လက်ထဲကို ဆွဲယူထည့်ပေးဟန်ပြု။ ပါးစပ်ဟ အစားခိုင်း ချိုသလားမေး။ ချိုတယ်ဆိုတော့ နောက်တယောက်ထပ်ကျွေး။ ဘယ်နှယ့်စာသင်တာလား၊ ဆော့နေတာလား မမေးပါနှင့်။ ဆက်ကြည့်ရအောင်ပါ။ ပြီးတော့မှ ဆီးသီးရှည်ရှည် ပုံတွေဆွဲပြ ဒါတွေက မချိုဘူးကွ။ ချဉ်တယ်။ မယုံရင် စားကြည့်။ တပည့်တွေကလည်း ချဉ်တယ်လို့အော်ကြ။ မှတ်ထားကြကွ -၀ိုင်းဝိုင်းဆို ချိုတယ်။ ရှည်ရှည်ကြီးဆို မချိုဘူး။ ကဲဇီးသီးရောင်းကြမယ်ဆိုပြီး ၀လုံးလေးတွေကို ညာတာပါတေး ရေးခိုင်းပါတော့သည်။ ကလေးတွေကလည်း သူတို့ဇီးသီး ချိုချင်ကြတော့ ၀ိုင်းအောင်ရေးကြပြီပေါ့။ ၀လုံးရေးသင်ကြမယ်ဆိုရင် ဒီလိုပျော်စရာဖြစ်မှာ မဟုတ်ဟု ကျနော်ဖတ်ရင်း နားလည်မိပါသည်။

နောက်တော့ ကလေးတွေကို သူငယ်ချင်းအသစ်တွေနဲ့တွေ့ပေးသည့်ဟန်ဖြင့် ကကြီး၊ ခကွေး၊ အက္ခရာများရေးပြကာ “ မင်း တို့မှာ နာမည်ရှိသလို၊ သူတို့မှာလည်း နာမည်ရှိတယ်။ သူ့နာမည်က ကကြီး။ သူ့နာမည်ကခကွေး” မှတ်ထားကြဟု မိတ် ဆက်ပေးပါသည်။ ကလေးတွေကလည်း စာသင်ရတာ ပင်ပန်းလိုက်တာဟု မမြင်။ သူငယ်ချင်းအသစ်ရလို့ ပျော်နေကြမည် ထင်ပါသည်။
*▬*▬*▬*

ဒီကနေ့ ပညာရေးအသစ်ကို လိုချင်ကြသည်။ အစပျိုးနေကြပြီ။ သူငယ်တန်းဆိုသည့် ပျိုးပင်များကို စောင့်ကြပ်မည့် ပျိုးခင်း ရှင်တို့အတွက် သင်တန်းသစ်တွေကိုလည်းတွေ့နေရပြီ။

အသစ်ဆိုမှတော့ အဟောင်းနှင့် မူကွဲရတော့မည်။ အဓိကကတော့ အတွေးအခေါ်။ အရင်လို ကလေးတွေကို ဧည့်သည်လာ ရင် ထုတ်ကြွားဖို့၊ စာမေးပွဲအမှတ်ကောင်းရုံမျှ မဟုတ်တော့။ ကျောင်းမှာပျော်ဖို့ အဓိကဖြစ်လာပြီ။“ပျော်” ဆိုသည်မှာ “ပျော် ရွှင်ခြင်း” သာမဟုတ် “ပျော်ဝင်ခြင်း” ပါ ပါသည်။ စာသင်ရာတွင် ပျော်ရွှင်ခြင်းသာမကပညာနှင့် အကြောင်းအရာတွင် စိမ့် ၀င်ပျော်ဝင်ခြင်းကို ဆိုလိုသည်။ စာမေးပွဲဆိုသည့်ဖိအား၊ တင်းကျပ်သည့်ကျောင်းခန်းအတွင်း၌ သင်ကြားရမှုတွေကြောင့် ကျနော်တို့ဆီတွင် ကျောင်းပိတ်တယ် ဒီနေ့ကျောင်းမတက်ရဘူးဆိုလျှင် ဟေးခနဲပျော်သည့် ကလေးများစွာ ရှိသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်တော့ နေမကောင်း၍ ကျောင်းမတက်နဲ့ဆိုလျှင်ပင် “နေကောင်းတယ်၊ ကျောင်းတက်မယ်” ဟု ချက်ချင်းတုံ့ပြန် ကြသည်သာ။ ဒီနေ့ ရှော့ပင်းထွက်တာ လိုက်မလား၊ ကျောင်းပျက်မလားဆိုလျှင် ကျောင်းပျက်မခံကြ။ ကျောင်းတွင် သူတို့ တက်ကြွကြသည်။ ကျောင်းတွင်းလှုပ်ရှားမှုများက ရွှင်မြူးစရာတွေ ပေးနေသည်ကိုး။

ထိုနိုင်ငံများတွင် စာမေးပွဲဆိုတာထက် Year-2 ခေါ်သူငယ်တန်းကြီးအထိ စာကို ဖိအားပေးသင်စေချင်းမဟုတ်။ ပြတိုက်များ သို့ ခေါ်သွားခြင်း၊ ပြတိုက်များထဲတွင်လည်း စက္ကူ၊ ရောင်စုံခဲတံများ စိတ်ကြိုက်ချပေးထားပြီး ကြိုက်တာကို ကူးဆွဲခြင်းဆွဲ၊ အလွတ်ဆွဲခြင်းဆွဲဟု အားပေးခြင်း ၊ သိပ္ပံနှင့် သဘာ၀၀န်းကျင်လေ့လာရေးကို ပျော်ရွှင်ဖွယ် ဖန်တီးပေးထားခြင်းတို့ရှိသည်။

လွတ်ကျက်တာတခုတည်းကို တလမ်းသွားစနစ်ဖြင့် မောင်းနှင်နေသည့် ပညာရေးမျိုးမဟုတ်။ ကျနော်တို့နိုင်ငံတွင် ပညာရေး စနစ်သစ်အတွက် သူငယ်တန်းမှစပြောင်းရန် အားထုတ်ကြပြီ။ သင်ထောက်ကူအသစ်များ၊ လေ့ကျင့်ပုံအသစ်များ တွေ့ နေရပြီ။ အချို့ Video ဖိုင်များတွင် ရိုးရာကစားနည်းများကို ပြန်လည်ဖော်ထုတ်ခြင်း၊ သီချင်းကဗျာများကို ဆရာ/ဆရာမများ ကိုယ်တိုင် သရုပ်ဆောင်လေ့ကျင့်နေကြပုံများ မြင်ကြရပြီ။ အားပေးထောက်ခံသူများ ရှိသလို၊ စိုးရိမ်ကြောင့်ကြဝေဖန်သံ များလည်း ကြားရပါသည်။ ဆရာ/ဆရာမတွေဆိုတာ တည်တည်ကြည်ကြည်နဲ့ရှိရမှာ ကလေးတွေက မကြောက်တော့ရင် ဘယ်နှယ့်လုပ် စာသင်မလဲဆိုတာတွေလည်း ကြားရသည်။

ဆရာအောင်သင်းရေးပြသည့် ကန့်ကူလက်လှည့်ကို ပြန်ဖတ်ကြစေချင်ပါသည်။ ဆရာ/ဆရာမကို ကြောက်မှစာတတ်မည် ဟုတော့ တထစ်ချ မမှတ်စေလိုပါ။ စာကိုသင်ကြားခြင်းအပြင် စိတ်ကိုသင်ကြားခြင်းလည်းအရေးကြီးသည်ဟု ဆိုထားပါ သည်။ ဆီးသီးရောင်းတမ်းကစားရင်း ၀လုံးလေးတွေ ရေးတတ်သွားရင်လည်း လိုရင်းရောက်ပါသည်။ ဆရာအား တပည့်များ က ချစ်ခင်သည်ဆိုလျှင် သင်ကြားမှုအတွက် အကောင်းဆုံးလိုအပ်ချက်ကိုရပြီဟု ယုံကြည်ပါသည်။ ဆရာ/ဆရာမများက ကလေးတို့အသည်းစွဲ ကဗျာ၊ ကာတွန်း၊ ပုံပြင်တွေထဲက ဇာတ်ကောင်များအဖြစ် သရုပ်ဆောင်ပေးခြင်းသည် ကလေးတွေနှင့် တသားတည်း ဖြစ်ခြင်း ဖြစ်သည်ဟု နားလည်ပါသည်။

ကလေးများနေရာကစဉ်းစားပြီး ပူးဝင်သင်ကြားပေးခြင်းမို့သင်ပုန်းကြီးကို ကြိမ်လုံးဖြင့် ဖြန်းဖြန်းရိုက်ကာ အလွတ်ကျက်စေ သော စနစ်မျိုးနှင့်တော့ မတူနိုင်ပါ။ မူကြိုကျောင်းအချို့တွင် ကန့်ကွက်သံများ ကြားရသည်။ သူများကျောင်းမှာကလေးတွေ ကဖြင့် တနေ့ကို လက်ရေးလှ ဘယ်နှစ်မျက်နှာရေးရတယ်။ အိမ်စာတွေ ဘယ်လောက်ပေးလိုက်တယ်။ ဂဏန်းသင်္ချာတွေ ဘယ်လောက်တွက်နေပြီ။ ဒီကျောင်းကဖြင့်ဆော့သလို၊ ကစားသလို၊ တရုန်းရုန်းနဲ့ အချိန်ကုန်နေတာပဲ။ ပုံတွေ ဆွဲလို့ ဆွဲ၊ ပုံ တွေပြောလို့ ပြော… တယ်မစွံပါဘူး ဟူ၍။

တကယ်တော့ မျိုးစေ့မှ ပေါက်ကာစ အညွှန့်အညှောက်လေးများနှင့် တူလှသော၊ နုနယ်လှသော ပျိုးပင်များအားရှင်သန်အောင် ကိုင်တွယ်ရသူတို့၏ တာဝန်ကြီးမှုမှာ ကျယ်ပြန့်လှပါသည်။ ပျိုးပင်များက ဥယျာဉ်မှူးကိုကြောက်ရန်ထက် ဥယျာဉ်မှူး၏ စိတ် စေတနာနှင့် ပြုစုမှုကို ချစ်ခင်တန်ဖိုးထားရန်သာ လိုပါသည်။ သုတေသနတွေ့ရှိချက်များတွင် မိမိအင်္ကျီကြယ်သီးပေါက်ကို ဖြောင့်အောင်တပ်နိုင်မှ ခဲတံကိုင်ရမည်ဟု အဆိုရှိပါသည်။

“ကလေးတို့ လက်ချောင်းတွေ လေချိုသွဲ့ပြောင်းမှာ ဖယောင်းပန်းလေးတွေလို က,ကြရမယ့်အစား လက်ရေးလှ သတ်ပုံနေ ကုန်အောင်ရေးရင်း အံမသေသွားကြစေချင်..”

ကန့်ကူလက်လှည့်ဆရာ ဦးဉာဏ်စိန် ၊ လကမ္ဘာကိုဒုံးပျံနဲ့ခေါ်သွားတဲ့ မူလတန်းသိပ္ပံပြဆရာ၊ ချင်ပန်ဇီမျောက်ဝံအဖြစ် ရုပ် ပျက်ခံသရုပ်ပြသင်ပေးခဲ့သည့် အထက်တန်းပြဆရာမ၊ သူတို့တွေအပေါ် တပည့်တွေက အရိုအသေတန်ခဲ့ကြပါသလား။

… ဝေးစွ။

တပည့်အပေါင်းက သူတို့နှင့် တသားတည်းရှိခဲ့ခြင်းအပေါ်၊ ကလေးလိုတွေး၊ ကလေးလို ခံစားပေးပြီး လျှောက်နိုင်သမျှတွဲ ခေါ်ခဲ့ခြင်းအပေါ် အမြဲသတိရကျေးဇူးတင်ကြမည် ဖြစ်ပါသည်။ တန်ဖိုးအထားရဆုံးမြတ်ဆရာများစာရင်းကို ပြုစုကြပါဆိုလျှင် ထိုဆရာ၊ ဆရာမများ၏ အမည်များကို ရှေ့ဆုံးမှာ စရေးမိကြမှာသေချာပါသည်။

- ‪#‎မင်းကိုနိုင်‬
[ ပြည်သူ့အရေးဂျာနယ် အပတ်စဉ် ဆောင်းပါးမှ ]

Photo credit to: Getty Image/JICA

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>