ဆောင်းယွန်လ ● မျက်နှာကိစ္စ
(မိုးမခ) ဇွန် ၂၊ ၂၀၁၆
ထင်ရှားတဲ့ အမှတ်အသားလို့ပြောတိုင်း
မျက်နှာကိုချည့် လှမ်းကြည့်နေတော့မှာလား…။
တမိုးလင်းသွားတဲ့ ၀စ်လစ်စလစ်အတိုင်း အိပ်ရာထတဲ့အခါ
သစ်စရာ မျက်နှာထက်ပိုတဲ့ အချပ်ပိုမျက်နှာတွေက
မနက်ခင်းရဲ့ ခန္ဓာကိုယ်အနှံ့ကို ပလပ်ထိုးပြီး တပ်ဖြန့်ထားတယ် ...။
မမြင်နိုင်တဲ့ ပိုးမွှားတွေထက်
မျက်စိရှေ့က ပိုးဟပ်နဲ့ ပင့်ကူတကောင်ဟာ ရောဂါပဲ
ရောဂါထဲက ရောဂါကို သစ်ခေါင်းထဲ မီးထွန်းပြီးရှာနေတာက
အလုပ်မကောင်းတဲ့ အလုပ်ဟောင်းကြီးတခုပဲ ...။
နေ့လည် နေ့ခင်းကြီးထဲ
ကိုယ့်မျက်နှာ ကိုယ်ပြန်ရှာတပ်နေရတာ
ပိုပြီး အလုပ်မဟုတ်တဲ့ အလုပ်တခုပဲ ..။
ကာလာကွဲ ဆိုဒ်လွဲ မျက်နှာတချပ်ကို ကောက်တပ်မိတဲ့ ညနေမှာ
မျက်နှာဟာ အလိုမကျခြင်းတွေထဲမှာ ရေလိုက်လွဲလို့
အလိုကြီးခြင်းတွေထဲမှာ အရနည်းလို့
တွန့်ခေါက်ခြင်းတွေထဲမှာ အေးစက်မာကျောလို့
သွေးပျက်ခြောက်ခြားခြင်းတွေထဲမှာ ဟားတိုက်ရယ်မောနေခဲ့တယ်…။
ထင်ရှားတဲ့အမှတ်အသားလို့ ပြောတိုင်း
မျက်နှာကိုချည့် လှမ်းကြည့်နေတော့မှာလား…
မှတ်သားလောက်စရာ မျက်နှာဟာ မျက်နှာမှာမရှိတာ သေချာတယ်…။
ဆောင်းယွန်းလ (မေ ၂၇၊ ၂၀၁၆)