မောင်မောင်စိုး ● တောင်ပြာတန်း၏ အခြားတဖက်မျက်နှာ
( ရှ မ်း တို င်း ရ င်း သား လ က် န က် ကို င် တပ် ဖွဲ့ များ )
အပိုင်း (၆)
(မိုးမခ) ဇွန် ၅၊ ၂၀၁၆
(မိုးမခ) ဇွန် ၅၊ ၂၀၁၆
RCSS အနေနှင့် မူးယစ်ဆေးဝါးကို ဇောင်းပေးလုပ်နေသည့် MTA မှ ခွဲထွက်ပြီး ရှမ်းပြည်သူများ အရေးကို ခေါင်းလှည့်လာသည်မှာ ကောင်းသော ကိစ္စဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် နွမ်းစစ်ဟန်မှ SSIA ထို့နောက် SSA အဖြစ် အနှစ် ၅၀ ကျော် ရပ်တည်လာခဲ့သော SSPP/SSA လောက်တော့ နိုင်ငံရေးအရ မငြိမ်ဟုဆိုနိုင်သည်။
RCSS သည် ၂၀၀၈ ဒီဇင်ဘာတွင် လွယ်တိုင်းလျံ ၌ SSC ခေါ် ရှမ်းပြည်နယ်ကွန်ဂရက်ကို ဦးစီး ကျင်းပခဲ့သည်။ ၎င်းကွန်ဂရက်တွင် LDU လားဟူ PNLO ပအို့ဝ် SSA-S ရှမ်းတောင် WNO ဝTCC Tai Coordination Committee ရှမ်းပူးတွဲကော်မတီ တို့ပါဝင်ခဲ့ကြသည်။ ထို့ပြင် RCSS သည် ALP ရခိုင် CNF ချင်း KIO ကချင် KNPP ကရင်နီ KNU ကရင်အဖွဲ့ ၆ ဖွဲ့နှင့်လည်း တပ်ပေါင်းစုဖွဲ့ရန် ကြိုးစားခဲ့သည်။ သို့သော် တကယ်တမ်း တိုင်းရင်းသားတပ်ပေါင်းစုဖြစ်သည့် UNFC တွင်ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။
အလားတူပင် SSPP/SSA နှင့် တတပ်တည်းပေါင်းစည်းမှာလည်း ၂၀၁၃ မှတင်လုပ်ဆောင် လာသော်လည်း ဖြစ်မြောက်ခြင်းမရှိပေ။ ရှမ်းပြည်ရှိ လက်နက်ကိုင်အဖွဲ့များ တိုင်းရင်းသားပါတီများ စည်းလုံးညီညွတ်ရေး အတွက် စဝ်ဆေထင် ခွန်ထွန်းဦးတို့က ပူးပေါင်း၍ ၁၉၉၆ ခုနှစ် ဇွန်လတွင် SSJAC Shan State Joint Action Committee ကို SSPP/SSA နှင့် SNLD ကိုအခြေခံ၍ အရပ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဖွဲ့စည်းထားသော ကော်မတီတရပ် ရှိနေသော်လည်း စဝ်ရွက်ဆစ်က ၂၀၁၃ အောက်တိုဘာ၁၅ ရက်တွင် ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ကို ထပ်မံဖွဲ့စည်းသည်။
ထိုကော်မတီတွင် RCSS နှင့် SNDP (ကျားဖြူ) တို့အပြင် SSPP/SSA တို့က SSJAC အနေနှင့် ပြန်လည်ပါဝင်ကြသည်ကိုတွေ့ရသည်။ မူလရှိနေသော SSJAC တွင်မပါဘဲ သီးခြားထပ်ဖွဲ့ပြီး စဝ်ရွက်ဆစ်သည် သူ၏အခန်းကို ရယူသည်ဟုဆိုရမည်။ အခြားတိုင်းရင်းသားအဖွဲ့များနှင့်ပူးပေါင်းထားသည့် တပ်ပေါင်းစုအဖွဲ့များတွင်လည်း မပါ၊ ရှမ်းအချင်းချင်းပူးပေါင်းထားသည့် SSJAC တွင်လည်းမပါဘဲ သီးခြားအဖွဲ့တရပ်ထူထောင်ရန် လုပ်ဆောင်သည့် စဝ်ရွက်ဆစ်သည် တစင်ထောင်လိုသူလောဟု သုံးသပ်ဖွယ်ရှိပေသည်။ သို့သော် CSSUတွင် အလှည့်ကျဥက္ကဋ္ဌစနစ်ကို ကျင့်သုံးရာ လက်ရှိတွင် ဥက္ကဋ္ဌနေရာအား စဝ်ရွက်ဆစ်ထံမှ ခွန်ထွန်းဦးက လွှဲယူထားသည်ကို တွေ့ရပေရာ မဆိုးလှဟု ဆိုရပေမည်။
လက်ရှိအခြေအနေတွင် ထိုင်းနိုင်ငံ၏ထောက်ခံမှုလည်းရ၍ EBO မှ ဟန်ညောင်ဝေတို့နှင့် အဆင်ပြေသော စဝ်ရွက်ဆစ်သည် ဘဏ္ဏာရေးတောင့်တင့်သည်သာမက ဥရောပနိုင်ငံများအကြို က် NCA လက်မှတ်ထိုးထားသည်ဖြစ်၍ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အနောက်၏ စွပ်စွဲပစ်တင်ခြင်းမှလည်း ကင်းလွတ်နေသည်။ ဤသို့အခြေအနေတွင် စဝ်ရွက်ဆစ်နှင့် RCSS တိုင်းရင်းသားတပ်ပေါင်းစုတွင် ခေါင်းဆောင်နေရာရယူရန် ကြံရွယ်နေသည်ဟု သုံးသပ်ရပေသည်။ သို့ သော်သူ၏ရည်မှန်းချက်နှင့် သူ၏အစဉ်အလာမှာ ပဋိပက္ခဖြစ်နေသည်။ နိုင်ငံရေးအစဉ်အလာအရ သူအား အခြားတိုင်းရင်းသားအဖွဲ့များ ခေါင်းဆောင်တင်လိုသော အနေအထားမရှိဟု တွေ့မြင်ရသည်။
အဘယ်ကြောင့်ဆိုသော် RCSS/SSA ဖြစ်စဉ်သည် အပြောင်းအလဲများခဲ့သည်။
၁၉၅၈/၅၉ မူလက CPB ရှမ်းပြည်အလယ်ပိုင်းမှ မိုးဟိန်းသည် နွမ်ဆစ်ဟန်တွင် ပါဝင်ခဲ့သည်။

၁၉၆၀ နွမ်စစ်ဟန်မှ USNF United Shan National Front အဖြစ်ခွဲထွက်လှုပ်ရှားသည်။
၁၉၆၄/၆၉ SSIA နှင့်ပြန်လည်ပူးပေါင်းပြီး SSA အဖြစ်လှုပ်ရှားသည်။
၁၉၆၉/၈၅ SSA မှခွဲထွက်ပြီး SURA Shan United Revolutionary Army အဖြစ်လှုပ်ရှားသည်။
၁၉၈၅/၉၅ လွယ်မော်နှင့်ပူးပေါင်းပြီး MTA Mong Tai Army အဖြစ်လှုပ်ရှားသည်။
၁၉၉၅/၂၀၀၅ MTA မှခွဲထွက်၍ SSNA Shan State National Army နှင့်
SSA-S Shan State Army - South အဖြစ်လှုပ်ရှားသည်။
၂၀၀၅/၂၀၁၆ SSNA နှင့် SSA-S တို့ပူးပေါင်းပြီး RCSS/SSA အဖြစ် လှုပ်ရှားသည်။
ဤသို့ အပြောင်းအလဲများခဲ့သောကြောင့် RCSS/SSA အနေနှင့် မကြာမီကာလအတွင်း အစိုးရ BGF နယ်ခြားစောင့်တပ် ဝါ ပသစအဖြစ် ပြောင်းလဲသွားမည်လောဟု အကဲခတ်တို့ သံသယရှိကြပေသည်။
လောလောဆယ်တွင် မြို့ပေါ်ရှိ ၂၀၁၅ ရွေးကောက်ပွဲတွင် မရှုမလှ ရှုံးနိမ့်ထားသော SNDP ( ကျားဖြူ ) သည် RCSS ၏ တခုတည်းသော မဟာမိတ်ဖြစ်ပုံရပေသည်။ RCSS နှင့် SNDP သည် တူသောလုပ်ဟန် ရှိသည်ဟု ဆိုရမည်။ ထိုတူညီချက်မှာ အဆိုပါ ၂ ဖွဲ့စလုံးသည် သူတို့၏နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်ရန်အတွက် အခြားတိုင်းရင်းသားများ အခြားနိုင်ငံရေး
အင်အားစုများနှင့် ပူးပေါင်းသည်ထက် အစိုးရ အဓိကအားဖြင့် မြန်မာစစ်ဖက်နှင့် ပူးပေါင်းဆောင်ရွက်ရန် အားသန်သည်ဟု ဆိုရမည်။
● RCSS ၏စစ်ရေးလှုပ်ရှားမှု
လက်ရှိ NCA လက်မှတ်ထိုးထားသည့်အဖွဲ့ထဲမှ မြန်မာစစ်ဖက်နှင့်လည်း လက်နက်ကိုင်ပဋိပက္ခ မရှိဘဲ စစ်ရေးလှုပ်ရှားမှုရှိသောအဖွဲ့မှာ RCSS ဖြစ်သည်ကိုတွေ့ရသည်။ ရှမ်းပြည်တောင်ပိုင်း လွယ်တိုင်းလျံတွင်အခြေစိုက်သော RCSS အတွက် တောင်ပိုင်းရှိ သူ၏စိုးမိုးနယ်ပယ်မှာ ကျဉ်း သည်။ သံလွင်မြစ်အရှေ့ကမ်း ရှမ်းပြည်တောင်ဖက်အစွန်းရှိ လွယ်တိုင်းလျန် ဌာနချုပ်
ဧရိယာကျော်လျှင် မြောက်ဖက်၌ မဟာဂျာအဖွဲ့အခြေပြုရာ ဟိုမိန်းရှိသည်။ အရှေ့မြောက်ဖက် မိုင်းဆတ်ခရိုင်အရှေ့ခြမ်း၌ UWSA အခြေပြု သည်။ ထို့ကြောင့် RCSS အဖို့ သူ၏ဌာနချုပ်ရှိရာ သံလွင်အရှေ့ခြမ်း၌ နယ်မြေတိုးချဲ့ရန် မလွယ်ကူပေ။
ထို့ပြင် သံလွင်အနောက်ဖက် နမ့်စမ် ခိုလမ် ကားလမ်းတောင်ဖက်သံလွင်မြစ်နှင့် ပွန်းချောင်းကြား ဧရိယာ၌လည်း မဟာဂျာအဖွဲ့ နားရိုင်းမတ်ကျန်း စသည့် MTA ကူးပြောင်း ပသစများ အခြေပြု စိုးမိုးထားရာ RCSS အနေနှင့် လှုပ်ရှားရန်နယ်ကျဉ်းနေသည်ဟု ဆိုရမည်။ ရှမ်းမြောက်သို့ RCSS
မျက်စေ့ကျသည်ဟု ဆိုရမည်။သို့အတွက် ၂၀၀၀ ခုနှစ် ဝန်းကျင်ကပင် မြောက်ပိုင်း ABSDF မှကူးပြောင်းလာသော ရှမ်းနီသံချောင်းတို့အား မြောက်ပိုင်း ရှမ်းမြောက်ရွှေလီချိုင့်ဝှမ်းဂွင်သို့ စေလွှတ်ဖူးသည်။ သံချောင်းလည်းအဖမ်းခံရပြီး တပ်ပျက်သွားခဲ့သည်။ ၇၀၁ တပ်ဖွဲ့ဟူ၍ မန်ဟီးရိုးဒေသ နောင်မကျေးရွာတွင် အင်အားအနဲငယ်ခန့်ဖြင့်ခြေကုပ်ယူရန် အားထုတ်ခဲ့သော်
လည်း မြန်မာစစ်ဖက်၏တိုက်ခိုက်မှုကြောင့်ပြိုကွဲသွားခဲ့သည်။
၂၀၁၅ တွင် အခြေအနေအပြောင်းအလဲများကို တွေ့ရသည်။ ၂၀၁၅ ခုနှစ် NCA လက်မှတ်မထိုးမီ RCSS နှင့် မြန်မာစစ်ဖက်တို့ တိုက်ပွဲအနည်းငယ်ဖြစ်ပွားသည်။ ထိုစဉ် မြန်မာစစ်ဖက်က RCSS နေရန် ကန့်သတ်ထားသော မုန်းဟ ( မုန်းထ) နယ်သည် ကျဉ်းလွန်း၍ RCSS တပ်ဖွဲ့အတွက် အဆင်မပြေဟူသည့် ကန့်ကွက်သံများ ကြားရသည်။ ထို့နောက် မည်သည့်အသံမှ မကြားရ
တော့ဘဲ RCSS အဖွဲ့ NCA လက်မှတ်ထိုးသည်ကိုတွေ့ရသည်။
အဆိုပါ NCA လက်မှတ်ထိုးပြီး ၂၀၁၅ နိုဝင်ဘာ လကုန်ပိုင်းတွင် RCSS တပ်ဖွဲ့ဝင် ၂၅၀၀ ခန့် ရွှေလီချိုင့်ဝှမ်းဂွင်သို့ ဝင်ရောက်လာသည်ကို တွေ့ရသည်။ RCSS အဖို့ ရှမ်းမြောက်တိုးချဲ့ရန်မှာ အကန့်အသတ်ရှိသည်။ ဝမ်ဟိုင်းကို အခြေပြုထားသည့် SSPP/SSA ကလည်း ရှမ်းပြည်အလယ် ပိုင်းကို စိုးမိုးထားပေရာ RCSS အတွက် ရွှေလီချိုင့်ဝှမ်းဂွင်သည် ပစ်မှတ်ဖြစ်သွားသည်။
ထိုဂွင်သည် TNLA တအန်းပလောင်တပ်ဖွဲ့များ အင်အားကြီးထွားလာရာနယ်မြေဖြစ်ရာ RCSS တပ်ဖွဲ့ထိုဒေသသို့ဝင်ရောက်ခြင်းအတွက် မြန်မာစစ်ဖက်အဖို့ ကန့်ကွက်စရာအကြောင်း မရှိတော့ပေ။ အကယ်၍သာ လက်ရှိ မည်သည့်လက်နက်ကိုင်အဖွဲ့မှလှုပ်ရှားခြင်းမရှိသည့် ရှမ်းပြည် အလယ်ပိုင်းကျောက်ဂူ နောင်ဝိုး ဒေသသို့ ဝင်ရောက်မည်ဆိုပါက မြန်မာစစ်ဖက်အနေနှင့်
လက်သင့်ခံလိမ့်မည်မဟုတ်ပေ။
သိို့ု့ဖြစ်ရာ ထိုဒေသသို့ RCSS တပ်များဝင်ရောက်ခြင်းသည် မြန်မာစစ်ဖက်မှ သဘောတူ၍ ဖြစ်နိုင်သည်ဟု အကဲခတ်များက ယူဆကြသည်။
အဆိုပါဒေသသို့ RCSS တပ်များဝင်ရောက်လာခြင်းနှင့်အတူ ၂၀၁၂ အစိုးရနှင့် RCSS သဘောတူညီချက်တွင် မပါသည့် RCSS ဆက်ဆံရေးရုံးတရုံးကျောက်မဲတွင် ပေါ်လာသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ရွှေလီချိုင့်ဝှမ်းဂွင်ကို ဦးစွာစိုးမိုးထားသော TNLA တပ်ဖွဲ့များ နယ်မြေစိုးမိုးမှုလုသည့် တိုက်ပွဲများ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ပေါ်ပေါက်လာတော့သည်။
ဤသို့ဖြင့် RCSS နှင့် TNLA ကြားတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီး စစ်ဘေးဒုက္ခသည် ထောင်နှင့်ချီ၍ ထွက်ပေါ်လာခဲ့သည်။ ၂၀၁၆ ဖေဖော်ဝါရီ ၁၂ ရက်နေ့ရက်စွဲဖြင့် မြန်မာစစ်ဖက်မှ ရမခတိုင်းမှူးက RCSS တပ်များ သဘောတူသတ်မှတ်ပေးထားသည့်နေရာများသို့ ပြန်လည် ထွက်ခွာရန် အကြောင်းကြားခဲ့သော်လည်း ပြန်လည်ထွက်ခြင်းမရှိသည်သာမက အဆိုပါနယ်မြေ၌ RCSS တပ်မှ အင်အား ၃၀၀၀ ခန့်ဝင်ရောက်တပ်စွဲထားပြီဟု RCSS ကထုတ်ပြန်သည်ကို တွေ့ရှိရ သည်။ ထို့အတူ ၂၀၁၆ မေလဆန်းတွင် TNLA နှင့်RCSS တပ်များပြင်းထန်စွာ ပြန်လည်တိုက်ပွဲဖြစ်ပွားသည်ကို တွေ့ရသည်။
ထို့ပြင် RCSS အနေနှင့် လွယ်တိုင်းလျံဌာနချုပ်တွင် ရှမ်းနီများလေ့ကျင့်စုဖွဲ့ပေးနေပြီး ကချင် ပြည်နယ် ရှမ်းနီဒေသသို့ ထိုးဖောက်ရန် ကြံရွယ်လုပ်ဆောင်နေသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။ သို့ဖြစ်ရာ TNLA လှုပ်ရှားစိုးမိုးရာ ရွှေလီချိုင့်ဝှမ်းဂွင်သို့ RCSS တပ်များ တိုးချဲ့ခြင်း ကချင်ပြည်နယ်တွင်းသို့ ရှမ်းနီများအား တပ်ဖွဲ့၍ တိုးချဲ့ခြင်း စသည့် RCSS
၏ စစ်ရေးတိုးချဲ့လုပ်ဆောင်မှု များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း ပဋိပက္ခကို ပို၍ တိုးပွားနိုင်စေသည့်အလားအလာ ရှိသည်ဟုဆိုရပေမည်။
RCSS အနေနှင့် ရှမ်းပြည်တပ်မတော်သည် ရှမ်းပြည်မည်သည့်နေရာတွင်မဆို ခြေချခွင့်ရှိသည်ဟု ကြွေးကြော်နေသော်လည်း သူ၏လွယ်တိုင်းလျံဌာနချုပ်အနီးရှိ မဟာဂျာ ပသစ အခြေချရာ နေရာများအား၎င်း၊ UWSA/NDAA အခြေချရာနေရာများအား၎င်း၊ မည်သည့်အဖွဲ့မှ အခြေချခြင်းမရှိသည့်ဒေသများအား၎င်း၊ ခြေချတိုးဝင်ခြင်းမရှိဘဲ NCA လက်မှတ်မထိုးသည့် ပြောက်ကျားဒေသများသို့ တိုးဝင်နေခြင်းသည် တိုင်းရင်းလက်နက်ကိုင်အဖွဲ့များကြား
လက်နက်ကိုင်ပဋိပက္ခတိုးလာဖွယ်ရာရှိသည်ဟု ဆိုရပေမည်။
● သတိထားဖွယ်ရာ ရှမ်း ပလောင် ပဋိပက္ခ
RCSS တပ်ဖွဲ့များ ရွှေလီချိုင့်ဝှမ်းဂွင် ဝင်ရောက်လာပြီး TNLA နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် အဆိုပါလက်နက်ကိုင်တပ် ၂ ခု၏ ပဋိပက္ခမှသည် ရှမ်းနှင့် ပလောင်လူမျိုးရေးပဋိပက္ခအသွင် ဆောင်လာသည်ကို တွေ့ရသည်။ အမျိုးသားရေးအလံလွှင့်ထားသော တိုင်းရင်းသားလက်နက် ကိုင် တပ်ဖွဲ့များအနေနှင့် အမျိုးသားအရေးအရ မိမိလူမျိုးအား လှုံ့ဆော်ကြသည်မှာ
သဘာဝကျသည်ဟု ဆိုနိုင်သော်လည်း ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား
အချင်းချင်း လူမျိုးရေးပဋိပက္ခ အသွင်မဆောင်စေရန် ထိန်းသိမ်းရန် လိုအပ်ပေမည်။
အဆိုပါတိုက်ပွဲများအတွင်း ရှမ်းရွာ၊ ပလောင်ရွာများ မီးလောင်ပျက်စီးခြင်း၊ စစ်ဘေးဒုက္ခသည် များစွာပေါ်လာခြင်းများ ဖြစ်ပေါ်ပြီးနောက် တဖက်နှင့်တဖက် အပြန်အလှန်စွပ်စွဲ ပြစ်တင်ခြင်း မမှန်သတင်းလွှင့်ခြင်းများနှင့်အတူ လူမျိုးရေးအသွင်ဆောင်သော ပြစ်တင်ပြောဆိုမှု များကို တွေ့ရတော့သည်။
၂၀၁၆ မေလ ၂၈ ရက်နေ့တွင် ကျောက်မဲ၌၎င်း မေလ ၃၀ ရက်နေ့တွင် သီပေါ၌၎င်း စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည်။ မေ ၃၀ ရက်နေ့က သီပေါတွင်ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲသည် ပုံမှန်စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတရပ်ဟုဆိုနိုင်သော်လည်း ကျောက်မဲတွင် ပြုလုပ်သည့်ဆန္ဒပြပွဲကတော့ သာမန်မဟုတ်ဟု အများသတိပြုမိကြသည်။
ကျောက်မဲတွင်ပြုလုပ်သော စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ရှမ်းသံဃာတော်များ လူထုပါ အင်အား ၃၀၀၀ ခန့် ရှိသည်ဟုဆိုသည်။ ထိုဆန္ဒပြပွဲတွင် ပုံမှန်စစ်ဆန့်ကျင်ရေး ကြွေးကြော်သံများအပြင် PSLF/TNLA တအန်း ပလောင်လက်နက်ကိုင်တပ်ဖွဲ့အား ဆန့်ကျင်သည့်ကြွေးကြော်သံများကို တွေ့ရသည်။ ထိုမျှမကဘဲ RCSS/SSA ကိုထောက်ခံသည့်ကြွေးကြော်သံများကို ကိုင်စွဲသည်ကို တွေ့ရသည်။ ထိုဆန္ဒပြပွဲတွင် ရှမ်းပြည်နယ်အလံအပြင် SNDP ကျားဖြူ ပါတီ၏အလံများကို တွေ့ရသည်ဟုဆိုသည်။ ဤသို့ တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့ကို ဆန့်ကျင်ပြီး ကျန်တိုင်းရင်းသားတဖွဲ့ကို ထောက်ခံသည့်ဆန္ဒပြပွဲအား ပုံမှန်ဟုစဉ်းစား၍ မဖြစ်နိုင်ပေ။ အဆိုပါဆန္ဒပြပွဲနှင့်ပတ်သက်ပြီး ဒေသခံ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ဒေသခံလူထုများ
စိုးရိမ်စရာဖြစ်ခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့အား ဆန့်ကျင်ပြီး အခြားတဖွဲ့ကို ထောက်ခံသည့်လုပ်ရပ်သည် ၎င်းတို့ကိုယ်စားပြုတိုင်းရင်းသားလူမျိုးများကြားပါ ဂယက်ရိုက်မှုရှိပြီး လူမျိုးရေးပဋိပက္ခအား မီးမွှေးသည့် အနေအထားကိုရောက်စေသည်ကို သတိပြုရန်လိုသည်။ ရှမ်းရော တအန်းပလောင်ပါ
ဗုဒ္ဓဘာသာကိုင်းရှိုင်းသည့် လူမျိုးများဖြစ်ကြသော်လည်း ထိုပဋိပက္ခသည် ရှမ်းသံဃာတော်များနှင့် တအန်းပလောင် သံဃာတော်များကြားထိ ဂယက်ရိုက်သည်ကို တွေ့ရသည်။
ဤနေရာတွင် လက်နက်ကိုင်တပ်ဖွဲ့ ၂ ခု၏ အပြန်အလှန်စွပ်စွဲမှုများအပြင် ဒေသခံတို့၏ စိတ် ခံစားချက်များလည်း ပါသည်ဟုဆိုကြသည်။ ဥပမာ နမ့်ခမ်းမြို့သည် မြောက်ပိုင်းရှိ မောရှမ်းမြို့ ဖြစ်သည်။ နမ့်ခမ်းမြို့ပေါ်တွင် ရှမ်းအများစု နေထိုင်ကြသည်။ ယခုနောက်ပိုင်း မြို့ပေါ်သို့ ပြောင်းရွှေ့အခြေချလာသော ပလောင်လူဦးရေ သုံးလေးထောင်မျှသာရှိသည်။ သို့သော် ထိုဒေသ၌ TNLA အားကောင်းလာပြီးနောက် နမ့်ခမ်းမြို့ပေါ်ရှိ ရှမ်းလူမျိုးများပါ TNLA အား အခွန် (ဝါ) ဆက်ကြေးပေးလာရသည့်အတွက် ရှမ်းတို့မကျေနပ်မှုဖြစ်ပေါ်စေသည်ဟု ဆိုသည်။
ထို့ပြင် ရှမ်းလူမျိုးတို့အတွက် စိုးရိမ်စိတ်ဖြစ်ပေါ်စေသည်မှာ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကြောင့်ဟု ဆိုရမည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် နမ့်ခမ်းမြို့နယ်မှ ရွေးကောက်ပွဲတင်မြှောက်သည့် ပြည်နယ် အမတ် ၂ နေရာ ပြည်သူ့လွှတ်တော်အမတ် ၁ နေရာ အမျိုးသားလွှတ်တော်အမတ် ၁ နေရာ စုစုပေါင်း ၄ နေရာအား TNP တအန်းအမျိုးသားပါတီမှ အားလုံးအနိုင်ရရှိခဲ့သည်။ ရှမ်းပါတီများမှ တစ်နေရာမှ အနိုင်မရခဲ့ပေ။ ထိုအခါ နမ့်ခမ်းမြို့ပေါ်ရှိ ရှမ်းများကြားတွင် တအန်းပလောင်တို့ လွှမ်းမိုးလာသည်ကို စိုးရိမ်စိတ်ရှိလာကြပြီး ရှမ်းတပ်ဖွဲ့ဖြစ်သည့် RCSS အပေါ် တိမ်းညွှတ်မှု ဖြစ်စေခဲ့သည်။
တကယ်တမ်းဆိုလျင် နမ့်ခမ်းမြို့နယ်အတွင်း စုစုပေါင်းလူဦးရေမှာ ၁ သိန်းကျော်ရှိရာတွင် တအန်းပလောင်က ၅ သောင်းခန့်ရှိပြီး ရှမ်းက ၅၅၀၀၀ ခန့်ရှိသည်။ နမ့်ခမ်းမြို့နှင့် ပတ်လည်ရွာ များတွင် ရှမ်းလူဦးရေများသော်လည်း မြို့နယ်တွင်းရှိ တောင်ပေါ်ရွာများမှာ တအန်းပလောင် ရွာများသာဖြစ်လေရာ တမြို့နယ်လုံးလူဦးရေအနေနှင့် မတိမ်းမယိမ်း ဖြစ်နေပေသည်။
ရွေးကောက်ပွဲတွင် ရှမ်းက ၂ ပါတီကွဲ၍ မဲကွဲသွားသဖြင့် TNP တအန်းပါတီက ၄ နေရာစလုံး အနိုင်ရရှိသွားသည်။ ဤသို့သောအခြေအနေအောက်တွင် တအန်းပလောင်တို့၏ လွှမ်းမိုး အားကြီးလာမှုကို ရှမ်းတို့စိုးရိမ်စိတ်အခံပေါ်လာသည်ဟု ဆိုရမည်။
အလားတူပင် ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်နယ်အတွင်းရှိ တအန်းလူငယ်များအား RCSS မှ စစ်သားကောက်ခြင်း တအန်းပလောင်ရွားများရှိ စာသင်ကျောင်းများအား ထိမ်းချုပ်ခြင်းများအား တအန်းလူမျိုးများမှ နှစ်မြို့ခြင်း မရှိပေ။ ဤသည်တို့မှာ ရှမ်းနှင့်တအန်းပလောင်များကြား ဖြစ်ပေါ်လာသော စိတ်အခံများဖြစ်ပေရာ ၎င်းတို့လူမျိုးတို့အရေးကို ကိုယ်စားပြုသည်ဆို
သော နိုင်ငံရေးအဖွဲ့အစည်းများ လက်နက်ကိုင်အဖွဲ့အစည်းများအနေနှင့် ဂရုပြုထားသင့်သည့် ပြဿနာဖြစ်သည်။
ရှမ်းပြည်နယ်တွင်းရှိ တိုင်းရင်းသားလူမျိုးအချင်းချင်းဖြစ်သော ရှမ်းနှင့်တအန်းပလောင်တို့၏ ပဋိပက္ခ္ခသည် ထိုလူမျိုးနှစ်မျိုးသာမက ရှမ်းပြည်နယ်အတွက်ပါ အကျိုးရှိမည်မဟုတ်ပေ။ လက်ရှိ ပဋိပက္ခကို လျှော့ချရန် အတန်ပင်ကြိုးစားရပေအုံးမည်ဖြစ်သည်။ ယခုဖြစ်ရပ်သည် အသစ်အဆန်း
တော့မဟုတ်ပေ။ ၁၉၆၈ ခုနှစ် အောက်တိုဘာလထဲတွင် ရှမ်းပြည်တောင်ပိုင်း မောက်မယ်နယ် အတွင်း ကဒူးကြီးနယ်မြေ၌ SURA နှင့် ရလလဖ တပ်များ နယ်မြေလုရင်းတိုက်ပွဲဖြစ်ပွါးရာ ရလလဖ ပအို့ဝ့်အဖွဲ့ခေါင်းဆောင် ဗိုလ်စံသိန်းကျဆုံးပြီး SURA မှ ရင်းမှူး ခွဲမှူးအပါ ၁၅ ယောက်ခန့် ကျဆုံးခဲ့ရသည်။ သမိုင်း၏ကံကြမ္မာ သံသရာတပတ်လည်နေသည်ဟု ဆိုရပါမည်။
သို့ဖြစ်ရာ ရှမ်းနှင့်တအန်းပလောင်များကြား ဖြစ်ပေါ်လာသော စိတ်ခံစားမှုနှင့်ပဋိပက္ခများသည် TNLA နှင့် RCSS အဖွဲ့ ၂ ဖွဲ့၏ ပဋိပက္ခ္ခသက်သက်ကြောင့်သာ မဟုတ်ချေ။ ရှမ်းပြည်နယ်တွင်းရှိ မတူသောတိုင်းရင်းသားလူမျိုးများကြားက ပြဿနာလည်းဖြစ်သည်ကို လေးနက်ကြဖို့လိုပေသည်။
ကျောက်မဲမြို့၌ TNLA အားဆန့်ကျင်ပြီး RCSS အားထောက်ခံသည့် ဆန္ဒပြပွဲပြုလုပ်နေသည့် အချိန်တွင် မြဝတီသတင်းမှ ရှမ်းပြည်တောင်ပိုင်းတွင် RCSS က စစ်သားစုဆောင်းထားသူများအား တားဆီးမိ၍ အိမ်ပြန်ပို့ပေးသည့်သတင်းနှင့် RCSS ကစစ်သားစုဆောင်း၍ အရပ်သားများထွက်ပြေး
နေရသည့်သတင်းများဖော်ပြနေသည်ကိုလည်းကောင်း၊ RCSS ကိုသတိပေးချက်များ တွေ့ရသည်ကလည်းကောင်း၊ ထူးခြားသည်ဟု ဆိုရပေမည်။

ဆက်လက်ဖော်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)