cartoon Saw Ngo (2013) |
(မိုးမခ) ဇွန် ၆၊ ၂၀၁၆
အခကြေးငွေယူပြီး ဆန္ဒပြမှာကို အမတ်မင်းများက စိုးရိမ်တော်မူသတဲ့။ အဲဒါကြောင့် ငြိမ်းစုစီဥပဒေထဲမှာ နေ့တွက်နဲ့ ဆန္ဒပြမလိုက်ရပေါ့လေ၊ တားမလို့ အကြံနဲ့ ဥပဒေအကြမ်းရေးထားသတဲ့။
တယ် ... အပေါက်ရှာတဲ့ အမတ်ဘဲ။ ကိုယ်လဲ ဘာအလုပ်အကိုင်မှ ဖြစ်ဖြစ်မြောက်မြောက် ရှာပေးနိုင်တာမဟုတ်ဘဲနဲ့။
ဆန္ဒပြအလုပ်ရှာဖွေရေးအေဂျင်စီပေါ်တော့ရော သူ့အရေးလား။ ဆန္ဒပြကုမ္ပဏီထောင်တော့ရော သူ့အပူပါတာကျလို့။ ဆန္ဒပြမှုကူညီရေးအသင်းတွေ ရပ်ရွာအလိုက်ဖွဲ့စည်းတော့ရော သူက အနေသာကြီး။ သူ့ကိစ္စတခုမှ မပါဘူး။
ဆန္ဒပြရခြင်းအကြောင်းတရားကသာ လိုရင်းပါ။ လိုအပ်လို့ ဆန္ဒပြတာပေါ့။ လိုအပ် မလိုအပ်ဆိုတာလဲ ကာယကံရှင်နဲ့ဘဲဆိုင်တဲ့ကိစ္စ။ သူ့ဘာသာ နေ့တွက်မကလို့ လတွက်ပေးခေါ်ခေါ် နှစ်တွက်ပေးခေါ်ခေါ်။ ဟိုကလဲ ဘာတွက်ရလို့ လိုက်လိုက်၊ သူကြိုက်ရင် လုပ်ခွင့်ရှိတာဘဲ။ ဒမြတိုက်တာလဲ မဟုတ်။ ခါးပိုက်နှိုက်တာလဲ မဟုတ်။ မလုပ်ပေးနိုင်တာတွေ ပေါက်ကရလျှောက်ပြောတာလဲ မဟုတ်။ ဆေးလိမ်ရောင်းတာလဲ မဟုတ်။ မျက်လှည့်ပြတာလဲ မဟုတ်။ အစားအသောက် ဆေးဆိုးတာလဲ မဟုတ်။
ဆန္ဒပြသင့်တာကသတ်သတ်၊ နေ့စဉ် စားရေးသောက်တာအတွက် လိုအပ်တာက သတ်သတ်ဘဲ၊ ဘာဆိုင်လဲ။ တရက်လုပ် တရက်စားက ဆန္ဒပြဖို့ လိုအပ်တယ်ဆိုရင် စားဖို့ သောက်ဖို့ကလဲ လိုရင် နေ့တွက်ယူချင် ယူမှာပေါ့။ အဲဒါ အမတ်နဲ့ ဘာဆိုင်တုန်း။ နိုင်ငံတော်က ဆန္ဒပြဘတ်ဂျက် ချပေးထားတာရော ရှိလို့လား။
သူ့ဆန္ဒပြတဲ့ဟာ သူများသိအောင် သူ့ဆန္ဒကို ပြရုံသက်သက်လဲ ဖြစ်ချင်ဖြစ်မယ်။ သူ့လုပ်ငန်းခွင်နဲ့ ဆိုင်တာလဲ ဖြစ်ချင်ဖြစ်မယ်။ အစိုးရနဲ့ဆိုင်တာလဲ ဖြစ်ချင်ဖြစ်မယ်။ သက်ဆိုင်တဲ့သူက ကိုယ့်တာဝန်ရှိတာ ကိုယ်လုပ်ရုံပ။ အကြောင်းကြားဖို့လောက်ဆို တော်ပါပြီ။ ကျန်တာက သူမှားရင် အရေးယူဖို့ သက်ဆိုင်ရာဥပဒေတွေ ရှိပြီးသားဘဲ။ အမတ်ကြီး ခု ဥပဒေတွေ ရေးနေတာလဲ အမတ်ကြီးရဲ့ ဆန္ဒတွေကို ပြသတာပါဘဲ။
မှတ်မိတယ်ဟုတ်၊ ရွေးကောက်ပွဲတုန်းကလေ၊ ကျွန်တော်သာ အမတ်ဖြစ်ရင် ဘာတွေ ညာတွေ ဟိုဟာတွေ ဒီဟာတွေ လုပ်ပြစမ်းချင်လှ ဆိုပြီး ပြောသွားတာတွေလေ။ အဲဒါ အမတ်ကြီးရဲ့ ဆန္ဒတွေပါဘဲ။ အဲဒါတွေ အခု လွှတ်တော်ထဲ ထိုင်ပြတော့ရော နေ့တွက်မယူတာကြလို့။
မောင်လူရေး