ဝေမြင့်မောင် ● ပေါင်မုန့်အကြောင်း
(မိုးမခ) ဇွန် ၁၄၊ ၂၀၁၆
(မိုးမခ) ဇွန် ၁၄၊ ၂၀၁၆
ကျနော်က ကျောင်းသားတယောက်ဆိုတော့ ဘာဝင်ငွေမှမရှိဘူး။ အိမ်ကပို့တဲ့ ငွေနဲ့နေထိုင်ရတာ။ နေအုံး ကျနော်ပြောတာက၊ အဲ့ဒီဝတ္ထုစရေးတော့ ကျနော့်ပေါင်မုန့်တွေ ဝယ်ရတယ်၊ အသုံးအဖြုန်း၊ ဖုန်း၊ ဟိုသွား ဒီသွားတာတွေ လက်ဖက်ရည်ဆိုင် ထိုင်တာ၊ သူငယ်ချင်းတွေနဲ့ ကျောင်းပိတ်ရက် ဘီယာဆိုင်ထိုင်တာ၊ ကျနော်အတတ်နိုင်ဆုံး ချွေတာရတယ်၊ ရှောင်ရတယ်။ ပေါင်မုန့်ဝယ်ဖို့ ငွေလိုတယ်မလား။ ဒီလိုနဲ့ ပေါင်မုန့်ဝတ္ထုရေးမယ်ဆိုပြီး ငွေစုခဲ့တာလေ။ ညညဆို စိတ်ကူးတွေ ဘာတွေနဲ့ပေါ့။ ပိုက်ဆံစုပြီးတာနဲ့ ပေါင်မုန့်တွေ ဝယ်ရတယ်။ မှတ်မိသေးတယ်။ ပေါင်မုန့်သွားဝယ်တော့ ဆိုင်ရှင်ကပြောတယ်။ အဲ့လောက် ပေါင်မုန့်တွေ ဘာလုပ်မှာလဲတဲ့။ ကျနော်ပြောပြချင်တယ်။ ပေါင်မုန့်တွေနဲ့ ပေါင်မုန့်ဝတ္ထုရေးမလို့ဆိုပြီး။ ဒါပေမဲ့ မပြောဖြစ်ပါ ဘူး။ ပြောလည်း မထူးဘူးလေ။ ကျနော်ထင်ခဲ့တာပါ။ ထူး မထူးဆိုတာကတော့ တဦးချင်းနဲ့ဆိုင်မှာပဲ။
ဆိုင်ကနေပေါင်မုန့်တွေယူပြီး အဆောင်ပြန်ရောက်ရောက်ချင်း ပေါင်မုန့်ဝတ္ထုရေးဖို့ ကြိုးစားရတာပဲ။ ဝတ္ထုမရေးခင် သေချာ လေး စဉ်းစားရသေးတယ်။ ဘယ်ပေါင်မုန့်ကိုဖြင့် ဘယ်လိုရေးရင်ကောင်းမယ် ဘယ်လိုသုံးရင်ကောင်းမယ်။ စာရွက်ကအစ ပေါင်မုန့်တွေနဲ့ လုပ်ရတယ်။ ဒါမှ ပေါင်မုန့်ဝတ္ထုဖြစ်ဖို့ သေချာမှာမလား။ ကျနော်က သေချာချင်သူဆိုတော့ သေချာလေး လုပ်တာပဲ။ ပေါင်မုန့်နဲ့လုပ်ထားတဲ့ စက္ကူပေါင်မုန့်နဲ့လုပ်ထားတဲ့ ဖောင်တိန် ဒါမှမဟုတ် လက်တောပ့် ဒါမှမဟုတ် ဖုန်း၊ ပြီး တော့ ပေါင်မုန့်လို နှလုံးသား။ ပေါင်မုန့်လို နှလုံးသားဆိုတာ ဘာမှန်းတော့ သေချာမသိဘူး။ မသိဘဲ လျှောက်လုပ်ထားတာတော့ မဟုတ်ပြန်ဘူး။ မျက်လုံး ဦးနှောက် နှလုံးသား အစစအရာရာ ပေါင်မုန့်လို ပြောင်းပစ်တယ်။ ဟုတ်တယ်လေ ပေါင်မုန့်က လွဲပြီး ပေါင်မုန့်အကြောင်း ဘယ်သူသိမှာလဲ။ ဒါက ကျနော့်အထင်ပါ။ေ ပါင်မုန့်လို ဖြစ်အောင် ပေါင်မုန့်လိုတွေးခေါ်တတ်အောင် ကျနော်ကြိုးစားရတယ်။ ဘယ်သူမှ မသိပါဘူး။
ပေါင်မုန့်ဟာ ပေါင်မုန့်ပဲဆိုတာ မှန်တယ်။ ဒါပေမယ့် အဲ့ဒီပေါင်မုန့်ရဲ့တန်ဖိုး အရသာဟာ လူတဦးတယောက်ချင်းမှာ ကွဲလွဲ သွားတယ်။ ဒါကို ကျနော်သိတော့ အားလုံးအတွက် အဆင်ပြေမယ့်ပေါင်မုန့်မျိုးဖြစ်အောင် အရသာရှိမယ့် ပေါင်မုန့်မျိုးဖြစ် အောင် ကြိုးစားရတယ်။ ပြောသာ ပြောနေရတာ အားလုံးအတွက်ဆိုတာ အလကား။ ပြောချင်တာက ကျနော့်အတိုင်းအတာ ကျနော့်အတွေ့အကြုံနဲ့ ဖန်တီးရတာမလား။ အဲ့ဒီတော့ ကျနော့်ပေါင်မုန့် ကျနော်ကြိုက်နှစ်သက်တဲ့ ပေါင်မုန့်။ စေတနာ ရိုး သားမှုတွေ ပါတဲ့ပေါင်မုန့်ပေါ့။ ကျန်တာ နောက်ကိစ္စ။ ပေါင်မုန့်ဆိုပြီး ခေါင်းစဉ်တပ်လိုက်တော့ ပြဿနာတက်တာပဲ။ ကျနော် ဝယ်ထားတဲ့ ပေါင်မုန့်က ကြက်ဥပါဝင်နှုန်း နည်းနေတယ်လို့ သိလိုက်ရတယ်။ ကျနော်ဝယ်ထားတဲ့ ပေါင်မုန့်ထဲမှာ ကြက်ဥ ရာခိုင်နှုန်း နည်းနေတာ။ ဒီတော့ ခေါင်းစဉ်ကို ပြင်ရတယ်။ ခေါင်းစဉ်အတွက် ပေါင်မုန့်သီးသန့်ရှာပြီး ရေးရတာပဲ။ မလွယ်ဘူး ပေါ့လေ။ စဉ်းစားရသေးတယ်။ ကျနော်ထုတ်လုပ်လိုက်တဲ့ ပေါင်မုန့်ဝတ္ထုဟာ ဖတ်သူ စားသုံးသူတွေ လက်ထဲရောက်ရင် အဆိပ်အတောက် မဖြစ်စေဖို့။ အရည်အသွေးမညံ့ဖို့ ပေါင်မုန့်လို အရသာရှိနေဖို့ အနည်းဆုံးတော့ လိုတယ်မလား။
ပေါင်မုန့်နိုင်ငံတော် ပေါင်မုန့်လူမှုဆက်ဆံရေး ပေါင်မုန့်ဟိုတယ်။ ပေါင်မုန့်အာဏာရှင်။ အဲ့ဒါတွေ ကျနော်မရေးဘူး။ ရှောင်ပစ် တယ်။ ပေါင်မုန့်တလုံး၏ အဖြစ်ချင်ဆုံးဆန္ဒ ပေါင်မုန့်တလုံးဆိုရာဝယ်။ ပေါင်မုန့်ချစ်သူ အို...ရေးချင်တာတွေ ရေးပစ်လိုက် တယ်။ ပရမ်းပတာတော့ မဟုတ်ဘူး။ ပေါင်မုန့်အကြောင်းရေးဖို့ ပေါင်မုန့်အကြောင်းတွေ ကျနော်လေ့လာရတာမလား။ ပေါင်မုန့်ပြုလုပ်ပုံ ပြုလုပ်နည်း အဆင့်ဆင့် ပေါင်မုန့်ရောင်းဝယ်ရေး။ ပေါင်မုန့်ဈေးကွက်ဘာညာပေါ့လေ။ သေချာဖတ်ထားရ တာ။ အင်တာနက်က ရှာဖတ်လိုက် စာကြည့်တိုက်သွားပြီး ရှာဖတ်နဲ့။ မလွယ်ဘူး။ တကယ်ကို။ အဲ့တာတွေနဲ့ မရသေးဘူး။အားလုံးအဆင်ပြေပြီဆိုတာနဲ့ ပေါင်မုန့်တလုံးလို ကျနော်နေထိုင်ရသေးတယ်။ လိုလားဆိုတော့ မပြောတတ်ဘူး။ ကျနော့်သိ မှုကို ကျနော် မလွန်ဆန်နိုင်ဘူးဆိုတော့။ ပေါင်မုန့်တလုံးအသက်ရှူနေတာ တွေ့ဖူးလား။ အများကြီးပဲပေါ့။
နောက်တော့ ပေါင်မုန့်ဝတ္ထုထွက်လာတယ်။ အကြမ်း။ အကြမ်းဆိုတာ စိတ်တိုင်း မကျသေးတာ။ စိတ်တိုင်းကျအောင် လုပ်ရတယ်။ အချိန်တွေ ငွေတွေ ဘာတွေ ကုန်ပြီးမှ ရလာတာ။ အားအားယားယား လုပ်လို့မရဘူး။ တခါတလေ လူတွေက ခက်တယ်။ ကိုယ်လည်းပါ တာပေါ့လေ။ စာရေးတာကို အလုပ်တခုလို မသတ်မှတ်ချင်ကြဘူး။ ဘယ်အရာမှ အလကားရ တယ်ဆိုတာ မရှိဘူး။ အဲ ပေါင်မုန့်ဝတ္ထုထွက် အကြမ်းထွက် လာတော့ သူငယ်ချင်းတွေကို ပေးဖတ်တယ်။ ပေါင်မုန့်ဝတ္ထုကိုလေ။ အဲ့ဒီထဲမှာ ပေါင်မုန့်တွေချည်းပဲ။ သူငယ်ချင်းတယောက်ကပြောတယ်။ ဘာမှန်းလဲမသိဘူး။ ဘယ်မှာလဲ ပေါင်မုန့်တဲ့။ ကျနော်သူ့ကို ပြပြီးပြောရတယ်။ ဒါပေမဲ့ သူငယ်ချင်းက ပြောတယ်။ ငါဖြင့် မစားရပါဘူး။ ရှာလို့ မရပါဘူးတဲ့လေ။ ဒါနဲ့စိတ်ဓာတ်တော့ ကျတာပေါ့။ ကျနော့် ပေါင်မုန့် ဝတ္ထုထဲမှာ ပေါင်မုန့် တွေ အများကြီးပဲမလား။ ကျနော်ကတော့ ပေါင်မုန့်တွေ မြင်နေရတယ်။ အတုံးလိုက် အတစ်လိုက် ။ စားမိမှာ ကြောက်လို့ ထိန်းနေတယ်။ ကျနော်စားပြီးရင် ပေါင်မုန့်ဝတ္ထုပျက်စီးသွားမယ် ကုန်မယ်လို့ထင်နေတာကိုး။ ပေါင်မုန့်တွေကတော့ အော်နေတတ်ကြတယ်။ စားပါ ငါ့ကိုစားပါ ဆိုသလိုပဲ။ ဒါနဲ့ကျနော် ပေါင်မုန့်ဝတ္ထုကို မေးကြည့်တယ်။ လူတွေက ဘာလို့မင်းကို မစားကြတာလဲ။ ငါပဲ ညံ့နေသလားပေါ့။ ပေါင်မုန့်က ပြန်ပြောတယ်။ မင်းဟာ တော်တော်ကြောင်တဲ့ ငနဲပဲ။ MSC လေးဘာလေး မီအောင် ကျောင်းတက်စာလုပ်ပါလားတဲ့။ အလကား အရေမရ အဖတ်မရ မလုပ်နဲ့။ ခုခေတ်က အရင်ခေတ်နဲ့မတူတော့ဘူး။ ငါ့လို ၀တ္ထု ပေါင်မုန့်တွေ ကဗျာပေါင်မုန့်တွေ ဘယ်သူမှမကိုင်တော့ဘူး။ မစားကြတော့ဘူး။ ဂိမ်းတွေ သီချင်းတွေ ဖုန်းတွေ ပေါ်လာပြီ။ လူတိုင်း အဲ့ဒါတွေပဲ သုံးကြတော့တာတဲ့။ အဲ့ညက ပေါင်မုန့်နဲ့ကျနော် စကားတွေအများကြီး ပြောဖြစ် ငြင်းဖြစ်ကြတယ်။ ညအိပ်ရာဝင်တော့ ပေါင်မုန့်ဝတ္ထုကို ကျနော် သေတ္တာထဲထဘည့် ပြီး သိမ်းထားလိုက်တယ်။ ပြောသာပြောရတာ။ ကျနော့်ပေါင်မုန့် ဝတ္ထုကို ကျနော်အကြိမ်ကြိမ် ပြန်စားဖြစ်တယ်။ မဆိုးဘူးလို့ ထင်တာပေါ့လေ။
တလလောက်ကြာတော့ ပေါင်မုန့်ဝတ္ထုကို မဂ္ဂဇင်းတိုက်တခုဆီ ကျနော်ပို့ လိုက်တယ်။ သုံးလေးငါးလ ကြာတော့ နယ်ဘက်မိတ်ဆွေတယောက်က လှမ်းပြောတယ်။ မင်းပေါင်မုန့်တွေ ငါစားရတယ်တဲ့။ ကျနော်ပျော်သွားတယ်။ သူတို့တွေ ကျနော့်ပေါင်မုန့် ဝတ္ထုကို စားကြရပြီမလား။ ပေါင်မုန့်စားရင်း ပေါင်မုန့်အကြောင်းတွေ ပြန်တွေးနေမိတာ။ ပျော်လည်း ပျော်တာပေါ့လေ။ ဒါပေမဲ့ အမေကတော့ ပြောတယ်။ ပေါင်မုန့်တွေ သိပ်မစားနဲ့၊ စိတ်မချရဘူးတဲ့။ ပြောသေးတယ် ဒေါက်တာခေါဂေလို ကြောင်တောင်တောင်တွေ ခေါ်လာမပြနဲ့တဲ့။ ဒေါက်တာခေါဂေ ဆိုတာကျနော်ရေးခဲ့ဖူးတဲ့ တပုဒ်။ ပြီးတော့ ထပ်ပြောတယ်။ သတိထား နောက်နှစ်စာမေးပွဲကျလို့ကတော့ အိမ်ပေါ်က ဆင်းတဲ့။ ပေါင်မုန့်ဝတ္ထုနဲ့စာမေးပွဲကျတာနဲ့ ဘာဆိုင်တာ မှတ်လို့။ နို့မဟုတ်ဘူးလား...။
ဝေမြင့်မောင်
2015
illustration : Dan Fox