တူမောင်ညို - ၂၁- ရာစု ပင်လုံ နဲ့ ၂၁ - ရာစု လက်နက်ချနည်း
(မိုးမခ) သြဂုတ် ၁၃၊ ၂၀၁၆
တကယ်တော့ အုပ်စိုးသူအစိုးရအဆက်ဆက်ကခေါ်ဆိုခဲ့ကြတဲ့ “ ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုတာမှာ သူတို့ဟာ ငြိမ်းချမ်းရေး လိုလားကြောင်း ပြည်သူလူထုကိုလှည့်စားဖို့နဲ့ လက်နက်ကိုင်အင်အားစုတွေ လက်နက်ချလာစေဖို့ ဆိုတဲ့ မျက်နှာစာ၂ ဖက် ပါဝင်စမြဲဖြစ် တယ်။
ဒါ့အပြင် မဖြစ်နိုင်တဲ့၊ တစ်ဖက်သတ်အပေါ်စီးယူတဲ့ တောင်းဆိုချက်တွေ တောင်းဆိုပြီး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တဖက် သတ်ဖျက်ဆီးပစ်သူ/ ရုပ်သိမ်းသွားသူဟာ အုပ်စိုးသူအစိုးရတွေပဲဖြစ်တယ်။
နိဂုံးချုပ်လိုက်တော့ တချို့သော လက်နက်ကိုင်အဖွဲ့အစည်းထဲကနေ တချို့ခွဲထွက်၊ ပဲ့ထွက်သွားပြီး အစိုးရထံလက်နက်ချ သွားတယ်။ ဒါကို အုပ်စိုးသူတွေက “ငြိမ်းချမ်းရေး” လို့ နာမည်တပ်တယ်။ “အလင်းဝင်ခြင်း၊ လက်နက်ချခြင်း၊ လက်နက်နဲ့ဒီမိုကရေစီ လဲလှယ်ခြင်း၊ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ လက်နက်စွန့်လွှတ်အပ်နှံခြင်း၊ တပ်မတော်ရဲ့သဘောထားအမှန်ကို သိမြင်သဘော ပေါက်လာခြင်း” စသဖြင့် ဝေါဟာရမျိုးစုံသုံးလေ့ရှိတယ်။ ဘယ်စကားလုံးသုံးသုံး အနှစ်သာရက လက်နက်ချတာပဲဖြစ်တယ်။ လက်နက်ချ ခိုင်းတာပဲဖြစ်တယ်။
ဒါကြောင့် အုပ်စိုးသူအစိုးရရဲ့ “ငြိမ်းချမ်းရေး” ဆိုတဲ့ အပေါ်ယံစကားလုံးကို ဘယ်လိုမိတ်ကပ်တွေလိမ်းခြယ်ဖုံးကွယ်ထားနေပါ စေ “လက်နက်ချရေး” ဆိုတဲ့ အနှစ်သာရကို ဖုံးကွယ်ထားလို့ မရပါဘူး။
လူတစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်းမှာ လက်နက်ချချင်ရင် လွတ်လပ်စွာလက်နက်ချခွင့် ရှိပါတယ်။ လက်နက်မချပါနဲ့၊ လက်နက်ချလိုက်ပါလို့ ဘယ်သူကမှ တိုက်တွန်းတောင်းဆိုလို့မရပါဘူး။ မိမိယုံကြည်ချက်၊ ရပ်တည်ချက်နဲ့အညီ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချ ကြရမှာပါ။
အခုနောက်ဆုံးပေါ်နည်းက ယခင့်ယခင်နည်းတွေနဲ့ အနှစ်သာရအရတော့ ဘာမျှသိပ်မခြားနားပါဘူး။
လောလောဆယ် လက်နက်ကိုင်ထားနိုင်သေးတယ်။ ဒါပေမယ့် “လက်ချပါ့မယ် ကတိပြုကြောင်း တိုင်းသိပြည်သိ ထုတ်ဖော် ကြေညာပေးရမယ့်” နည်းဖြစ်တယ်။
ပါတီအဖွဲ့အစည်းတွေ လက်နက်ကိုင်လမ်းစဉ်စွဲကိုင်လာရတဲ့သမိုင်းကို အကြမ်းဖျင်းစိစစ်ကြည့်ရင် ယုံကြည်ရာနိုင်ငံရေးအတွေး အခေါ်အယူအဆတစ်ခုခု(သို့မဟုတ်) ရပ်တည်ကိုယ်စားပြုရာ လူမျိုးရဲ့တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးဆိုတဲ့ ခံယူချက် အတွက်၊ ယေဘုယျအားဖြင့် ဒီမိုကရေစီအခွင့်အရေးအတွက် ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြတာကို လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်တာခံရလို့လက်နက် စွဲကိုင်ပြီး ပြန်လည်ခုခံတော်လှန်ရတာဖြစ်တယ်ဆိုတဲ့ သမိုင်းအချက်အလက်ကို အထင်အရှားတွေ့ရမှာပါ။
“လက်နက်နဲ့အကြမ်းဖက်ဖိနှိပ်တာကို လက်နက်စွဲကိုင်ပြီးခုခံတော်လှန်တာဟာ တရားမျှတပြီး ဘယ်တော့မဆို မှန်ကန်တယ်”
ရန်လိုမုန်းတီးမှု သက်သက်နဲ့ “သွေးဆာ” လို့ လက်နက်ကိုင်ခဲ့ကြတာတော့မဟုတ်ပါ။
အနီးကပ်ဆုံးသာဓကဖြစ်တဲ့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အသီးအပွင့်တစ်ခုဖြစ်တဲ့ (ABSDF)ကျောင်းသားတပ်မတော် ပေါ်ပေါက်လာရပုံ ကိုကြည့်ပါ။ ကျောင်းသားတွေ “လက်နက်ကိုင်တော်လှန်ရေး” ဆိုတဲ့ အလံကို လွှင့်ခဲ့ကြရတယ် မဟုတ်လား။
အရင်းစစ်လိုက်တော့ “ လက်နက်ကိုင်ပြီး နိုင်ငံရေးအခွင့်အလမ်း တောင်းဆိုတဲ့ နည်းလမ်းကို စွန့်လွှတ်ပါတယ်” လို့ ပထမ တစ်ချက် ကတိကဝတ်ပြုရမယ်။ ဒုတိယအချက်က ဒီလိုကတိပြုထားတာကို လူသိရှင်ကြား ထုတ်ဖော်ကြေညာပေးရမယ်ဆိုတာပါပဲ။
ဒီနည်းလမ်းက ယုံကြည်ချက်၊ အတွေးအခေါ်၊ ခံယူချက်လက်ကိုင်ပြုထားတာရှိတယ်ဆိုရင်၊ ယုံကြည်ချက်၊ အတွေးအခေါ်၊ ခံယူချက်အရ ဒူးထောက်၊အညံ့ခံခိုင်းတဲ့ နည်းဖြစ်ပါတယ်။
“၂၁ ရာစု ပင်လုံ” တက်ရောက်နိုင်ခွင့်ရရှိရေးအတွက် “၂၁ ရာစု လက်နက်ချနည်း” လို့ ဆိုရင် ရမယ်ထင်ပါရဲ့။
ဒီလိုလက်နက်ချနည်းကို လက်ခံလိုက်နာဖို့ ဒီချုပ်ပါတီအစိုးရဖွဲ့စည်းပေးလိုက်တဲ့ ငြိမ်းချမ်းချမ်းရေးကော်မရှင်က တောင်းဆို နေပါတယ်။ လက်နက်ချမှ၊ လက်နက်ချပါ့မယ်လို့ ကတိပြုကြေညာမှသာ “၂၁ ရာစုပင်လုံ” တက်ရောက်ဆွေးနွေးခွင့်ရမယ်ဆိုတာပါပဲ။
ဗိုလ်သိန်းဇော်၊ဗိုလ်ခင်ဇော်ဦး၊ ဗိုလ်အောင်ကြည်တို့ပါဝင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်က ကိုင်စွဲတောင်းဆိုနေတဲ့ ဒီသဘောထား နဲ့ရပ်တည်ချက်ဟာ စစ်တပ်က ကိုင်စွဲထားတဲ့ “ ငြိမ်းချမ်းရေးရေးနှင့်ပတ်သက်တဲ့မူဝါဒ ၆ ရပ်” ဆိုတာကို ပဲ့တင်ထပ်လိုက်ခြင်း၊ ကိုယ်စား ပြုလိုက်ခြင်းပဲမဟုတ်ပါလား။
တချို့က “တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ရွေးချယ်တင်မြှောက်ထားတဲ့ခေါင်းဆောင်ကို ထိပ်တိုက်ရင်ဆိုင်ဆန့်ကျင်တာ မျိုးတော့ မဖြစ်ဖို့ လိုပါတယ်” – “ ကျောက်နံရံကို ခေါင်းနဲ့ တိုက်တာဖြစ်တယ်” လို့ ဆိုကြပါတယ်။ ကျောက်နံရံကို ခေါင်းနဲ့တိုက်တာဟာ ဦးနှောက်ပုံမှန်မရှိသူရဲ့ အပြုအမူပဲဖြစ်ပါလိမ့်မယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ “ပဝါလှလှလေး”နဲ့ ကာဗာယူထားတဲ့ စစ်အာဏာရှင်စနစ်နံရံကို တိုက်ဖျက်ဖြို ချနေကြတာပါ။ ဖွင့်ချနေရတာပါ။ ပဝါလေးကို အသာမပြီး နောက်ကွယ်က အရုပ်ဆိုးအကျည်းတန်လှတဲ့ စစ်အုပ်စုနဲ့ စစ်အာဏာရှင် စနစ်ရဲ့ လုပ်ရပ်တွေခြေလှမ်းတွေကို ဖော်ထုတ်ဖွင့်ချတိုက်ခိုက်ဆန့်ကျင်နေတာပါ။ ဒီပဝါလေးက အဲဒီအရုပ်ဆိုးအကျည်းတန်မှုတွေကို ကာဆီး ကာဆီးလုပ်ပေးနေမယ်ဆိုရင်တော့ မလွှဲသာမရှောင်သာ ပွတ်တိုက်မိတာတွေတော့ ရှိမှာပါ။ ဒါပေမယ့် ပကတိသဘောထား အမှန်ကတော့ လှပတဲ့ပဝါလေး ညစ်ပေစွန်းထင်းသွားမှာ သိပ်စိုးရိမ်ပါတယ်။ ဒါကြောင့် ဒီပဝါလေးကို လွှဲဖယ်လို့ရသမျှ လွှဲဖယ်၊ ရှောင် လွှဲပြီး စစ်အုပ်စုကို ထိုးနှက်နေတာပါ။
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ပဝါလေးကို ပြည်သူလူထုရဲ့အကျိုးစီးပွားနဖူးပြင်မှာ အစဉ်ထာဝရ ချည်နှောင်ထား နိုင်ဖို့ပဲ အစဉ်အမြဲလိုလားတာပါ။ ဒါ့အပြင် ဒီ “ပဝါလေး” ကို ဗန်းပြပြီး စစ်အုပ်စုရဲ့ “ဒီမိုကရေစီအတုနဲ့ ဖက်ဒရယ်အတု” အစွံထုတ် နေတာမျိုး၊ လက်နက်ချခိုင်း နေတာမျိုးလည်း ဘယ်လို နည်းနဲ့မျှ မဖြစ်စေချင်ပါဘူး။