ငြိမ်းချမ်းအေး - သောက်ရမ်း ဘာသာမပြန်ကြနဲ့
(The Ladies News Journal / မိုးမခ) သြဂုတ် ၁၆၊ ၂၀၁၆
ပြီးခဲ့တဲ့ သီတင်းပတ် ၄ ရက် သြဂတ်စ် ကြေးမုံ စာမျက်နှာ ၈ မှာ “လူ ၆၀၀ ကျော် အမည်မည်းစာရင်းမှ ပယ်ဖျက်” ခေါင်းစဉ်နဲ့ သတင်းဖတ်လိုက်ရပါတယ်။ သတင်းက အဲဒီတုန်းက ထိပ်တန်း ဖြစ်သွားတဲ့ မြန်မာနိုင်ငံသားဟောင်း လက်ရှိ အမေရိကန်နိုင်ငံသား ပရဟိတ အွန်လိုင်း အင်္ဂလိပ်စာ ဆရာ ဦးမောင်မောင်ဝမ်း တရားဝင် ပြည်ဝင်ခွင့် လက်မှတ်လျှောက်ထားဝင်လာပြီး ရန်ကုန် လေဆိပ်ကျမှ သူ့နာမည် Blacklist ဝင်နေလို့ လှည့်ပြန်ပို့ခံထိခဲ့တာနဲ့ ဆက်စပ်ဖြစ်လာတာပါ။ သတင်းအရ အစိုးရသစ်က အရင်အစိုးရများ လုပ်ခဲ့တဲ့ Blacklist စာရင်းကနေ ဦးမောင်မောင်ဝမ်း အပါအဝင် လူ ပုဂ္ဂိုလ် ၆၀၀ ကျော်ကို ပယ်ဖျက်ပေးကြောင်း သတင်းဖြစ်လို့ ဝမ်းသာစရာ ကြိုဆိုရမှာပါ။ အခု ဦးမောင်မောင်ဝမ်း ပြည်ဝင်ခွင့်ရချိန် သူ ပြည်တွင်းမှာ သွားလေရာ အရပ်ဝတ် လုံခြုံရေးများ လိုက်လံစုံစမ်းခြင်းခံနေရတယ် ဆိုတာကတော့ အကျင့်ဟောင်းတွေ မပြောင်းသေးတဲ့သဘောမို့ ဝမ်းနည်းစရာလို့ပဲ ပြောရပါမယ်။
ဒါပေမယ့် ဒီမှာ ပြောချင်တာက နိုင်ငံရေးမဟုတ်ပါဘူး။ မြန်မာစာ ကိစ္စပါ။ ကြေးမုံက သုံးခဲ့တဲ့ သတင်းခေါင်းစဉ်က ပြောစရာဖြစ်နေတာပါ။ Blacklist ကို အမည်မည်းစာရင်း လို့ သုံးထားခြင်းပါ။ သတင်းအတွင်းစာသား အင်္ဂလိပ်လိုမှာ Black List ဆွဲပြီး ခွဲ ရေးထားတဲ့ အမှားကတော့ မျိုးခြားဘာသာ အင်္ဂလိပ်စာ အမှားဖြစ်လို့ ထားလိုက်ပါဦး။ မြန်မာလို ဘာသာပြန်ကိစ္စကတော့ အခုလို အချိန်မှာ ထောက်ပြသင့်တယ်လို့ ယူဆပါတယ်။
၂၀၁၄ ခုနှစ် တုန်းက လွှတ်တော်အမတ်ဟောင်း စစ်ဗိုလ်ဟောင်း ဦးအောင်သောင်း ကို အမေရိကန်နိုင်ငံက နာမည်ပျက်စာရင်းသွင်းပြီးကတည်းက အစိုးရ သတင်းစာနဲ့ ပြည်တွင်း ပြည်ပ ပုဂ္ဂလိက၊ နိုင်ငံခြား အစိုးရတပိုင်း မြန်မာစာနယ်ဇင်း၊ မီဒီယာ၊ ရေဒီယို (တချို့) တွေမှာ Blacklist ကို “အမည်မည်းစာရင်း” လုပ်ခဲ့ကြတာဟာ အခုအချိန်အထိ တွင်ကျယ်နေခြင်းကို အဆိုပါ သတင်းခေါင်းစဉ်က ပြနေလို့ပါပဲ။
Blacklist ကို စီးပွားရေး၊ နိုင်ငံရေး အကြောင်းအမျိုးမျိုးနဲ့ လက်သင့်ခံဖွယ် မရှိသူ၊ ရှောင်ကြဉ်အပ်သူ၊ ယုံကြည်ကိုးစားမှု မထိုက်သူ၊ အယုံကြည်မဲ့ကြောင်း စာရင်းသွင်းခံရတဲ့ မယုံကြည်ထိုက်သူ စသဖြင့် သတ်မှတ်ရာမှာ ရှေးယခင်ကတည်းက ဘာသာပြန် အထိုင်ကျပြီး ဖြစ်တဲ့ “နာမည်ပျက်စာရင်း” ဆိုတဲ့ စကား ရှိပြီးသားကိုမှ စစ်ဗိုလ်ဟောင်း အမတ်ကို အမည်ပျက်စာရင်း သွင်းတော့မှ ‘ဖော့’ ပြီး တိုက်ရိုက် လုံးကောက် ဘာသာပြန် “အမည်မည်းစာရင်း” လုပ်ခဲ့ခြင်းဟာ မဖြစ်သင့်တဲ့ ကိစ္စတခုပါ။ ဒီလို မဖြစ်သင့်တဲ့ ကိစ္စကို အခု ဆက်လက်တွင်ကျယ်အောင် ဒီမိုကရေစီခေတ် (ဆိုကြတဲ့) လူထု အစိုးရ သတင်းစာ က ပါ ပုံစံတူ လိုက်သုံးခြင်းဟာ ဘာအကြောင်းလဲ စဉ်းစားစရာပါ။
“Blacklist = a list of people or countries who are considered by a particular authority or group to be unacceptable and who should be avoided and not trusted” မူရင်း အင်္ဂလိပ်စကားလုံး ဟာ ကိုးစားယုံကြည်လို့မရ၊ လက်သင့်ခံဖွယ်မရှိ သဘောလုံးလုံး ဖြစ်တာကြောင့် “နာမည်ပျက်စာရင်း”ဟာ စကားလုံးကျစ်လစ်မှု အရကော၊ အနက်ဖော်ဆောင်နိုင်မှုအရပါ မှန်ကန်အသင့်လျော်ဆုံး ဖြစ်ပြီးသားပါ။
အခု Blacklist က ပယ်ဖျက်လိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ ရှေး စစ်အဆိုးရ (အစိုးရ မဟုတ်) များ ခေတ်တုန်းက နိုင်ငံရေးအရ ပုန်ကန်သူ ရန်သူအဖြစ် သတ်မှတ်ခံရလို့ တရားလက်လွတ် အမည်ပျက်စာရင်း သွင်းခဲ့သူတွေမို့ အခု “နာမည်ပျက်စာရင်း”လို့ မသုံးနှုန်းချင်ဘူးဆိုရင်လည်း မူရင်း အင်္ဂလိပ်စာ စကားလုံးနဲ့ နီးစပ်တဲ့ အနက် အဓိပ္ပာယ် ရှိတဲ့ တခြားသင့်လျော်ရာ မြန်မာဘာသာပြန် စကားလုံး တခုခု စဉ်းစား သုံးသင့်တယ် ယူဆပါတယ်။
ဥပမာ - “ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခံထားရသူများ ပယ်ဖျက်” စသဖြင့် ပေါ့။
Blacklist ကို “အမည်မည်းစာရင်း”ဆက်လုပ်နေရင်တော့ မြန်မာဘာသာပြန်ကဏ္ဍ အတွက် စကားလုံးရေးရာ အငြင်းပွားစရာ ဖြစ်သလို၊ မြန်မာဝေါဟာရက အားနည်းသလို ဖြစ်နေပါတယ်။ ဒီလို လုံးကောက်တွေချည်း တိုက်ရိုက်ဘာသာပြန်နေရင် ဘာသာစကားကို ဖျက်ဆီးရာရောက်ပါတယ်။
မိသားစု တစု မှာ တမိပေါက်တယောက်ထွန်း ထူးခြား ဆိုးသွမ်းနေသူတွေကို သုံးတဲ့ Black sheep ကို “သိုးမည်း” လို့ လုံးကောက်ပြန်တော့ သိုးဖြူတွေကြား သိုးမည်း ရှိတဲ့ အပြင်က သဘာဝနဲ့ နီးစပ်လို့ ပြဿနာ မရှိပါဘူး။ “သိုးမည်းဟောင်းကြီးတွေ..” ဆိုပြီးတော့တောင် ဟိုတခေတ် ၁၉၉၀ ဆယ်စုနှစ် များဆီက ဗဒင် သီချင်းရေးဆိုလို့ တနိုင်ငံလုံးအနှံ့ “သိုးမည်း” က ရေပန်းစားခဲ့ပါသေးတယ်။
ဒါမျိုး အဓိပ္ပာယ်ရှိလို့ တိုက်ရိုက်စကားလုံးဖလှယ်ယူတာမျိုးက လက်သင့်ခံရမှာ ဖြစ်ပေမယ့် အဓိပ္ပာယ်မဲ့တဲ့ အမည်ကို အမည်း အရောင် ကပ်တာက ဘာသာပြန်ဆိုရာမှာ ရှောင်ကြဉ်ရပါမယ်။ အဓိပ္ပာယ်ရှိ တွင်ကျယ်ပြီး “နာမည်ပျက်စာရင်း” စကားလုံးလည်း ရှိပြီးမို့ ပိုလို့ “အမည်မည်း” မသုံးအပ်ဘူး ထင်ပါတယ်။ “Bluetooth” ဆိုတဲ့ ကွန်ပျူတာ IT နည်းပညာခေတ် ကြိုးမဲ့ဆက်သွယ်ရေး စနစ်ကို “အပြာရောင်သွား” လို့ တိုက်ရိုက် ဘာသာပြန်ခဲ့ကြသလို အဓိပ္ပာယ်မရှိတဲ့အပြင် လူရယ်စရာ ဖြစ်နေပါတယ်။
ဟိုအရင် ဘဏ်ကဒ်ကနေ တဆင့် ငွေထုတ်စက် ATM (Automatic Teller Machine) ကို “အလိုအလျောက် စကားပြောစက်” လို့ ၉၀ ခုနှစ် စာနယ်ဇင်းတချို့လုပ်ခဲ့ကြလို့ မြန်မာပြည်ဟာ အင်တာနေရှင်နယ်လ် တောသားဖြစ်ကြောင်း၊ နိုင်ငံတကာနဲ့ယှဉ်ရင် တောကျကြောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ဖြစ်ခဲ့ဖူးပြီ။
အခုလည်း ဒီလို တိုက်ရိုက်တွေ အရမ်း ဘာသာပြန်နေရင် “ပန်းဘဲဆရာ Blacksmith” ကို “စမစ်မည်း” လုပ်ကုန်တော့မှာပေါ့။ “မှောင်ခိုဈေး Black Market” ကို “ဈေးမည်း”လို့ လုပ်ကြတော့မပေါ့။ ဒီလိုများဖြင့် ခြိမ်းခြောက်ငွေညှစ်တဲ့ “Blackmail” ကို “စာမည်း”ပြန်ကြဦးမှာလား။ “အောက်လမ်းနည်း Black Magic” ကို “မျက်လှည့်မည်း” လို့ လုံးကောက် ဆော်ကြမလား။ နို့ မလိုင် (ခရင်မ်) မပါတဲ့ “ကော်ဖီကြမ်း Black Coffee” ကို “ကော်ဖီမည်း” လို့ ဘာသာပြန်ချင်ကြသလား။ မပျော်ရွှင်ဘူး အနက်ရှိတဲ့ ” “Black Mood” ကို “စိတ်မည်း”လို့ ပြန်လို့ ဖြစ်ပါ့မလား။ “လူ့မလိုင် အခွင့်ထူးခံ သူကောင်းမျိုး Blue-blooded” ကို “အပြာရောင်သွေး” လုပ်ကြမလား။ “အမုန်း ဒေါသနဲ့ကြည့်တဲ့အကြည့် Black Look” ကို “အကြည့်မည်း” လုပ်လို့ ရမလား။
စကားလုံး စာရင်းချ ပြရင် မဆုံးနိုင် ဖြစ်ကုန်ပါမယ်။
ပြန်ချုပ်ရရင်တော့ သတင်းစာ စာနယ်ဇင်း မီဒီယာဆိုတာ ပြည်သူ့မျက်လုံးကို ဖွင့်ပေးရာပါ၊ ပြည်သူကို မတော်မတည့် မဟုတ်မဟတ် မဟုတ်တမ်းတရမ်း လမ်းညွှန်ရာ နေရာမဟုတ်ပါ။ ဘာသာစကား မြန်မာစာ ဘာသာပြန်ကို ဖျက်ဆီးရာနေရာ ပိုလို့ မဖြစ်သင့်ပါ။ သက်ဆိုင်သူများ အားလုံး ဘာသာပြန်ရာမှာ စကားလုံးတွေ အလေးထားစေချင်ပါတယ်။ ဆရာကြီး တက်တိုး (ဦးအုန်းဖေ) အရင် အင်္ဂလိပ်စာ အတွက် ဆုံးမခဲ့တဲ့ စကားအတိုင်း မရိုသေ့ စကား ဆိုလိုက်ပါရစေ။ “သောက်ရမ်း ဘာသာ မပြန်ကြနဲ့” လို့ မေတ္တာရပ်ခံလိုက်ကြောင်းပါ ခင်ဗျား။
ငြိမ်းချမ်းအေး
(ဆက်သွယ်ရန်နှင့် ဝေဖန်ရန် nyeinchanaye81@gmail.com)
(The Ladies News Journal တွင် မူလ ဖော်ပြခဲ့သည်။ The Ladies News Journal အွန်လိုင်းစာမျက်နှာများတွင်လည်း ဝင်ရောက် ဖတ်ရှုနိုင်သည်။)
http://theladiesnewsjournal.com/articles/mon-2016-08-15-1251/2973
https://web.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/608467085994931/?type=3