အီကြာအော် ● ဖွတ်ကလေး၊ အီကြာအော်နှင့် ခက်သေးရွာမှ ပုဂါမ ငလျင်ကြီး (သရော်စာ)
(မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၆
(မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၆
"ဆရာအော် ဆရာအော်"
တပည့်ကျော် ဖွတ်ကလေး၏အသံသေးအသံကြောင်ဖြင့် အော်သံကြောင့် အီကြာအော်တယောက် စားပွဲအောက်က ဖျာပေါ်တွင် အိပ်နေရာမှ လူးလဲ၍ ထလာရပေသည်။
"ဆရာအော်ကလည်း နေ့ခင်ကြောင်တောင်ကြီး စားပွဲအောက် ဘာဝင်လုပ်နေတာလဲဗျ"
"ဟကောင်ရ ခုတလော ငလျင်တွေလှုပ်တော့ သတိလေးဘာလေး ထားရတယ်လေ၊ သတိဆိုတာ ပိုတယ် မရှိပေဘူး၊ ငလျင်လှုပ်ရင် တြိဂံဆိုတဲ့ဘေးလွတ်နေရာ အစောကတည်းက ရှာထားရတယ်ကွ"
ဖွဘုတ်တခွင်တွင် ရေးသားထားသော စာတိုစာစ ရသမျှ ဗဟုသုတကလေးများကိုကိုးကားရင်း အီကြာအော်တယောက် ခက်သေးရွာသားပြီပြီ သူတပါးကို အခွင့်ကြုံတုန်း ဆရာလုပ်လိုက်လေသည်။
ခက်သေးရွာ ပုဂါမရပ်ကွက်ကြီးတွင်လည်း ငလျင်ကြောင့် ဘုရားပုထိုးများ အတော်ပျက်သွားသည်။
ခက်သေးရွာကြီးတွင် တခြားရွာများနှင့်ယှဉ်လျှင်ကား ကြွားစရာဟူ၍ ပုဂါမရပ်ကွက်မှ ရှေးဟောင်း ဘုရားပုထိုးများသာ ရှိသည်မဟုတ်ပါလား။
"တို့ရွာမှာ တခြားရွာကဧည့်သည်တွေလာရင် ကြွားစရာ ပြစရာက ပုဂါမရပ်ကွက်ပဲရှိတာ
နှမျောစရာကြီး"
"ဟုတ်ပါ့ ဆရာအော်ရေ"
"တို့ ခက်သေးရွာမှာ အခုခေတ်တိုးပွားလာတာက သူခိုးဂျပိုးတွေပဲ ရှိတယ်"
"သူခိုးတွေကတော့ များလာတာ ဟုတ်ပါ့ဆရာအော်ရေ၊ တနေ့က ကျုပ်တို့ ယုန်ကန်ဆေးရုံကြီးမှာ တောင် လူနာစောင့်တွေ ထမိန်လှမ်းထားတာ သူခိုး ခိုးသွားလို့၊ ဂျပိုးတွေများလာတာရော ဆရာအော် ဘယ်လိုလုပ် သိနေလဲ"
"ငါ အကိုက်ခံရလို့ပေါ့ကွ၊ ဟာ ... မဟုတ်ပါဘူး၊ အသုံးမကျတဲ့လူတွေကို ခွေးလှေးဂျပိုးတွေလို့ တင်စားတာကွ"
"မသိပါဘူးဆရာအော်ရယ်၊ ကျုပ်တို့ ယုန်ကန်ဆေးရုံကြီးမှာ ဂျပိုးတွေသောင်းကျန်းလွန်းလို့ လူနာတွေ တဗျင်းဗျင်းကုတ်နေရ တာ ဆရာအော်များ အကြားအမြင်ရသလား ထင်နေတာ"
"အခု ပုဂါမငလျင်အကြောင်း ဘာကြားသေးလဲကွ"
"အမေပုရဲ့လမ်းညွှန်ချက်နဲ့ ယူနဲ့ အီစကိုက ပုဂါမရှေးဟောင်းဘုရားတွေကို လာပြင်မယ်ဆိုလား"
"ဘယ်က အီစကိုက လာပြင်မှာတုန်း"
"ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ဆိုလား"
"သေလိုက်ပါတော့ ဖွတ်ကလေးရယ် ဘယ်က ယူနဲ့အီစကိုရမှာလဲ၊ အဲဒါ ယူနက်စကိုကွ"
ခက်သေးရွာသားအများကဲ့သို့ကြားဖူးနားဝဆိုလျှင် အရမ်းသိသကဲ့ အတည်ပေါက်ရွှီးလေ့ရှိသူ ဖွတ်ကလေးခမျာ ခေါင်းပုသွား ရရှာသည်။
"ဒါနဲ့....ပုဂါမကဘုရားတွေ ပြိုကျတာ ဘာသတင်း ထပ်ပြီးကြားသေးသလဲ"
"ဘုရားတွေပြိုတော့ အထဲမှာ ပလပ်စတစ်ပိုက်အပြာတွေ ဌာပနာထားတာတွေ တွေ့တယ်လို့ ရွာထဲမှာ ပြောနေကြတယ်၊ ယူနက်စကိုကတော့ ပလပ်စတစ်ပိုက်လုံးတွေကို ဓာတ်ပုံတွေ ရိုက်သွားလေရဲ့"
"အဲဒီပိုက်လုံးတွေက အရင်ခေတ်တုန်းက ခက်သေးရွာလူကြီး ဂျိုကုပ်ကြီးဖင်တွန့်တို့ကောင်းမှုပေါ့ကွ"
"ငါ့မှာ ရှိခိုးလိုက်ရတဲ့ ဘုရားတွေ "ဘုရားမှတ်လို့ ထိုင်ရှိခိုးပါတယ် ဖွတ်ထွက်မှ တောင်ပို့မှန်းသိ"ဆိုသလိုပဲ ပိုက်ထွက်မှနှပ်ခံရမှန်းသိပေါ့ကွာ"
"ဆရာအော်ကလည်း ကျုပ်ကို ဆွဲထည့်နေပြန်ပြီ"
"ချိုကုပ်ကြီးဖင်တွန့်ဆိုတာ ဘယ်သူလဲ ဆရာအော်၊ သူက တကယ်ကို ဖင်တွန့်တာလား"
ဖွတ်ကလေးက ငယ်ရွယ်သူမို့ ခက်သေးရွာလူကြီး ချိုကုပ်ကြီးဖင်တွန့်ခေတ်ကို မမီလိုက်ရှာပေ။
"မတွန့်ရင် ဘယ်လိုလုပ်ပြီး ဒီနာမည် ရမလဲကွ၊ တို့ငယ်ငယ်က နေ့တိုင်းတီဗွီမှာ မတွန့်တဲ့နေ့မရှိဘူး"
"သူတွန့်တာကို ခက်သေးတရွာလုံးက ဝန်ထမ်းတွေလည်း လက်အုပ်ကလေးချီပြီး လိုက်တွန့်ခဲ့ရတာ ခက်ကွ"
"ခုမှပဲ ငါတို့အားလုံး နွားမရွှံ့ပိတ်ရောင်းခံရတာ သိတော့တယ်"
"နွားမရွှံ့ပိတ်တယ်ဆိုတာ ဘာလဲဆရာအော်"
"နွားမ ဟွာကိုရွှံ့နဲ့ပိတ်ထားပြီး နွားထီးဆိုပြီး ညာရောင်းတာကို ပြောတာပေါ့ကွ"
"ဒါဆိုရင်တော့ ရွှံ့ပိတ်ခံထားရလို့ ဖင်တွန့်တာများလား"
"ဖွတ်ကလေး...မင်းပြောတာနော် ငါမပါဘူး"
ချိုကုပ်ကြီးဖင်တွန့်အသံကြားရလျှင် ခုထိ ကျောမလုံပဲ ကျောချမ်းမိသည့် အီကြာအော်က ပြောလိုက်လေသည်။
ဤသို့ပြောနေဆဲ မီးဖိုချောင်မှ ထွက်လာသည့် ဒေါ်အွန်မေးက…
"ကိုအော်ရေ ရွာလူကြီးတွေက ဖင်ပဲတွန့်တွန့် ရင်ပဲတွန့်တွန့် သူတို့က ဆယ်သက်စားမကုန်တော့ဘူး၊ ကျုပ်တို့က လက်လှုပ်မှပါးစပ်လှုပ်ရတာဆိုတော့ ကိုခိုနီဆို့ဆီမှာ လက်ကလေးလှုပ်ပြီး ဆန်တအိတ် အကြွေးနဲ့သွားယူပေးပါဦး"
အီကြာအော်တယောက် တီကောင်ကို ဆားတို့သကဲ့သို့ သူလည်းတွန့်သွားပြီး..
"အေးပါကွာ ငါသွားဝယ်လိုက်ပါ့မယ်"ဆိုကာ ခိုနီဆူပါမားကက်သို့ အတွန့်မတက်ပဲ ဆန်အဝယ်တော် ထွက်တော်မူတော့လေ သတည်း။ ၊
သဗ္ဗေသတ္တာ ကမ္မသကာ
အီကြာအော်