ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
တူမောင်ညို - စစ်ထောက်လှမ်းရေးနဲ့ လက်နက်ချတွေရေးတဲ့စာအုပ်ကို အမွှမ်းတင်နေတဲ့ (RFA) မေစာရဲ့ စာဝိုင်းပေဝိုင်း စကားဝိုင်း
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၆
၂၁ ရာစု ပင်လုံစင်မြင့်ပေါ်ကနေ ရင်ဖွင့်သံတွေ ကြားလိုက်ရပါတယ်။
နှစ်ပေါင်း ၇၀ နီးပါး ပြည်တွင်းစစ်ဝေဒနာနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပြဿနာကို “ ၁၀ မိနစ်စီ ပြောခွင့်ရကြ တဲ့ အခိုက်အတန့်ကလေး” မှာ တင်ပြခွင့်ရကြသူတွေက အပြေးအဖြန်း တင်ပြသွားကြရတာတွေဖြစ်လို့ ကမ္ဘာ့အမြန်ဆုံးအပြေးသမား “ယူစိန်ဘို့” တောင်လက်ဖျားခါသွားလောက်ပါတယ်။
လူ့ဘဝဟာ ရခဲ၏ လို့ဆိုကြသလို၊ ဒီလို “၁၀ မိနစ်” မျှတင်ပြခွင့်ရတာကလည်း “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီဘောင်” ထဲမှာ ရခဲလှတဲ့ တကယ့်ဒုလ္လဘတရားတစ်ခုပဲ မဟုတ်ပါလား။
တင်ပြချက်တွေကို နားထောင်လိုက်ရတော့ ဘယ်သူက ဖား၊ ဘယ်သူ ငါးဆိုတာထင်ရှားပါတယ်။ မိမိဘာလဲ၊ မိမိ ရပ်တည်ချက် ဘာလဲ၊ မိမိသဘောထားဘာလဲဆိုတော့ကို ၁၀ မိနစ်အတွင်းပြသသွားကြတာပါ။ “၂၀၀၈ အခြေခံဥပဒေ”နဲ့ စစ်အုပ်စုကို ဆက်ခံထိန်းသိမ်းကာကွယ်မယ့်သူ။ စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ်နဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို လိုလားတဲ့သူ ဘယ်သူလဲ ၊ ဘယ်ပါတီလဲဆိုတာကို အားလုံးက ထင်ထင်ရှားရှား မြင်တွေ့လိုက်ကြရပါတယ်။
“၁၀ မိနစ် တင်ပြချက်တွေ” ကို ခြုံငုံကြည့်လိုက်ရင် ပြည်တွင်းစစ်ရပ်စဲရေး- ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလမ်းမပေါ်မှာ အဓိက ခလုပ်ကန်သင်း၊ အဓိက အတားအဆီး၊ အဓိက အနှောင့်အယှက်ဟာ “ကာချုပ်ရဲ့ငြိမ်းမူ ၆ ရပ်”၊ “၂၀၀၈ အခြေခံဥပဒေ” နဲ့ “စစ်အုပ်စု” ပဲဖြစ် တယ်ဆိုတဲ့အချက်ဟာ လယ်ပြင်မှာ ဆင်သွားသလို ပိုမိုထင်ရှားသွားပါတယ်။
စစ်အုပ်စုက စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ပြီး တိုင်းပြည်ရဲ့နိုင်ငံရေး၊စီးပွားရေးမှာ ဗိုလ်ကျလွှမ်းမိုးခြယ်လှယ်နေ တာကို မဖျက်သိမ်းနိုင်သမျှ ပြည်တွင်းစစ်ရပ်စဲရေး - ပြည်တွင်းငြိမ်းချမ်းရေး ၊ စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီနဲ့စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ဆိုတာတွေ ဘယ်လိုမှ ဖြစ်မလာနိုင်ပါဘူး။
တခြားမကြည့်ပါနဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲဖို့ကိစ္စမှာ လက်ရှိဒီချုပ်ပါတီအစိုးရဘာများတတ်နိုင်လို့လဲ။
နိုင်ငံတော်အစိုးရက သေနတ်ကို အမိန့်မပေးနိုင်သမျှ ၊ နိုင်ငံတော်အစိုးရက စစ်တပ်ကို အမိန့်မပေးနိုင်သမျှ ဒီမိုကရေစီဟာ မစစ်မှန်နိုင်ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စုလည်း မစစ်မှန်နိုင်ပါဘူး။ ဒါ့အပြင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးလည်း မရနိုင်ပါဘူး။
စစ်တပ်ဟာ နိုင်ငံတော်အစိုးရရဲ့ အထက်မှာ၊ လွှတ်တော်ရဲ့အထက်မှာ၊ အခြေခံဥပဒေရဲ့အထက်မှာ ရှိနေသမျှ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုဟာ အတုအယောင်ပဲဖြစ်မြဲဖြစ်နေပါလိမ့်မယ်။
စစ်တပ်ကပြောနေတဲ့ “ငြိမ်းချမ်းရေး”ဆိုတာဟာ အရေခြုံထားတဲ့ လက်နက်ချအညံ့ခံရေးသာဖြစ်တယ်။ ဒီအတွက်စစ်တပ်က အတင်းတွန်းပို့နေတဲ့ လမ်းကြောင်းက (NCA) စာချုပ်အတိုင်းသွားရေးဆိုတဲ့ လမ်းဖြစ်တယ်။
ဒီလို ပြည်တွင်းက ၂၁ ရာစုပင်လုံ စင်မြင့်ပေါ်မှာ ကိုယ့်ကိုယ်ကိုယ် လူလုံးထွက်ပြကြတဲ့၊ ကိုယ့်ရပ်တည်ချက် ဘာလဲ ဆိုတာ ဖော်ထုတ်ပြသကြတဲ့၊ ကိုယ့်လိုလားချက်ဘာလဲဆိုတာ ချပြကြတာတွေနဲ့ မရှေးမနှောင်းမှာ ပြည်ပအသံလွှင့်ဌာနတစ်ခုဖြစ်တဲ့ “(RFA) နဲ့ ပြင်ပဆောင်းပါးရှင် မေစာ”တို့ကလည်း “စာဝိုင်းပေဝိုင်းစကားဝိုင်း” ဆိုတာကနေ သူတို့ သဘောထားကို ခါတော်မီထုတ်ဖော်လာပါတယ်။
(RFA) မေစာရဲ့ စာဝိုင်းပေဝိုင်းစကားဝိုင်းအာဘော်ဟာ (UWSP) ဝအဖွဲ့၊ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)နဲ့ တရုတ်ပြည်တို့ကို တပြိုင်နက်ထဲ ထိုးနှက်တာပါ။
မြန်မာ့အလင်းသတင်းစာ အာဘော်က “၆ ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြပွဲ”ကို အသရေဖျက်သလို (RFA) မေစာကလည်း သူ့ရဲ့ “စာဝိုင်းပေဝိုင်း”ဆိုတာကနေ သခင်သန်းထွန်းနဲ့(ဗကပ)ကို သရုပ်ဖျက်ပါတယ်။ ပီကင်းသြဇာခံလို့ စွပ်စွဲပါတယ်။
မြန်မာ့အလင်းသတင်းစာ နဲ့ (RFA) မေစာတို့ ကွန်မြူနစ်ဆန့်ကျင့်ရေးအတွက် နှစ်ကိုယ့်တစိတ်ဖြစ်နေကြပုံ။
(RFA) မေစာ က “သခင်သန်းထွန်း၏နောက်ဆုံးနေ့များစာအုပ်မှာတွေ့ရှိရတဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးသမိုင်းကြောင်း” တဲ့။
တကယ်တော့ စစ်ထောက်လှမ်းရေးနဲ့ သစ္စာဖောက်လက်နက်ချတွေရေးတဲ့ စာအုပ်ကို ဖုံခါပြီး ပွဲထုတ်လာတာပါ။ ပြီးတော့ ဒီစာအုပ်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီးတဲ့နောက် ၁၉၆၉ ခုနှစ်၊ မေနဲ့စက်တင်ဘာမှ ထွက်လာတာပါ။ မေစာအနေနဲ့ တော်လှန်ရေး ကောင်စီက တရားဝင်ထုတ်ဝေတဲ့ “၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှတ်တမ်းစာအုပ်” ကိုတောင် ဟန်ဆောင်ပန်ဆောင် ကိုးကား မနေတော့ဘဲ၊ စစ်ထောက်လှမ်းရေးနဲ့ သစ္စာဖောက်လက်နက်ချတွေ စိတ်ကြိုက်အကွက်ချပြီးရေးတဲ့ စာအုပ်ကို ပြောင်ကျကျ ကိုးကား ပါ တော့တယ်။
စာအုပ်နဲ့ စာအုပ်ရေးသူဆိုတဲ့သူတွေကို အမွှမ်းတင်ယုံတင်မကပဲ မေစာရဲ့သဘောထားအမြင်ကလည်း “သူပုန်ဟာ ငြိမ်းချမ်း ရေးကို မလိုလားဘူး၊ လူထုနည်းနဲ့အကြပ်ကိုင်တယ်” ဆိုတဲ့ အုပ်စိုးသူအဆက်ဆက်၊ စစ်အုပ်စုနဲ့ စစ်ထောက်လှမ်းရေးက တလျှောက်လုံး သွင်းပေးခဲ့တဲ့ အာဘော်ကို ကျေကျေနပ်နပ်ကြီး ချေးခြောက်ရေနှူးတာပါ။
လူထုမှီခိုရမယ်၊ လူထုစစ်ပွဲဆင်နွှဲရမယ်၊ လူထုအင်အားနဲ့ ဖိအားပေးအကြပ်ကိုင်ရမယ်ဆိုတာ တရားတဲ့လုပ်နည်းလုပ်ဟန်ပဲ။ လူထုဘက်က အစဉ်သဖြင့် ရပ်တည်မယ်၊ လူထုအကျိုး ဆောင်ရွက်မယ်ဆိုတဲ့ နိုင်ငံရေးပါတီတိုင်း အစဉ်ကျင့်သုံးအပ်တဲ့ လုပ်ဟန်ကောင်း၊ နည်းလမ်းကောင်းပဲ ဖြစ်ပါတယ်။
တကယ်တော့ “သခင်သန်းထွန်း၏နောက်ဆုံးနေ့များ”အစ - “ မြက်ခင်းသစ်” အလယ် - “ထို့ကြောင့်ဤသို့” အဆုံး “စာအုပ်” ဆိုတာတွေကိုစစ်ထောက်လှမ်းရေးက စီစဉ်ညွန်ကြားဆရာကြီးလုပ်ပြီး ရေးသားထုတ်ဝေတာဖြစ်ပါတယ်။ သူတို့ ဒီလိုရေးတယ်ဆိုတာကို စစ်ထောက်လှမ်းရေးက လျို့ဝှက်ထားတာမဟုတ်ပါဘူး။ ဗြောင်ကြော်ငြာနေတာပါ။
လူထုဒေါ်အမာရဲ့ “ထောင်နှင့်မိခင်” စာအုပ်ထဲမှာ “နောက်ဆုံးနေ့များ” နဲ့ ပတ်သက်ပြီး အရိပ်အမြွက်ထည့်ရေးထားပါတယ်။
“နိုင်ငံရေးဆောင်းပါးတွေ ဘခက်တို့နာမည်နဲ့ရေးနေတာတွေ သူ့လက်ရာက အများကြီးဆိုပါကလား။ ဟိုစာအုပ်ကြီးနှစ်အုပ် လည်း ဒီလိုနေမယ့်ပုံပါပဲ” (စာမျက်နှာ ၈၂ ကိုကြည့်ပါ)
“ထို့ကြောင့် ဤသို့” ဆိုတာမှာတော့ ပထမအကြိမ်ထုတ်စဉ်က နာမည်မတတ်တဲ့ ဗိုလ်စန်းပွင့်ဟာ ဒုတိယအကြိမ်ထုတ်တာမှာ တော့ သူ့နာမည်ကို စာအုပ်ပေါ်မှာ ဗြောင်အမည်ထိုးလာပါတယ်။
ဒီလိုစာအုပ်ဆိုတာ မျိုးတွေကို ကိုယ့်သိက္ခာကို လေးစားတဲ့ ဘယ်လေ့လာသူကမဆို ယုံစားလောက်တယ်လို့ ယူဆလိမ့်မယ်၊ ကိုးကားလိမ့်မယ်လို့ မထင်ပါဘူး။ “ နောက်ဆုံးနေ့များ” ကိုရေးသားခဲ့တယ်ဆိုတဲ့ သစ္စာဖောက်လက်နက်ချသုံးယောက်ဟာ စာပေလော ကမှာလူတောသူတောတိုးဝံ့ရဲ့လား။ သူတို့ရေးပါတယ်ဆိုတဲ့ စာအုပ်ကို ဟောပြောဝံ့ရဲ့လား။ စာပေအသိုင်းအဝိုင်းကရော သူတို့ရေးတယ် ဆိုတဲ့စာအုပ်နဲ့ သူတို့ကို အရာပေးဆက်ဆံကြရဲ့လား။
မေစာကတော့ “ စာအုပ်ပါအချက်အလက်တွေဟာ ယုံစားလောက်တယ်လို့ယူဆပါတယ်” တဲ့။
(RFA) မေစာရဲ့ စာဝိုင်းပေဝိုင်းစကားဝိုင်း ဆိုတာက စစ်ထောက်လှမ်ရေးနဲ့ သစ္စာဖောက် လက်နက်ချတွေရေးတဲ့ ဒီလို စာအုပ် မျိုးကိုနေရာပေးတဲ့၊ စင်တင်ပေးတဲ့ စကားဝိုင်းပဲ။ စစ်အုပ်စုနဲ့ စစ်ထောက်လှမ်းရေးအာဘော်ကို ယုံယုံကြည်ကြည်လက်ခံပြီး ထပ်မံဖြန့်ဖြူး ပေးနေတဲ့ စကားဝိုင်းပဲ၊ အမေရိကန်ရဲ့ တရုတ်ဆန့်ကျင်ရေးလမ်းကြောင်းပေါ်ဇွတ်အတင်းတွန်းတင်နေတဲ့ စကားဝိုင်းပဲဖြစ်ပါတယ်။
သက်သက်ညှာညှာ နိဂုံးချုပ်ရရင် (RFA) မေစာဟာ စစ်ထောက်လှမ်းရေးတွေ၊ သစ္စာဖောက်လက်နက်ချတွေနဲ့ တတန်းထဲရပ် တည်နေသူ၊ တလေသံထဲ ထွက်နေသူသာ ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ (RFA)မေစာရဲ့ ငြိမ်းချမ်းရေးအပေါ် သဘောထားပုံကလည်း စစ်အုပ်စု သဘောထားနဲ့ တထပ်တည်းဖြစ်ပြီး လက်နက်ချအညံ့ခံရေးသာဖြစ်တယ်ဆိုတာကို အထင်အရှားတွေ့လိုက်ရပါတယ်။
ညွန်း
လူထုဒေါ်အမာ - ထောင်နှင့်မိခင်
(RFA) - ၈-၉-၂၀၁၆ အစီအစဉ်