သီရိဘုန်းစံ - သူတော်ကောင်းတို့ တောင်းတဲ့ဆု
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၆
“ဘုန်းဘုန်း တပည့်တော်တို့ လုပ်မိခဲ့တဲ့ မကောင်းမှုအကုသိုလ်ကံတွေက မဖြစ်မနေ ပြန်ပြီးအကျိုးပေး မှာလား၊ အကျိုးမပေးအောင် ပျောက်ပျက်သွားအောင် လုပ်လို့မရဘူးလား၊ ကုသိုလ်တွေလုပ်ပြီး ဆုတောင်းရင် အဲဒီအကုသိုလ်တွေ မပျောက်သွားနိုင်ဘူးလား အဲဒါသိချင်လို့ပါဘုရား”
ဒီနေ့ ကျောင်းမှာဆွမ်းလာကပ်တဲ့ မိသားစုနဲ့ စကားစမြည်ပြောကြရင်း မေးလာတဲ့မေးခွန်းတွေထဲက မေးခွန်း တစ်ခုပါ။
“အင်း ဒကာမကြီးရဲ့မေးခွန်းက တစ်ခုတည်းပေမယ့် နှစ်ပိုင်းခွဲဖြေမှ ပြည့်စုံလိမ့်မယ်။ ပထမအပိုင်းက ပြုလုပ်ခဲ့ တဲ့ ကာယကံ ဝစီကံ မနောကံ အမှုတွေက ဧကန်အကျိုးပေး မပေးဆိုတဲ့အပိုင်း၊ ဒုတိယပိုင်းက ဆုတောင်းခြင်းအပိုင်း လို့ ဒီလိုနှစ်ပိုင်း ခွဲလိုက်ရအောင်”
မေးခွန်းမေးလာသူကို ဒကာမကြီးလို့သာခေါ်လိုက်တာ တကယ်တော့ စာရေးသူထက် အသက်ငယ်ပါသေး တယ်။ ရှိလှ လေးဆယ့်ငါးဝန်းကျင်ပေါ့။ တမင်လေးလေးစားစား ခေါ်ဝေါ်သုံးနှုံးလိုက်တာပါ။ တစ်ဦးနဲ့တစ်ဦး တဖက်သားကို လေးလေးစားစား ဆက်ဆံတာဟာ အဲဒီတဖက်လူရဲ့ လေးစားမှုကို ပြန်ရလိုလို့ပါပဲ။ တဖက်လူက လေးစားမှုပေးတာကို အခြောက်တိုက်ဘဝင်မြင့်နေမယ်ဆိုရင်တော့ ကျန်တဖက်လူက အထင်သေးသွားတတ်ပါတယ်။ သတိထားစရာ တစ်ခုပါ။
မေးခွန်းရှင်ကို စာရေးသူတကယ်လည်း လေးစားပါတယ်။ မသိလို့ဘဲဖြစ်ဖြစ် သိလျှက်နဲ့ပဲဖြစ်ဖြစ် ကိုယ်ပြု လုပ်မိခဲ့တဲ့ မကောင်းမှု (ကာယကံမှု ဝစီကံမှု မနောကံမှု) တွေကို မကောင်းမှုမှန်းသိလာပြီး ပျောက်ပျက်စေချင်တာဟာ အသိဉာဏ်ရင့်ကျက်လာတာပါ။ “မှား မှားမှန်းသိ လူတော်လူကောင်းဖြစ်နိုင်၏။ မှား မှားသည်မထင် မှားမြဲမှားမည်ပင်” လို့ ပညာရှိတွေ မိန့်မှာခဲ့ကြတယ်လေ။
ကိုယ်မှားတာကို မှားမှန်းသိသူ၊ သိသည့်အလျောက် အပြစ်ပျောက်လိုသူ၊ အမှားကိုဝန်ချတောင်းပန်ရဲသူ၊ အာဃာတမထား သည်းခံခွင့်လွှတ်တတ်သူတို့ဟာ သူရဲကောင်းစိတ်ဓာတ်ရှိသူ မြင့်မြတ်သူတို့ရဲ့ နှလုံးသားပိုင်ရှင် တွေပါပဲ။ မှားတာကို မောဟကြောင့် မှားမှန်းမသိ၊ သိသော်လည်း မာနကြောင့် မပြင်သမျှကာလပတ်လုံး မိုက်တွင်း နက်နေကြဦးမှာပါ။
“ပထမအပိုင်းကို အရင်ပြောကြရအောင်၊ ပြုလုပ်မိခဲ့တဲ့ အကုသိုလ် ဧကန်အကျိုးပေးမပေး ဆိုတဲ့နေရာမှာ ဒကာမကြီး ပြုလုပ်တဲ့အကုသိုလ်အမျိုးအစားပေါ်မှာလည်း မူတည်ပါသေးတယ်။ အကယ်၍ ၁။ အမိသတ်ခြင်း၊ ၂။ အဖ သတ်ခြင်း၊ ၃။ ရဟန္တာသတ်ခြင်း၊ ၄။ သံဃာသင်းခွဲခြင်း၊ ၅။ ဘုရားကိုသွေးစိမ်းတည်အောင်ပြုခြင်း လို့ဆိုတဲ့ ပဉ္စာနန္တရိယကံ ငါးပါးထဲက တစ်ပါးပါးကို ပြစ်မှားကျူးလွန်ခဲ့မိမယ်ဆိုရင်တော့ ဘယ်လိုမှရှောင်ပြေးလို့ မလွတ်နိုင် ပါဘူး။ သေချာပေါက် အပြစ်ကိုခံယူရမှာဖြစ်ပါတယ်။ အကုသိုလ်ကံထဲမှာ ပဉ္စာနန္တရိယကံဟာ အကြီးလေးဆုံးဖြစ် ပါတယ်”
“အဲဒီ ကံတွေတော့ မဟုတ်ပါဘူးဘုရား၊ ပုထုဇဉ်ပီပီ တခါတခါ စိတ်လိုက်မာန်ပါ ပြုလုပ်မိ ပြောဆိုမိ ကြံစည်မိ ခဲ့တဲ့ သာမန်အပြစ်မျိုးတွေပါပဲ၊ ဥပမာ တိရိစ္ဆာန်လေးတွေရဲ့ အသက်ကိုသတ်မိတာ၊ တဖက်လူကို ဆဲဆိုအော်ဟစ် မိတာ၊ လိမ်ညာပြောဆိုခဲ့မိတာမျိုးတွေ စသဖြင့်ပေါ့”
“အင်း ဒီနေရာမှာ အကျိုးပေး မပေးဆိုတာကိုပဲ ဆွေးနွေးရအောင်၊ အကျိုးပေး ကြီးမကြီးဆိုတာကတော့ အပြုခံရတဲ့ပုဂ္ဂိုလ် (သတ္တဝါ) ရဲ့ သီလသမာဓိရှိမှု မရှိမှု၊ ပြုလုပ်ရတဲ့ လုံ့လဥဿာဟ များမှုမများမှုအပေါ်မှာ မူတည်ပြီး အကျိုးပေးတာဖြစ်လို့ အဲဒါတွေ ပြောနေမယ်ဆိုရင် လိုရင်းမရောက်ဘဲ သိပ်ရှည်သွားလိမ့်မယ်”
“မှန်ပါဘုရား”
“မြတ်ဗုဒ္ဓ ဟောကြားထားတာရှိပါတယ်၊ မိမိပြုလုပ်ခဲ့တဲ့ (ကောင်းတဲ့ ကာယကံ ဝစီကံ မနောကံ၊ မကောင်းတဲ့ ကာယကံ ဝစီကံ မနောကံ) ဘယ်ကံမဆို မိမိနောက်က အရိပ်ပမာ မခွဲခွါဘဲ အမြဲလိုက်နေလေ့ရှိတယ်။ အခွင့်သင့်တာ နဲ့ အကျိုးပေးဘို့ လိုက်နေတာပေါ့။ ကုသိုလ်နဲ့ အကုသိုလ်ဟာ ရေနဲ့မီးလိုပါပဲ၊ ရေများရေနိုင် မီးများမီးနိုင်ပါ”
“ဒါဆို ကုသိုလ်ဆိုတဲ့ ရေများများနဲ့လောင်းလိုက်နိုင်ရင် အကုသိုလ်ဆိုတဲ့မီး ငြိမ်းသွားမယ်လို့ ဆိုလိုတာလား ဘုရား”
“ငြိမ်းသွားတာတော့ မဟုတ်သေးဘူး၊ ငြိမ်နေတာလို့ပဲ ပြောနိုင်သေးတယ်၊ ရေကုန်တာနဲ့ မီးထတောက်မှာပဲ၊ ဒါကြောင့် မီးတောက်မထနိုင်အောင် ရေများများဆောင်ထားဘို့လိုမယ်”
“တင်ပါ့ဘုရား၊ ကုသိုလ်များများပြုလုပ်ထားမှလည်း နောက်ဘဝအတွက် စိတ်ချရမယ်ထင်ပါတယ်။”
“အင်း နောက်ဘဝအတွက် ဘဝကူးကောင်းဘို့ဆိုတာက သေခါနီးမှာ ယူမိတဲ့အာရုံအပေါ်မူတည်တယ်။ ကုသိုလ်တွေများစွာ ပြုလုပ်ထားပေမယ့်လည်း သေခါနီးမှာ နည်းနည်းလေးပြုခဲ့မိတဲ့ အကုသိုလ်ကို အာရုံယူမိရင် အဲဒီ အကုသိုလ်ကံအလျှောက် ငရဲရောက်တတ်တယ်၊ အဲဒါကို အာသန္နကံလို့ခေါ်တယ်၊ အနီးကပ်ဆုံးကံက အကျိုးပေးတာ ပေါ့။ ဥပမာ-မလ္လိကာမိဖုရားကြီးလိုပေါ့ အချိန်ရှိသ၍ ကုသိုလ်ကောင်းမှုတွေပဲ ပြုလုပ်ခဲ့ပေမယ့် သေခါနီးမှာ လင်တော် မောင် ဘုရင်ကောသလမင်းကြီးကို လိမ်ညာခဲ့မိတဲ့အပြစ်လေးကို အာရုံယူမိလိုက်တာနဲ့ အဝီစိငရဲမှာ (၇) ရက် ကျခံရသေးတယ်လေ”
“ဘုန်းဘုန်းပြောတော့ ရေများရေနိုင်ဆို”
“ရေများရေနိုင်ဆိုပေမယ့် မီးကစရင် မီးရှိန်ရှိသလောက်တော့ လောင်ကျွမ်းခံရဦးမှာပဲ၊ ဒါကြောင့် မီးလောင်ခွင့် မပေးဖို့လိုတယ်။ အကုသိုလ်တွေ များများပြုလုပ်မိခဲ့ပေမယ့်လည်း သေခါနီး အာရုံယူကောင်းရင် ဘဝကူးကောင်း တာပဲ၊ ဥပမာ-ကြည့်လေ ဘဝတလျှောက်လုံး သူများအသက်သတ်ပြီး အသက်မွေးလာတဲ့ ဖခင်မုဆိုးကြီး သေခါနီးမှာ ငရဲနိမိတ်တွေထင်ပြီး အော်ဟစ်နေတာကို သားရဟန်းကသိတော့ တောပန်းတွေ အနားမှာချပေး ဘုရားကိုလှူစေပြီး အာရုံပြောင်းပေးလိုက်တာ အဲဒီကောင်းတဲ့အာရုံနဲ့သေတော့ ကောင်းရာသုဂတိကို ရောက်သွားရတယ်။ ဒါကြောင့် “အနေလည်းမြတ် အသေလည်းတတ်ပါစေ”လို့ ဆရာတော်တွေ ဆုံးမကြတာပေါ့”
“ဘုန်းဘုန်း ဒါဆို အဲဒီမုဆိုးကြီး လုပ်ခဲ့တဲ့အကုသိုလ်တွေက သူ့ကိုအကျိုးမပေးတော့ဘူးပေါ့”
“ကုသိုလ်ဖြစ်ဖြစ် အကုသိုလ်ဖြစ်ဖြစ် အရှိန်အဟုန်မကုန်သေးသမျှ အကျိုးပေးနေမှာပဲ၊ ကုသိုလ်ကံအရှိန် အဟုန် မကုန်သေးရင် အကုသိုလ်က အကျိုးမပေးသေးဘူး၊ ဥပမာ အပေါ်တည့်တည့်ကို ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်းလိုပဲ အရှိန်အဟုန်မကုန်သေးသမျှ တက်နေမှာပေါ့၊ လုံးဝပြန်မကျအောင်ဆိုရင်တော့ ကမ္ဘာမြေကြီးဆွဲအား က လွတ်တဲ့ထိရောက်အောင် ပစ်နိုင်ဖို့လိုပါတယ်”
“မှန်ပါဘုရား”
“ဒီလိုပါပဲ ကုသိုလ်ကံက အကျိုးပေးနေတုန်း အကုသိုလ်ဝင်ခွင့်မသာအောင် ကုသိုလ်ကံတွေကို ဆက်ဆက်ပြီး အားဖြည့်ပေးရပါတယ်။ ဒါကို စာလိုပြောရင် သမ္မပ္ဗဒါန်လို့ခေါ်တယ်၊ “ဥပ္ဗန္နာနံ ကုသလာနံ ဘိယျောဘာဝါယ ဝါယာမော” တဲ့ ပြုလုပ်ပြီးတဲ့ကုသိုလ်တွေကို ဆထက်တန်ဘိုးတိုးအောင် ပွားများအားထုတ်ပါလို့ဆိုပါတယ်။ အဲဒီလို ပွားများအားထုတ်ရင်း အားထုတ်ရင်း ကုသိုလ်တွေက အရှိန်အဟုန်ပိုကောင်းလာပါလိမ့်မယ်။ ဒါနလည်းပြု သီလလည်း ဆောက်တည် ဘာဝနာလည်းပွား ဝိပဿနာတရားအားထုတ်ပြီး အောက်မဂ်အောက်ဖိုလ်ကနေအဆင့်ဆင့်တက်ကာ အရဟတ္တဖိုလ်ပေါက် ရဟန္တာအဖြစ်ထိရောက်သွားပြီဆိုရင် ငရဲကိုဆွဲချဘို့ စောင့်ကြည့်နေတဲ့ အကုသိုလ်တွေက အကျိုးမပေးနိုင်တော့ဘူးပေါ့။ အဲဒါကို အဟောသိကံ လို့ခေါ်တယ်”
“မှန်ပါ ပြုလုပ်ခဲ့မိတဲ့ မကောင်းမှုအကုသိုလ်ကံတွေ အကျိုးမပေးအောင် လုပ်လို့ရတယ်ဆိုတာ ရှင်းပါပြီ ဘုရား”
“ဒါဆို ဒုတိယအပိုင်းဖြစ်တဲ့ ဆုတောင်းခြင်းအကြောင်းကို ပြောရအောင်၊ ဗုဒ္ဓဘာသာဝင်တို့ ထုံးစံအရ ကုသိုလ်ကောင်းမှုပြုပြီးရင် ဆုတောင်းကြတဲ့အလေ့ရှိကြတယ်။ တောင်းတဲ့ဆုအတိုင်း ပြည့်ကြတဲ့ သာဓကတွေလည်း အများကြီးရှိပါတယ်။ သို့သော်လည်း ပြုလုပ်ခဲ့တဲ့ မကောင်းမှုအကုသိုလ်ကံတွေကိုတော့ ဆုတောင်းပြီး ဖျောက်ဖျက် လို့မရနိုင်ပါဘူး။ ရှေ့မှာပြောခဲ့သလို ကုသိုလ်တွေအဆက်မပြတ်ပြုနေရင် အကုသိုလ်ခေါင်းမထောင်နိုင်တော့ဘူးပေါ့၊ ဒါဆို ဆုတောင်းစရာတောင် မလိုတော့ပါဘူး”
“တပည့်တော်မက မသိတော့ ဆုတောင်းမိတယ်ဘုရား”
“ဆုတောင်းတာကို မှားတယ်လို့ပြောတာမဟုတ်ပါဘူး၊ တောင်းရပါတယ်။ ရှေးတုန်းက ဆရာတော်ကြီးတွေ လည်း တောင်းခဲ့ကြဖူးတာပဲ။ ဆုတကာဆုထဲမှာ အလွန်အတုယူ လိုက်နာကျင့်သုံးထိုက်တဲ့ သူတော်ကောင်းတို့ တောင်းတဲ့ဆုကို ဗဟုသုတအဖြစ်ပြောပြမယ်။
ငါးရာ့ငါးဆယ် ဇာတ်တော်မှာ “ကဏှဇာတ်”ဆိုတာရှိတယ်။ “ကဏှ” ဆိုတာ ရသေ့ကြီးရဲ့နာမည်ပေါ့၊ အသား မည်းလွန်းလို့ ရထားတဲ့နာမည်ပဲ။ တရားအကျင့်သန်လွန်းလို့ သိကြားမင်းရဲ့ကျောက်ဖျာတောင် တင်းပြီးပူသွားတယ် တဲ့၊ သိကြားမင်းက သူ့နေရာလုမယ့်ရန်သူ ပေါ်လာပြီထင်ပြီး ကြည့်လိုက်တဲ့အခါ ကဏှရသေ့ကြီး တရားအားထုတ်နေ တာကိုတွေ့တယ်။ ဒါနဲ့ ကဏှရသေ့ကြီးဆီသွားပြီး “ရှင်ရသေ့ ဘယ်လိုဆုတွေများလိုချင်လို့ ဒီလောက်ပြင်းပြင်း ထန်ထန် တရားအားထုတ်နေရတာလဲ” လို့ မေးမြန်းစုံစမ်းကြည့်တဲ့အခါ၊ “သင်သိကြားပေးနိုင်ရင်လည်းပေးပေါ့ ငါလိုချင်တဲ့ ဆုတွေကတော့ ဒါတွေပဲ” ဆိုပြီးရွတ်ပြတယ်။
(၁) ငါသည် ဘ၀ဆက်တိုင်း ဒေါသမရှိသူ ဖြစ်ပါရစေ၊၊
(၂) ငါသည် ဘ၀ဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ၊
(၃) ငါသည် ဘ၀ဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ၊၊
(၄) ငါသည် ဘ၀ဆက်တိုင်း ချစ်ခြင်းမရှိသူ ဖြစ်ပါရစေ၊၊
(၅) ငါသည် ဘ၀ဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ၊၊
(၆) ငါသည် ဘ၀ဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ… တဲ့။
ဘယ်လောက် လေးစားစရာကောင်းတဲ့ ရသေ့ကြီးလဲနော်။ သီတဂူဆရာတော်ကြီးပြောသလို “အသားမည်းပေမယ့် အသည်းဖြူတဲ့ ရသေ့ကြီး” ပါ။ အလွန်အတုယူ လိုက်နာကျင့်သုံးဖို့ကောင်းတဲ့ ဆုတောင်းတွေပဲ။”
စာရေးသူကတော့ ဒီတရားတွေ နာပြီးဖတ်ပြီးကတည်းက တတ်နိုင်သလောက် အစွမ်းကုန်လိုက်နာကျင့်သုံးပါ တယ်။ ကိုယ်နဲ့နီးစပ်သူ ကိုယ့်စကားနားထောင်လောက်သူတွေကိုလည်း ပြောပြလေ့ရှိတယ်။ တခါတခါတော့လည်း မရင့်ကျက်သေးတဲ့ ပုထုဇဉ်ပီပီ စိတ်လွတ်ပြီး ပြောမှားဆိုမှားဆိုတာတွေတော့ ရှိတာပေါ့၊ အတတ်နိုင်ဆုံးတော့ သတိ ထားပြီး ကျင့်သုံးပါတယ်။ ကျင့်သုံးသလောက်လည်း အကျိုးသက်ရောက်မှုရှိပါတယ်။ သည်းခံစိတ်မွေးတယ်၊ ကိုယ့် အပေါ် မနှစ်မြို့သူကို ပိုပြီးမေတ္တာပို့ဖြစ်တယ်။ သူ့မေတ္တာပြန်ရတာ မရတာထက် ကိုယ့်ဒေါသသူ့ဆီ မရောက်တော့ဘဲ ကိုယ်တိုင်ငြိမ်းအေးမှုကိုခံစားရတာက ပထမဆုံးရလာဒ်ပေါ့။
ကဏှရသေ့လိုပဲ ကျမ်းပြုအကျော် ဒီပဲယင်းဆရာတော်ကြီးရဲ့ဆုတောင်းလည်း သိပ်မှတ်သားဖို့ကောင်းတယ်။ ဆရာတော်ကြီးရဲ့ ဘွဲ့အမည်က “ဘဒ္ဒန္တဥာဏ၀ရ” တဲ့။ “ပရမတ္ထစက္ခုကျမ်း၊”အပါအ၀င် ကျမ်းပေါင်းများစွာကိုရေးသား ခဲ့တယ်။ ဆရာတော်ကြီးက “ပရမတ္ထစက္ခုကျမ်း” နိဂုံးမှာ ဒီလို“ဆု(၁၀)မျိုး”ကို တောင်းခဲ့တယ်။
(၁) ငါသည် သူတစ်ပါးအကျိုးကိုလိုလားသူ ဖြစ်ပါရစေ၊၊
(၂) သူတစ်ပါးတို့သည်လည်း ငါ့အကျိုးကိုလိုလားကြပါစေ၊၊
(၃) ငါသည် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို မနှစ်သက်သူ ဖြစ်ပါရစေ၊၊
(၄) ငါ၏ဆင်းရဲဒုက္ခကိုလည်း သူတစ်ပါးတို့က မလိုလားကြပါစေနှင့်၊၊
(၅) ငါသည် သူတစ်ပါးကို ညှင်းဆဲတတ်သူ မဖြစ်ပါရစေနှင့်၊၊
(၆) သူတစ်ပါးတို့ကလည်း ငါ့ကို မညှင်းဆဲကြပါစေနှင့်၊၊
(၇) ငါသည် သူတစ်ပါး၏ရန်သူ မဖြစ်ပါရစေနှင့်၊၊
(၈) သူတစ်ပါးသည်လည်း ငါ၏ရန်သူ မဖြစ်ပါစေနှင့်၊၊
(၉) သတ္တ၀ါအပေါင်းသည် လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်ကြပါစေ၊၊
(၁၀) ငါသည်လည်း လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်သူ ဖြစ်ပါရစေ… တဲ့။
“ဒကာမကြီးလည်း ဆုတောင်းမယ်ဆိုရင် အဲဒီလိုဆုမျိုးတွေပဲတောင်းဖို့ တိုက်တွန်းချင်ပါတယ်။ အကုသိုလ် ပျောက်ဖို့အတွက်တော့ ဆုမတောင်းပါနဲ့ ကုသိုလ်တွေပြုလုပ်နေရင်ကိုပဲ လုံလောက်ပါပြီ”
“မှန်လှပါ ကျေးဇူးကြီးပါတယ်ဘုရား”
အားလုံးသော သူတော်ကောင်းများ ဆုတောင်းကောင်း၍ တောင်းသောဆုအတိုင်း ပြည့်ဝကြပါစေ…
“ဤသို့ပြုရ၊ မြတ်ပုညကြောင့်၊
ဘ၀ထိုထို၊ နောက်အဟိုဝယ်၊
င့ါကိုယ်ကြောင့်သာ၊ သူတို့မှာလျှင်၊
နှစ်ဖြာ ကိုယ်စိတ်၊ တစ်စိတ်စိတ်မျှ၊
ဆင်းရဲဒုက္ခ၊ မဖြစ်ကြပါစေနှင့်”
မေတ္တာဖြင့်-
သီရိဘုန်းစံ