ကျော်ကျော် (မြရည်စမ်း) ● ကွေ့
(မိုးမခ) အောက်တိုဘာ ၂၊ ၂ဝ၁၆
(မိုးမခ) အောက်တိုဘာ ၂၊ ၂ဝ၁၆
ကွေ့
ကျွန်တော့်စာရေးစားပွဲမှနေ၍ ထိုကွေ့လေးကို ကောင်းမွန်စွာမြင်ရ၏။ စာရေးစားပွ္ပဲ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပမှာထိုင်ဖြစ်သည့်ရက်တိုင်းလိုလို၊ ထို ကွေ့ လေးကို အမှတ်မထင် လှမ်းကြည့်ဖြစ်သည်။ အော်ဟစ်သတိပေးလိုက်မည်ဟု ကြံရွယ်လိုက်တိုင်းလည်း နောက်ကျသွား တတ်သည်။ သတိပေးဆိုင်းပုဒ်ကလေးကို စေတနာဖြင့်ရေးသား၍ ထိုလမ်းကွေ့လေး၌ ထောင်ထားခဲ့ဖူးသည်။ ထိုကွေ့ဘေး မှာနေထိုင်ကြသော အိမ်ရှင်များ၏ ရန်လိုကြည့်ဖြင့် အကြည့်ခံရသည့်အပြင် သုံးလေးရက်အကြာတွင် ဆိုင်းပုဒ်လေးပါ အစ အန ပျောက်ခဲ့ရသည်။
ကွေ့။
ထိုကွေ့လေးသည် ကျွန်တော့်မျက်စိရှေ့မှာပင် လူတော်တော်များများကို ဒုက္ခပေးပေါင်းမနည်းတော့။ ထိုကွေ့လေးကို ဖြစ် ပေါ်စေခဲ့သူများကတော့ ကွေ့ကြောင့် လူတွေဒုက္ခရောက်ကြတာကိုပင် ပီတိတခုလိုစားသုံးနေကြသည်လား မပြောတတ်ပါ။
တောင်နှင့်မြောက်တန်းနေသောလမ်းမကြီးမှ ထိုကွေ့ကလေး ခွဲဖြာထွက်လာသည်မှာ ဆယ်စုနှစ်တခုတော့ကြာခဲ့ပြီ ဖြစ် သည်။ ယခင်ကတော့ ထိုကွေ့နေရာသည် လမ်းမကြီးပေါ်မှနေ၍ ၁၉၉ဝ ခုနှစ်အကျော်တွင် ထိုလမ်းသွယ်လေးကိုခွလျက် ခြံဝိုင်းတခုပေါ်လာသည်။ ခြံဝိုင်းလာခတ်ကြသူများကို ပတ်ဝန်းကျင်မှလူများက စူးစမ်းရာတွင်လည်း နှုတ်မိန့်အရ ခြံခတ် သည်ဟူ၍သာ အဖြေရကြသည်။ ဝင်းခြံလာခတ်ကြသူများကိုယ်တိုင်လည်း မည်သူမည်ဝါ၏ ခြံဝင်းမှန်း မသိကြ။
နှုတ်မိန့်။ အာဏာရှင်ခေတ်တွင် နှုတ်မိန့်အရ ဆိုသောစကားကို စောကြောဝေဖန်ရဲသူ ခပ်ရှားရှား။
ဘုန်းတော်ကြီးကျောင်းသို့သွားရာ လမ်းသွယ်ကလေးသည် ထိုခြံဝိုင်းကြီးခတ်လိုက်သောနေ့တွင် ခဏတာ ကွယ်ပျောက်သွား ခဲ့ရပါသည်။ သို့သော်လည်း မည်သည့်ပိုင်ရှင်မှ လာရောက်ကိုယ်ထင်မပြသေးသည့် ခြံဝိုင်းကြီးဖြစ်သဖြင့် ခြံစည်းရိုးများကို ဟိုလူတချောင်း၊ ဒီလူတချောင်း ဖြုတ်ကြပါသည်။ မကြာမီမှာ ခြံတိုင်များသာ ကျန်ပါတော့သည်။ ထိုခြံတိုင်များကြားမှ လမ်း သွယ်ကလေး ပြန်ပေါ်လာခဲ့သည်။ နှုတ်မိန့်အရဆိုကာ လမ်းပိတ်၍ ခြံခတ်ထားခဲ့သည်ကို တတ်နိုင်သ၍ လမ်းပြန်ဖေါ်ခဲ့ ကြခြင်းပင်။
ဖြတ်သွား၊ ဖြစ်လာလူအများသည်လည်း လတ်တလောအဆင်ပြေသွားပြီဖြစ်ကြ၍ ခြံ စည်းရိုးမရှိတော့သော ခြံတိုင်များကြား သွားလာလှုပ်ရှားကြရင်း… နှုတ်မိန့်အရဟူသည့်အကြောင်း ပြချက်နှင့်ဝင်းခြံလာခတ်ကြသည့်ကိစ္စကိုပင် မေ့လျော့နေကြပြီ ဖြစ်သည်။ စားဝတ်နေရေး အကြပ်အတည်းများကြားရုန်းကန်ကြရင်း နက်လှစွာသော အာဏာရှင်ခေတ် ဆင်းရဲတွင်း၌ မနစ် မြုပ်အောင်ကူးခတ်ရင်း တအိမ်ထောင်၊ တမိသားစု လတ်တလောအဆင်ပြေရေးကိုသာ တွေးတော နိုင်ကြပါသည်။
မျက်စိရှေ့မှောက်တွင်ပင်၊ မှန်ကန်သည့်ဘက်မှရပ်သူများ မှားယွင်းသည့်စနစ်ဆိုးကို ဝေဖန်သူများသည် လူဆိုးလူမိုက်များမဟုတ်ကြပါပဲနှင့် နေ့မြင်ညပျောက် ထောင်ထဲရောက်ကြရသည့်ခေတ်ကြီးထဲ လူတိုင်းရင်ထဲ အကြောက်တရားများ ကြီးစိုး နေခဲ့ကြသည်။
အာဏာရှင်ကြီးစိုးချိန်တွင် လူသွားလမ်းပေါ်ခွလျက်၊ နူတ်မိန့်အရ ခြံစည်းရိုးခတ်သည့်ကိစ္စသည်လည်း လူအများနှင့်ပြောဆိုဆွေးနွေး၍ကောင်းသောအရာမဟုတ်ပဲ၊ မိသားစုချင်းသာ တီးတိုးဆွေးနွေးဖွယ်ရာ။
ထိုသို့သောကာလများကို ဖြတ်သန်းကျော်လွန်လာသည့်အခါ နူတ်မိန့်သည် နှစ် (၃၀) မြေဂရံအဖြစ်သို့ ပြောင်းလဲသွားတော့ သည်။
တိုက်အိမ်ကြီးဆောက်လုပ်ရန်အတွက်၊ မြေညှိသည့်အချိန်တွင်ပင် ခိုင်ခန့်သော အုတ်တံတိုင်းကြီးများကို ကာရံလိုက်ကြ သည်။ လမ်းမကြီးနှင့်ဘုန်းကြီးကျောင်းဆက်သွယ်ရာလမ်းအဖြစ်၊ ထိုအုတ်တံတိုင်းကြီးခေတ်ထားသော ဝင်းခြံကိုကွေ့ဝိုက်၍ လမ်းကြမ်းတခုကို ဖုတ်ပူမီးတိုက်ဖောက် လုပ်ပေးခဲ့သည်။ ဖြတ်သွားဖြတ်လာများအနေဖြင့် အရင်ကလို ခြံစည်းရိုး တချောင်း ဖြုတ် နှစ်ချောင်း ဖြုတ်လုပ်၍မရတော့။ နှစ်ကာလများစွာ ခိုင်ခန့်တည်မြဲစေရန် စီမံကိန်းချကာရံထားသော အုတ်တံတိုင်း ကြီးကို မရဲတရဲဖြင့် မကျေမနပ် ကြည့်နေကြရုံသာ။
ကျွန်တော့်အိမ်ဘက်မှ ဘုန်းတော်ကြီးကျောင်းရှိရာသို့သွားလျှင် လမ်းသည် ညာကွေ့ ဖြစ်သည်။ သို့သော်လည်း လမ်း၏ ဘယ်ဘက်အခြမ်းသည် မတရားပင်နိမ့်ကျနေ၏။ ထိုအခါ လမ်းထဲသို့ အမှတ်မထင်ကွေ့ဝင်လိုက်သူတိုင်း ရှေ့ဘရိတ်ဆွဲရ ကောင်းနိုး၊ နောက်ဘရိတ် နင်းရကောင်းနိုးနှင့် ကျွမ်းပြန်ကြရသည်။ ဒုက္ခရောက်ကြရသည်။
တခါကလည်း လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ဘုန်းတော်ကြီးကျောင်းသို့ သွားကြဟန်တူသော လင်မယားစုံတွဲတစ်တွဲ ထိုကွေ့ တွင်ပင် ဆိုင်ကယ်မှောက်သည်။ လှူဖွယ်ပစ္စည်းများက လမ်းပေါ်ဖရိုဖရဲ။ အိမ်မှထွက်လာခဲ့ကြစဉ်ကတော့ ဘုန်းတော်ကြီးကျောင်းသို့ရောက်လျှင် လှူဒါန်းကြမည်။ သီလယူကြမည်။ အမျှဝေကြမည်…ဟူ၍ ကြည်နူးဖွယ်စိတ်ကူးစိတ်သန်းများရှိခဲ့ကြပေမည်။ ဤကွေ့ကလေးသည် ဤသို့ဒုက္ခပေးလိမ့်မည်ဟု သူတို့မျှော်လင့်ထားကြဟန်မတူပါ။ လိုရာခရီးသို့ မရောက်စေရုံမျှမက ကြည်နူးမှုလေးများကိုပါ ကွယ်ပျောက်သွားစေခဲ့ပါသည်။
ယခုလည်း၊ ကျွန်တော်ကြည့်နေဆဲအချိန်တွင်ပင် ယောဂီများကို တင်ဆောင်လာသည့် သုံးဘီးဆိုင်ကယ်စီးသည် ထိုကွေ့က လေးသို့ အကွေ့တွင် လမ်းဘယ်ဘက်ခြမ်း၊ နှုတ်ခမ်းသား အနားထိလျောပါသွားသည်။ ဘရိတ်အုပ်သံနှင့်အတူ ယောဂီများ၏ အလန့်တကြား အော်ဟစ်သံ ဆူညံသွားသည်။ လမ်းအကွေ့တိုက်အိမ်ကြီးအပေါ်ထပ်မှ လူများတော့ ဘာမှမခံစားရသလို ပြုံးကြည့်နေကြသည်။ ထိုအကွေ့လေးသည် ကျွန်တော့မျက်စီရှေ့မှာပင် သွားလာသူမှန်သမျှကို ဒုက္ခပေးနေဆဲ။
ဖတ်လက်စစာအုပ်ကို ဘေးသို့အသာချထားလိုက်မိသည်။ အတွေးများက ကွေ့လေးဆီ သို့ရောက်ရောက်သွား၍ စာအုပ်ထဲ စိတ်မဝင်စားနိုင်တော့။ တဆက်တည်းပင် ကိုယ်ကိုယ်တိုင် ကွေ့ခဲ့ရသော ကွေ့များဆီသို့ စိတ်ကူးခရီးဆက်မိသွားသည်။
မည်သည့် ခရီးကိုမဆို ဖြောင့်ဖြောင့်သွားလျှင် ခရီးတွင်ပါသည်။ လူတိုင်း၊ လူတိုင်းသည်လည်း ဘဝခရီး လမ်းကိုဖြတ် သန်း ရာတွင် ပန်းတိုင်သို့ မြန်မြန်ရောက်ရန်အတွက် လမ်းဖြောင့်ဖြောင့်ကိုသာ လျှောက်ချင်ကြပေမည်။ သို့သော်လည်း ရှေ့ဆက် ရမည့်ခရီးလမ်းအတွက် အာဏာရှင်၏ နှုတ်မိန့်ဖြင့်အစပြုကာ ခရိုနီများ၏ဘယ်သူသေသေ ငတေမာပြီးရော အကြံအစည်ဖြင့် ပေါ် လာသောလူသွားလမ်းပေါ် အုတ်တံတိုင်းခြံဝင်းခတ်သကဲ့သို့ အတားအဆီးများနှင့် တွေ့ကြုံရသောအခါ မလွှဲသာသည့် အဆုံး ကွေ့ရှောင်ကြပါသည်။
ကျွန်တော်၏ဘဝခရီးလမ်းတွင်လည်း တဆစ်ချိုး၊ နှစ်ဆစ်ချိုးမက ကွေ့ခဲ့ရဖူးပါသည်။ အိမ်ထောင်ကျစအချိန်တွင်၊ မြို့နယ် စည်ပင်သာယာရေးရုံးတွင် ဝင်ရောက်လုပ်ကိုင်သည်။ ထိုအလုပ်ကို တနှစ်ခန့်လုပ်ပြီးချိန်တွင် ဆက်မလုပ်လိုတော့၍ မြန်မာ့ မီးရထားဝန်ထမ်းဘဝကို၊ ပေါ်တာဘဝဖြင့်စရသည်။ မြန်မာ့မီးရထား (မြို့ပြ) အင်ဂျင်နီယာဌာနတွင် အငယ်တန်းအင် ဂျင်နီယာဖြစ်လာသောအခါ ထိုအလုပ်ကို ဆက်မလုပ်လိုတော့။ နှစ်သီးစားအရာရှိများ၏ မြင်းအလုပ် မြင်းမလုပ်၊ ခွေးအလုပ် ခွေးမလုပ်သော စရိုက်ဆိုးများကို ရွံမုန်းလာသည်။ ၎င်းအပြင် ကျောင်းနေအရွယ်ရောက်လာပြီဖြစ်သည့် သမီးလေး၏ ပညာ ရေးအတွက် တွေးတောလာရသည်။ ဒီဂရီအတော်ကြီးမားသည့် ကွေ့တကွေ့ကို ထပ်မံ၍ ကွေ့လိုက်ရပြန်သည်။ အစိုးရဝန် ထမ်းဘဝမှ ထွက်လိုက်သည်။ ထိုကွေ့များသည် ရှေ့တွင်ရင်ဆိုင်ရမည် အတားအဆီးအခက်အခဲများကို ကြိုတင်တွေးမိ၍ ကိုယ်တိုင် ကွေ့ခဲ့သော ကွေ့များဖြစ်သည်။
မြန်မာ့မီးရထားတွင် အလုပ်စဝင်သောအချိန်တွင် ကျွန်တော့်အား တာဝန်ကျရုံပိုင်မှ စက်ခေါင်းမောင်းထံသို့ "လမ်းရှင်းစာရွက်"သွား၍ပေးခိုင်းသည်။ ရထားတစင်း၊ ဘူတာတခုမှ နောက်ဘူတာတခုသို့ ခရီးဆက်သွားနိုင်ရန်အတွက် လမ်းရှင်းစာရွက်ပါ လျှင် ပြီးပြည့်စုံပြီဟု ထိုစဉ်ကထင်ခဲ့မိသည်။ မကြာမီအချိန်မှာပင် ကျွန်တော့်အထင်မှားယွင်းကြောင်း သိလာရသည်။ ရထား တစင်းသည် လမ်းရှင်းလက်မှတ်ပါစေကာမူ နောက်ဘူတာသို့ ချောမောစွာမရောက်နိုင်သော အကြောင်းတရားများစွာ ရှိနေ ပါသေးသည်။
ရထားကြီးတစင်းကို သံလမ်းနှစ်လမ်းကထမ်းပိုး၍ တဘူတာပြီးတဘူတာ ဖြတ်သန်းစေပြီး လိုရာခရီးပန်းတိုင်သို့ ပို့ဆောင်ပေး ရပါသည်။ ထိုသို့ပို့ဆောင်ပေးရာတွင် သံလမ်းနှစ်လမ်းတွင် ဖွဲ့စည်းထားသော၊ ဇလီဖားတုံးများ၊ သံလမ်းတလမ်းနှင့် တလမ်း ဆက်ထားသော ဂျွိုင်းပတ္တာများနှင့် လမ်းခင်းကျောက်များ ပြည့်စုံကောင်းမွန်ရပါသည်။ ထိုကဲ့သို့ ပြည့်စုံကောင်းမွန်နေရုံမျှနှင့် လိုရာခရီးကို ရောက်နိုင်မည်လား၊ ဆိုပြန်တော့လည်း မရောက်နိုင်သေးပါ။
လမ်းခရီးဖြတ်သန်းမှုတွင် ထိုသံလမ်းနှစ်ခုအပေးအယူမျှပြီး ဟန်ချက်ညီရန်မှာ အရေးအကြီးဆုံးပင် ဖြစ်ပါသည်။
ကျွန်တော်တို့လင်မယားနှစ်ယောက်သည်၊ တယောက်ကိုတယောက် ချစ်ကြိုက်၍သာ အတူတကွ လက်တွဲပေါင်းဖော်ခဲ့ကြ သည်။ စရိုက်ချင်းကတော့ တူလှသည်မဟုတ်။ ကျွန်တော်က ဒေါသကြီးသည်။ ပေါက်ကွဲလွယ်သည်။ ရှူးရှူးဒိုင်းဒိုင်းနှင့် ခွေးဆိုးတကောင်လို ထင်ရာမြင်ရာ လုပ်တတ်သည်။ သူကျတော့ သိမ်မွေ့နူးညံ့သည်။ အရာရာကို မျိုသိပ်ထားနိုင်သည်။ မည်သည့်ကိစ္စကိုမဆို ဆင်ဆင်ခြင်ခြင် လုပ်လေ့ရှိသည်။
ကျွန်တော်တို့ လင်မယားနှစ်ယောက်သည် သမီးလေးကို ထမ်းပိုးချီမ၍ ဘဝခရီးလမ်းကို ဖြတ်သန်းရာတွင် ကွေ့များစွာကွေ့ ခဲ့ရသည်။ ထို့အတူ သံလမ်းနှစ်လမ်းသည်လည်း ရထားကြီးကိုထမ်းပိုး၍ သူ၏ခရီးလမ်းကို ဖြတ်သန်းရာတွင် ပန်းတိုင်မရောက် မီ လမ်းခုလတ်တွင် ကွေ့များစွာ ကွေ့ရပေသည်။
စည်ပင်ဝန်ထမ်းဘဝမှ မီးရထားဝန်ထမ်းဘဝကို ချိုးကွေ့သည့်အကွေ့ကလေး။ မီးရထားဝန်ထမ်းဘဝမှ အလုပ်ထွက်ပြီး အပြင်လုပ်ငန်းလုပ်ကိုင်သည့် အကွေ့ကြီး။ နေ့စဉ်လူနေမှုဘဝထဲတွင် ဖြတ်သန်းရင်းကွေ့နေရသော အကွေ့ပြေပြေကလေး များ။
ရထားတစ်စင်းအတွက် ကွေ့တခုပေါ်တွင် ဖြတ်သန်းနေရစဉ် အချိန်ကာလသည် အရေးအကြီးဆုံးဖြစ်သည်။ ရထားလမ်း သည် အဖြောင့်ကြီးသာ ရှိနေသည်မဟုတ်။ လက်ဝဲဘက်သို့ ကွေ့မည်။ လက်ယာဘက်သို့ ကွေ့မည်။ ရှေ့တွင်ရှိသော အတားအဆီးများပေါ်မူတည်၍ ကွေ့နေမည် သာဖြစ်သည်။ ထိုအခါတွင် ကွေ့၏ အပြင်သံလမ်းကို အတွင်ဘက်သံလမ်းထက် ပို၍ အနည်းငယ် စောင်းမြှင့်ပေးထားရပါသည်။ သံလမ်းအင်ဂျင်နီယာဘာသာရပ်တွင် (super elevation ) ဟုခေါ်သည်။ ထိုအခါမှသာ ရထားတွဲများ ကွေ့ပေါ်တွင် လမ်းမချော်မည်။ လက်ယာကွေ့၊ လက်ဝဲကွေ့များ ရှိသဖြင့် ကွေ့တိုင်းတွင် သံလမ်း နှစ်လမ်းသည်လည်း တလှည့်စီ အနည်းငယ်မြင့်နေကြမည် ဖြစ်သည်။
ကျွန်တော်တို့လင်မယားသည်လည်း ဘဝခရီး၏ကွေ့တိုင်း၊ ကွေ့တိုင်းတွင် ထိုဖြစ်စဉ်ကို နမူနာယူခဲ့ကြပါသည်။ ကိုယ်ထမ်းပိုး/ချီမလာသည့် တာဝန်ဝတ္တရားတခုကို ပန်းတိုင်သို့ပို့ပေးနိုင်ရန် အတွက်သာ စေတနာအရင်းခံခဲ့ကြသည်။ လင်နှင့်မယားနှစ် ယောက်တွင် သူကျွမ်းကျင်သည့်ကဏ္ဍ ရှိသလို၊ ကိုယ်ကျွမ်းကျင်သည့်ကဏ္ဍလည်း ရှိပါသည်။ သူကရှေ့တန်းရောက်နေပြီး ငါကျတော့ နောက်တန်းရောက်နေသည်ဟူသော စိတ်မျိုးကို နှစ်ဦးစလုံး ပယ်သတ်ရပါသည်။ သို့မှသာ သမီးလေးကိုပို့ပေး ချင်သောပန်းတိုင်ရောက်အောင် ပို့ပေးနိုင်မည်ဟူသော စိတ်စေတနာကို နှစ်ယောက်စလုံး မွေးမြူခဲ့ကြပါသည်။ ထစ်ခနဲဆို လျှင် ရှူးရှူးဒိုင်းဒိုင်းနှင့် ခွေးဆိုးတကောင်လိုကိုက်တတ်သော ကျွန်တော့် စိတ်ကြမ်း ကိုယ်ကြမ်းကိုလည်း ခဝါချခဲ့ရပါသည်။
လောက၌မည်သည့်လမ်းခရီးတွင်မဆို သဘာဝတရား အတားအဆီး၊ အသဘာဝအတားအဆီးရှိနေတတ်ပါသည်။ ထိုအခါ မျိုးတွင် တွန်းတိုက်၍ထိုးဖောက်ထွက်ရန်မလွယ်ကူသည့် အတားအဆီးမျိုးဖြစ်နေပါလျှင် ညင်သာစွာ ကွေ့သွားနိုင်ရန်တော့ လိုအပ်ပါသည်။ ထိုအခါမှသာ လိုရာပန်းတိုင်ကို ရောက်နိုင်မည်ဖြစ်သည်။
မီးရထားသံလမ်းဖြစ်နေလျှင် ကွေ့၏အပြင်ဘက်သံလမ်းက အတွင်းဘက်သံလမ်းထက် အနည်းငယ်မြှင့်နေမည်။ နိမ့်နေ သော အတွင်းဘက်သံလမ်းကလည်း ငြူစူစရာမလိုအပ်ပါ။ စိတ်ကောင်းစေတနာကောင်းနှင့် မီးရထားကြီးကို လိုရာခရီးသို့ ပို့ဆောင်ပေးနေသည်ဟု သဘောထား ကြီးလိုက်ရုံသာ။ နောက်ကွေ့တခုတွင်သူက အမြင့်သို့ ပြန်ရောက်ပေးဦးမည်။
ကျွန်တော်တို့လင်မယားနှစ်ယောက်ကတော့ သမီးလေးကို လိုရာပန်းတိုင်သို့ရောက်ရန်အတွက် ကွေ့တခုပေါ်တွင် ခင်း ကျင်းထားသော သံလမ်းနှစ်ခုနှယ် ကျင့်သုံးနေထိုင်ခဲ့ကြပါသည်။
မြန်မာ့ငြိမ်းချမ်းရေး ရထားကြီးကတော့ သဘာဝအတားအဆီး၊ အ,သဘာဝအတားအဆီး များနှင့်ရင်ဆိုင်နေရသဖြင့် လိုရာ ပန်း တိုင်မရောက်နိုင်သေး။
အတွေးများကို လှစ်ခနဲအဖြတ်တွင်၊ စာရေးစားပွဲမှမြင်ရသောကွေ့လေးဆီ ဖျတ်ခနဲ အကြည့် ပြန်ရောက်သည်။ လူတိုင်းကို ဒုက္ခပေးနေသော ကွေ့လေးကို တတ်စွမ်းသမျှအားဖြင့် ပြင်ဆင်ရန်ကြိုးစား ကြည့်ဦးမည်။
မည်သူမဆို အယုတ်အလတ်အမြတ်မရွေး ကွေ့လေးမှာ သွားလမ်းသာလို့ လာလမ်းဖြောင့်စေချင်ပါသည်။
ကျော်ကျော် (မြရည်စမ်း)
၂၂-၉-၂ဝ၁၆