လင်းသက်ငြိမ် ● ခပ်နုနုကဗျာ
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၆
စကားလုံးလေးနဲ့ပစ်ပေါက်လိုက်ရုံနဲ့ ကျကွဲရတဲ့ကောင်ပါ
အယူသီးသူအိမ်ရှေ့အသုဘကားဖြတ်မောင်းသွားသလို
အရာရာကို အထိတ်ထိတ်အလန့်လန့်
တိမ်တွေကို အကြာကြီးငေးပြီး ပုံဖော်ထားတဲ့စိတ်ကူးလေး
သူတို့လွင့်သွားလည်း ငါမမေ့သေး
ဒေါသကြီးရင်မောမှာစိုးလို့
အလိုက်သိခဲ့တဲ့ဖုန်းကလေးအကြောင်းမင်းမသိတတ်ရင်နေပါ
အသက်ကိုပုံမှန်ရူပြီး ရေအေးအေးတစ်ခွက်သောက်ဖို့မမေ့ပါနဲ့
မိုးစက်တွေထိရုံနဲ့ကြွေလို့ ခရေတွေကို အပြစ်မဖွဲ့စေချင်ဘူး
အချစ်စိတ်ဆိုတာ သံပုရာသီးစားနေတဲ့လူကိုကြည့်ရသလိုမျိုးပဲ
မင်းလက်ဝါးတွေငါ့မျက်နှာပေါ် ထိုးကျမလာပေမယ့်
မင်းအကြည့်တွေနဲ့မိုင်တွေခြားနေပေမယ့်
မင်းခြိမ်းလိုက်တဲ့အသံမှာ ငါတုန်သွားရ
အသည်းကမာတဲ့နေရာကျ မာလို့ရပေမယ့်
မင်းနဲ့ပတ်သက်ရင် ယုန်သူငယ်ပဲ
ဥသျှစ်သီးကြေရရုံနဲ့ ကမ္ဘာပျက်တယ်လို့ထင်မှတ်တယ်။
လင်းသက်ငြိမ်