ဆောင်းဝင်းလတ် - တော်လှန်တေးသီ ပနီချောင်းမှာ ငါတို့ ပြန်ဆုံကြဦးစို့
(မိုးမခ) ဇူလိုင် ၂၊ ၂၀၁၅
(မိုးမခ) ဇူလိုင် ၂၊ ၂၀၁၅
“ဗမာပြည် ကွန်မြူနစ်ပါတီမှ ဗိုလ်သက်ထွန်း”
ဆိုတဲ့ စကားလုံးတွေနဲ့ တော်လှန်ရေးကောင်စီစစ်အစိုးရခေတ်ကတည်းက ကျွန်တော်တို့တတွေဟာ ပြည်တွင်း ပြည်ပ မီဒီယာတွေကတဆင့် နီးစပ်ခဲ့ကြတယ်။
“ဗိုလ်သက်ထွန်း လှုပ်ရှားခဲ့တဲ့ ရိုးမနယ်မြေကို ကျွန်တော်တို့ ရောက်နေပြီ” လို့ ဂျစ်ကားမောင်းတဲ့ လူငယ်လေးက ပြောပြ နေတယ်။ ဂျစ်ကားပေါ်မှာပါလာတဲ့ ကျွန်တော်ဟာ ညခရီးလမ်းအ တိုင်း လမ်းသင့်ရာ ဟိုငေးဒီငေးနဲ့ ပါလာခဲ့တယ်။ ၂၀၀၁ ခုနှစ်ရဲ့ ဆောင်းလအလယ်မှာ တောခြေတောင်စဉ်တစ်ဝိုက်ဟာ အအေးဓါတ် စူးရှလွန်းလှတယ်။ တစ်ချိန်တုန်းက ဒီတော ဒီတောင် တွေမှာ ပျောက်ကြားစစ်ဆင်ရေး တွေနဲ့အတူ ပြည်တွင်းစစ်မီးလျှံ ပူလောင်ပြင်းပြခဲ့ဖူးတယ်။ တောပန်းတောင်ပန်း ရနံ့တွေကို သွေးညှီနံ့တွေက ဖုံးလွှမ်းခဲ့ဖူးတယ်။ ဂျစ်ကားမီးရောင်ရှေ့မှာ ညဘက်အစာရှာထွက်တဲ့ ယုန်ကလေးတွေရဲ့ မျက် လုံးက တောက်ပနေတယ်။ သူတို့ဟာ ခြုံတွေထဲကို ခုန်ဝင်တိုးဝှေ့သွားကြတာလည်း မြင်လိုက်ရတယ်။ မနက် ဝေလီ ဝေလင်းကြတော့ ဂျစ်ကားလေးဟာ မြင်သာထင်သာရှိလာတဲ့ မြေနီလမ်းကွေ့လမ်းကောက်တွေအတိုင်း ဆက်မောင်းလာ ခဲ့တယ်။ နေထွက်ချိန်ရောက်တော့ တသွင်သွင်စီးဆင်းပြီး စိမ်းမြနေတဲ့ ချောင်းရေပြင်ပေါ်ကို ဖြတ်ထိုးထားတဲ့ တံတားပေါ်က ကျွမ်းကျင်တဲ့ မောင်းနှင်မှုနဲ့အတူ ဂျစ်ကားလေးဟာ ဖြတ်ကျော်လာခဲ့တယ်။ ရောက်ပါပြီ။ တောထဲတောင်ထဲမှာ ခြေတံရှည် အိမ်တွေ၊ ခြံဝင်းကျယ်တွေနဲ့ ရွာကြီးတစ်ရွာ။ ရွာကြီးရဲ့နာမည်က “ကျောက်ထပ်ရွာ” တဲ့။ အဲဒီမှာ ချမ်းချမ်းစီးစီးနဲ့ တစ်ည အိပ်ပြီး နောက်နေ့မနက်ကြတော့ “ ပနီ” ချောင်းဘက် သွားခဲ့ကြတယ်။ တောင်ကျရေက အခုလို ပွင့်လင်းရာသီမှာတောင်း တဟုန်ထိုးစီးနေတာ။ မိုးအခါဆိုရင်တော့ ခန္တာကိုယ်ကြီးမားတဲ့ တချို့တောကောင်ကြီးတွေတောင်မှ မျောပါသွားတတ်တဲ့ ရိုးမရဲ့ချောင်း။ ကမ်းစပ်ဘေးမှာ ကျောက်စိုင် ကျောက်ခက်၊ ကျောက်ခဲ ကျောက်ဆောင်ကြီးတွေက သူ့သဘာဝနဲ့သူ နေရာ ယူထားကြတယ်။
“ကျွန်တော်တို့အရပ်မှာ အခေါ်အဝေါ် အသုံးအနှုန်းတွေက ဆရားဆောင်းတို့ ရန်ကုန်ဘက်နဲ့ မတူဘူးခင်ဗျ” လို့ ကျေးရွာ လူငယ်လေးက ပြေပြတယ်။
ဥပမာအားဖြင့် ကိစ္စရှိတယ်ဆိုပါတော့။ ဆရာဆောင်းတို့ဘက်မှာဆိုရင် အကြောင်းကိစ္စရှိတာ၊ အလုပ်ကိစ္စရှိတာကို ပြော ကြတာ မဟုက်လား။ ကျွန်တော်တို့ ပနီချောင်းတစ်ဝိုက်မှာတော့ ကိစ္စရှိတယ်ဆိုတာ အိမ်တစ်အိမ်၊ တဲတစ်တဲ၊ မိသားစုတစ်စု နာရေးဖြစ်တာကို ပြောတာ။ စကားလုံးအနှုန်းချင်း ကွာခြားပါတယ်။ ပြီးတော့ နာရေးကိစ္စအတွက် ရပ်ထဲရွာထဲမှာ ကူညီ ဆောင်ရွက်ပေးတာကို “ပျဉ်ကိုင်” တယ်လို့ ခေါ်ပါတယ်။
ကျေးရွာလူငယ်ဟာ ခေတ်ပညာတတ်တစ်ယောက်ပါပဲ။ သူတို့ဆီမှာ ဆရာတော်ဦးစီးပြီး စာကြည့်တိုက်ဖွင့်ထားတော့ ဝေး လံသီခေါင်လှပေမယ့် စာပေနဲ့တော့ မစိမ်းကြတဲ့ ရွာသူရွာသားတွေပါ။
အဲဒီ ရွာသူရွာသားတွေဟာ စစ်ဘေးစစ်ဒဏ်ကိုလည်း အတွေ့အကြုံရှိပြီးသား။ ကဗျာဆရာ မောင်သွေးသစ်၊ ကဗျာဆရာ အောင်ဝေးနဲ့ ကျွန်တော်တို့ရဲ့ “စစ်ဆန့်ကျင်ရေး” စာပေဟောပြောပွဲ စကားလုံးတွေထဲမှာ၊ ကဗျာရွတ်ဆိုသံတွေထဲမှာ ရွာသူ ရွာသားတွေဟာ တဝုန်းဝုန်းတဝေါတဝေါစီးဆင်းနေတဲ့ ပနီချောင်းရဲ့ လှိုင်းလုံးကြီးတွေလိုပဲ စိတ်အာရုံ အုံကြွလှိုင်းထနေလေ မလားပဲ။ ကျွန်တော်တို့ဟာ ညရေးညတာ ရွာလယ်လမ်းလေးအတိုင်း လမ်းလျှောက်တာတောင်မှ လက်နှိပ်ဓာက်မီးကို မပြတ်ထိုးထားရတက်တယ်။ နေ့လယ်မှာ ပူပြင်းလို့ တွင်းအောင်းနေခဲ့ကြတဲ့ အဆိပ်ရှိသတ္တဝါတွေဟာ ညအခါ ဆောင်း အအေးဓါတ်ရတော့ တွင်းထဲမှာ အပူပျံလို့ မနေနိုင်တာနဲ့ အပြင်ထွက်လာပြီး ဖုတ်လူးတက်ကြလို့ပါ။
စစ်အစိုးရတွေရဲ့ ကျန်းမာရေးဝန်ဆောင်မှု၊ လူထုအပေါ်မှာ တာဝန်မကျေ ပေါ့တီးပေါ့ဆလုပ်နေကြသေးတဲ့ ကာလဆိုးကြီးမှာ ပိုးထိလို့မှ အဆိပ်ဖြေဆေးမရှိကြလို့ ဆရာဝန်ဝေး၊ ဆေးရုံဝေးနဲ့ ဘဝများစွာ ပေးဆပ် နေကြရရှာတဲ့ ရွာသူရွာသားတွေပါလေ….။
“ ဘယ်သူပြောလဲ တစ်တောလုံးကြွေ”
ဟေ့……
ဘယ်သူပြောလဲ တစ်တောလုံးကြွေ။
တဟုန်းဟုန်းနဲ့
တောဆုံးတောင်ဖျား ၊ မီးတောက်ကြားမှာ
ဖျားနာခဲ့ပြီ ၊ တို့နှင်းဆီ။
အပူစီးကြောင်း
ချောင်းရေဆူပွက် ၊ ညဥ့်နက်နက်ထဲ
တစ်စက်နှစ်စက် ၊ သွေးစက်စက်လေ
အိပ်မက် မီးသင့်ခဲ့သလော………….။
ငါလာခဲ့ပြီ…..
ဤနေရာသို့ ၊ ငါငိုကြွေးရန်
ဒူထောက်တောင်းပန် ၊ အညံ့ခံဖို့ လာခြင်းမဟုက်။
မနက်လင်းရင်
တောနင်းရှာဖွေ ၊ တစ်နေရာ၌
ငါပွေ့ပိုက်မည်
တိုက်ပွဲထဲက နှင်းဆီလေ…….။
ငါယုံကြည်သည်
နှင်းဆီတစ်ပင် ၊ မီးလောင်ပြင်က
ရှင်သန်ထမြောက် ၊ ငှက်တေးကောက်ချိန်
တောက်ပစေဖူး ၊ တို့ခေတ်ဦးကို
ကူးလူးနီမြန်း လွမ်းပေလိမ့်။
တို့လွမ်းသဖြင့်
အပွင့်ကြွေစေ ၊ မသေအမြစ်
ချစ်နေသေးသည် ၊ မည်သို့ပင်ဖြစ်စေ
ကဲ………
ဘယ်သူပြောလဲ
တစ်တောလုံးကြွေ……။
ကဗျာဆရာ အောင်ဝေးက ပနီချောင်းနဘေးမှာထိုင်ရင်း သူ့ကဗျာလေးကို သူကိုယ်တိုင်ပင် ဖွဖွရှရှ ရွတ်ဆိုပြနေသလို။ ကဗျာဆရာ မောင်သွေးသစ်ကလည်း ဟိုး… မြန်မာပြည် မြောက်ဖျားဒေသဆီမှ…. စစ်အာဏာရှင် ဖိနပ်တွေအောက်က ဘဝကို နေ့စဉ်နဲ့အမျှ ပေးဆပ်နေကြရတဲ့ “မချမ်းတောသူမ” တွေအကြောင်းကို ရင်တဖိုဖို သတိရလွမ်းဆွတ် မှိုင်းဝေနေ လေသလား။
ပနီချောင်းနဲ့ မနီးမဝေး ကျောက်ထပ်ရွာကလေးဆီက ပြန်လာကြပြီးတဲ့နောက် သိပ်မကြာလှခင်မှာပဲ ရန်ကုန်- ပြည် ညရထား တွဲတစ်တွဲမှာ ကိုအောင်ဝေးရယ်၊ ကာတွန်း ကိုဝင်းအောင်ရယ်၊ ကျွန်တော်ရယ် ငလျင်ဂယက် မငြိမ်သက်တဲ့လမ်းပေါ်က အိမ်ပျက်ကြီးတစ်ခုနဲ့တူတဲ့ ရထားကြီးခေါ်ဆောင်ရာ လိုက်ပါခဲ့ကြရပြန်တယ်။ ခရီးထွက်လာတဲ့သူ ၃ ယောက်မှာ သူက ပုသိမ်ထောင်တုန်းကအကြောင်း၊ နောက်တစ်ယောက်က မန္တလေး ထောင်တုန်းကကြောင်း၊ ကိုယ်က အင်းစိန်ထောင်တုန်းက အကြောင်းတွေပြောရင်း ကာတွန်း ကိုဝင်းအောင်နဲ့ ကျွန်တော် တနင်္သာရီကမ်းမြောင်ဒေသကို သွားတုန်းက ကြုံခဲ့ရဘူးတဲ့ ကျောင်းထိုင်ဆရာတော်တစ်ပါးအကြောင်းလည်း ပြန်ပြောင်းစကားးစမိကြပါသေးတယ်။ အဲဒီတုန်းက အဲဒီဒေသရဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ယောက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာဝန်ဒေါက်တာ သန်းဝင်းက မိတ်ဆက် ပေးလို့ ဆရာတော်နဲ့ ကျွန်တော်တို့ တွေ့ဆုံခဲ့ကြရတာပါ။ ဆရာတော်က ၈၈ ဒီမိုကရေစီ အရေးအခင်းပြီးခါစက “မြိတ်” ထောင်ထဲမှာ နေခဲ့ရဘူးတယ်တဲ့။ မန္တလေးထောင်ထဲမှာတုန်းက ကိုဝင်းအောင်ရဲ့လက်မောင်းမှာ ထိုးခဲ့ဘူးတဲ့ ခွပ်ဒေါင်းရုပ် လိုမျိုးပဲ။ မြိတ် အကျဉ်းထောင်ထဲမှာတုန်းက ဆရာတော်က သူ့ညာလက်မောင်းမှာ ဆေးရောင်ထင် စေခဲ့တယ့် ခွပ်ဒေါင်းရုပ် ဟာ ထပ်တူထပ်မျှ တူနေပါတယ်။ နေရာဒေသ အကွာအဝေးချင်းသာ မတူကြပေမယ့် တော်လှန်ရေးစိတ်ထားချင်း တူနေကြ တာ သူတို့ရဲ့ လက်မောင်းတွေပေါ်က ခွပ်ဒေါင်းရုပ်တွေက သာဓကပါ။ အဲဒီအကြောင်းကို ကိုအောင်ဝေးကို ပြည်ရထားကြီး ပေါ်မှာ ပုတီးကုန်းဘူတာမဝင်ခင် ကိုဝင်းအောင်နဲ့ကျွန်တော်က ပြောပြခဲ့ဘူးတယ်။ ပုတီးကုန်းရဲ့ ညတွေမှာလည်း ညီအစ်ကို သုံးယောက် အတူအိပ်၊ အတူသွား၊ အတူစားနဲ့ အမှတ်တရ။ ကိုဝင်းအောင်ရဲ့ ကာတွန်းရေးချက်တွေကိုငေးကြည့်ရင် ပုတီး ကုန်းစာပေညရဲ့ ပရိတ်သက်က ဝေမျှခံစားခဲ့ကြ၊ အံကိုက်ခဲ့ကြ၊ လက်သီးဆုပ်ခဲ့ကြ။
ကာတွန်းရုပ်ပုံ တစ်ပုံထဲမှာတော့…… ခြံဝန်းကျယ်ကြီးတစ်ခုထဲမှာ နန်းတော်တမျှ ကြီးကျယ်ခမ်းနားလှ တဲ့ တိုက်အိမ်းကြီး တစ်လုံးက ရှိနေလေရဲ့။ ခိုင်ခန့်ထည်ဝါလှတဲ့ အုက်တံတိုင်းကြီးနဲ့ ခြံဝန်းတံခါးကြီးကိုလည်း လုံလုံခြုံခြုံ ပိတ်လို့ပါလာ။ အပြင်ဘက်လမ်းဘေးတစ်နေရာမှာတော့ ဆင်းရဲသား လူမွဲနှစ်ယောက်ကရပ်ပြီး တိုက်အိမ်ကြီးနဲ့ ခြံဝန်းကျယ်ကြီးကို ငေးကြည့်နေကြတယ်။ ဆင်းရဲသားတစ်ယောက်က ပြောတယ်။ ကာတွန်းရုပ်ပုံထဲမှာ ဆင်းရဲသားတစ်ယောက်က သူ့ဘေးက ဆင်းရဲသားတစ်ယောက်ကိုပြောတဲ့ စကားလုံးလေးတွေက စိတ်ထိခိုက် နာကျင်စရာပါ။
“အစက ငါ့ဘကြီးပိုင်တဲ့ လယ်မြေပေါ့…..
တပ်ကသိမ်းပြီး… ခရိုနီတွေကို ရောင်းလိုက်တာ
ခရိုနီက လူမျိုးခြားကို ပြန်ရောင်းတယ်…
ဘကြီးကတော့ ဆန္ဒဖော်ထုတ်လို့…..
ထောင်ထဲမှာ…..” တဲ့။
နောက်ထပ် ကာတွန်းပုံတစ်ပုံကိုလည်း ကိုဝင်းအောင် ရေးဆွဲပြလိုက်တာကတော့ ပိုပြီး ရင်နင့်ကြေကွဲစရာကြီးပါ။ အသံမပါ တဲ့ အသံမဲ့ကာတွန်းပါ။ ပုဆိုးခါးတောင်းကျိုက်ထားပြီး ခြေထောက်မှာလည်း ဘီလူးသရဲလို အမွှေးအမျှင်တွေပေါက်နေတဲ့ လူတစ်ယောက်က သူ့ရဲ့ ပေါင်နှစ်ဖက်လုံးမှာ ဆေးမင်ကြောင်ရုပ်ထိုးထားတယ်။ သူထိုးထားတဲ့ ဆေးမင်ကြောင်ရုပ်တွေဟာ ခြင်္သေ့ရုပ်တွေပါ။ အဲဒီလူရဲ့ရှေ့ မြေကြီးပေါ်မှာ လည်ရှည်ဖိနပ်တစ်ဖက် ရှိနေတယ်။ ဖိနပ်သဲကြိုးကိုလည်း ကြိုးမချည်ရသေး ဘူး။ အဲဒီလူက ကြိုးမချည်ရသေးတဲ့ လည်ရှည်ဖိနပ်ကြီးထဲကို ဇွတ်အတင်းဖိပြီး သွင်းနေတာက ဘာလဲသိလား။ မြန်မာပြည် မြေပုံလေ…….။
အင်း… ဒီညီအစ်ကို၊ ဒီသူငယ်ချင်း၊ ဒီရဲဘော်တွေနဲ့အတူ ဘယ်နေရာရောက်ရောက်၊ ဘယ်ရောပေါက် ပေါက် ခရီးတစ် ခေါက်မက အခေါက်ရေများစွာ အတူတူ သွားချင်နေမိတော့တယ်။ အခု ၂၀၁၅ ရဲ့ တစ်နေ့ဆီက ပေါ့။ မှတ်မှတ်ရရပါပဲ။ ကိုဝင်းအောင်နဲ့ ကိုအောင်ဝေး နှစ်ယောက်တွဲပြီး “ကဗျာနဲ့ ကာတွန်း” စုစည်းတင်ဆက်မှုကို “ကက်ကင်း” စာအုပ်လေးတစ်အုပ် ဖန်တီးကြလို့ “ဆန်းစသော်တာ” စာအုပ်တိုက်ကဖတ်တာနဲ့ ကျွန်တော် ရောက်သွားလိုက်သေးတယ်။ “ကက်ကင်း” စာအုပ် ထဲမှာပါတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကဗျာ ‘၅’ ပုဒ်နဲ့ ကိုဝင်းအောင်ရဲ့ အပုဒ် ‘၂၀’ ဟာ သမိုင်းဝင် အနုပညာတွေပဲ ဖြစ်တယ်။ ။
ဆောင်းဝင်းလတ်
သရုပ်ဖော်ပန်းချီသည် Gabriel Eklou ၏ Dream land ဖြစ်သည်။