မောင်မောင်စိုး ● လွမ်းရစ်ဝေသောနေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၄၄)
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂ဝ၁၆
(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂ဝ၁၆
● စစ်ခုံရုံး
အဖမ်းဆီးခံရသော သပိတ်မှောက်ကျောင်းသားတို့အတွက် စစ်ခုံရုံးများဖွဲ့စည်း၍ တရားစီရင်သည်။ တရားမျှတခြင်းဆို သည်မှာ ဗိုလ်နေဝင်း၏စစ်အာဏာရှင်စနစ်အောက်တွင် မူး၍ပင် ရှူစရာမရှိခဲ့ဟု ဆိုရပေမည်။ သပိတ်မှောက်ကျောင်းသား များကို သာမန်တရားရုံးများတွင် တရားမစီရင်ရဲလောက်သည့် ဗိုလ်နေဝင်းရွံစရာလုပ်ရပ်ဟု ဆိုရပါမည်။ စစ်အာဏာရှင်စနစ် ကို ပီပီပြင်ပြင်ဖေါ်ပြခြင်းလည်းဖြစ်သည်။ ဒီမိုကရေစီဆိတ်သုဉ်းခြင်းကိုလည်း ဖေါ်ပြခြင်းဖြစ်သည်။
ရွှေတိဂုံရင်ပြင်ပေါ်မှ အဖမ်းဆီးခံရသည့်အထဲမှ အသက်ငယ်သောအထက်တန်းကျောင်းက ကလေးများနှင့် သတင်းပေး ၁ဝ ယောက်ခန့်ကိုပြန်လွှတ်ပြီး ၂ဝ၃ ယောက်အား စစ်ခုံရုံးတင် ထောင်ဒဏ်များချမှတ်သည်။ ထို့ပြင် နောက်ထပ် တလ အတွင်း အိမ်များသို့လိုက်လံ၍ ကျောင်းသား ၅ဝ ခန့် ဖမ်းဆီလိုက်သေးသည်။ စစ်ခုံရုံးများမှ ကြမ်းခင်းဈေး ၄ နှစ်မှ ၉ နှစ်အထိ ထောင်ချလိုက်သည်။
ရွှေပြည်တန်စာအုပ်တိုက်မှ ထုတ်ဝေသော "၇၄-၇၅-၇၆ မဆလ အာဏာရှင်ဆန့်ကျင်ရေး အံတုလှုပ်ရှားမှုများ"စာအုပ်ပါ မှတ်တမ်းများအရထောင်ဒဏ် ၉ နှစ်ကျ ခံသူ ၈ ဦး၊ ထောင်ဒဏ် ၈ နှစ်ကျ ခံသူ ၆ ဦး၊ ထောင်ဒဏ် ၇ နှစ်ကျခံရသူ ၁၈ ဦး၊ ထောင်ဒဏ် ၆ နှစ်ကျခံရသူ ၃၁ ဦး၊ ထောင်ဒဏ် ၄ နှစ်နှင့် ၅ နှစ် ကျခံရသူ ၁၄၁ ဦး၊ စုစုပေါင်း ၂ဝ၄ ဦး ဖြစ်သည်။ ထိုသူ တို့သည် ၁၉၇၄ ဒီဇင်ဘာ အရေးတော်ပုံကာလက ဖမ်းဆီးထောင်ချခံရသူ သံဃာ ၆ ပါး၊ ကျောင်းသားအများစုပါသည့် လူ ပုဂ္ဂို လ် ၄၆ ဦး၊ စုစုပေါင်း ၅၂ ဦးနှင့်ပေါင်းကာ အင်းစိန်ထောင်အတွင်း ထောင်းနန်းစံခဲ့ရပေတော့သည်။
မိမိသိသလောက်လူများကို ပြောရလျင် ၇၅ ဇွန် ၆ သပိတ်တွင် သပိတ်ကာလအတွင်း ကြေညာချက်များ ပလူပြန်အောင် ထုတ်ဝေခဲ့ကြသည့် စက်အဖွဲ့က တက်ကြွစွာပါခဲ့သူ ကိုဦးလှစော ကိုမြင့်အောင်ကြည် ကိုစံနုတို့သည်ထောင် ၉ နှစ်ကျ သည်။ အီကိုတွင် တရားစဟောခဲ့သည့် ကိုကျော်အောင်လည်း ၉ နှစ်ကျသည်။ ကိုဟန်ရှင်ဝင်း (RASU) က ၈ နှစ်ကျသည်။ ကိုဗဟိန်းအောင် (ဆရာဗန်းမော်တင်အောင်သား)၊ ပလောင်တင်အောင် (ယခင် PLSO အတွင်းရေးမှူး ကျောက်မဲငြိမ်းချမ်း ကုန်းမှ ပလောင်ဦးကျော်ရင်၏ညီ)၊ နာဂထွန်းကြည် (ခန္တီး)၊ ကိုအောင်တင်သိန်းခေါ် ပြာလောင် (RASU)၊ စက်အဖွဲ့က ကိုစိုး ဝင်း ( Eco) တို့က ထောင် ၇ နှစ်စီကျသည့်အထဲတွင် ပါသည်။
အီကိုမှ နန်းခင်ထွေးမြင့် (ယခု ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် NLDကရင်ပြည်နယ် ဥက္ကဌ) နန်းရွက်နု နန်းလှသိန်းနှင့် ပညာ ရေးတက္ကသိုလ်မှ ကိုဇော်မင်း (ယခု အုတ်ဖိုမြို့ နယ်ပြည်သူ့လွှတ်တော်အမတ် NLD) တို့က ထောင် ၆ နှစ်စီကျသည့်အထဲ တွင် ပါဝင်သည်။
ဆေးတက္ကသိုလ် ၁ 71 batch မှ ကိုအေးအောင် (ခွန်ဂါမဏိ)၊ ကိုခင်မော်နှင့် နောက်တဦး နေရီဗဆွေနှင့် ဘေဘီကြည်ဝင်းတို့ ညီအမများ စသည်သူများက ထောင် ၄ နှစ် ၅ နှစ် အသီးသီးကျခံရသည်။
ယခင်ဦးသန့်အရေးတော်ပုံကာလက ကျခံနေရသူများတွင် စလှငွေ (KNU)၊ ကိုတိတ် (မဲတော်ဆေးခန်း၌ကွယ်လွန်) ကိုတင် စိုး (ရခိုင်) တို့က ထောင် ၇ နှစ်စီကျသည်။ စိုင်းသိုက်နန်းခေါ် ရဲဘော်ကိုတိုး (နောင် CPB) က ၆ နှစ်ကျသည်။ အခြား သူများကတော့ မိမိမသိသူများဖြစ်သည်။
ရွှေတိဂုံရင်ပြင်ပေါ်တွင် ပါမသွားဘဲ အိမ်လိုက်၍ အဖမ်းခံရသူများကတော့ မိမိတို့ ဆေး ၂ မှ ကျောင်းသားများဖြစ်ချေတော့သည်။
● ထောင်နန်းစံ ဆေးတက္ကသိုလ် ၂ ကျောင်းသားများ
၁၉၇၅ ဇွန် ၆ သပိတ်အပြီးတွင် တက္ကသိုလ်များ ပြန်မဖွင့်ဘဲ စာမေးပွဲစစ်မည်ဟု ဇူလိုင်လဆန်းတွင် ကြေညာသည်။ စာမေးပွဲ များကို တက္ကသိုလ်များတွင် ဖြေဆိုရမည်မဟုတ်ဘဲ သက်ဆိုင် မြို့နယ် အထက်တန်းကျောင်းများတွင် ဖြေဆိုရမည်ဟုဆိုသည်။ တကယ့် ကမောက်ကမပညာရေးဟုဆိုရပေမည်။ ထိုသို့ကြေညာချက်ထွက်အပြီး စာမေးပွဲအတွက် စာကျက်ရန်ပြင်ဆင်စဲ တွင်နယ်မြို့ အသီးသီးရှိ မိဘအိမ်သို့ ပြန်လည်ရောက်ရှိနေသော ကျောင်းသားများအား လိုက်လံဖမ်းဆီးရာတွင် ဆေး ၂ မှ ၁၉ ယောက်ပါဝင်သည်။
ထိုသို့ဖမ်းလာသော ကျောင်းသား ၁၉ ဦးထဲမှ နောက်ဆုံးနှစ်အပိုင်း (ခ) မှ ဆရာဝန်ဖြစ်ခါနီး ကျောင်းသားကြီးတဦးနှင့် ဆေး ကျောင်းရောက်ခါစ ပထမနှစ်ဆေးမှ ကျောင်းသားငယ်တဦးအား စစ်ထောက်လှမ်းရေးများ ချော့တခါ ခြောက်တလှည့်နှင့် နည်းမျိုးစုံသုံးပြီးသကာလတွင် အဆိုပါကျောင်းသား ၂ ဦးသည် အစိုးရသက်သေများ ဖြစ်သွားပြီး ကျောင်းသား ၁၇ ယောက် ကတော့ စစ်ခုံရုံးတွင် တရားခံများဖြစ်သွားတော့သည်။ ၎င်းတို့မှာ ....
၁။ ကိုအေးမြင့် - မြောင်းမြ နောက်ဆုံးနှစ်အပိုင်း ခ
၂။ ကိုသိန်းလွင် (အာနီ)- ပဲခူး နောက်ဆုံးနှစ်အပိုင်း ခ
၃။ ကိုဝင်းလွင် - ပုလော နောက်ဆုံးနှစ်အပိုင်း ခ
၎။ ကိုအောင်နိုင်- မော်လမြိုင် နောက်ဆုံးနှစ် အပိုင်း က
၅။ ကိုအေးကြည် - မော်လမြိုင် တတိယနှစ် ဆေး
၆။ ကိုအောင်ထိုက်- မြို့လှ တတိယနှစ်ဆေး
၇။ ကိုအောင်ဇင်- မြောင်းမြ တတိယနှစ်ဆေး
၈။ ကိုမြင့်စိုး - ခရမ်း တတိယနှစ်ဆေး
၉။ ကိုမြင့်သိန်း- ထားဝယ် တတိယနှစ်ဆေး
၁ဝ။ ကိုဇော်ဝင်း (ဖိုးဇော်)- ကြံ့ခင်း တတိယနှစ်ဆေး
၁၁။ ကိုသန်းထွဋ်- ဟင်္သာတ တတိယနှစ်ဆေး
၁၂။ ကိုတင်လှ- ပုသိမ် တတိယနှစ်ဆေး
၁၃။ ကိုသိန်းထွန်း (သတ္တိ) - တောင်ငူ တတိယနှစ်ဆေး
၁၄။ ကိုသက်ဝင်းအောင် - အင်းစိန် တတိယနှစ်ဆေး
၁၅။ ကိုစိုးအောင် - ဟင်္သာတ ဒုတိယနှစ်ဆေး အကြီးတန်း
၁၆။ ကိုတင်မြင့် - ပေါင်းတည် ဒုတိယနှစ်ဆေး အကြီးတန်း
၁၇။ ကိုထွန်းသန်း - မော်လမြို င် ဒုတိယနှစ်ဆေး အငယ်တန်းတို့ ဖြစ်ကြပါသည်။
စစ်ခုံရုံးတင်တော့ သက်သေလိုသည်။ သက်သေထဲတွင် ဖေါ်ပြပါကျောင်းသား ၂ ယောက်သာမက ဆရာများလည်း ပါသည်။ ပါဝင်သည့်ဆရာများကတော့ မီးယပ်နှင့်သားဖွားက ဒေါက်တာရွှေတင် ခန္ဓာဗေဒဌာနမှ ဒေါက်တာခင်မြင့်မောင် ရောဂါဗေဒ ဌာနမှ ဒေါက်တာဦးလှသိန်း ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာနမှ ဒေါက်တာသာလှရွှေနှင့် စားဖိုဆောင်က စားဖိုမှူး ကို ငွေတို့ပါဝင်ကြသည်။
သက်သေဖြစ်သွားသော ကျောင်းသား ၂ ယောက်က စွဲချက်တင်ခံရသောကျောင်းသား ၁၇ ယောက်အား မှန်ကန်ကြောင်း သက်သေခံသည်။ စာဖိုမှူးကိုငွေကလည်း အစိုးရဝန်ထမ်းဖြစ်၍ နီးရာဓါးကြောက်ရသည့်အားလျော်စွာ အနှီကျောင်းသား ထိုကျောင်းသားများ ပါဝင်ကြောင်းသက်သေထွက်ရရှာသည်။
ထို့ပြင် ဆရာတို့ကို သက်သေထွက်ခိုင်းတော့ ဒေါက်တာရွှေတင် ဒေါက်တာလှသိန်း ဒေါက်တာခင်မြင့်မောင်တို့က ကျောင်း သားအများကြီးထဲတွင် ယခုရုံးတင်ထားသော ကျောင်းသား ၁၇ ယောက်ကို ရွေး၍ မမှတ်မိကြောင်း အဆိုပါကျောင်းသား ၁၇ ယောက် အရေးအခင်းတွင် ပါဝင်သည်မပါဝင်သည်ကို ၎င်းတို့မသိရှိကြောင်း ထွက်ဆိုသွားကြပါသည်။ ဒေါက်တာခင်မြင့် မောင်ဆိုလျှင် "ကျနော်က မျက်စေ့မှုံတယ်ဗျ။ ကောင်းကောင်းမြင်ရတာမဟုတ်ဘူး"ဟုပင် ဆိုသွားလိုက်သေးသည်။ ကျောင်းသားများကို ချစ်ခင်စာနာတတ်သော ဆရာကြီးများဟုဆိုရမည်။ ဒေါက်တာရွှေတင်နှင့် ဒေါက်တာခင်မြင့်မောင်တို့ကား ကွယ်လွန်သွားရှာကြပေပြီ။
ထူးခြားသည်ကတော့ ဒေါက်တာသာလှရွှေဖြစ်သည်။ သူကား ကိုလိုနီခေတ်က အာဏာရှင်လှရွှေဟု ထင်ရှားခဲ့သည့် ကျောင်း သားခေါင်းဆောင်တဦး၏သားဖြစ်သည်။ အဆိုပါဆရာသက်သေထွက်ဆိုရာတွင်တော့ ဟိုကျောင်းသားပါသည်။ ထို ကျောင်းသားပါသည်ဟု လက်ညှိုးထိုး၍ သက်သေထွက်ဆိုသည်ကို အံ့သြစွာတွေ့ရပါသည်။ ဤသို့ရှိခဲ့ဘူးသည်ဟုသာ ဆိုရပေတော့မည်။ သို့သော် ဒေါက်တာမင်းလွင် ရေးသားချက်အရ ၁၉၈၈ အရေးအခင်းအပြီး ထိုင်းနယ်စပ်ထွက်ခွာသွားပြီး ပြန်လည်ရောက်ရှိလာသော ဆေးကျောင်းသား ကိုမင်းလွင်နှင့် ထောင်ကလွတ်လာသော ကိုရန်မျိုးသိမ်းတို့အား ထိုစဉ် ဆေး ၂ ပါမောက္ခချုပ်ဖြစ်နေသော ဒေါက်တာသာလှရွှေက တာဝန်ယူ၍ ပြန်လည်ကျောင်းတက်ခွင့်ပေးခဲ့သည်ဟုဆိုသည်။ ဆရာသည် ၁၉၇၅ ခုနှစ်က နာမည်ပျက်ခဲ့သော သူလုပ်ရပ်အတွက် ပြန်လည် အဖတ်ဆယ်ဟန်တူသည်။ (ဆေး ၁ က ပါချုပ် ကတော့ ၁၉၈၈ အရေးတော်ပုံနှင့် ငြိစွန်းခဲ့သော ကျောင်းသားတို့ကို ကျောင်းပြန်တက်ခွင့်မပြုခဲ့ချေ ။) ယခုတော့ မြန်မာ နိုင်ငံကြက်ခြေနီအသင်း ဥက္ကဌဖြစ်နေသော ထိုဆရာသည် ကိုဖီအာနန်၏ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်တွင်ပါဝင်နေသည်ကို တွေ့ရသည်။ မည်သို့သောအကြံများ သက်သေထွက်ချက်များ ပေးလာမည်ဆိုသည်ကတော့ စိတ်ဝင်စားစရာ ပင်ဖြစ်ပေတော့သည်။ လူ့ဘဝဆိုသည်ကတော့ အကောက်အကွေ့များသည်ကတော့ အမှန်ပင်ဖြစ်သည်။
ထိုနောက် စစ်ခုံရုံးက ဆေး ၂ ကျောင်းသားများအား နှစ်သုတ်ခွဲ၍ စီရင်ချက်များချသည်။ ဘွဲ့နှင်းသဘင်ခန်းမတွင် ဆေး ၂ ကြေညာချက် တက်၍ဖတ်သော ကိုမြင့်သိန်း (ထားဝယ်) အားထောင်ဒဏ် ၈ နှစ် ကျန်ကျောင်းသား ၁၆ ဦးအား ထောင်ဒဏ် ၆ နှစ်စီ ချမှတ်လိုက်ပါသည်။ ထိုသူအားလုံးသည် အခြားတက္ကသိုလ်မှကျောင်းသားများနှင့်အတူ အင်းစိန်ထောင်တွင် ဒုက္ခ သုက္ခမျိုးစုံ ခံခဲ့ကြရသည်။ ထောင်တွင်းတိုက်ပွဲများ ဆင်နွှဲခဲ့ကြရသည်။ သို့ပေမဲ့ ထောင်ကျသက်တမ်းစေ့အောင်တော့ မနေ ခဲ့ရပါ။ ၁၉၇၈ ခုနှစ် ဧပြီလ ၁ဝ ရက်နေ့တွင် ဆေး ၂ ကျောင်းသား ၁၇ ဦးလုံးပြန်လည် လွတ်မြောက်လာ ခဲ့ပါသည်။ သို့သော် မည်သူမျှ ဆေးကျောင်း ပြန်တက်ခွင့်မရကြတော့။ ဆေး ၂ မှ အဆိုပါကျောင်းသား ၁၇ ဦးလုံးအား ကျောင်း ထုတ်လိုက်ပြီဖြစ် သည်။
● စိတ်တိုင်းကျ ကိုအေးကြည်
စိတ်တိုင်းကျဟုဆိုလျင် ကိုအောင်ထိုက်အားသိသူများပါသည်။ ကိုအောင်ထိုက်က လူမှုရေးနှင့် နောက်ပိုင်းနိုင်ငံရေးနယ် ပယ်တို့တွင် ပါဝင်လှု ပ်ရှားသူဖြစ်၍ သူ့အား စိတ်တိုင်းကျနှင့်တွဲ၍သိကြသည်။ သို့သော် စိတ်တိုင်းကျ၏ ကနဦးတည်ထောင်သူ မှာ ကိုအေးကြည် (မော်လမြိုင်) ဖြစ်ပါသည်။
မိမိမြို့ပေါ်ပြန်ရောက်ပြီး ၁၉၉၅ ခန့်တွင် မြေနီကုန်းစိတ်တိုင်းကျသို့ရောက်သွားသည်။ မိမိတို့ကျောင်းမှ ထောင်ထွက်များစု၍ လဘက်ရည်ဆိုင်အောင်အောင်မြင်မြင် ဖွင့်ထားနိုင်သည်ဆို၍ မည်သူတွေများ တွေ့ရမည်နည်းဟု သွားရှာခြင်းဖြစ်သည်။ ထိုနေ့က ကိုအေးကြည်နှင့်တွေ့သည်။ တကယ်တော့ ကိုအေးကြည်သည် ကိုအောင်ထိုက်တို့ထက် တတန်းကြီးသည်။ သို့ သော် တတိယနှစ်ဆေးတွင် တနှစ်ထပ်ထိုင်ခဲ့၍ အတန်းတူသွားပုံရသည်။
"မောင်မောင်စိုးရေ ငါတို့လဲထောင်ကထွက်ပြီးတော့ ယောင်ချာချာဘဲကွ၊ ဟိုနေရာ ဒီနေရာတွေများ အဆင်ပြေမလား လျှောက်သွားလိုက်သေးတယ်။ ဖါးကန့်တောင်ရောက်လိုက်သေးတယ်။ ဘယ်မှအဆင်မပြေပါဘူးကွာ၊ ဒါနဲ့ ၁၉၈ဝ ခုနှစ် လောက်ကျတော့ မော်လမြိုင်ပြန်ရောက်တယ်။ အဲဒီမှာ ငါနဲ့ခင်တဲ့ ကုလားကြီးတယောက်က လဘက်ရည်ဖျော်နည်းတခုပေး တယ်ကွ၊ ဒါနဲ့ ငါလဲ မော်လမြိုင်မှာလဘက်ရည်ဆိုင်စဖွင့်တာ အောင်မြင်လာတော့ ရန်ကုန်တက်လာပြီး ငါတို့သူငယ်ချင်းဟောင်းတွေနဲ့တွဲပြီးဆိုင် ဖွင့်ဘို့လုပ်တာလေ။ ကိုယ်တိုင်လဲလုပ် ရှယ်ရာလဲပါပေါ့ကွာ။ မပိုလမ်း (မြေနီကုန်း) နဲ့ ပြည်လမ်း ဒေါင့်ကခြံထဲမှာ တဲထိုးပြီး စဖွင့်ခဲ့ကြတာဘဲ"ဟု ပြောပြသည်။
ကိုအေးကြည် ရန်ကုန်တက်လာပြီးစိတ်တိုင်းကျ စဖွင့်တော့ ပထမဆုံးတွဲလုပ်သူမှာ တိမွေးကုမှ ကိုသိန်းနိုင်နှင့်ဖြစ်သည်။ ၁၉၈၇ ခုနှစ်လောက်ကဖြစ်သည်။ နောက် ကိုသိန်းနိုင်က UN အဖွဲ့အစည်းတခု တွင် အလုပ်ရပြီး နိုင်ငံခြားထွက်သွားတော့ ကိုသိန်းနိုင်ရှယ်ရာကို အမ်းယူပြီး စိတ်တိုင်းကျ ရှယ်ရာဝင်ဖြစ်လာသူက ကိုအောင်ထိုက်ဖြစ်သည်။ သူ့အားရင်းနှီးသူများက ကိုချင်ဟိုးဟုလည်း ခေါ်ကြသည်။ ထောင်ထွက် သူငယ်ချင်းများဆိုင်ဆိုတော့ ရန်ကုန်တွင် အလုပ်လာလုပ်နေကြသူ ထောင် ကျဖေါ် ကိုအောင်ဇင် (မြောင်းမြ) တို့လည်း လာ၍ကူညီကာ ဆိုင်ထိုင်ပေးကြသည်။ သူငယ်ချင်းဟောင်းများဖြင့် စည် ကားသည်။
နောက်ပိုင်းတွင် ကိုသိန်းထွန်း (တောင်ငူ)၊ ကိုသန်းထွဋ် (ဟင်္သာတ) တို့လည်း ပါလာသည်ကို တွေ့ရသည်။ သူတို့ စိတ် တိုင်းကျသည်အတော်လေး အောင်မြင်ပြီး ရန်ကုန်တွင် လူသိများသည့်လဘက်ရည်တဆိုင်ဖြစ်လာသည့်ပြင် ဆိုင်ခွဲများစွာ ဖွင့်ရသည့်ဆိုင်တဆိုင်ဖြစ်လာသည်။ ၁၉၇၅ ဇွန် သပိတ်ကာလကတည်းက သပိတ်မှောက်ကျောင်းသားများအတွက် စား ရေးသောက်ရေးစီစဉ်ပေးခဲ့ကြသော အင်းစိန်ထောင်တွင်တုန်းကလည်း အတူအကျဉ်းကျ ရဲဘော်များအတွက် စားရေး သောက်ရေး စီစဉ်ပေးခဲ့ကြသော ကိုအေးကြည်တို့ ကိုအောင်ထိုက်တို့ စိတ်တိုင်းကျ လဘက်ရည်ဆိုင်ဖွင့်ပြီးတော့လည်း လာသည့် ရဲဘော်ဟောင်း သူငယ်ချင်းဟောင်းများကို ကျွေးမွေးနေဆဲမို့ သူတို့ကိုလည်း စားသောက်ဆိုင်လုပ်ငန်းက ပြန် လည် အကျိုးပေးသည်ဟု ဆိုရမည်။
သို့သော် ကိုအေးကြည်အား နောက်ပိုင်း လူမှုရေး နိုင်ငံရေးလုပ်ငန်းများတွင် သိပ်မတွေ့ရ၍ ကိုအောင်ထိုက်လောက် နာမည် သိပ်မထွက်ဟု ဆိုရမည်။ နောက်ပိုင်း ကိုအေးကြည်က သိမ်ဖြူကွင်းကဆိုင်တွင် တွေ့ရသည်။ နောက်ပိုင်းတွင် သိပ်မတွေ့ ကြရတော့။ မိမိကလည်း ထိုဘက်သို့ အရောက်ကျဲသွားသည်။ မိမိရောက်သည့်အချိန်များတွင်လည်း ကိုအေးကြည် ကျန်း မာရေး မကောင်း၍ ဘန်ကောက်သွား ဆေးကုနေသည်ဟုသာ ကြားရတတ်သည်။ ကိုအောင်ထိုက် အသုဘနေ့ကလည်း လူကများလွန်းလှ၍ မဆုံဖြစ်လိုက်ပါ။ နောက်မှ လူမှု ကွန်ယက်တွင်တင်သော ဓါတ်ပုံများတွင် နေကာမျက်မှန်အမဲတပ်ထား၍ ဝဖိုင့်နေသော ကိုအေးကြည်ကို တွေ့လိုက်ရသည်။ ကျန်းမာရေးမကောင်းဟု သတင်းကြားနေရသောသူက မာမာချာချာ ရှိနေဆဲ။ ကိုအောင်ထိုက်ကတော့ သွားနှင့်ရှာပေပြီ။
ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)