နို င် ဝ င်း သီ ● ပ င် လ ယ်
(မိုးမခ/သစ်ခက်သံလွင်) ဒီဇင်ဘာ ၆၊ ၂၀၁၆
(မိုးမခ/သစ်ခက်သံလွင်) ဒီဇင်ဘာ ၆၊ ၂၀၁၆
ညကပိုပြီးအေးစက်လာသည်။ လှိုင်းရိုက်သံတွေက ပို၍ကျယ်လောင်လာသည်။ နှင်းမြူနှင့် လရောင် အရောရောအထွေးထွေး ဖြစ်နေသောညထဲသို့ မွှေးရီသောရနံ့တစ်ခုက စီးလွင့်မျောပါလာသည်။
ပုန်းညက်ပန်းရနံ့တွေများလား။
ပြန်တော့မည့်ည ဖြစ်လို့နှင့်တူသည်။ ပင်လယ်အော်သံသည် ကြေကွဲဖွယ်ကောင်းသော ဂီတသံတစ်ခုနှင့် တူနေလေသည်။
(တစ်)
၃၈ ဒီဂရီ စင်တီဂရိတ်
ရန် ကုန် မြို့
၃၀ . ၃ . ၂၀၁၅
မြို့ပြသည် သည်ဘက်နှစ်တွေမှာ ပိုပြီးပူပြင်းလာသည်။ ဘယ်နေရာ ကြည့်လိုက် ကြည့်လိုက် လွန့်လှုပ်နေသော တံလှပ်လှိုင်း မျှင်တွေကို လှမ်းမြင်နေရသည်။
တံလှပ်လှိုင်းမျှင်များနှင့်အတူ ဖွဲဖွဲလွင့်လွင့်ကြွေကျထားသော ပိတောက်ပွင့်ဖပ်တွေကိုပါ ကျွန်တော်မြင်နေရသည်။ လွန်ခဲ့ သည့်သုံးလေးရက်က အနောက်ဖက်မှလေပွေလှိုင်းများ၏ အရွေ့အလျားကြောင့် ကျွန်တော်တို့ဆီမှာ အခါမဲ့မိုးတွေ ရွာခဲ့ သည်။ သည်မိုးရေစက်တွေကပဲ ငုံမြနေသော ပိတောက်ဖူးတွေကို တပင်လုံး ဝါဝင်းသွားအောင် မီးကုန်ယမ်းကုန် ပွင့်သွားစေ ခဲ့သည်။
အပူငွေ့မျှင်တွေကြားက ကျွန်တော်တို့ကို သယ်ဆောင်လာသော နို့နှစ်ရောင် ပရိုဘောက်စ်တက္ကစီ အောင်မင်္ဂလာအဝေးပြေး ကားဂိတ်ဝင်းထဲကိုဝင်လာတော့ နေ့လည်တစ်နာရီပဲ ရှိသေးသည်။
ရန်ကုန်မှတောင်ကုတ်သို့.....
သည်ကနေ့ ကျွန်တော်တို့သွားမည့် ခရီးစဉ်ဖြစ်သည်။ ဆရာအောင်ဇင်မင်း၊ ဆရာဆောင်းဝင်းလတ်၊ ဆရာဇူးကျော်၊ ဆရာ ငယ်လေးမောင် (သပြေရုံ) နှင့် ကျွန်တော်။ စုစုပေါင်း ငါးယောက်။
သည်ခရီးစဉ်တစ်ခုလုံး၏ Project Manager က တောင်ကုတ်မြို့မှ ပန်းချီဆရာတဦးဖြစ်သည်။ ကိုဇူးကျော်မိတ်ဆက်ပေး၍ သူနှင့်တစ်ကြိမ်တော့ ဆုံဖူးသည်။ သူ့အမည်ကို ပန်းချီမြင့်ဆွေဟု ကျွန်တော်သိထားပါသည်။
အသားညိုညို၊ မျက်လုံးညိုညို၊ ကိုယ်လုံးကိုယ်ထည် ခပ်ပြည့်ပြည့်နှင့်။
တောင်ကုတ်မြို့ အစိုးရအထက်တန်းကျောင်းတစ်ကျောင်းမှာ ကလေးငယ်လေးတွေအတွက် ယဉ်ကျေးလိမ္မာသင်တန်းတခု သူ ဖွင့်ထားပါသည်။ သူ့သင်တန်းမှ ကလေးငယ်လေးတွေကို ကျွန်တော်တို့က ဟောပြောပေးဖို့ပဲဖြစ်သည်။
ကျွန်တော်တို့လိုက်ပါရမည့်ယာဉ်လိုင်းအမည်မှာ "ရဲအောင်လံ"ဖြစ်ပါသည်။
Aircon Bus ကားကြီးဖြစ်သည်။ ယာဉ်ထွက်ခွာမည့်အချိန်မှာ မွန်းလွဲနှစ်နာရီခွဲဖြစ်သော်လည်း နှစ်နာရီခွဲမတိုင်မီ အဝေးပြေး ဂိတ်ကို ကျွန်တော်တို့ ရောက်အောင်လာခဲ့ရသည်။ ရန်ကုန်သည် သည်ဘက်နှစ်တွေထဲမှာ ယာဉ်ကြောပိတ်ဆို့မှုများ မကြာ ခဏ ဖြစ်ပွားလျက်ရှိသည်။ ခရီးတခုသွားလေတိုင်းလမ်းခရီး၌ ကြန့်ကြာမည့် အချိန်ကိုသာမက ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကြန့်ကြာသွားရမည့် အချိန်တွေကိုပါ ထည့် တွက်လာရသည်။
ညံ့ဖျင်းသော စီမံခန့်ခွဲမှုများကြောင့် အဓိပ္ပါယ်ရှိသောအချိန်တွေကို လမ်းမကြီးတွေပေါ်မှာ အဓိပ္ပါယ်မရှိဘဲ ကျွန်တော်တို့ ကုန်ဆုံးနေရသည်။
နေ့စဉ်နှင့်အမျှ လူများ၊ သက္ကရာဇ်များ၊ ဘဝများထဲသို့ လမ်းများနှင့် အချိန်များက ရောထွေးစိမ့်ဝင်လာခဲ့သည်။ သည်ရောထွေး စိမ့်ဝင်မှုမျိုးက လူသားဘဝထဲကို နှစ်လိုဖွယ်ကောင်းသော စိမ့်ဝင်မှုမျိုးတော့ မဟုတ်ပါ။
နှစ်နာရီမိနစ်လေးဆယ်မှာ ရန်ကုန်မြေမှ ရဲအောင်လံ စတင်ထွက်ခွာပါသည်။
မည်းနက်ပျော့ပြဲနေသော ကတ္တရာလမ်းမများ၊နိစ္စဓူဝဘဝတွေကို သယ်ဆောင်လာသောလိုင်းကားများ၊ FM လိုင်းများမှ ဂီတ သံများ၊ ဖုန်းခေါ်သံများ၊ အဖုံးအတွင်းမှ ကံစမ်းမဲများ၊ ဒီဂျေပွတ်သံများ၊ ကာဘွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့များ၊ ပရီးမီးယား ပဟေဠိများ... ကျွန်တော်တို့နှင့် အသားကျပျော်ဝင်ခဲ့သောမြို့ပြသည် နောက်မှာဝေး၍ဝေး၍ ကျန်ရစ်ခဲ့လေသည်။
(နှစ်)
ထောက်ကြံ့ကိုကျော်ပြီး မှော်ဘီထဲကိုဝင်လာတော့ ကားလမ်းမဘေးတနေရာမှာ မှော်ဘီဆရာသိန်း စာကြည့်တိုက်ကို ဖျပ် ခနဲမြင်လိုက်ရသေးသည်။ စာကြည့်တိုက်မှာ သစ်လွင်တောက်ပလို့နေသည်။ စာကြည့်တိုက်ရှေ့တစ်နေရာမှာလည်း က လေးငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းကြော်ငြာဘုတ်တချပ်ကို ကသုတ်ကရက် မြင်လိုက်ရသေးသည်။
ကလေးငယ်လေးတွေအတွက် ယဉ်ကျေးလိမ္မာသင်တန်းကတော့ ဟုတ်ပါပြီ။ မယဉ်ကျေး မလိမ္မာသော လူကြီးတွေအတွက် ရော သည်လိုသင်တန်းမျိုးတွေရှိလျှင် မကောင်းပေဘူးလားဟု ကျွန်တော်စဉ်းစားနေမိသည်။
တိုက်တိုက်ဆိုင်ဆိုင် သည်ခရီးစဉ်မတိုင်မီတစ်ညက မှော်ဘီဆရာသိန်း၏ မြန်မာမင်းများလက်ထက် ပညာရှိကြီးများနှင့် မြန်မာလွှတ်တော်ဝန်ကြီးမှူးကြီးများစာအုပ်ကို ဖတ်ခဲ့ရသေးသည်။ မြန်မာဘုရင်များလက်ထက်က အတုယူလေးစားဖွယ်ရာ ကောင်းသော ဝန်ကြီးမှူးကြီးများအကြောင်းကို နှံ့နှံ့စပ်စပ်ရေးသားထားသော စာအုပ်ဖြစ်သည်။
မတရားမှုတွေ များပြားလှသောအခုလိုအချိန်မျိုးမှာ မှော်ဘီဆရာသိန်းကြီးသာ သက်ရှိထင်ရှားရှိနေလို့ကတော့ ကလောင်တံ အစား ကြိမ်လုံးခပ်တုတ်တုတ်တစ်ချောင်းကိုသာ ကိုင်ထားလိမ့်မည်ဟု ထင်ပါသည်။
ဥက္ကံကျော်၍ သုံးဆယ်သာယာဝတီဘက်သို့ရောက်သောအခါ ရွှေဝါရောင်ဝင်းလက် တောက် ပနေသော လယ်ကွင်းပြင်များကို မျက်စိတဆုံးမြင်လာရသည်။ တချို့လယ်တွေထဲမှာဆို ရိုးပြတ်တွေကို မီးရှို့ထားလို့နှင့်တူသည်။ မီးခိုးငွေ့ပြာ အမျှင်အတန်း တွေကို မြင်နေရသည်။ တဖျစ်ဖျစ်လောင်ကျွမ်းနေဆဲဖြစ်သော မီးတောက်လေးတွေကိုလည်း မြင်တွေ့နေရသည်။ တချို့နေ ရာတွေမှာတော့ လေပြည်ထဲကို ရုန်းထ အုံကြွနေသော ဖုန်လုံးကြီးများကို အဆုပ်လိုက် အမြွာလိုက် မြင်နေရလေသည်။
ကျွန်တော်သတိပြုမိသလောက်တော့လယ်သမား၊ ယာသမားတို့၏ဘဝများမှာ မည်သည့်ခေတ်၊ မည်သည့်အခါကမှ ကောင်း မွန်လှပသည်ဟူ၍ မရှိခဲ့ပါ။ ခေတ်အဆက်ဆက်မွဲပြီးရင်းမွဲ ဆင်းရဲတွင်း နက်ပြီးရင်း နက်ခဲ့သည်သာဖြစ်သည်။
သည်ဘက်ခေတ်ကိုရောက်သောအခါမှာတော့ ဆင်းရဲသားနင်းပြား တောင်သူလယ်သမားတို့၏ဘဝမှာ အဆိုးတကာအဆိုး ဆုံးသို့ ရောက်ရှိသွားလေတော့သည်။
ခါးသီးကြမ်းရှဖွယ်ကောင်းသော မြေသိမ်းခံ၊ လယ်သိမ်းခံ ဘဝဆိုးများ.......
သိမ်းဆည်းခံမြေယာများကို ပြန်လည်ရရှိဖို့ တရားမျှတမှုကိုရှာဖွေရင်းနှင့် ထောင်တွေတန်းတွေကျ၊ အချုပ်တွေကျ၊ အမှုအ ခင်းတွေနှင့် ရင်ဆိုင်နေကြရရှာသော ခါးသီးဖွယ်ရာဘဝဆိုးများ .......
စင်စစ်ဘိုးဘွားစဉ်ဆက် ဓားမဦးချလုပ်ကိုင်စားသောက်ခဲ့ကြသော သူတို့ချစ်မက်သည့်လယ်မြေတွေကပဲ သူတို့အတွက် ကျိန်စာတစ်ခုလိုများ ဖြစ်နေလေရော့သလားဟု နာကျင်စွာ ကျွန်တော်တွေးမိသေးသည်။
ကျောင်သားများ မော်ကွန်းသစ်ရေးထိုးနိုင်ခဲ့သော လက်ပံတန်းတာဆုံကို ကျွန်တော်တို့ကားဖြတ်တော့ ညနေငါးနာရီထိုးပြီး စပဲ ရှိသေးသည်။
ဇီးကုန်းကို ရောက်လာချိန်မှာတော့ ဝန်းကျင်တစ်ခွင်လုံး အမှောင်များဖြင့် လေးလံအိကျလာလေပြီ။ မှုန်မှုန်ဝေဝေဖြစ်နေသောဟိုးခပ်လှမ်းလှမ်းမှာတော့ နှင်းတွေလား၊ မြူရိပ်တွေလား။ မသဲကွဲလှပါ။
အင်းမကိုရောက်တော့ ရဲအောင်လံတစ်ထောက်နားပါသည်။
ခရီးသည်တွေ ညစာစားပြီး အင်းမကပြန်ထွက်လာတော့ ညရှစ်နာရီထိုးနေပြီဖြစ်သည်။
ရဲအောင်လံသည် ဖြည်းဖြည်းနှင့်မှန်မှန်ပဲ ပြေးလွှားလျက်ရှိသည်။ ညရှစ်နာရီ ငါးဆယ်မှာတော့ ပြည် နဝဒေးတံတားကို ရဲ အောင်လံဖြတ်ပါသည်။
ထိုညက မီးပျက်လို့နှင့်တူသည်။ ပြည်သည် အမှောင်ထဲမှာ ငြိမ်ဆိတ်နေလေသည်။ ဧရာဝတီသည်လည်း စိမ်းပြာရောင်ညထဲမှာ တိုးရီနွမ်းလျလျက်။
အမှောင်ထဲမှာ တိတ်ဆိတ်စွာစီးဆင်းနေသော ဧရာဝတီကိုငေးကြည့်ရင်းနှင့် လေထန်ကုန်းညနေခင်းတွေထဲကို အေးစက် လေးကန်စွာ ရောက်ရောက်လာတတ်သော ကိုဆွေ့ကို ဖျပ်ခနဲသတိရလိုက်သေးသည်။
ဥသျှစ်ပင် လဝကစစ်ဆေးရေးဂိတ်ကို ကျော်လွန်လာသောအခါ ကားလမ်းသည် တောင်တက်လမ်းဖြစ်လာသလို အကွေ့အ ကောက်တွေလည်း များပြားလာပါသည်။ ကြီးမားသောပင်စည်လုံးပတ်နှင့် သစ်ပင်ကြီးတွေကိုလည်း လမ်းဘေးမှာ မြင်တွေ့ လာရသည်။
ကားပေါ်မှ ခရီးသည်တော်တော်များများက ရိုးမဖြတ်ခရီးစဉ်ကို ယဉ်ပါးနေကြပုံရသည်။ အိပ်သည့်လူကအိပ်၊ ဖုန်းပွတ်သည့် လူကပွတ်နှင့် ရဲအောင်လံ တဂျီးဂျီးနှင့်အော်ဟစ်ပြီး ရိုးမအပေါ် တိုးတက်နေတာကို ဘယ်သူကမှ စိတ်ဝင်စားပုံမရကြပါ။
ကားမီးရောင်အောက်မှာ မြင်တွေ့နေရသော တောင်တက်လမ်းကတော့ အကောက်အကွေ့တွေ ၊အခွေအရစ်တွေများပြား လွန်းလှသည်။
ညောင်ကျိုးရွာ လဝကဂိတ်ကို ကျော်လွန်လာချိန်မှာတော့ ကားလမ်းသည် သိသိသာသာကို မြင့်တက်သွားပါသည်။ တောင် ကြားတွေ၊တောင်နံရံတွေမှာ ကပ်ပြီးဖောက်ထားသော လမ်းဖြစ်သောကြောင့် နံဘေးမှာတောင်နံရံတွေကို မြင်နေရပါသည်။ လျှိုတွေ၊ ချောက်တွေ၊တောင်ကမ်းပါးတွေကိုလည်း ကားမီးရောင်အောက်မှာ အသည်းတယားယားနှင့် မြင်တွေ့နေရသည်။ ဝန်းကျင်တခွင်လုံးစိမ်းမှောင်နေသောကြောင့် မီးရောင်အောက်က မြင်ကွင်းတွေကလွဲပြီး ရိုးမတောင်စဉ် အထပ်ထပ်ကို သဲ သဲကွဲကွဲတော့ မမြင်ရပါ။
ကျွန်တော့်ဘေးမှ ကိုဇူးကျော်ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီဖြစ်သည်။ တစ်ဖက်ခုံမှ ဆရာအောင်ဇင်မင်းနှင့် ကို ဆောင်းဝင်းလတ်တို့ဆီကလည်း ဘာစကားသံမှထွက်မလာတော့။ နောက်ခုံမှ ဆရာငယ်လေးမောင်ဆီသည်လည်း အိပ်မောကျနေလေပြီ။
ရဲအောင်လံကတော့ ကြယ်ရောင်မှုန်မှုန်အောက်မှာ ရခိုင်ရိုးမကို တဂျီးဂျီးနှင့်အော်ဟစ်ပြီး ကုတ်ခြစ်တွားတက်နေဆဲ။ တအောင့်နေတော့ ကျွန်တော်လည်း မှေးကနဲဖြစ်ပြီးအိပ်ပျော်သွားပါသည်။
ကျွန်တော်နိုးလာတော့ ရဲအောင်လံသည် ပြေပြစ်ညီညာသော တောင်ဆင်းလမ်းမှ တောင်ကုတ်မြို့ထဲသို့ ဝင်နေပြီဖြစ်သည်။
မီးရောင်လက်လက်ထနေသော တောင်ကုတ်သည် အိပ်မှုန်စုံမွှားဖြင့် ကျွန်တော်တို့ငါးယောက်ကို ကြိုနေလေသည်။ နာရီကို ကြည့်လိုက်တော့ နံနက်သုံးနာရီခွဲတိတိ။
(သုံး)
အောင်ဇင်မင်း ...
ကျွန်တော်တို့အတွက်တော့ သူဟာ အမြဲတစေ ရှင်းသန့်စင်ကြယ်နေလေ့ရှိတဲ့ နံနက်ခင်းတခုပေါ့။ ဘယ်အချိန်ကြည့် လိုက် ကြည့်လိုက် သူ့ရဲ့မျက်နှာသွင်ပြင်ဟာ အမြဲတမ်း စင်ကြယ်နေလေ့ရှိတယ်။ အငြိမ်းဓာတ်တခုခုဟာ သူ့ရဲ့အသွေးအသားတွေ ထဲမှာ စိမ့်ဝင်ပျံ့နှံ့နေခဲ့ပြီလား။
သူ့ရဲ့ဖြတ်သန်းမှုဟာ ရှည်လျားလှသလို ဆိတ်ဖလူးပန်းရနံ့ မွှေးရီတဲ့နေရာတခုမှာလည်း ဆယ်စုနှစ် တစ်နှစ်လောက်ကြာ အောင် နေခဲ့ရလေတယ်။
ကဗျာဆရာအောင်ဇင်မင်းဟာ ကျွန်တော်တို့အတွက်တော့ ဖတ်လက်စ ကဗျာတပုဒ်ပင်ဖြစ်သည်။
ကျွန်တော် အစွဲအလမ်းကြီးမားခဲ့တဲ့ ပင်လယ်ကို ဆရာအောင်ဇင်မင်းနှင့်အတူတကွ သွားရတာ ဟာ ကျွန်တော့်အတွက်တော့ ကောင်းမြတ်မှုတခုပါပဲ။
ဆောင်းဝင်းလတ် ...
ကိုဆောင်းဝင်းလတ်နဲ့ ခရီးအတူသွားရတာကတော့ ကျွန်တော့်အတွက် အလွမ်းပြဇာတ်တပုဒ်ကို ကြေကွဲမူးရီပြီး ငေးကြည့် နေရသလိုပါပဲ။
သူနဲ့ကျွန်န်တော်နဲ့အခြားတယောက်နဲ့ဆိုတာ တဖျပ်ဖျပ်မြူးလွင့်နေတဲ့တခုသော အလံတော်အောက်မှာ အတူတူရှိခဲ့ဖူးသူ တွေပေါ့။
သူနဲ့ကျွန်တော်နဲ့ အဲဒီအခြားသောလူတယောက်ဆိုတာတခေုတည်းသောအရက်ခွက်ကို တယောက်တလှည့်စီ ချစ်မက်စွာ နှင့် မော့သောက်ခဲ့ဖူးတဲ့လူတွေပေါ့။
ဒါပေမဲ့ ကိုဆောင်းဝင်းလတ်ဟာ အဲဒီအခြားသော လူတယောက်ဆိုသူရဲ့လုပ်ပိုင်ခွင့်နဲ့ ရမ္မက်ဆန္ဒတွေ ဆာလောင်ယားယံ လာမှုကြောင့် ဆိပ်ဖလူးပန်းရနံ့မျောလွင့်နေတဲ့ ရပ်ဝန်းတခုဆီကို တနှစ်လောက်ကြာအောင် သွားနေခဲ့ရလေတယ်။
ဘဝဘဝတွေမှာ ဒီ့ထက်ထိခိုက်ကြေကွဲစရာကောင်းတဲ့ ပြဇာတ်တွေ ရှိနိုင်ပါ့ဦးမလား။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းထဲမှာ ချွန်မြနေတဲ့ဓားမြောင်တချောင်းဟာ ကျွန်တော်တို့ရဲ့နံကြားတွေထဲကို အချိန်အခါမရွေး စိုက်ဝင်တုန်ခါသွားနိုင်ပါသလား။ သိခွင့်ရှိကကျွန်တော်သိလိုလှပါသည်။
ဇူးကျော် ...
ကိုဇူးကျော်တဲ့။
ကိုဇူးကျော်ဟုဆိုလိုက်သည်နှင့် ရိုးဖြောင့်ခြင်း ၊ အမျက်အအီမရှိခြင်း၊ သစ္စာတရားကြီးမားခြင်းတို့ ကို ကျွန်တော်တို့ပေါင်းစပ်ပြီး မြင်ရလေ့ရှိသည်။
အဲသည်လိုအမှတ်သင်္ကေတများနှင့် တောက်ပရှင်သန်ဖို့ရာအတွက် ရာဇဝင်ထဲကသူ့ရဲ့မြို့ ကလေးကို သူနဲ့မိုင်ပေါင်းများစွာ ကွာဝေးသောနေရာမှာ သူထားရစ်ခဲ့ရသည်။
နောက်....သူ့ရဲ့ချစ်ခြင်းမေတ္တာ။
ဒါဟာလည်း သူ့ဘဝအတွက် ဘယ်သောအခါမှ ပြီးဆုံးသွားမှာမဟုတ်သော အလွမ်းပြဇာတ် တပုဒ်ပဲပေါ့။
ဆရာငယ်လေးမောင်ကိုတော့ အနုပညာကို ချစ်ခင်မြတ်နိုးခြင်း၊ အနုပညာသမားများအပေါ် လေးစားညွတ်နူးခြင်းတို့ဖြင့် ဒွန် တွဲပြီး ကျွန်တော်တို့ ကျွမ်းဝင်ခဲ့ရသည်။ ပန်းဆိုးတန်း ကုန်းကျော်တံတားအောက်မှ သူ၏ သောကြာစာပေဝိုင်းသည် နယ်မှ လာသော စာပေသမားများအတွက် ကွန်းခိုရာအိုအေစစ်လေးသဖွယ် ဖြစ်ခဲ့ဖူးပါသည်။
နံနက်ရှစ်နာရီခွဲတိတိအချိန်မှာတော့ ကျွန်ုပ်တို့၏ "ပန်းချီမြင့်ဆွေ"သည် ကျွန်တော်တို့တည်းခိုရာ "နန်းတော်ဦးဧည့်ရိပ်မွန်"သို့ ရောက်ရှိလာခဲ့သည်။
ညက သူပဲ တောင်ကုတ်အေးရိပ်ငြိမ်အဝေးပြေးကားဂိတ်ဝင်းမှာ ကျွန်တော်တို့ကို လာရောက်ကြိုဆိုခဲ့သည်။
ညက သူပဲ အေးရိပ်ငြိမ်အနီးမှ လက်ဘက်ရည်ဆိုင်တဆိုင်မှာ ချိုမြသော လက်ဖက်ရည်ပူပူတခွက်စီ တိုက်ခဲ့သည်။
ညက သူပဲ ကားဂိတ်နှင့် မနီးမဝေးမှာရှိသော နန်းတော်ဦးဧည့်ရိပ်မွန်မှာ တည်းခိုစေခဲ့သည်။
ပန်းချီဆရာရောက်လာတော့ ရန်ကုန်မှ ကျွန်တော်တို့ သယ်ဆောင်လာသောစာအုပ်တွေကို ပန်းချီဆရာ၏ "ဓမ္မအဓိပတိ "စာကြည့်တိုက်သို့ လှူဒါန်းရပါသည်။ နောက် သူ့ဝိုင်းတော်သားတွေနှင့်ပဲ ဟောပြောပွဲကျင်းပမည့် အထက်တန်းကျောင်းခွဲ ရှိရာသို့ ကျွန်တော်တို့အဖွဲ့ လမ်းလျှောက်သွားခဲ့ကြသည်။
ဝေးလံခေါင်ဖျားအရပ်ဒေသဆီမှ ဟောပြောပွဲဖြစ်သော်လည်း ကလေးတွေက ဟောပြောပွဲကို ရှိန်မနေကြ။ စင်စစ် ကျွန်တော် တို့သည် သည်လိုကလေးငယ်လေးတွေကို နှစ်ပေါင်းများစွာ မေ့လျော့ထားခဲ့ကြသည်။ ကျွန်တော်သတိပြုမိသလောက် ရသဘက်နှီးနွယ်သော စာပေဟောပြောပွဲဆိုတာမျိုးက ကလေးငယ်လေးတွေအတွက် မရှိသလောက်ကို ရှားပါးခဲ့ပါသည်။
မျိုးဆက်သစ်ကလေးငယ်လေးတွေကို ရသစာပေနှင့် ထိတွေ့ချိတ်ဆက်ပေးသော ကျွန်ုပ်တို့၏ ပန်းချီဆရာကိုလည်း ကျေး ဇူး အထူးတင်ရပါသည်။
နှင်းမြူတွေဝေ့ဆိုင်းနေသော ထိုနေ့မွန်းလွဲပိုင်းက အရုဏ်ဦးစာကြည့်တိုက်ကိုလည်း ကျွန်တော်တို့ ရောက်ခဲ့သေးသည်။ ရွှေ ရ (တောင်ကုတ်)၊ မောင်နေပူ(တောင်ကုတ်) မောင်နှစ်သိမ့် (တောင်ကုတ်)၊ လင်းသဏ်ညီတို့ကို မွေးထုတ်သန့်စင်ပေးခဲ့သည့် တောင်ကုတ်ကား တောင်တွေကြားမှာ ကုပ်ကုပ်ရုပ်ရုပ်ဖွဲ့တည်နေသော ရိုးမတောင်ခြေက မြို့တမြို့ဖြစ်လေသည်။
ထိုညက တောင်ကုတ်က စာရေးဆရာ၊ ကဗျာဆရာတို့၏ ရဲရင့်ထက်ရှသော ခေတ်ပြိုင်သွေးခုန်သံများကို ပကတိအရှိအတိုင်း ကျွန်တော်တို့ ကြားခွင့်ရခဲ့သည်။
ထိုဝိုင်းက လူစုခွဲပြီးပြန်လာတော့ ပြာမှိုင်းသော တောင်ကုတ်ညသည် ကြယ်များဖြင့် စုဖွဲ့အုံခဲလျက်။
အေးရှစိမ့်မြသော ရိုးမဖြတ်လေသည်ကျွန်တော်တို့ကို ထိစမ်းပွတ်သပ်လျက်။
(လေး)
နောက်တစ်နေ့ နံနက်စောစောမှာတော့ ပန်းချီဆရာက ကျွန်တော်တို့ကိုတောင်ကုတ်မှ သံတွဲ ငပလီသို့ ခေါ်ဆောင်သွားပါ လေတော့သည်။
ပင်လယ်.....ကျွန်တော်အစွဲအလမ်းကြီးမားခဲ့သောပင်လယ်။ ကျွန်တော်ချစ်မက်ခဲ့ရပါလေသော ပင်လယ်။
တဝေါဝေါမြည်အော်ပြီး သဲသောင်ပြင်ပေါ်သို့ အတန်းလိုက် လိမ့်စီးပြေးတက်လာသော လှိုင်းခေါင်းဖြူများ။ ကျောက်ဆောင် ကျောက် ဆွယ်များနှင့် ပင်လယ်ရေလှိုင်းများထိခတ်မိရာက ဖွားခနဲ ပြန့်ကြဲလွင့်စဉ်သွားသော ရေမှုန်ရေစက်လေးများ။ အိနွဲ့ လှုပ်ယိမ်းနေသော ရေလှိုင်းပြာများ။ တရွှီရွှီအော်ဟစ်နေသောပင်လယ်လေရိုင်းများ။ထုံအီနေသော ပုန်းညက်ပန်းရနံ့များ။
စင်စစ် ပင်လယ်သည် ကျွန်တော်နှင့် သူစိမ်းပြင်ပြင်ဖြစ်နေသော နေရာတော့ မဟုတ်။ သည်နေရာလေးကို လွန်ခဲ့သော ၃၅ နှစ်ခန့်က အားကစားအဖွဲ့တဖွဲ့နှင့် ကျွန်တော်လိုက်လာခဲ့ဖူးသည်။ သည်နေရာ သည်ကမ်းခြေမှာ တစ်လနီးပါး ကျွန်တော်နေ သွားခဲ့သည်။
အဲသည်တုန်းက ပါလာသည့်လူတွေအနက် တချို့မှာ တိမ်းပါးသွားကြလေပြီ။ တချို့မှာ ဘယ်ရောက်လို့ ရောက်မှန်းမသိ အောင် အဆက်အသွယ်တွေ စိမ်းကားပြတ်တောက်လျက်။
တချို့ကတော့ ဘဝကို ခက်ခဲပင်ပန်းကြီးစွာ အံတုရင်ဆိုင်နေကြရဆဲ။
တချို့ကတော့ရောဂါဘယများ၏ ပူးကပ်ဖိစီးမှုများအောက်မှာ သေအံ့မူးမူးအခြေအနေများ။
ခေတ်ကြီးနှစ်ခေတ်ကို ပါးနပ်လိမ္မာစွာ ကူးခတ်လွန်မြောက်ခဲ့သော လူတချို့ကတော့ လှပကောင်းမွန်သောဘဝများကို ပိုင် ဆိုင်ကြလျက်။
နှစ်ပေါင်းသုံးဆယ်ဟူသော အချိန်ပမာဏသည် လူတစ်ယောက်၏ အနိုင်အရှုံးကို ကြည်လင်ပြတ်သားစွာ ရှုမြင်ရလေ့ရှိသော အချိန်မျိုးမဟုတ်သော်လည်း ထိုလူတွေရောက်ရှိနေသော အဝန်းအဝိုင်းကိုတော့ မှန်ကန်စွာညွှန်းပြပေးနိုင်ပါသည်။
သို့ဆိုလျှင်..................
သို့ဆိုလျှင် သည်လူတွေ သည်အစုအဖွဲ့တွေထဲမှာ ဘယ်သူက အလင်းဘက်ကလဲ။
ဘယ်သူက အမှောင်ထုထဲကလဲ။
ဘယ်သူက ဓမ္မဘက်ကလဲ။
ဘယ်သူက အဓမ္မဘက်က များပါလဲ။
ပင်လယ်သည် ရင့်ကျက်တည်ငြိမ်ပြီး ဣနြေ္ဒကြီးမားသည့် မိန်းမတယောက်လိုလွန်ခဲ့သော ၃၅ နှစ်ခန့်က သူ့ထံမှာဆိုက်ကပ် ခဲ့ဖူးသော သင်္ဘောတစ်စီးကို နွေးထွေးစွာ ဆီးကြိုနေလေသည်။
ပင်လယ်နှင့်ထိတွေ့ခွင့်ရသည့်ရက်များအတွင်း အလုံးစုံသော ဖိစီးမှုအမျိုးမျိုးအောက်က အခိုက်အတန့်အားဖြင့် ကျွန်တော် တို့ လွတ်မြောက်ခဲ့ရသည်။
ပင်လယ်၏ အမြှူအညှို့အောက်မှာ နေနေရသည့်ရက်များအတွင်း ပျောက်ဆုံးနေသော ကျွန်တော့်ကိုယ်ကျွန်တော် ပြန်တွေ့ လာရသည်ဟု ခံစားလာရသည်။
ထိုရက်တွေထဲမှာပဲ ပန်းချီဆရာ၏ လူသားဆန်မှုများ၊ သူ၏နွဲ့ပျောင်းမှုများ၊ သူ၏ဒဿန အပိုင်းအစများသည် ရေလှိုင်းပြာများ နှင့်အတူ ကျွန်တော်တို့၏ ကမ်းခြေညထဲသို့ စီးဝင်လာခဲ့သည်။
ပင်လယ်မှာ သုံးညအိပ်ပြီး ရန်ကုန်ကိုပြန်တော့ ပန်းချီဆရာကပဲ သံတွဲအဝေးပြေးကားဂိတ်ဝင်းကို လိုက်ပို့ပေးပါသည်။
တောင်ကုတ်ကို အလာတုန်းက ရဲအောင်လံသည် ရခိုင်ရိုးမကို ကုတ်ခြစ်တွားတက်ခဲ့တာဖြစ်သည်။ အပြန်ခရီးစဉ်မှာတော့ ရဲအောင်လံသည် ဂွ၊ ကျိန္တလီကိုဖြတ်ပြီး အနောက်ရိုးမကို ခွကျော်သွားမှာဖြစ်သည်။
ယာဉ်ထွက်မည့် အချိန်မှာ နံနက်ရှစ်နာရီဖြစ်သည်။ ရန်ကုန်ပြန်မည့်ခရီးသည်များက ခုနှစ်နာရီခွဲလောက်ကတည်းက ကား ပေါ်သို့ အလျှိုအလျှိုတက်ကုန်ကြသည်။
မိုးရနံ့ပါသောလေက ငွေ့ငွေ့ကလေးဖြတ်တိုက်သွားသည်။
ပန်းချီဆရာကို တယောက်တလှည့်စီ လက်ဆွဲနှုတ်ဆက်ပြီး ရဲအောင်လံပေါ်သို့ ကျွန်တော်တို့ တက်လာခဲ့ကြသည်။
ပန်းချီဆရာ၏ မျက်ညိုဝန်းတွေက မှုန်မှိုင်းလို့နေသည်။ နောက်တကြိမ်သူနှင့် တွေ့ဆုံနိုင်ပါဦးမည်လား။ မသေချာလှပါ။
ကျွန်တော်တို့ အပါးမှာ ဘာတွေများသေချာခဲ့ပါသလဲ။ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ ၄၃၆၊ ၅၉ (စ)၊ လီဟန်နီ၊ ချစ်ခြင်း မေတ္တာ၊ တို့ခေတ်ကိုတော့ရောက်ရမည်မှာ မလွဲပါ။ အရေးကြီးပြီ သွေးစည်းကြစို့။ ဘာတခုမှ မသေချာခဲ့ပါ။ သည်ဘက်နှစ်တွေ ထဲကိုရောက်တော့ ၆၆ (ဃ) ဆိုသော အသံတွေတောင် ကျယ်လောင်စွာ မြည်ဟီးလာသေးသည်။
ရှစ်နာရီငါးမိနစ်မှာ ရဲအောင်လံ ဘီးစလှိမ့်ပါသည်။ အလုံပိတ်ပြတင်းတံခါးထဲမှပန်းချီဆရာကို ကျွန်တော်တို့ လက်ဝှေ့ယမ်း ပြကြ သည်။
ပန်းချီဆရာကလည်း တရွေ့ရွေ့ထွက်ခွာနေသော ရဲအောင်လံကို ငေးငေးရီရီကြည့်နေရင်း သူ့လက်အစုံကို ဝှေ့ယမ်းပြ သလျက်။
တူရှုဆီမှာတော့ မြူနှင်းတွေကြားမှာ အမြှောင်းလိုက်သွယ်တန်းနေသော စိမ်းမြမြရိုးမ။
အနောက်ဖက်ဆီမှာတော့ ကမ်းခြေပေါ်သို့ တဝေါဝေါပြေးတက်လာသော ရေလှိုင်းပြာများ။
တအောင့်ပဲမောင်းလိုက်ရသည်။
ပန်းချီဆရာရော ပင်လယ်ပါ နောက်မှာ ကျန်ရစ်ခဲ့လေသည်။ ။
နိုင်ဝင်းသီ