သားကြီးမောင်ဇေယျ ● နင်က ဗိုလ်အောင်ဒင်
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂ဝ၁၆
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂ဝ၁၆
‘ပြဿနာတော့ တက်ပြီ’
ဒီစကားသံကလေးကို ကြားလိုက်ရရင် အတော်များများ အထိတ်တလန့် ဖြစ်သွားကြပါတယ်။ သတင်းသမားတွေကတော့ အဲဒီ လိုစကားသံမျိုးကိုကြားရင် ခေါင်းထောင်လာတတ်ပါတယ်။
စပ်စုလာတတ်ပါတယ်။ ဘာဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ၊ ဘာဆက်ဖြစ်ဦးမှာလဲ။ စတဲ့မေးခွန်းတွေ တသီကြီးမေး လေ့ရှိပါ တယ်။
ကျနော်တို့ အခုပြဿနာ တခုရင်ဆိုင်နေရပါပြီ။ ဗိုလ်အောင်ဒင် ပြဿနာပါ။
ဒီပြဿနာက အတော်ကြီး ကြိုးစားရှာဖွေထားရတဲ့ပြဿနာလို့ ဆိုရမှာပါ။
ရှာဖွေတင်ပြသူတွေက ကိုမျိုးသားထက်နဲ့ ကိုမြင့်ကျော်တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံး သတင်းပညာကို မျှဝေနေသူ တွေပါ။ ဒီပြဿနာကို ရှာဖွေနေတဲ့နေရာက မီဒီယာအလုပ်ရုံဆွေနွေးပွဲတခုမှာ ဖြစ်ပါတယ်။
သူတို့ကပြောပါတယ်။ ဗိုလ်အောင်ဒင်ဟာ အာဏာရပါတီရဲ့ ယာယီခေါင်းဆောင်တဲ့။ သူ့ပါတီနာမည်က ကြက်ဖပါတီ။ သူ့ အမျိုးသမီးတဦးက လူအများမနှစ်သက်တဲ့စီမံကိန်းတခုကို အစိုးရခွင့်ပြုချက်နဲ့ ကန်ထရိုက်ရသွားတယ်လို့ ဆိုပါတယ်။ ရ ထားတဲ့ သက်သေခံ အထောက်အထားစာရွက်စာတမ်းတွေက မခိုင်လုံပါဘူး။ ဒါပေမယ့် ဝန်ကြီးဟောင်းရဲ့ မိတ်ဆွေ တ ယောက်ကတော့ ဒီစာရွက်စာတမ်းတွေဟာ အမှန်တွေပါလို့ ပြောနေပါတယ်။ ဒီသတင်းဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့နေပြီတဲ့ ။ ဒီသတင်းနဲ့ပတ်သက်လို့ ဗိုလ်အောင်ဒင်ကိုမေးရင်လည်း အဟောက်ခံရမယ်၊ ဝန်ကြီးဟောင်းကလည်းကလည်း ဖုန်းပိတ် ထားတယ်။ သတင်းထောက်တွေကလည်း ဒီသတင်းကို ရေးချင်လိုက်တာ လက်ယားနေပြီ။
ကဲ ကိုရွှေသတင်းထောက်တွေ ဘယ်လိုရေးမလဲ။ အရေးမှာရင်၊ သတင်းမခိုင်လုံရင်၊ အသရေဖျက်မှု (ပုဒ်မ ၅ဝဝ)၊ အင်တာ နက်ပေါ်တင်ရင်၊ ပုဒ်မ ၆၆ (ဃ)၊ အီလက်ထရွန်နစ်ပစ္စည်းတွေသုံးရင် ပုဒ်မ ၃၄ (ဃ) စတဲ့ စတဲ့ ပုဒ်မတွေနဲ့ အရေးယူခံရမယ်တဲ့။
ကျနော်တို့ ပြဿနာကို မီးထွန်းရှာကြပါပြီ။
သတင်းကိုရေးမှာလား မရေးဘူးလား။
ပြဿနာကကြီးတယ်။
အန္တရာယ်ကလည်း ကြီးတယ်။ အာဏာရအစိုးရနဲ့ ပတ်သက်တဲ့ပြဿနာ။ ကွဲပြီဆိုရင်တော့ အချီကြီးပဲ။
ကျနော်တို့ထဲက တယောက်က ပြောတယ်။ သတင်းမလုပ်ဘူးတဲ့။ မခိုင်လုံတဲ့သတင်းမို့ မစွန့်စားသင့်ဘူးတဲ့။ နောက် တ ယောက်ကပြောတယ်။ ဒါဟာ အာဏာရပါတီရဲ့ ချစားမှုပဲ၊ အာဏာအလွဲသုံးစားလုပ်မှုပဲ၊ ဒီသတင်းအစကို ဆွဲထုတ်ပြီး သ တင်းလုပ်သင့်တယ်။ ဒါပြည်သူတွေ သိသင့်တဲ့သတင်းပဲ။ သတင်းသမားတွေမှာ တာဝန်ရှိတယ်တဲ့။ ဒါပေမယ့် ဒါဟာ သ တင်းအနံ့သာဖြစ်တယ်။ အခြေအမြစ်လို့ ယူဆလို့မရဘူးလို့ ဆိုပါတယ်။
ဒါဆို အခြေအမြစ်ကို ဘယ်လိုတူးဆွမလဲ။
နောက်တယောက်က အကြံပေးတယ်။ ဒီ ဖြစ်စဉ်မှာပါတဲ့လူတွေကို စာရင်းပြုစုပြီး အင်တာဗျူးလုပ်သင့်တယ်တဲ့။ ဒီဖြစ်စဉ်မှာ ပါတဲ့သူတွေက ....
၁။ ဗိုလ်အောင်ဒင်
၂။ ဗိုလ်အောင်ဒင်ရဲ့ အမျိုးသမီးတဦး
၃။ ဝန်ကြီးဟောင်း
၎။ ဝန်ကြီးဟောင်းမိတ်ဆွေ
ဗိုလ်အောင်ဒင်ကိုမေးလို့ ရပါ့မလား။ သူက ဟောဟော ဒိုင်းဒိုင်းသမား၊ ဒေါသကြီးတယ်။ မေးဖို့မလွယ်ဘူး။
ဒါဆိုနောက်တယောက်။ ဗိုလ်အောင်ဒင်ရဲ့ အမျိုးသမီးတဦး။ အင်း ဒါလည်း မဖြစ်နိုင်ဘူး။
ဒါဆို ဒီလို တဖက်က ကြိုးစားကြည့်မယ်။ ဗိုလ်အောင်ဒင်ရဲ့ အမျိုးသမီးတစ်ဦးလို့ဆိုထားတယ်။ အဲဒါကိုကြည့်ရင် ဗိုလ်အောင် ဒင်မှာ သူနဲ့အလွန်နီးစပ်တဲ့ အခြားအမျိုးသမီးတွေ ရှိနိုင်သေးတယ်။ သူတို့ကိုမေးကြည့်မယ်။ သူတို့က အပြိုင်အဆိုင်တွေဆို တော့ ပြောကောင်းပြောမယ်။ ဒါပေမယ့် တိကျခိုင်လုံတဲ့ အထောက်အထားရဖို့ မလွယ်ဘူး။ ကြိုးစားကြည့်ရင် မမှား နိုင် ပါဘူးတဲ့။
နောက်တယောက်က ဝန်ကြီးဟောင်း။ သူက ဖုန်းပိတ်ထားတယ်။ မဖြစ်နိုင်ဘူး။ ဝန်ကြီးဟောင်းရဲ့မိတ်ဆွေရော ဖြစ်နိုင် မလား။ သူလည်း ဖုန်းပိတ်ထားတယ်။ မဖြစ်နိုင်ဘူး။ နောက်ထပ် ကျွန်တော်တို့ ဘယ်မှာ ဘာတွေ စုံစမ်းသင့်ပါသလဲ။ စီမံ ကိန်းရုံးကိုသွားသင့်တယ်။
ဒီစီမံကိန်း တကယ်ရှိလား၊ ကံထရိုက် ဘယ်သူ့ကိုချပေးသလဲ။ ဘယ်တုန်းက ချပေးတာလဲ၊ ဘယ်အစည်းအဝေးက ဆုံး ဖြတ်တာလဲ။ အစည်းဝေးမှာ ဘယ်သူတွေပါလဲ။ ဒါတွေကို စုံစမ်းသင့်တယ်လို့ ဆိုတယ်။
တယောက်က ထပြောတယ်။ ပြဿနာရှာရင် ကျွန်တော်တို့ထက်ပိုစွမ်းတဲ့ ရှေ့နေတွေကို ဆရာတင်သင့်တယ်လို့ အကြံ ပြုတယ်။
အဲဒီအကြံကို အားလုံးလက်ခံလိုက်တယ်။
တယောက်က ပြောတယ်။ သတင်းအရေးခင် ဗိုလ်အောင်ဒင်ဆီ အရင်စာပို့သင့်တယ်။ သတင်းထောက်တယောက်က ထ ကန့်ကွက်တယ်။ ဒါဆို သူက သက်သေခံတွေ ဖျောက်လိုက်ရင် ဘယ်လိုလုပ်မလဲ၊ သူက လူမိုက်တွေငှားပြီး တိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲတဲ့။
နောက်တယောက်က အကြံပြုတယ်။ သူ့ဆီစာရေးတဲ့အခါ လက်ခံစာ ယူထားရမယ်။ သူ့ပါတီကိုစာပို့တဲ့အခါလည်း လက်ခံ စာယူထားရမယ်။ အဲဒါမှ တရားရုံးမှာ သတင်မရေးခင် စာပို့ထားတယ်ဆိုတာ သက်သေပြနိုင်မယ်တဲ့။
စာပို့ပြီးရင်လည်း လူကိုယ်တိုင် တံခါးခေါက်ပြီး မေးရမယ်။ ဝင်ခွင့်မပေးရင်လည်း မပေးတဲ့အကြောင်း မှတ်တမ်းတင်ထားရ မယ်။ ဆဲလွှတ်ရင်လည်း ဆဲလွှတ်တဲ့ အကြောင်းမှတ်တမ်းထားရမယ်။ ဆဲမလွှတ်ပဲ သူ့ရုံးခန်းမှာ တွေ့ခွင့်ပေးပြီးမှ ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲနိုင်သေးတယ်။ အဲဒါကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကိုလည်း စဉ်းစားထားရမယ်တဲ့။
မြေစာရင်းရုံးနဲ့ စီမံကိန်းဌာနတွေကိုလည်း သွားပြီး အချက်အလက်စုဆောင်းရမယ်။
ဗိုလ်အောင်ဒင်ကို ခုခံခွင့်ပေးရမယ်။ သတင်းမရေးခင်ကတည်းက ခုခံခွင့်ပေးရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမ သတင်းပါ သွားပြီဆိုကတည်းက စီရင်ချက်ချသလို ဖြစ်တတ်တဲ့အတွက်ကြောင့်ပါ။
ဆွေးနွေးပွဲ စကားဝိုင်းကရလာတဲ့အချက်တွေကို စာရွက်ပေါ်မှာ ချရေးတယ်။ အပြန်အလှန် ထပ်ခါ ထပ်ခါ တိုင်ပင်ကြတယ်။ ဘယ်သူက ဘယ်အစိတ်အပိုင်းကို တာဝန်ယူဆိုတာ တိတိကျကျ တာဝန်ပေးကြတယ်။
ဒီစကားဝိုင်းကိုကြည့်ရင် ...
အချက်အလက် မှန်ကန်ရမယ်ဆိုတာကို အထူးအလေးဆိုတာကိုတွေ့ရတယ်။ သံသယ အရှိခံရသူကို ခုခံကာကွယ်ခွင့်ပေးဖို့ ကြိုးစားထားတယ်။ သတင်းရေးသားသူအပေါ် ဆိုးကျိုးသက်ရောက်လာနိုင်တဲ့ ဥပဒေတွေကို အသေအချာ သတိထားတယ်။ အထူးသဖြင့် ရှေ့နေနဲ့ တိုင်ပင်တယ်။ အကြံရယူတယ်။ အန္တရာယ်တွေကို ကြိုတင်စဉ်းစားကာကွယ်ထားတယ်။ တနည်းအား ဖြင့် သတင်းသမားတွေရဲ့လုံခြုံရေးကို အထူးသတိထားတယ်။
ဒီလို စကားဝိုင်းတွေ၊ တနည်းအားဖြင့် ဒီိလိုစည်းဝေးပွဲတွေကို သတင်းဌာနတွေရဲ့ သတင်းခန်းမှာ နေ့စဉ်လိုလို ပြုလုပ်လေ့ ရှိ ကြပါတယ်။ ဒါဟာ သတင်းသမားတွေရဲ့ တာဝန်သိမှု၊ တာဝန်ခံမှုအပြင် စွန့်စားမှုတွေလည်း ပါဝင်နေပါတယ်။
ဒီလိုစိတ်ဓါတ်တွေ သတင်းဌာနတွေမှာ များများရှိရင်၊ ဒီလိုစနစ်တကျနဲ့ စုပေါင်းလုပ်တတ်တဲ့ ယဉ်ကျေးမှုတွေ သတင်း လောကမှာထွန်းကားလာရင် စနစ်ဟောင်းက ဗိုလ်အောင်ဒင်လိုလူမျိုးတွေ တဖြည်းဖြည်း ပပျောက်သွားမှာပါ။ အဲ တခုတော့ ရှိတယ်။ ဗိုလ်အောင်ဒင်တွေမပျောက်ပဲ ကျွန်တော်တို့သတင်းသမားတွေ ပျောက်ချင်းမလှ ပျောက်သွားခဲ့ရင်တော့ အနန္တစင်္ကြာဝဋ္ဌာအတွင်းရှိ နတ်ကောင်း နတ်မြတ်တွေကို ၂ဝဝ၈ ဖွဲ့စည်းပုံအောက်က လွတ်မြောက်ရေးအတွက် ကင်ပိန်းတွေ အရင်လုပ်ရပါတော့မယ်။
သားကြီးမောင်ဇေယျ (၁၁-၁၂-၂ဝ၁၆)