မြတ်လှိုင်း ● နောက်ဆုံးဒီဇင်ဘာနဲ့ ညစာ စားခြင်း
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၆
ကံကြမ္မာက
သူဟာသူ စီရင်ချက်ချပြီးသား
ကွေ့တဲ့နေရာမှာကွေ့နေတယ်
ကောက်တဲ့နေရာဆိုကောက်မှာပဲ
သူက အရှေ့ကလည်း မသွားဘူး
နောက်ကျပြီးလည်း မကျန်ရစ်ဘူး
ဒါကို ဘုရားသခင်ဖန်တီးတာလို့လွှဲမချနဲ့
ကောင်းကင်ကြီးကလည်း ဘယ်တော့မှပြိုကျမလာဘူး
ရန်သူငါးယောက်ထဲမှာ မင်း ပါတယ်
မင်းက ငါတို့ကို အကျဉ်းချနိုင်တယ်
ငါတို့ကို လွတ်မြောက်ခွင့်လည်း ပေးတယ်။
မင်းရဲ့လက်ထဲမှာ
ကြိုးတချောင်းရှိတယ်
ခေတ်ကို ကြိုးဆွဲထားသလို
ဆွဲထားတဲ့ကြိုးကိုအလျှော့အတင်းလုပ်ပြီး
လိုသလိုခိုင်းတယ်
ခေတ်ကိုပြုံးခိုင်းရင် လူတွေပြုံးတယ်
ခေတ်ကိုငိုခိုင်းရင် လူတွေငိုတယ်
ခေတ်ကို သူရဲကောင်းတယောက်လို
ဟန်ပါပါရီခိုင်းတယ်
ခေတ်ကို ဗီလိန်နဲ့ အပေါင်းအပါတွေလို
ကောက်ကျစ်ယုတ်မာခိုင်းတယ်
ငါတို့က ခေတ်ရဲ့သားကောင်တွေ။
ခေတ်က အရှင်မွေး နေ့ချင်းကြီးပြဇာတ်ကို ကတယ်
ရွှေသမင် ဘယ်ကထွက်
မင်းကြီးတာကထွက် အော်ပရာနဲ့ထွက်တယ်
မင်းက စိုးတယ်
မင်းက ဆိုးရင် ရွာပျက်ကြီးမှာလမ်းဆုံးတယ်
မဟာဘုတ်အလိုအရ
အဓိပတိခွင်ဟာ မတည်မြဲဘူး
အောက်ကိုပြုတ်ကျတတ်တယ်လို့ ဗေဒင်ကျမ်းစာအုပ်က ဟောတယ်
ခေတ်ကိုနောက်ကျောကဓားနဲ့ထိုးမယ့်
ဘရူးတပ်တွေ အမြဲစောင့်ကြည့်နေတယ်။
သစ်ပင်အိုကြီးက
ရုက္ခစိုးဟန်ဆောင်ထားပြီး
ခေတ်ကိုပူဇော်ပသခိုင်းတယ်
အရည်းကြီးတွေက မိုးပေါ်ကကျလာသလိုနဲ့
လမ်းပြမြေပုံကို မှင်မပါပဲရေးတယ်
ခေတ်ကလက်ဆင့်ကမ်းလျှောက်ရင်း
ခေတ်ကို ခေတ်က ခလုတ်တိုက်တယ်
လူတွေအပေါ်ပိကျခဲ့တယ်
လူတွေပေါ် ပိကျနေတယ်
ဗျူရိုကရက်ဇာတ်ပျက်ကြီးနဲ့ မိုးချုပ်ခဲ့တယ်။
ဒီခေတ်ကြီးကလည်း
ဗီးနပ်နတ်သမီးကို လက်အတုတပ်ပေးပြီး
ခိုတွေထပျံခိုင်းတယ်
ခိုတွေက တကူးကူးလို့ မမြည်ဘူး
လူတွေကိုအတုခိုးပြီး လူတွေကိုယ်စားညည်းသံတွေ အန်ချလိုက်တယ်
ထေရဝါဒကို ကျမ်းစာအုပ်ထဲ ပြန်ထိုးထည့်ထားပြီး
ဘုရားရင်ပြင်ပေါ်မှာ ယတြာချေသံတွေဆူညံနေတယ်
ခေါင်းလောင်းမြည်သံတွေငြိမ်သက်နေခဲ့တယ်
လောကကိုမေတ္တာမမျှဝေပဲ
အပူတွေဝေနေကြတယ်
ခေတ်ကလဲငုတ်တုတ်ထိုင်ပြီး လက်မှိုင်ချနေတယ်။
ဒီအချိန်မှာ
ငါတို့နောက်ဆုံးညစာကိုစားပြီး
မနက်လင်းချိန်ကို အိပ်မက်မက်နေတယ်
မင်း နဲ့ မင်းတွေ ညစာစားပွဲကျင်းပနေလေရဲ့
ပြောင်းလဲချိန်တန်ပြီဆိုတာကို
ဇွန်းခရင်းနဲ့ ခေတ်ကိုတို့ထိပြီးနှုတ်ဆက်လိုက်ကြတယ်။
ကံကြမ္မာက
သူဟာသူစီရင်ချက်ချပြီးသား
အကောင်းဆုံးကိုမျှော်လင့်ဖို့
အဆိုးဆုံးကို ညစာအဖြစ်စားသုံးကြ
ဒါ နောက်ဆုံးဖြစ်ပါစေလို့ တောင်းတိုင်းမပြည့်တဲ့ဆုကို
မတောင်းပဲ
နောက်ဆုံးညစာကိုစားကြ။
ငါတို့ကိုဘုရားသခင်ဖန်ဆင်းတာမဟုတ်
ကောင်းကင်ပေါ်ကကျလာတဲ့ မိုးကျရွှေကိုယ်တွေမဟုတ်
အများသောက်တော့ မိုးခါးရေသောက်တဲ့ခေတ်ထဲက
ရုန်းထွက်ဖို့ခြေလှမ်းတွေပြင်ကြ
ငါတို့ဟာ ခေတ်ထဲကသားကောင်အဖြစ်က
ခေတ်ကိုပြန်ပစ်တဲ့ လေးမြားတွေဖြစ်ကြ
အချိန်အခါမရွေး ထ ထလောင်နေတတ်တဲ့
မီးတောက်တွေကိုအညွှန့်ချိုးပစ်ကြ
ကမ်းပါးပေါ်လျှံတက်လာတဲ့ မြစ်တမြစ်ကို ရပ်တန့်ပစ်ကြ
မင်း ကိုလက်ဆွဲနှုတ်ဆက်ပြီး ပြုံးပြကြ
မနက်ဖြန်မှာ အား
နောက်ဆုံးညစာအဖြစ် စားကြ။
လူကလူကိုပြန်ကယ်တဲ့ခေတ်မှာ
မူတွေသေဆုံးသွားပြီး
လူတွေ ရှင်သန်လာကြတယ်
ဘုံဝါဒက
မြို့ပြထဲကိုတောခိုလာပြီး
ကျူးကျော်အဖြစ်ခိုလှုံခွင့်တောင်းတယ်
ချစ်သူကိုတောင် ဥပေက္ခာတဝက်နဲ့
ချစ်နိုင်တဲ့ငါက ကွန်မြူနစ်တယောက်ပေါ့
ဌာနချုပ်ကို အမြောက်နဲ့ထုချင်နေတယ်
ဖောက်ပြန်ရေးသမားတွေနဲ့ စီးချင်းထိုးချင်တယ်
အချောင်သမားတွေရဲ့သင်္ချိုင်းကို
လှလှပပဆောက်ပေးချင်တယ်
အကြမ်းဖက်မှုတွေတောထုတ်ပွဲကျင်းပကြ။
ကြောင်လက်သည်းလိုဝှက်ထားတဲ့
အတ္တတွေကြီးထွားလာကြ
ညကိုအနက်ရောင်အိပ်မက်ထဲဆွဲထည့်ပြီး
အရုဏ်ဦးကိုကြက်ခြေခတ်ထားတယ်
အနိဋ္ဌာရုံပန်းချီကားတွေ ဖောင်းပွလာပေါ့
ကမ္မဋ္ဌာန်းတရားတွေရှုပြီး
နောက်ဆုံးညစာကို စားကြ။
ဓမ္မတွေကိုပြန်တူးဖော်ပြီး
ခွေးမြီးကောက်တွေခြေထောက်ကို စွပ်ပေးကြ
ကြောင်ကိုချူဆွဲမယ့်ခေတ်ကို
လွှတ်တော်ထဲခေါ်ပြီး မေးခွန်းတွေမေးကြ
မေးသူရောဖြေသူပါ အူတူတူအတူချည်းပဲ
ချက်ခုံပေါ်က နယ်ရုပ်တွေက
မြင်းတကောင်လို ခွချက်နေလိုက်ကြတာ
ကွင်းကိုအကျမခံနဲ့
ကွင်းကျသွားရင် ပြည်ပျက်ပြီ။
ဒီလိုနဲ့
ဒီဇင်ဘာက
ဝတ်နေကြကုတ်အင်္ကျီအဟောင်းကြီးကိုဝတ်လို့
ပင်လယ်ကဗွီးပင်တွေထဲက
အိပ်မှုံစုံမွှားနိုးထတော့မယ်
ထုံးစံအတိုင်း အိုအသင်လောကလို့နှုတ်မဆက်ခင်
ချစ်သူရေ
ဒီဇင်ဘာညကိုနှုတ်ဆက်ဖို့
ငါတို့ ညစာကိုစားကြစို့ကွဲ့။ ။
မြတ်လှိုင်း
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၆
ကံကြမ္မာက
သူဟာသူ စီရင်ချက်ချပြီးသား
ကွေ့တဲ့နေရာမှာကွေ့နေတယ်
ကောက်တဲ့နေရာဆိုကောက်မှာပဲ
သူက အရှေ့ကလည်း မသွားဘူး
နောက်ကျပြီးလည်း မကျန်ရစ်ဘူး
ဒါကို ဘုရားသခင်ဖန်တီးတာလို့လွှဲမချနဲ့
ကောင်းကင်ကြီးကလည်း ဘယ်တော့မှပြိုကျမလာဘူး
ရန်သူငါးယောက်ထဲမှာ မင်း ပါတယ်
မင်းက ငါတို့ကို အကျဉ်းချနိုင်တယ်
ငါတို့ကို လွတ်မြောက်ခွင့်လည်း ပေးတယ်။
မင်းရဲ့လက်ထဲမှာ
ကြိုးတချောင်းရှိတယ်
ခေတ်ကို ကြိုးဆွဲထားသလို
ဆွဲထားတဲ့ကြိုးကိုအလျှော့အတင်းလုပ်ပြီး
လိုသလိုခိုင်းတယ်
ခေတ်ကိုပြုံးခိုင်းရင် လူတွေပြုံးတယ်
ခေတ်ကိုငိုခိုင်းရင် လူတွေငိုတယ်
ခေတ်ကို သူရဲကောင်းတယောက်လို
ဟန်ပါပါရီခိုင်းတယ်
ခေတ်ကို ဗီလိန်နဲ့ အပေါင်းအပါတွေလို
ကောက်ကျစ်ယုတ်မာခိုင်းတယ်
ငါတို့က ခေတ်ရဲ့သားကောင်တွေ။
ခေတ်က အရှင်မွေး နေ့ချင်းကြီးပြဇာတ်ကို ကတယ်
ရွှေသမင် ဘယ်ကထွက်
မင်းကြီးတာကထွက် အော်ပရာနဲ့ထွက်တယ်
မင်းက စိုးတယ်
မင်းက ဆိုးရင် ရွာပျက်ကြီးမှာလမ်းဆုံးတယ်
မဟာဘုတ်အလိုအရ
အဓိပတိခွင်ဟာ မတည်မြဲဘူး
အောက်ကိုပြုတ်ကျတတ်တယ်လို့ ဗေဒင်ကျမ်းစာအုပ်က ဟောတယ်
ခေတ်ကိုနောက်ကျောကဓားနဲ့ထိုးမယ့်
ဘရူးတပ်တွေ အမြဲစောင့်ကြည့်နေတယ်။
သစ်ပင်အိုကြီးက
ရုက္ခစိုးဟန်ဆောင်ထားပြီး
ခေတ်ကိုပူဇော်ပသခိုင်းတယ်
အရည်းကြီးတွေက မိုးပေါ်ကကျလာသလိုနဲ့
လမ်းပြမြေပုံကို မှင်မပါပဲရေးတယ်
ခေတ်ကလက်ဆင့်ကမ်းလျှောက်ရင်း
ခေတ်ကို ခေတ်က ခလုတ်တိုက်တယ်
လူတွေအပေါ်ပိကျခဲ့တယ်
လူတွေပေါ် ပိကျနေတယ်
ဗျူရိုကရက်ဇာတ်ပျက်ကြီးနဲ့ မိုးချုပ်ခဲ့တယ်။
ဒီခေတ်ကြီးကလည်း
ဗီးနပ်နတ်သမီးကို လက်အတုတပ်ပေးပြီး
ခိုတွေထပျံခိုင်းတယ်
ခိုတွေက တကူးကူးလို့ မမြည်ဘူး
လူတွေကိုအတုခိုးပြီး လူတွေကိုယ်စားညည်းသံတွေ အန်ချလိုက်တယ်
ထေရဝါဒကို ကျမ်းစာအုပ်ထဲ ပြန်ထိုးထည့်ထားပြီး
ဘုရားရင်ပြင်ပေါ်မှာ ယတြာချေသံတွေဆူညံနေတယ်
ခေါင်းလောင်းမြည်သံတွေငြိမ်သက်နေခဲ့တယ်
လောကကိုမေတ္တာမမျှဝေပဲ
အပူတွေဝေနေကြတယ်
ခေတ်ကလဲငုတ်တုတ်ထိုင်ပြီး လက်မှိုင်ချနေတယ်။
ဒီအချိန်မှာ
ငါတို့နောက်ဆုံးညစာကိုစားပြီး
မနက်လင်းချိန်ကို အိပ်မက်မက်နေတယ်
မင်း နဲ့ မင်းတွေ ညစာစားပွဲကျင်းပနေလေရဲ့
ပြောင်းလဲချိန်တန်ပြီဆိုတာကို
ဇွန်းခရင်းနဲ့ ခေတ်ကိုတို့ထိပြီးနှုတ်ဆက်လိုက်ကြတယ်။
ကံကြမ္မာက
သူဟာသူစီရင်ချက်ချပြီးသား
အကောင်းဆုံးကိုမျှော်လင့်ဖို့
အဆိုးဆုံးကို ညစာအဖြစ်စားသုံးကြ
ဒါ နောက်ဆုံးဖြစ်ပါစေလို့ တောင်းတိုင်းမပြည့်တဲ့ဆုကို
မတောင်းပဲ
နောက်ဆုံးညစာကိုစားကြ။
ငါတို့ကိုဘုရားသခင်ဖန်ဆင်းတာမဟုတ်
ကောင်းကင်ပေါ်ကကျလာတဲ့ မိုးကျရွှေကိုယ်တွေမဟုတ်
အများသောက်တော့ မိုးခါးရေသောက်တဲ့ခေတ်ထဲက
ရုန်းထွက်ဖို့ခြေလှမ်းတွေပြင်ကြ
ငါတို့ဟာ ခေတ်ထဲကသားကောင်အဖြစ်က
ခေတ်ကိုပြန်ပစ်တဲ့ လေးမြားတွေဖြစ်ကြ
အချိန်အခါမရွေး ထ ထလောင်နေတတ်တဲ့
မီးတောက်တွေကိုအညွှန့်ချိုးပစ်ကြ
ကမ်းပါးပေါ်လျှံတက်လာတဲ့ မြစ်တမြစ်ကို ရပ်တန့်ပစ်ကြ
မင်း ကိုလက်ဆွဲနှုတ်ဆက်ပြီး ပြုံးပြကြ
မနက်ဖြန်မှာ အား
နောက်ဆုံးညစာအဖြစ် စားကြ။
လူကလူကိုပြန်ကယ်တဲ့ခေတ်မှာ
မူတွေသေဆုံးသွားပြီး
လူတွေ ရှင်သန်လာကြတယ်
ဘုံဝါဒက
မြို့ပြထဲကိုတောခိုလာပြီး
ကျူးကျော်အဖြစ်ခိုလှုံခွင့်တောင်းတယ်
ချစ်သူကိုတောင် ဥပေက္ခာတဝက်နဲ့
ချစ်နိုင်တဲ့ငါက ကွန်မြူနစ်တယောက်ပေါ့
ဌာနချုပ်ကို အမြောက်နဲ့ထုချင်နေတယ်
ဖောက်ပြန်ရေးသမားတွေနဲ့ စီးချင်းထိုးချင်တယ်
အချောင်သမားတွေရဲ့သင်္ချိုင်းကို
လှလှပပဆောက်ပေးချင်တယ်
အကြမ်းဖက်မှုတွေတောထုတ်ပွဲကျင်းပကြ။
ကြောင်လက်သည်းလိုဝှက်ထားတဲ့
အတ္တတွေကြီးထွားလာကြ
ညကိုအနက်ရောင်အိပ်မက်ထဲဆွဲထည့်ပြီး
အရုဏ်ဦးကိုကြက်ခြေခတ်ထားတယ်
အနိဋ္ဌာရုံပန်းချီကားတွေ ဖောင်းပွလာပေါ့
ကမ္မဋ္ဌာန်းတရားတွေရှုပြီး
နောက်ဆုံးညစာကို စားကြ။
ဓမ္မတွေကိုပြန်တူးဖော်ပြီး
ခွေးမြီးကောက်တွေခြေထောက်ကို စွပ်ပေးကြ
ကြောင်ကိုချူဆွဲမယ့်ခေတ်ကို
လွှတ်တော်ထဲခေါ်ပြီး မေးခွန်းတွေမေးကြ
မေးသူရောဖြေသူပါ အူတူတူအတူချည်းပဲ
ချက်ခုံပေါ်က နယ်ရုပ်တွေက
မြင်းတကောင်လို ခွချက်နေလိုက်ကြတာ
ကွင်းကိုအကျမခံနဲ့
ကွင်းကျသွားရင် ပြည်ပျက်ပြီ။
ဒီလိုနဲ့
ဒီဇင်ဘာက
ဝတ်နေကြကုတ်အင်္ကျီအဟောင်းကြီးကိုဝတ်လို့
ပင်လယ်ကဗွီးပင်တွေထဲက
အိပ်မှုံစုံမွှားနိုးထတော့မယ်
ထုံးစံအတိုင်း အိုအသင်လောကလို့နှုတ်မဆက်ခင်
ချစ်သူရေ
ဒီဇင်ဘာညကိုနှုတ်ဆက်ဖို့
ငါတို့ ညစာကိုစားကြစို့ကွဲ့။ ။
မြတ်လှိုင်း