(poem from Michigan)
(မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၇
ကျနော်က မစ်ရှီဂန်
နံရံပေါ်မှာ၊ ဗော်လ်ရှီဗစ်ပုံတွေကပ်လိုက်။
ကျနော်က မစ်ရှီဂန်
ပလွေသံမှာ၊ အလမ္ပယ်ဆရာကိုကခိုင်းလိုက်။
ကျနော်က မစ်ရှီဂန်
နံရံပေါ်မှာ၊ ချေဂွေဗားရားပုံကိုရေးလိုက်
မြစ်နက်ထဲမှာ၊ ဥက္ကဋ္ဌမော်နဲ့ရေကူးလိုက်
နှလုံးသားမှာ၊ ပန်းများပွင့်လိုက်
အာဖရိကန်ဗုံသံ
ကော့ဆက်မြင်းခွာသံ
ဆမ္ဘာ ဆမ္ဘာ၊ တန္ဂိုအက
ရိုးမေပၚမွာ
ရဲဘော် ရဲဘော်လို့ အကျယ်ကြီးအော်လိုက်
လရောင်ထဲမှာ၊ ကြယ်ရောင်အောက်မှာ
တိုက်ပွဲခေါ်သံ၊ အရိုင်းခေါ်သံ၊ ချစ်သူခေါ်သံ။
အဲဒီခေါ်သံတွေကြားမှာ
ကျနော်က မစ်ရှီဂန်။
မစ်ရှီဂန်မဲဇာမှာ
မတရားတဲ့အသံ၊ ဘာသံမှ မကြားနိုင်ပါဘူး။
မစ်ရှီဂန်မဲဇာမှာ
ဝေးမြေရပ်ခြား၊ နှင်းမှောင်ကန္တာရကြား
တရားမဲ့တဲ့အသံ၊ ဘာသံမှ မကြားရပါဘူး။
မစ်ရှီဂန်မဲဇာမှာ
စစ်ပွဲတွေ မရှိပါဘူး။
တရားသောစစ်ထောက်ခံပွဲဆိုတာလည်း
ဒီမဲဇာမှာ မရှိပါဘူး။
မစ်ရှီဂန်မဲဇာမြိုင်
နှင်းဖုံးတဲ့ဂနိုင်မှာ
မအိပ်ဘဲထိုင်နေတဲ့ညဟာ ကျနော်ပေါ့ ။
မစ်ရှီဂန်မှာ ည
ရန်ကုန်မှာ နေ့။
ဒီနေ့ဟာ၊ ရန်ကုန်မှာ တရားသောစစ်ကိုထောက်ခံတဲ့ငပိန်းတွေ
ဆန္ဒပြတဲ့နေ့လား။
ဒီနေ့ဟာ၊ ရန်ကုန်မှာ စစ်ပွဲတွေရပ်လို့ ငြိမ်းချမ်းရေးလိုလားတဲ့
ပြည်သူတွေ ဆန္ဒပြတဲ့နေ့လား။
မစ်ရှီဂန်မှာ ည
ရန်ကုန်မှာ နေ့။
ဒီနေ့ဟာ၊ ရန်ကုန်မှာ စစ်ဖြစ်ချင်တဲ့ ငပိန်းတွေ
ရန်လိုတဲ့နေ့ ဖြစ်ချင်ဖြစ်မယ်။
ဒီနေ့ဟာ၊ ရန်ကုန်မှာ စစ်ဆန့်ကျင်သူတွေကို စစ်ထောက်ခံသူတွေက
တိုက်ခိုက်တဲ့နေ့ ဖြစ်ချင်ဖြစ်မယ်။
ဒီနေ့ဟာ
ဒုတိယဒီပဲယင်းခေတ်ကို ပြန်ရောက်တဲ့နေ့။
ဒီနေ့မှာ၊ ဖြေစရာတရားမရှိ
ဒါပေမဲ့၊ ဒီနေ့ဟာ မစ်ရှီဂန်မဲဇာမှာ
နှင်းမုန်တိုင်းထန်တဲ့နေ့ပါပဲ။
နှင်းမုန်တိုင်းထဲမှာ
ကျနော် မသေပါဘူး။
နှင်းမုန်တိုင်းအောက်မှာ
ကျနော် လမ်းပျောက်မသွားပါဘူး။
ကျနော်က မစ်ရှီဂန်
အမေရိကန်အရှေ့မြောက်ဖျား
နှင်းများတဲ့ည။
အဲဒီညမှာ၊ ရန်ကုန်ဟာ မြန်မာပြည်အရှေ့မြောက်ဖျား
ပြေးပြေးလွဲလွဲ၊ ဆွေမျိုးကွဲသား
စစ်ပွဲတွေကြား
အသက်ပျောက်၊ လမ်းပျောက်၊ အနာဂတ်ပျောက်တဲ့
အပြစ်မဲ့တိုင်းရင်းသားပြည်သူတွေကိုယ်စား
စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်၊ စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်လို့ ကြွေးကြော်နေမလား။
ဟေ့- စစ်ပွဲတွေဆက်ဖြစ်ဖို့
ဘယ်သူအော်နေတာလဲ။
ဟေ့- တရားသောစစ်ဆိုပြီး ပြည်တွင်းစစ်ကို ဘယ်သူတွေ
သက်ဆိုးရှည်စေချင်ရတာလဲ။
ဟိတ်- ပိုစတာထောင်ပြီး အာဘောင်အာရင်းသန်နေတဲ့
စစ်ထောက်ခံသူငပိန်းတို့
တစ်ဆိတ် ငြိမ်စမ်း
ဟောဟိုမှာ မင်းတို့ရဲ့ နေ၀င်းလာနေတယ်
သေမင်းလာနေတယ်။
ကျနော်က မစ်ရှီဂန်
မစ်ရှီဂန်မဲဇာမြိုင်မှာ
စစ်ပွဲတွေ မရှိနိုင်။
အမေရိကန်ပြည်တွင်းစစ်(၁၈၆၁- ၁၈၆၅)
ဂက်တီးစဘတ်စစ်မြေပြင်မှာအဆုံးသတ်
ဘယ်တော့မှ ပြန်မလာတော့ဘူး။
အဲဒီမှာ၊ စစ်ဟာ သေသွားတယ်
လူတွေ ရှင်လာတယ်။
လူတွေ ရှင်လာတယ်
စစ်ဟာ သေသွားတယ်၊ အဲဒီမှာ။
အဲဒီမှာ၊ စစ်ဟာပြတိုက်ထဲရောက်သွားတယ်
ကျောင်းသားတွေ သင်ခန်းစာယူကြတယ်။
ပြည်သူတွေဖတ်ရှုဆင်ခြင်ကြတယ်
စစ်ဟာ စာအုပ်တွေထဲရောက်သွားတယ်၊ အဲဒီမှာ။
အဲဒီမှာ၊ စစ်ဟာ တကယ်သေသွား
လူတွေ တကယ်ရှင်လာ၊ အဲဒီမှာ။
မစ်ရှီဂန်မဲဇာမှာ
ကျနော်က ရန်ကုန်ကိုပြန်ပြန်သွားတယ်။
ရန်ကုန်မှာ
ကျနော်က၊ ၁၉၄၈ ကို ခဏခဏရောက်တယ်
အဲဒီမှာ၊ လွတ်လပ်ရေးရတယ်
အဲဒီမှာ
ပြည်တွင်းစစ် စတာပါပဲ။
တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင်
ရန်ကုန်ဟာ၊ သွေးလေမမှန်တော့ဘူး။
ကမ္ဘာပေါ် သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်
ရန်ကုန်လည်း စစ်မြေပြင်ပဲ။
ရန်ကုန်မှာ၊ ပြည်တွင်းစစ်ဟာ ရှင်နေတယ်
ရန်ကုန်မှာ၊ လူတွေဟာ သေနေတယ်။
စစ်ဟာရှင်နေတုန်း၊ ရန်ကုန်မှာ
ရန်ကုန်မှာ၊ လူတွေသေနေတုန်း။
ပုသိမ်က ငါ့ သူငယ်ချင်း စိုးအိမ် ပြောတယ်
“ငါက အိုစာတယ်၊ ပြည်တွင်းစစ်က အရွယ်တင်တယ်” တဲ့။
အဲဒီအရွယ်တင်တဲ့စစ်က
နေပြည်တော်ကို အလည်သွားတယ်
အဲဒီစစ်က ငြိမ်းချမ်းရေးကို ယူမသွားဘူး။
အဲဒီ အရွယ်တင်တဲ့စစ်က
ငရဲပြည်ကို အလည်သွားတယ်
အဲဒီစစ်က လူဆိုးဗိုလ်ကြီးရွှေရွှေကို ခေါ်မသွားဘူး။
အဲဒီ အရွယ်တင်တဲ့စစ်ဟာ
ကတုတ်ကျင်းကိုတူးတယ်။
အိုစာတဲ့ ပြည်သူတွေက
မသာကျင်းကို တူးကြတယ်လေ။
ကျနော်က မစ်ရှီဂန်
နှင်းထန်တဲ့ည
နှင်းဖုံးသွားတဲ့ အိမ်လွမ်းစိတ်ကို ပြန်တူးရတဲ့ညပေါ့ ။
ကျနော်က မစ်ရှီဂန်
မစ်ရှီဂန်မဲဇာမှာ
ကျနော်ဟာ၊ အပြာရောင်ဗော်ရှီဗစ်။
နံရံပေါ်မှာ အနီစက်
နံရံပေါ်မှာ၊ ဗော်ရှီဗစ်ပုံတွေ ကပ်လိုက်။
နံရံပေါ်မှာ လီနင်
နံရံပေါ်မှာ၊ ဘားဒေါ့ ပုံတွေ ကပ်လိုက်။
အဲဒီ ဗော်ရှီဗစ်က
ရန်ကုန်က ပြည်တွင်းစစ်ကို မကြိုက်ပါဘူး။
အဲဒီ အပြာရောင်ဗော်ရှီဗစ်က
ပြည်တွင်းစစ်ကိုထောက်ခံနေတဲ့ငပိန်းတွေကို မကြိုက်ပါဘူး။
ဟိတ်- ပြည်တွင်းစစ်ထောက်ခံတဲ့ငပိန်းတွေ
ခဏ တိတ်စမ်း
ဟိုမှာ မင်းတို့ရဲ့အဘ လာနေတယ်
မရဏ လာနေတယ်။
စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်၊ စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်။
ဟိတ်- အတော့်ကိုပိန်းတဲ့ ငပိန်းတွေရေ
ရေနစ်နေတဲ့မြစ်ကို မြင်ဖူးသလား
အဲဒါ ပြည်တွင်းစစ်ပဲ။
ဟိတ်- အပိန်းတကာ့ထွတ်ခေါင် ငပိန်းကောင်တွေရေ
ကိုယ့်အမြီး ကိုယ်ပြန်မျိုတဲ့မြွေကို မြင်ဖူးသလား
အဲဒါ ပြည်တွင်းစစ်ပဲ။
စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်၊ စစ်ပွဲတွေရပ်
စစ်ပွဲတွေရပ်။
ဟိတ်- ငပိန်းတို့
တစ်နေ့၊ ငြိမ်းချမ်းရေးရောက်လာမယ်
မင်းတို့ဇာတ် သိမ်းရမယ်။
သတင်းကောင်းပါးပိမ့်
နှလုံးသားများကြားချိမ့်။
ဟိတ်- ငပိန်းတို့
တစ်နေ့၊ ငြိမ်းချမ်းရေးရောက်လာမယ်
မင်းတို့ဇာတ် သိမ်းရမယ်။
ပြည်သူဟာ ငြိမ်းချမ်းရေးပဲ
ငြိမ်းချမ်းရေးဟာ ပြည်သူ
တစ်နေ့ ရောက်လာမယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ
ပြည်သူဟာ ငြိမ်းချမ်းရေးပဲ
တစ်နေ့ ရောက်လာမယ်။
ကျနော်က မစ်ရှီဂန်
မစ်ရှီဂန်မှာ၊ စစ်ပွဲတွေမရှိပါဘူး။
ရန်ကုန်မှာ၊ စစ်ပွဲတွေရပ်။
နေပြည်တော်မှာ
စစ်အာဏာရှင်စနစ်တွေရပ်။ ။
ေ အ ာ င္ ေ ၀ း
(ဇန္န၀ါရီ ၁၆- ၂၀၁၇)