မင်းကိုနိုင် - ကမ္ဘာမကြေကို သံပြိုင်ဆိုရင်း ပုခုံးတွေ တင်းတင်းဖက်ထားကြ
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဇွန် ၁၆၊ ၂၀၁၅
ကမ္ဘာမကြေကို
သံပြိုင်ဆိုရင်း
ပုခုံးတွေ တင်းတင်းဖက်ထားကြ
မျက်ရည်ကြားမှာ
ပြိုကျလာတဲ့
အရှုံးနဲ့ အမှိုက်တွေပုံ
လက်တုန်တုန်နဲ့ကောက်
နှစ်သိမ့်အပြုံးတွေ ၀င်းတောက်လို့
.
လမ်းပေါ် လေ့ကျင့်ဖို့
ကားရှင်းချိန်ကို
အိပ်ပျက်ခံ ဘောလုံးပိုက်
စောင့်လိုက်ရတဲ့ကလေးတွေ
.
အရှုံးထဲမှာ လူကိုမမည်း
ဘောလုံးကိုပဲ ကန်ခဲ့ကြ
ရလဒ်သာ အရေးနိမ့်တာ
စိတ်ဓာတ်တော့ အရေးမနိမ့်ခဲ့ကြဘူး
.
ဒီကစားသမားနဲ့ ဒီပရိသတ်
မြင့်မြတ်စိတ်ဓာတ်ဟာ
ဆုဖလားတွေထက် အဖိုးတန်တယ်
.
ကမ္ဘာမကြေကို
သံပြိုင်ဆိုရင်း
ပုခုံးတွေ တင်းတင်းဖက်ထားကြ
တနေ့တော့
ဒီခေါင်းတွေ မော့ရဦးမှာပေါ့။.....။
.
- မင်းကိုနိုင်
( ၁၅-၆-၂၀၁၅)