Than Htay Maung |
ထွန်းဝင်းငြိမ်း - ဦးကိုနီ၊ ၂၀၀၈ ဖျက်သိမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၇
ရဲဘော်..
ဤအခြေအနေလမ်းခုလပ်တွင်.. သင်ကျဆုံးခဲ့ရခြင်းဖြစ်သည်။ ဒီမိုကရေစီရေးငြိမ်းချမ်းရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေး၏ ရန်သူ များက သင့်ကိုကြောက်ဒူးတုံ ရင်မဆိုင်ရဲသဖြင့် သတ္တိကြောင်စွာ လုပ်ကြံခဲ့ကြခြင်းဖြစ်သည်။ ဤဆုံးရှုံးမှုကြီးကအသင်းကြီးအတွက်သာမက တိုင်းပြည်နှင့် ပြည်သူများအတွက်ပါ ကြီးမားသောဆုံးရှုံးမှုကြီးဖြစ်ကြောင်းဝမ်းနည်းစွာဖြင့်ပင် ကျွန်ုပ်တို့မော်ကွန်းတင်လိုက်သည်။
မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေအသင်းကြီး
Independent Lawyers Association of Myanmar(ILAM)ကြေငြာချက် (၃၀၊ ၁၊ ၂၀၁၇)
၂၉၊ ၁၊ ၂၀၁၇ နေ့ ညနေပိုင်းမှာအကြမ်းဖက်သမားတွေရဲ့လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော် ရှေ့ နေကြီး ဦးကိုနီဟာ မြန်မာနိုင်ငံလွတ်လပ်တဲ့ ရှေ့နေအသင်းကြီးရဲ့ ဗဟိုအလုပ်အမှုဆောင် ပြန်ကြားရေးမှုးလည်းဖြစ်ပါတယ်။ ဒါကြောင့် ရှေ့နေအသင်းကြီးရဲ့ ဖေါ်ပြပါကြေညာချက်မှာ
“လက်နက်မဲ့ဥပဒေပညာရှင်တဦးအား အကြမ်းဖက် လုပ်ကြံခြင်းသည် တရားဥပဒေစိုးမိုးမှုအား လုပ်ကြံသတ်ဖြတ်လိုက်ခြင်းလည်းဖြစ်သည်။ - - - - - - - ဤအကြမ်းဖက်မှုကြီးကြောင့် နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ခေါင်းဆောင်မှုအောက်တွင် ဦးကိုနီနှင့်အတူအသင်းကြီးက ကြိုးပမ်းဆောင်ရွက်နေသော ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ တရားစီရင်ရေးပြုပြင်ပြောင်းလဲရေး၊ ဖက်ဒရယ်စံနစ် ဒီမိုကရေစီ၊ အမျိုးသားတန်းတူမှုတို့ကို အာမခံသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ တရပ်ပေါ်ထွန်းရေးလုပ်ငန်းစဉ်ကြီးကို ကြောက်ရွံရပ်ဆိုင်းမည်မဟုတ်ဘဲ ဦးလည်မသုန် မဆုတ်မနစ် ဆက်လက်ဆောင်ရွက်သွားမည်ဟု ကျွန်ုပ်တို့ကြေငြာလိုက်သည်။ ဥပဒေမဲ့မှုကို ဥပဒေဖြင့် တုန့်ပြန်ရင်း ရဲဘော်ကြီး ဦးကိုနီ ထမ်းရွက်ရန်ကျန်ရှိခဲ့သည့် မွန်မြတ်သော တိုင်းသစ် တည်၍ ပြည်သစ်ဆောက်သည့်လုပ်ငန်းစဉ်ကို အားကြိုးမာန်တက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းလေးနက်တည်ကြည်စွာသံဓိဌာန် ပြုအပ်ပါသည်။”
ဆိုပြီးဖေါ်ပြထားတာတွေ့ရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအသစ် ရေးဆွဲရေး
ဒီနေရာမှာ ဦးကိုနီ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ရှေ့နေအသင်းကြီးက အမျိုးသားတန်းတူမှုတို့ကို အာမခံသော ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ်ပေါ် ထွန်းရေး လုပ်ငန်းစဉ်ကို မဆုတ်မနစ် ဆက်လက်ဆောင်ရွက်သွားမည်ဆိုပြီး ဖေါ်ပြသွားတာကို သတိပြုမိပါတယ်။
တနည်းအားဖြင့် ငြိမ်းချမ်း ရေး၊ ဖက်ဒရယ်စံနစ် ဒီမိုကရေစီနဲ့ အမျိုးသားတန်းတူမှုတို့ကို အာမခံသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ တရပ်ပေါ်ထွန်းဖို့ဆိုတာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ်ရေးဆွဲမှ ရရှိမှာပါ။ ဒါကြောင့် အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်တဲ့ ဦးကိုနီ အတွက် ၀မ်းနည်း ကြောင်း သ၀ဏ်လွှာတွေ၊ သဘောထားထုတ်ပြန်ချက်တွေ၊ ကြေညာချက်တွေမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရေးကို အဖွဲ့ အတော် များများက နည်းမျိုးစုံနဲ့ တောင်းဆိုဖေါ်ပြကြတာ တွေ့ရပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ကြေညာချက်မှာတော့

“တရားလွှတ်တော် ရှေ့ နေကြီး ဦးကိုနီသည် ၂၀၀၈ စစ်ကျွန် ဥပဒေဆိုးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ရေးဆွဲရမည်ဟု ရပ်တည်နေသည့်ပြည်သူ့ရှေ့နေတဦးပင် ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ရေးဆွဲရန်လှုံ့ဆော်နေသော ဦးကိုနီအားလုပ်ကြံသတ်ဖြတ်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲလို သည့် ပြည်သူတရပ်လုံးကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့မှ ယူဆပြီး”
ဟုဆိုကာ ဖေါ်ပြခဲ့ပါတယ်။
ဥပဒေအထောက်အကူပြုကွန်ရက်ရဲ့ ထုတ်ပြန်ချက်ထဲမှာ

“ဦးကိုနီသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေ ဦးနှောက်ဖြစ်သည်။ ဒေါ် အောင်ဆန်းစုကြည်ခေါင်းဆောင်လျှက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၀၈ ဖွဲ့စည်းပုံအောက်သို့ခေါင်းလျှိုး ၀င်ရောက်သွားခဲ့ သော် လည်း ဦးကိုနီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ စစ်အာဏာရှင်စနစ် သံလှောင်အိမ်ကို ကောင်းစွာ သဘောပေါက်သူဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်၍ မရနိုင်၊ အသစ်ဆွဲသင့်ကြောင်း အတိအလင်းထောက်ပြခဲ့သူဖြစ်သည်။ ဖက်ဒရယ်ဟူသော ဝေါဟာရ တကျော့ပြန် ခေတ်စား လာသည့်အချိန်တွင် ၂၀၀၈ ဖွဲ့ စည်းပုံသည် (စစ်မှန်သည့် ဖက်ဒရယ်စနစ်ကို မတည်ဆောက်နိုင်သော) သဏ္ဍန်ဆောင်ဖက်ဒရယ် (Quasi Federal) သာ ဖြစ်သည်ဟူ၍လည်း ဒီမိုကရက်တစ်မြန်မာ့အသံ၏ ဆွေးနွေးခန်းတခုတွင် ပြတ်သားစွာ ပြောကြားသွားခဲ့သူဖြစ်သည်။”
ဆိုတာ တွေ့ရပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ကြေညာချက်အရ
ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ကြေညာချက်အရ
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးကိုနီသည် မြန်မာ ပြည် ဒီမိုကရေစီရရှိရေး အတွက် ပြည်သူ အများအား တရားဥပဒေကြောင်းအရ ပညာပေးခြင်းများကို နည်းမျိုးစုံဖြင့် ရှေ့တန်းမှ ရဲရဲဝံ့ဝံ့ စွမ်း ဆောင်ပေးခဲ့သည့် ဥပဒေပညာရှင်တစ်ဦး ဖြစ်ပါသည်။ ဦးကိုနီ၏ အလင်းပြပေးခဲ့မှုကြောင့် စစ်အစိုးရစိတ်တိုင်းကျ ရေးဆွဲထားခဲ့သည့် ၂၀၀၈ အခြေခံဥပဒေ၏ အားနည်းချက်များ၊ မတရားမှုများကို ပြည်သူများ သိရှိနားလည်ခွင့်ရခဲ့ကြပါသည်။”
ဆိုတာ ပါဝင်ပါတယ်။
ဦးကိုနီရဲ့ ပြောကြားချက်များ
တကယ်တော့ ဦးကိုနီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်လို့မရဘူး။ အသစ်ရေးဆွဲရမှာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သဘော ပေါက်သူ ဥပဒေပညာရှင်ဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ဥပဒေဆိုင်ရာ သင်တန်းပို့ချမှုတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ Debate တွေ၊ အင်တာဗျူးတွေ မြောက်များစွာ ပို့ချ ဆွေးနွေး ပညာပေးခဲ့သူဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်က စင်္ကာပူခရီးစဉ်မှာ “အနာဂတ်တစ်ခုကို ပုံဖော်ကြခြင်း” ဟောပြောပွဲက မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်၊ ဖက်ဒရယ်ပြဿနာစတဲ့ ကိစ္စရပ်တွေကို သမိုင်းဆိုင်ရာအဖြစ်အပျက်တွေနဲ့ ယှဉ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ရှင်းလင်းပြောကြားခဲ့တာတွေထဲက အချက်အချို့ကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။
“မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားတွေက ဖက်ဒရယ်ပြည်ထောင်စု တောင်းဆိုတယ်။ အဲဒါကို ပင်လုံညီလာခံမှာ ကတည်း က ပြည်ထောင်စုစနစ်နဲ့သွားဘို့ သဘောတူထားတာရှိတယ်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးမယ်။ အဲဒါကို မကြိုက်ရင် ၁၀ နှစ်အကြာမှာ ခွဲထွက်ခွင့်ပေးမယ်ဆိုတာ ထည့်ထား တယ်။ အခု ဦးနုအစိုးရတက်လာတော့ တိုင်းရင်းသား တွေက အဲဒါ တောင်းဆိုတယ်။ အဲဒါ ညှိတာ အတော်ပြေလည်နေပါပြီ။ ဦးနုက တိုင်းရင်းသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးပါမယ်။ ခင်ဗျား တို့ဘက်က ခွဲမထွက်ပါဘူးလို့ ကတိပေးပါလို့ညှိတယ်။ အဲဒီ ဆွေးနွေးပွဲတွေဟာ အောင်မြင်နေပြီ။ အဲဒီတော့ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်မဲ့ အစည်းအဝေးကို ၁၉၆၂ ခု၊ မတ်လ ၇ ရက်နေ့မှာ လုပ်မယ်။ မတ်လ ၂ ရက်နေ့ ညနေ ၄ နာရီမှာ ညှိနှိုင်းတာတွေ ပြေလည်နေပြီဆိုတဲ့ အကြောင်း ရေဒီယိုကနေ ကြေငြာလိုက်တယ်။ အဲဒီနေ့မှာပဲ အာဏာသိမ်းလိုက်တယ်။
လွတ်လပ်ရေးကြေငြာစာတမ်း၊ စာမျက်နှာ ၅ မှာ မြန်မာနိုင်ငံဟာ လူတစ်ဦးတစ်ယောက်ကပိုင်တဲ့ နိုင်ငံမဟုတ်ဘူး။ မြန်မာနိုင်ငံဟာ လူတစ်စု တစ်ဖွဲ့ပိုင်တဲ့ နိုင်ငံမဟုတ်ဘူး။ မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံသား၊ တိုင်းရင်းသားအားလုံးပိုင်တဲ့ အမွေအနှစ်သာ ဖြစ်တယ်လို့ ဖော်ပြထားပါ တယ်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃ မှာ နိုင်ငံတော်အာဏာဟာ နိုင်ငံသားများထံမှာပဲ တည်တယ်။ နိုင်ငံတော် အာဏာရဲ့ ပင်ရင်း ပိုင်ရှင်ဟာ နိုင်ငံသားတွေဖြစ်တယ်လို့ တိတိကျကျ ရေးထားပါတယ်။ ပုဒ်မ ၄ မှာ ဥပဒေပြုအဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့နဲ့ တရားစီရင်ရေးအဖွဲ့တို့ဟာ နိုင်ငံသားတွေပိုင်တဲ့ နိုင်ငံတော်အာဏာကို နိုင်ငံသားတွေကိုယ်စား ခံယူကျင့်သုံးတဲ့သူတွေသာ ဖြစ်တယ် လို့ ရှင်းရှင်းလင်းလင်း ရေးထား ပါတယ်။ ဆိုလိုတာက နိုင်ငံတော်အာဏာဟာ ပြည်သူတွေပိုင်တယ်။ ပြည်သူကြိုက်တဲ့သူတွေပဲ တိုင်းပြည်ကို အုပ်ချုပ်လို့ရတယ်။ ပြည်သူ မကြိုက်ရင် အချိန်မရွေး ဖြုတ်ချလို့ရတယ်။ အဲဒီမူနဲ့ ကျွန်တော်တို့နိုင်ငံကို တည်ဆောက်ခဲ့တာ။
နိုင်ငံတော်အာဏာကို နှစ် ၅၀ ကြာသိမ်းထားတဲ့ စစ်တပ်က ပဉ္စမမြန်မာနိုင်ငံတော်ကို တည်ဆောက်ဘို့ ဘယ်အချိုးချိုးထားသလဲ။ ကျွန်တော် တို့လိုချင်တဲ့ နိုင်ငံတော် ပုံစံမျိုးလား။ အဲဒါကို သုံးသပ်ဘို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သုံးသပ်ကြည့်ကြမယ်။ ကျွန်တော်တို့ ကြည့် ရမှာက အချက်တစ်ချက်တည်းပဲ။ နိုင်ငံတော်အာဏာကို ဘယ်နားမှာ ထားမလဲ။ ဘယ်သူ့ဆီမှာ ထားမှာလဲ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ နိုင်ငံတော်၏ ဥပဒေပြုအာဏာကို ပြည်ထောင်စုလွှတ်တော်ကို အပ်နှင်းတယ်။ နိုင်ငံတော်ရဲ့ အုပ်ချုပ်မှုအာဏာ သမ္မတကို အပ်နှင်း တယ်။ တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရားသူကြီးချုပ်ကိုအပ်တယ် လို့ ရေးထားပါတယ်။ အပေါ်ယံကြည့်လိုက်ရင် နိုင်ငံတော် အာဏာကို ပြည်သူကိုပဲ အပ်ထားသယောင်ယောင်။ အဲဒါ စာထဲပါတဲ့အတိုင်း ပြောပြတာ။ အုပ်ချုပ်ရေးဌာနအကြီးအကဲသည် သမ္မတ၊ နိုင်ငံတော်အကြီးအကဲသည် သမ္မတ။ ဒါ စာအုပ်ထဲမှာပါတာ။ ဒါဆို အဲဒါ ဟုတ်မဟုတ် စဉ်းစားကြည့်ရအောင်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ဘယ်သူအုပ်ချုပ်နေသလဲ။ အနိမ့်ဆုံး ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သူ့အထက်မှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ သူ့အထက်မှာ အင်္ဂလိပ်လို GA (General Administra tion) လို့ခေါ်တဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရှိတယ်။ သူ့အထက်မှာ တိုင်း ထွေ အုပ် ရှိတယ်။ နောက်ပြီးတော့ ပြည်ထောင်စုအဆင့် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ရှိတယ်။ သူ့အထက်မှာ ပြည်ထဲရေးဝန်ကြီး။ လက်တွေ့မှာ တိုင်းပြည် ကို အဲဒီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်နေတယ်။ အဲဒီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်မှုကို ရဲတပ်ဖွဲ့က အထောက် အကူပေးတယ်။ အမိန့်မနာခံတဲ့ ကောင်တွေ အားလုံး ကို တရားစွဲမယ်။ အချုပ်ထဲထည့်မယ်၊ ထောင်ချမယ်။ လက်နက်ကိုင်ထားတဲ့ ရဲ က GA နဲ့တွဲပြီး အလုပ်လုပ်တယ်။ မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်ရဲ တပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့၊ သူတို့အထက်မှာ ရဲချုပ်နဲ့ အထက်ဆုံးမှာ ပြည်ထဲရေး ၀န်ကြီးရှိတယ်။
ဒီကနေ့ မြန်မာတစ်နိုင်ငံလုံးကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပြည်သူ့ရဲတပ်ဖွဲ့က အုပ်ချုပ်နေတယ်။ သူတို့နှစ်ယောက်ရဲ့ အထက်မှာ ပြည်ထဲရေးဝန်ကြီး ရှိတယ်။ ပြည်ထဲရေးဝန်ကြီးကို ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားတယ်။ ဒီတော့ တိုင်းပြည်ကို တကယ်အုပ်ချုပ်နေတဲ့ ပြည်ထဲရေးဝန်ကြီးသည် သမ္မတအလိုကျ အုပ်ချုပ်မလား၊ ကာကွယ်ရေးဦးစီးချုပ် အလိုကျ အုပ်ချုပ်မလား။ အဲဒါ တိုင်းပြည်ကို ဘယ်သူ တကယ်အုပ်ချုပ်နေသလဲ ဆိုတာ မြင်သာအောင် ပြောပြတာ။ စာအုပ်ထဲမှာ တိုင်းပြည်ကို သမ္မတအုပ်ချုပ်ပါတယ်လို့ (ထင်ရအောင်) ရေး ထားပေမဲ့ တကယ်လက်တွေ့မှာ တိုင်းပြည်ကို သမ္မတ အုပ်ချုပ်ပါ တယ်လို့ မပြောနိုင်ဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ အုပ်ချုပ်မှု အာဏာကိုလည်း ကာကွယ်ရေးဦးစီးချုပ်ကို ပေးထားတယ်။
စိန်ခေါ်မှုတစ်ခုက တပ်မတော်ရဲ့ အခန်းကဏ္ဍ။ နိုင်ငံရေးမှာ လုံးဝပါဝင်ပတ်သက်ခွင့်မရှိတဲ့ အဖွဲ့အစည်း တစ်ခုက နှစ်ပေါင်း ၅၀ ကြာ နိုင်ငံ တော်အာဏာကို အဓမ္မရယူသုံးစွဲခဲ့တယ်။ ဒီကနေ့အထိ အဲဒီနိုင်ငံတော်အာဏာဟာ သူတို့ပိုင် ပစ္စည်းဖြစ်ပြီး သူတို့ပေးမှရမယ်လို့ အထင်ရှိတဲ့ သူတွေလည်း ရှိနေသေးတယ်။ အဲဒီတော့ အနာဂတ်မြန်မာနိုင်ငံတော် တပ်မတော်ရဲ့အခန်းကဏ္ဍကို ဘယ်လိုစဉ်းစားကြမလဲ။ နိုင်ငံတကာက အကြံပေးတွေလာတော့ တပ်မတော်ရဲ့အခန်းကဏ္ဍ၊ တပ်မတော်နဲ့ ပြည်သူဆက်ဆံရေးစတာတွေ ဆွေးနွေးတော့ပရော်ဖက်ဆာတစ်ယောက် က အင်မတန်ထူးဆန်းတဲ့ အကြံတစ်ခုပေးသွားတယ်။ ခင်ဗျားတို့ကပြည်သူလူထုကိုပဲ ပညာပေးဘို့စဉ်းစားနေတယ်။ စစ်တပ်ကိုလည်းပညာ ပေးဘို့ စဉ်းစားပါအုံးတဲ့။ သူနေရမဲ့အနေအထား။ သူ့ရဲ့ role ကို သူတို့သဘောပေါက်နားလည်အောင် ပညာပေးဘို့လိုတယ်လို့အကြံပေးတယ်။
ပြည်သူလူထုကို ပညာပေးဘို့ သိပ်လွယ်တယ်။ ခင်ဗျားတို့လူစုထား။ ကျွန်တော်လာပြောမယ်၊ သိပ်လွယ်တယ်။ ဒါပေမဲ့ ကျွန်တော် တပ်ထဲ ဘယ်လိုလုပ် ဟောမတုံး။ ကျွန်တော့်ကို ဘယ်သူကဖိတ်မတုံး။ အခု ကျွန်တော် တပ်နဲ့ပတ်သက်ပြီး ပြောနေတာ တပ်ကို မုန်းလို့မဟုတ်ဘူး။ မုန်းလို့လဲ မရဘူး။ စစ်တပ်ဆိုတာ နိုင်ငံတိုင်းမှာရှိတယ်။ တကယ့်ကို လူတွေက စစ်တပ်ကို ချစ်ကြတယ်။ ကျွန်တော်တို့လည်း တစ်ချိန်က ချစ်ခဲ့တာပဲ။
နောက်ဆုံး အရေးအကြီးဆုံး စိန်ခေါ်မှုတစ်ခု ရှိသေးတယ်။ အဲဒါက ပြည်ထောင်စု ပြဿနာ။ မြန်မာနိုင်ငံမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်းဆိုတဲ့ တိုင်းရင်းသားတွေ စုဝေးနေတဲ့အတွက် ပြည်ထောင်စုအဖြစ် ဖွဲ့စည်းမှ ဖြစ်မယ် ဆိုတာ ဟို့ - ၁၉၄၇ ပင်လုံစာချုပ်ချုပ် ကတည်းက သဘောတူထားပြီးသား။ ဒီသဘောတူညီချက်ကို အကောင်အထည်ဖော်ဘို့ ကြိုးစားတိုင်း ကြိုးစားတိုင်းမှာ ပြဿနာပေါ်တယ်။ အဲဒါက ဖက်ဒရယ်သရဲကြီး။ သူတို့ကို ဖက်ဒရယ်ဆိုတာ အင်မတန် ကြောက်စရာကောင်းတဲ့ သရဲကြီးလို့ သူတို့ကို ရိုက်သွင်းထားတယ်။
တကယ်တော့ ဖက်ဒရယ်စနစ်ဟာ ကြောက်စရာမဟုတ်ဘူး။ အဲဒီဖက်ဒရယ်စနစ်ဟာ မကောင်းဘူး။ တစ်ပြည်ထောင် စနစ်ပဲ ကောင်းတယ် ဆိုပြီး အာဏာသိမ်း။ တိုင်းပြည်ကို နှစ် ၅၀ အုပ်ချုပ်ခဲ့တယ်။ သူပုန် ၁၉ ဖွဲ့ပေါ်လာတယ်။ တိုင်းပြည်မငြိမ်းချမ်းဘူး။ဖက်ဒရယ်ပေးရင် ကွဲမယ်၊ ပြဿနာတက်မယ် ဆိုတဲ့အယူအဆနဲ့ ဖက်ဒရယ်စနစ်ကောင်းတယ်ဆိုတဲ့အယူအဆ ခင်ဗျားတို့ အခု ချိန်လို့ရနေပြီ။ တစ်ပြည်ထောင်စနစ်နဲ့ နှစ် ၅၀ အုပ်ချုပ်ခဲ့တယ်။ အောင်မြင်သလား။ ပြည်တွင်းစစ် တောက်လျှောက်ဖြစ်ခဲ့တယ်။ မအောင်မြင်ဘူး။ ဒီလိုဆို ကျွန်တော်တို့မှာ ရွေးစရာ နောက်ထပ် တစ်လမ်းပဲရှိတော့တယ်။ အဲဒါဟာ ပြည်ထောင်စုစနစ်။ အဲဒီ ပြည်ထောင်စုစနစ်ကလည်း အလိမ်အညာ ပြည်ထောင်စုစနစ်ဆိုရင် ပြည်တွင်းစစ် ရပ်မှာမဟုတ်ဘူး။ တကယ့်စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ဖြစ်ဘို့လိုပါတယ်။ အဲဒါဟာ ကျွန်တော်တို့အတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါ။
ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် ပြည်သူလူထုက ပေးထားချက်ရှိမယ်။ ငါတို့ လိုချင်တာ ဘာ။ အဲဒါကို ဖြစ်အောင်လုပ်ပေးနိုင်မယ်ဆိုရင် မင်းတို့ကို ငါတို့ ရွေးမယ်။ မင်းတို့ကို အုပ်ချုပ်ခွင့်ပြုမယ်။ လုပ်ရမှာ ကျွန်တော်တို့ ကိုယ်လိုချင်တာကို ပြတ်ပြတ်သားသား၊ သတ္တိရှိရှိ လုပ်ရ မယ်။ ဒို့လိုချင်တာ ဒါပဲ။ အဲဒါကို မင်းတို့ လုပ်ပေးနိုင်ရင် အုပ်ချုပ်ရေးယန္တယားမှာ မင်းတို့အတွက် နေရာရှိမယ်။ လုပ်မပေးနိုင်ရင် မင်းတို့ အတွက် နေရာမရှိဘူးဆိုတဲ့ သဘောတရားကို သူတို့သိအောင်၊ သူတို့နားလည်အောင် ကျွန်တော်တို့ လုပ်ပေးရမယ်။ ပြည်တင်းရင် မင်းမခံ နိုင်ဘူး ဆိုတဲ့ စကားပုံရှိတယ်။” ဆိုပြီး ရှင်းလင်းတင်ပြခဲ့ပါတယ်။
ငြိမ်းချမ်းရေးကိုပစ်တဲ့ ကျည်ဆံ
ဦးကိုနီနဲ့ ဦးဝင်းနိုင်တို့ရဲ့ဈာပနကို ပြည်သူတွေ သိန်းသောင်းများစွာ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ ဒီသိန်းသောင်းဂဏန်း လူအုပ်ဟာ နာရေးတခု ကို လာခြင်း သက်သက်မဟုတ်ခဲ့ပါဘူး။ မတရားမှု အကြမ်းဖက်သတ်ဖြတ်မှု နိုင်ငံရေးလုပ်ကြံမှုတွေရဲ့ ရေသောက်မြစ်ဖြစ်တဲ့ ၂၀၀၈ ကို ဖျက် သိမ်း မြေမြုပ် ပစ်ကြဖို့ အားထုတ်နေကြတာ။ ဆန္ဒပြုနေကြတာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေမှာ ရှေ့ထွက် အသုံးတော်ခံကြတဲ့ လက်ပတ်နီ တွေနဲ့ နောက်ကွယ်က လက်မဲကြီးတွေရဲ့ နေ၀င်ချိန်ဟာ နီးသထက်နီးလာခဲ့ပါပြီ။
"ပြည်သူ့အခွန်ကို ရယူခံစားနေတဲ့ ဝန်ထမ်းသာဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်လက်ထဲ အုပ်ချုပ်ရေးအာဏာ ဘယ်နည်းနဲ့မှ ထည့်စရာမရှိ"ဆိုတဲ့ ဦးကိုနီရဲ့ စကားသံဟာ အဓမ္မကို မြတ်နိုးသူတွေအတွက်တော့ အရမ်းခါးသီးလှတဲ့ မရဏခေါင်းလောင်းထိုးသံ ဖြစ်နေမှာပေါ့။ ပြည်သူတွေအတွက်ကတော့ ဓမ္မကိုမြတ်နိုးသူရဲ့စကားဖြစ်တယ်။ ဒါကြောင့်လည်း ၂၀၀၈ ကို အသေဆုပ်ကိုင်ထားတဲ့ ပဉ္စမံတွေဟာ ကျည်ဆံထိပ်ဖူးတွေနဲ့ သူ့ရဲ့ဦးခေါင်းကို ဖေါက်ထွက်အောင် ကြံစည်လုပ်ဆောင်ခဲ့တယ်။
တကယ်တော့ ဦးကိုနီကို ပစ်လိုက်တဲ့ သေနတ်ဟာ တစ်မျိုးသားလုံးကိုပစ်လိုက်တာပါ။ ငြိမ်းချမ်းရေးကိုပစ်လိုက်တာပါ။ သွေးစည်း ညီညွတ် ရေးကို ပစ်လိုက်တာပါ။ ဒီမိုကရေစီကို ပစ်လိုက်တာပါ။ လူ့အခွင့်အရေးကို ပစ်လိုက်တာပါ။ တစ်ပြည်လုံးကို လှုပ်နှိုးလိုက်တဲ့ သေနတ်သံဆို ရင်လည်း မမှားပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းလိုသူ နိုင်ငံရေးသမားတစ်ယောက်နဲ့ ပြည်သူပီသတဲ့ ပြည်သူတယောက် တို့ရဲ့ ၀ိဥာဉ်တော်တွေဟာ မမြင်နိုင်တဲ့ မျက်လုံးတွေ၊ မကြားနိုင်တဲ့ နားတွေ၊ မဟနိုင်တဲ့ ပါးစပ်တွေကို အသက်ဝင်စေခဲ့ပါပြီ။
အဲဒီကြောင့်လည်း “ပြည်သူအပေါင်း နိုးနိုးကြားကြား ရှိကြလော့” “ ဦးကိုနီနဲ့ ဦးဝင်းနိုင်တို့ ခင်းတဲ့လမ်းကို ဆက်လျှောက်ကြ” "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပစ်။” အစရှိတဲ့ ကြွေးကြော်သံတွေက နားထဲမှာ ပဲ့တင်ထပ်လို့ နေပါတော့တယ်။
ထွန်းဝင်းငြိမ်း ၃၁၊ ၁၊ ၂၀၁၇
ကိုးကား
၁။ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေအသင်းကြီး (ILAM) ကြေငြာချက် ဇန်န၀ါရီ ၃၀၊ ၂၀၁၇

၂။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကြေညာချက် ဇန်န၀ါရီ ၃၀၊ ၂၀၁၇
၃။ ဥပဒေအထောက်အကူပြုကွန်ရက် ထုတ်ပြန်ချက် ဇန်န၀ါရီ ၂၉၊ ၂၀၁၇
၎။ ပြည်သူ့ဂုဏ်ရည်အသင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဇန်န၀ါရီ ၃၀၊ ၂၀၁၇
၅။ အေးငြိမ်း(လေးမျက်နှာ) အနာဂတ်ပဉ္စမမြန်မာနိုင်ငံတော် ဦးကိုနီ စင်္ကာပူမှာ ရှင်းလင်းခဲ့ပုံ ဇန်န၀ါရီ ၃၀၊ ၂၀၁၄