မောင်မောင်စိုး - မဟာမိတ်တပ်ပေါင်းစု ပြဿနာ
(မိုးမခ) သြဂတ်စ် ၁၇၊ ၂၀၁၅
(မိုးမခ) သြဂတ်စ် ၁၇၊ ၂၀၁၅
• ရှည်ကြာသောတိုက်ပွဲ
၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် ရှည်ကြာသောတိုက်ပွဲ ကာလ ကို ဖြတ်သန်းခဲ့ရသည်။
၁၉၆၂ ဇူလိုင် ၇ ရက်အရေးတော်ပုံ၊ ၁၉၆၃ ငြိမ်းချမ်းရေး ဆန္ဒပြပွဲများ၊ ၁၉၆၆ ဆန်လုပွဲ၊ ၁၉၆၉ ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇၄ ဇွန်အလုပ်သမားသပိတ်၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၅ ဇွန်ကျောင်းသားသပိတ်၊ ၁၉၇၆ မတ် မှိုင်းရာပြည့်၊ ၁၉၈၇-၁၉၈၈ အရေးတော်ပုံ၊ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုမှသည် ၂၀၁၅ ကျောင်းသား ထု၏သပိတ်တိုက်ပွဲတိုင်အောင် ခေတ်အဆက်ဆက်တိုက်ပွဲများစွာ ဖြတ်သန်းခဲ့ရသည်။
ယခုဆိုလျင် ၆၂ မျိုးဆက်တွေက အသက် ၇၀ တန်း၊ ၇၄/၇၅ မျိုးဆက်က အသက် ၆၀ တန်း၊ ၈၈ မျိုးဆက်က အသက် ၅၀ တန်း၊ ၉၆ လှုပ်ရှားမှုကသူတွေက အသက် ၄၀ တန်း၊ ရွှေဝါရောင်လှုပ်ရှားမှုကသူတွေက အသက် ၃၀ တန်း၊ ယခု ၂၀၁၅ မျိုး ဆက်က အသက် ၂၀ တန်းဟု ဆိုရမည်။
ဤသို့ မြို့ပေါ်မှ တိုက်ပွဲဝင်နေသကဲ့သို့ လက်နက်ကိုင်တိုက်နေသူများလည်း ရှိသည်။ ပြည်မအင်အားစုများထဲမှ ဗမာပြည် ကွန်မြူနစ်ပါတီမှာ အင်အားအတောင့်ဆုံးဖြစ်ခဲ့သည်။ သို့သော် ၁၉၇၅ နောက်ပိုင်း ပြည်မရှိ အခြေခံဒေသများ လက်လွှတ် ဆုံးရှုံးခဲ့ရပြီးနောက် အရှေ့မြောက်ဒေသတွင်သာ အင်အားတိုးချ့တည်ဆောက်နိုင်ခဲ့သည်။ သို့သော် ၁၉၈၉ ၌ ပါတီတွင်း ပြဿနာများကြောင့် ပြိုကွဲခဲ့သည်။ သို့သော် ယခင် ဗကပတပ်များကတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြောင်းပြီး နယ်စပ်ဒေသတွင် ကျန်ခဲ့သည်။
အလံနီပါတီကတော့ ၁၉၇၀ ဝန်းကျင်တွင်လက်နက်ချပြီး နောက် ၁၉၉၀ ကစပြီး မြေပေါ်ပါတီအဖြစ် ပြန်လည်ရပ်တည် ခဲ့ သည်။ ၁၉၇၀ ပတ်ဝန်းကျင်က စခဲ့သော ပါလီမန်ဒီမိုကရေစီ ပါတီ၏ လက်နက်ကိုင်တိုက်ပွဲလည်း နောက်ပိုင်းတွင်ကျရှုံးခဲ့သည်။
လောလောဆယ်တွင် ABSDF လက်နက်ကိုင်ဖွဲ့ကတော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲများနယ်မြေတွင် အခြေပြု ရပ် တည်နေဆဲဖြစ်သည်။
လက်ရှိတွင် အစိုးရလက်နက်ကိုင်၍ ရင်ဆိုင်နေသူများမှာ အဓိကအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည်။
လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ၂၀ ကျော်ခန့်ရှိသည်။ တိုင်းရင်းသားအဖွဲ့အချို့မှာ လွတ်လပ်ရေးရပြီး မကြာခင်ကထဲက စတင်ခဲ့ကြသည့်အဖွဲ့များဖြစ်သည်။
အင်အားအကြီးဆုံးအနေနှင့် UWSA မှာအင်အားနှစ်သောင်းခန့်ထိရှိနိုင်ပြီး ကျန်အဖွဲ့မျာမှာအင်အား ၅၀၀၀ နှင့်အထက် ရှိသော အဖွဲ့များရှိသကဲ့သို့ အင်အား ၅၀၀၀ အောက်ရှိသောအဖွဲ့များလည်း ရှိသည်။ အဖွဲ့အချို့ကတော့ အင်အား ရာ ဂဏန်းမျှသာရှိသည်။ အင်အား နယ်မြေစိုးမိုးနိုင်မှုအရ အစိုးရတပ်အား ရင်ဆိုင်ထားနိုင်သောအဖွဲ့များမှာ KIA/ UWSA/NDAA/ MNDAA/ TNLA/ SSA/ RCSS/ KNU/ KNPP/ NMSP တို့ဖြစ်သည်ဟု ဆိုရမည်။
သို့ဖြစ်ရာ ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများရော တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများပါ နှစ်ပေါင်းများစွာ ဆန့်ကျင် တိုက်ခိုက်ခဲ့ကြသော်လည်း အောင်မြင်မှုမရခဲ့သည်မှာ အဘယ်ကြောင့်ပါနည်း။
• အင်အားမစုစည်းနိုင်သော အတိုက်အခံများ
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ကြသော အင်အားစုများကြားတွင် အင်အားစု ၃ စု ခန့်ကွဲပြားနေသည်။ တစုက လက်ဝဲ လိုလားသူများဖြစ်သည်။ တစုက လက်ျာလိုလားသူများဖြစ်သည်။ တစုကတော့ ကြားအင်အားစုများဖြစ်သည်။ ဤ နေရာတွင် လက်ဝဲ လက်ျာဆိုသည်မှာ အယူအဆရေးကွဲပြားမှုကို ခေါ်ဝေါ်သုံးစွဲသည်ကို ဆိုလိုရင်းဖြစ်သည်။ မည်သည့် ဖက်က မှန်သည် မည်သည့်ဖက်က မှားသည်ကို ဆိုလိုခြင်းမဟုတ်ပေ။
မြို့ပေါ်အင်အားစုအတွင်း ၁၉၈၈ အထိ လက်ဝဲအင်အားစုသြဇာက ပိုကြီးသည်ဟု ဆိုရမည်။ လက်ျာအင်အားစုမှာလည်း သူ့ အဝန်းအဝိုင်းနှင့်သူ ရှိမြဲဖြစ်သည်။ ကြားအင်အားစုများကတော့ အားသာသည့်ဖက် တကယ်လုပ်ပြနိုင်သည့်ဖက်ကို ထောက် ခံကြသည်သာ ဖြစ်သည်။
၁၉၈၈ နောက်ပိုင်းတွင်တော့ လက်ဝဲအင်အားစု သြဇာကျဆင်းသွားသည်။ လစ်ဘရယ်အယူအဆ အားကောင်းလာသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုသည်က ရေပန်းစားသော လူကြိုက်များသောအရာဖြစ်လာသည်။ ဤတွင် ကြားအင်အား စုများလည်း ထိုအယူအဆအောက် တိမ်းညွှတ်သွားသည်။ လက်ဝဲအင်အားစုကတော့ သူအင်အားနဲ့သူ ရပ်တည်နေခဲ့သည်။ အချို့လည်း လစ်ဘရယ်ဒီမိုကရက်အယူအဆနှင့် ပူးပေါင်းလိုက်ကြသည်။
လက်ရှိမြို့ပေါ်နိုင်ငံရေးအင်အားစုများကို ကြည့်လျှင် ဒီမိုကရေစီနှင့် လူအခွင့်အရေးခေါင်းစီးအောက်တွင် NLD အနေနှင့် အကြီးဆုံးအင်အားစုအဖြစ် ရပ်တည်နိုင်သကဲ့သို့ ကြားအင်အားစု အများစုကို စည်းရုံးသိမ်းသွင်းနိုင်သည်ဟု ဆိုရမည်။ သို့သော် ၈၈ ငြိမ်းပွင့်၊ လူဘောင်သစ်ပါတီ၊ အခြား ဒီမိုကရေစီပါတီနှင့်ကွန်ယက်များ တသီးပုဂ္ဂလအင်အားစုများ များစွာရှိသေး သည်။ တဖွဲချင်း တယောက်ချင်းအနေနှင့် အင်အားမများဟုဆိုသော်လည်း စုပေါင်းနိုင်လျှင် အတော်အသင့်အင်အားစု တရပ်ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်များသည်လည်း မိမိလူမျိုး မိမိဒေသအပေါ် အခြေတည်၍ ဖွဲ့စည်းထားသည်ဖြစ်ရာ တဖွဲ့နှင့် တဖွဲ့ ကွဲပြားသည်များရှိသည်။ တဖန်စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် နယ်မြေအနေအထားအရ အကန့်အသတ် များ စွာရှိသည်။ သို့သော် လောလောဆယ်တွင်မတော့ တူညီသည့် စစ်ရေးနိုင်ငံရည်မှန်းချက်ရရန် ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ကြိုးစားနေသည်ကို တွေ့ရသည်။ အကွဲအပြဲ ဖြစ် မဖြစ်ကို စောင့်ကြည့်ရအုံးမည်။
သို့သော် မြို့ပေါ်အတိုက်အခံနိုင်ငံရေးအင်အားစုအများစုနှင့်ု တစုတစည်းထဲပေါင်ုးစည်းနိုင်ခြင်းမရှိ။တိုင်းရင်းသားလက်နက်ကိုင်များအဖို့လည်း တစုတစည်းထဲဖြစ်အောင် ကြိုးစားနေကြသော်လည်း လိုအပ်ချက်များရှိနေဆဲဖြစ်သည်။ လက်ရှိဆွေးနွေး ပွဲ တွင် UWSA/ NDAA/ RCSS တို့သည် NCCT/ SD တွင်ပါဝင်ခြင်း မရှိပေ။ KNU ကNCCT/SD တို့တွင် ပါဝင်နေသော်လည်း UNFC မှထွက်ထားသည်။ တိုင်းရင်းသားလက်နက်ကိုင်တို့ အပြည့်အဝပူးပေါင်းရန် အကန့်အသတ်ရှိဆဲဖြစ်သည်။
တဖန်မြို့ပေါ်တိုင်းရင်းသားပါတီများမှာလည်းပြည်နယ်တိုင်း လူမျိုးတိုင်းတွင်ရှိသည်။ တချို့ပြည်နယ် အချို့လူမျိုးတို့တွင် တပါတီမက ရှိနေသည်။ တိုင်းရင်းသားပါတီအချင်းချင်း ညှိနှိုင်း၍မရသေးပေ။ ထိုပြင် အတိုင်းအတာအားဖြင့် သေးငယ် သည်ဟု ဆိုနိုင်သော်လည်း မိမိလူမျိုး မိမိဒေသကိုကိုယ်စားပြုနိုင်သည့် တိုင်းရင်းသား ပါတီငယ်များလည်းရှိသေးသည်။ ဥပမာ ဖလုံစဝေါ်၊ အင်းသား၊ ဓနု၊ ပအို့၊ ကိုးကန့်၊ ဝ၊ တအန်းပလောင် စသည့် တိုင်းရင်းသားပါတီငယ်များလည်းရှိသေး သည်။
သို့ဖြစ်ရာ ပြည်တွင်းဒီမိုကရေစီအင်အားစုများရော တိုင်းရင်းသားပါတီများ တိုင်းရင်းသားလက်နက်ကိုင်များပါ အင်အားများစွာရှိသော်လည်းတစုတစည်းထဲ စုစည်းနိုင်ခြင်း မရှိပေ။
• မတူကွဲပြားသောအမြင်များ
ဤသို့ အင်အားမစုနိုင်ခြင်းမှာ မတူကွဲပြားသောအမြင်များမှလာ သည်ဟု ဆိုရမည်။လက်ရှိ ပြည်တွင်းနိုင်ငံရေးအင်အားစုများ ရွေးချယ်ထားသည့်လမ်းကြောင်းမှာ ဥပဒေတွင်းလမ်းကြောင်း လွှတ်တော်လမ်းကြောင်းဖြစ်သည်။ဦးတည်ချက်မှာ အခြေခံ ဥပဒေ ပြင်ဆင်ရေးဖြစ်သည်။သွားမည့်ပုံစံမှာ လွှတ်တော်တွင်းမှ ပြင်ဆင်ရေး စစ်ခေါင်းဆောင်များနှင့် စေ့ညှိနှိုင်းရေးဖြစ်သည်။
ဤလမ်းကြောင်းအား လူထုစည်းရုံးလှုံ့ဆော်ခြင်း အခြေခံဥပဒေအား ပြင်ဆင်ရန်လိုအပ်ကြောင်းကို လူထုကိုယ်တိုင် သ ဘောပေါက် လက်ခံစေခြင်းတို့ဖြင့် အားဖြည့်ဝိုင်းရံသည်။
သို့သော် ဤလမ်းကြောင်းအား အခြားလူ့အလွှာအသီးသီး၏ လူထုတိုက်ပွဲများဖြင့် အားဖြည့်ပေါင်းစပ်ရန်လိုသည်ဟု ယူဆ ကြသည်။ အလုပ်သမားတို့၏ အနိမ့်ဆုံးလုပ်ခသတ်မှတ်နိုင်ရေး သပိတ်တိုက်ပွဲ လယ်သမားတို့၏ လယ်မြေများသိမ်း ဆည်းခံရမှုအား တုန့်ပြန်သည့်သပိတ်တိုက်ပွဲ ကျောင်းသားမိုကရေစီ ပညာရေး သပိတ်တိုက်ပွဲမှသည် ယခုဆရာဝန်များ၏ အနက်ရောင်ဖဲကြိုးလှုပ်ရှားမှုအထိ လူ့အလွှာအသီးသီး၏ တိုက်ပွဲဝင်မှုကို လိုအပ်သည်။ ယေဘုယျအားဖြင့် ဤသို့တိုက်ပွဲဝင် လှုပ်ရှားမှုများ လိုအပ်သည်ဆိုသည်နှင့်ပတ်သက်ပြီး များစွာအငြင်းမပွါးကြသော်လည်း မည်သည့်အချိန် မည်သို့ပုံစံလုပ်မည်ဆိုသည့်အချက်မှာ ကွဲလွဲမှုရှိကြသည်။ အချို့က ပင်မလှုပ်ရှားမှုကို ထိခိုက်မှာစိုးရိမ်မှာကြသည်။ အချို့က ဤလှုပ်ရှားမှု ငယ်များက ပင်မလှုပ်ရှားမှုကို အားဖြည့်ပေးသည်ဟု ယူဆကြသည်။ အချို့က ဤလှုပ်ရှားငယ်များ အားကောင်းစုစည်းလာပါက ပင်မလှုပ်ရှားမှုကြီးအဖြစ်ပင် ပြောင်းလဲသွားနိုင်သည်ဟု ယူဆကြသည်။ အချို့ကမူ အရင်းခံပြောင်းလဲမှုမရှိဘဲ လှုပ်ရှားမှုငယ် များပြုလုပ်ပါက အကျိုးမရှိဟု ယူဆကြသည်။
တဖန်လွှတ်တော်တွင်းတွင်လည်း တဖက်အင်အားစုနှင့် စေ့စပ်ညှိနှိုင်းမှု လုပ်ရန်လိုသကဲ့သို့ လိုအပ်သည့် အတိုက်အခံပြု လုပ်ရန်လိုသည်ဟု ယူဆကြသည်။ အချို့ကလည်း အရာရာ ထောင်တိုက်နေ၍ စေ့စပ်ညှိနှိုင်းရေးကိုထိခိုက်မှာ စိုးရိမ်ကြ သည်။ အချို့က စေ့စပ်ညှိနှိုင်းမှုသည် အချိန်ကုန်ရုံသက်သက်ဟု ယူဆကြသည်။ အချို့ကမူ လွှတ်တော်တွင်းက ပြင်မရနိုင် လွှတ်တော်ပက ပြင်မှရသည်ဟု ဆိုကြသည်။
တိုင်းရင်းသားပါတီများကြားတွင်မူ ပြည်မပြဿနာထက် သူတို့ပြည်နယ် သူတို့လူမျိုးအရေးက ဦးစားပေးဖြစ်သည်။ ပြည်မရှိ နိုင်ငံရေးအင်အားစုများနှင့်စဉ်းစားမှု မတူတော့။ ထို့ပြင် တိုင်းရင်းသားပါတီများကြား ကွဲပြားသောအယူအဆအရ ပါတီတခု မက ရှိတတ်သည်။ အချို့တိုင်းရင်းသားပါတီက အစိုးရနှင့်ပေါင်းပြီး တိုင်းရင်းသားအခွင့်အရေးရသလောက် ယူဘို့စဉ်းစားကြ သည်။ အချို့ပါတီက မိမိတို့တိုင်းရင်းသား အခွင့်အရေးအပြည့်အဝရရန်အတွက် အတိုက်အခံလမ်းကြောင်းကို ရွေးချယ်ကြ သည်။ အချို့က လက်နက်ကိုင်လမ်းကြောင်းကို ရွေးချယ်ကြသည်။
• မဟာမိတ်တပ်ပေါင်းစု
ဤသို့သော အခြေအနေအောက်တွင် ဒီမိုကရေစီအင်အားစုများ တိုင်းရင်းသားအင်အားစုများအင်အားအရ မနဲလှသော်လည်း အကွဲကွဲ အပြားပြားဖြစ်နေမှုက အောင်မြင်မှုမရရှိနိုင်ဘဲ ရှည်လျားသောတိုက်ပွဲကာလကို ဖြတ်သန်းနေရသည့်အဖြေ ဖြစ်ပေ သည်။
မတူသောဖြတ်သန်းမှု မတူသောမျိုးဆက်မတူသော နိုင်ငံရေးအယူအဆ မတူသောလူမျိုး မတူသောအဖွဲ့အစည်း မတူသောတိုက်ပွဲပုံစံအမျိုးမျိုးဖြင့် ရပ်တည်နေသောသူများ တစုတစည်းတည်း ဖြစ်နိုင်ရေးကို အားလုံးရှေးရှုလုံးပမ်းကြဘို့လိုပေ သည်။ အားလုံးကို စုစည်းခေါင်းဆောင်နိုင်သည့် နိုင်ငံရေးပါတီတရပ်လည်း လိုအပ်ပေသည်။ ထိုပါတီသည် အောင်ပွဲဆီသို့ ဆောင်ကျဉ်းနိုင်မည့်ပါတီ ဖြစ်ပေလိမ့်မည်။
ဒီမိုကရေစီအင်အားစုအားလုံး တိုင်းရင်းသားအင်အားစု အားလုံးပါဝင်နိုင်သော အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်ပေါင်းစု တရပ် စုစည်းနိုင်မှသာ ဒီမိုကရေစီရေး တန်းတူရေး ငြိမ်းချမ်းရေးတို့ ဗမာပြည်တွင် ပေါ်ထွန်းလာမည်ဟု ယူဆပါသည်။
ရွှေပြည်တော်မျှော်တိုင်း မဝေးစေချင်ပါ။