ကိုသန်းလွင် - စည်းလုံးညီညွတ်ရေး
(မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၅
(၁)
ဘုရားလက်ထက်တော်က အဇာတသတ်မင်းသားသည် ၀ဇ္ဇီတိုင်းသားတို့ကို စစ်တိုက်ရန်အတွက် မြတ်စွာဘုရား ကိုလျှောက်တင်ရန် အမတ်ကြီးဖြစ်သော ၀ဿကာရ ပုဏ္ဏားကိုလွှတ်လိုက်လေသည်၊ မြတ်စွာဘုရားတို့ မည်သည် မဟုတ်မမှန်သော စကားကို ဆိုလေ့မရှိ ဟုယုံကြည်သောကြောင့်ဖြစ်သည်၊ ပုဏ္ဏားကို မြတ်စွာဘုရား က ဘာမိန့်သည်ဆိုသည်ကိုမှတ်သားခဲ့ရမည်ဟု မှာလိုက်သည်၊
ပုဏ္ဏားက ဘုရားရှေ့တော်မှောက်သို့ ရောက်သော် အဇာတသတ်မင်းသားက စေလိုက်သည့် အတိုင်း သူတို့ဘုရင်သည် “အာနုဘော် ကြီးကုန်သော ဤ၀ဇ္ဇီမင်းတို့ကို မျိုးဖြုတ်အံ့၊ ဖျက်ဆီးအံ့၊ ပြုန်းတီးစေအံ့” ဟုပြောဆိုလျက် ရှိပါသည် ဟုလျှောက်၏။
ဘုရားရှင်က ပုဏ္ဏား၏ စကားကိုတုန့်ပြန်တော်မမူ၊ အနီးမှ ယပ်ခပ် နေသော အနန္ဒာအရှင်မြတ်ကိုသာ “၀ဇ္ဇီတို့ သည် မကြာမကြာစည်းဝေးကုန်၏လော၊ အကြိမ်များစွာ စည်းဝေးကုန်၏လော၊ သင်အဘယ်သို့ ကြားရသ နည်းဟု မေးတော်မူ၏၊” အာနန္ဒာက စည်းဝေးကုန်ပါ၏ လျှောက်သော် ၀ဇ္ဇီမင်းတို့သည် မကြာမကြာစည်းဝေး လျက်အကြိမ်များစွာ စည်းဝေးနေသမျှကာလပတ်လုံး ၀ဇ္ဇီမင်းတို့အားကြီးပွားရန်သာရှိပေ၏ ဆုတ်ယုတ်ရန် ကားမရှိပေ ဟုမိန့်တော်မူလေသည်။
(၂)
ကျွန်တော်တို့ သူငယ်တန်းဖတ်စာအုပ်တွင် ထင်းတချောင်းကိုသာ မိမိဒူးပေါ်တင်၍ ချိုးပါက ကျိုးနိုင်ကြောင်း၊ ထင်းတစည်းကို စုစည်း၍ချိုးရန်ကျိုးစားလျင်မကျိုးနိုင်ကြောင်း စည်းလုံးညီညွတ်ခြင်း၏ အကျိုးကိုဖော်ပြသော ပုံပြင်ကို ကျွန်တော်တို့ သင်ခဲ့ကြရပါသည်။
ကျွန်တော်တို့နိုင်ငံတော်၏ နိုင်ငံရေးစင်မြင့်ပေါ်သို့ကြည့်လျင် စည်းလုံးညီညွတ်ခြင်း ဆိုသည့်အရာကလွဲ၍ အားလုံးမြင်နေရပါသည်၊ အစိုးရသည်၎င်း၊ အတိုက်အခံတို့သည်၎င်း၊ အစိုးရနှင့် အတိုက်အခံတို့သည်၎င်း ညီညွတ်ခြင်းမရှိကြပါ၊
နိုင်ငံတော်ကြီးတခုအနေဖြင့် စည်းလုံးညီညွတ်ကြမှသာလုပ်ရန်ရှိသော စီမံကိန်းအလုပ်တွေကို အောင်မြင် အောင်လုပ်နိုင်ကြမည်ဖြစ်ကြောင်းကို အထူးရေးသားရန်မလိုပါ၊ ကျွန်တော်တို့နိုင်ငံအခြေအနေကိုကြည့်လျင် စည်းလုံးညီညွှတ်ဖို့ဝေးစွ၊ လူပုဂ္ဂိုလ်အချင်းချင်းညှိနှိုင်းတိုင်ပင်ကြသည့် အလေ့အကျင့် နည်းပါးပုံကို အလွယ် တကူသိမြင်နိုင်ကြပါသည်။
နိုင်ငံတော်စည်းလုံးညီညွှတ်သည်ဟုဆိုရာတွင် ၀ါဒတခုအရ၄င်း၊ ခေါင်းဆောင်တဦး၏ ဦးဆောင်မှုအောက်တွင် ၄င်း၊ စည်းလုံးညီညွှတ်နေကြခြင်းဖြစ်နိုင်ပါသည်၊ ဗိုလ်ချုပ်က “စားဖားတွေညီညွှတ်နေတာမျိုးကျုပ်မလိုချင် ဘူး”ဟု လည်းပြောခဲ့ဘူးပါသည်၊ ထို့ကြောင့် မှန်ကန်သည့်လမ်းစဉ်ဝါဒအောက်တွင် ပြည်သူလူထုအားလုံး ကောင်းမြတ် သော အနာဂါတ် တခုကိုဖန်တီးရန်အတွက် ညီညာဖြဖြ အလုပ်လုပ်ကြရန်လိုပါသည်။
ကျွန်တော်တို့နိုင်ငံသမိုင်းတွင် ကွဲကြပြဲကြ၊ မညီညွှတ်ဖြစ်ကြရသည်မှာ အထင်အရှားဖြစ်ပါသည်၊ ထိုသို့ မညီ ညွှတ်ကြသော ကြောင့်ပြည်သူအများ ဒုက္ခနှင့် ရင်ဆိုင်ခဲ့ကြရသည်မှာလည်းကျွန်တော်တို့ကိုယ်တွေ့ပင်ဖြစ်ပါ သည်၊ နိုင်ငံရေးလုပ်သည်ဆိုခြင်းမှာ နိုင်ငံတော်ကိုတည်ဆောက်ရန်ဖြစ်ပါသည်၊ လူတွေကို ထောင်ထဲပို့ရန် လုပ်ရခြင်းမဟုတ်၊ မိမိကိုယ်ကိုချမ်းသာအောင်နိုင်ငံရေးလုပ်ရသည်လည်းမဟုတ်ပါ၊ ရည်ရွယ်ချက်မှာ ဗြဟ္မဇိုလ် တရားထွန်းကားပြီး လူလူချင်း ချစ်ခင်ညီညွတ်စွာဖြင့် တန်းတူညီမျှနေနိုင်ရေးပင်ဖြစ်ပါသည်၊
ကျွန်တော်တို့လူမျိုးသည် နှစ်ယောက်ထဲရှိလျင် နှစ်မျိုးကွဲ၍ သုံးယောက်ရှိလျင် သုံးမျိုးကွဲသည့် အမျိုးဟု ဆိုကြ ပါသည်၊ မျိုးရိုးနှင့်ဆိုင်သည်ဟု ကျွန်တော်ဝါးလုံးသိမ်း မပြောလိုပါ၊ သို့ပါသော်လည်း စည်းလုံးညီညွှတ်ကြဘို့ အလေ့အထ အားနည်းနေသည်မှာ နိုင်ငံတော်အတွက်မကောင်းပါ၊ သေချာစေ့ငုတွေး၍ ပယ်သင့်သည်ကို ပယ်ကြရပါလိမ့်မည်၊
ကျွန်တော်တို့ကိုအထက်တန်းကျောင်းတွေမှာ ဆရာတွေက လူအချင်းချင်းစကားပြောတတ်အောင် လူအုပ်စု အတွင်း တွင်အလုပ်လုပ်တတ်အောင် သင်မပေးလိုက်ကြပါ၊ ကျွန်တော်တို့သည် ဆရာကို ရိုသေရန်၊ ဆရာခိုင်း သမျှ လိုက်နာကြရန်၊ ဆရာ၏ အဆုံးအမကို ဝေဖန်ခြင်းမပြုကြရန် သင်ကြားကြရပါသည်၊ ဘုန်းတော်ကြီး ကျောင်းပညာရေးမှာ မိဘ၊ ဆရာ၊ အသက်ကြီးသူကိုကို အရိုအသေပေးကြရန် သင်ကြားပေးကြပါသည်၊ ထိုအချက် များမှာကောင်းပါသည်၊
သို့ပါသော်လည်း လူအုပ်စုအတွင်း အချီအချ၊ အပြန်အလှန် စကားပြောဆိုရေး တဦးစကားကိုတဦး ကဝေဖန် ခြင်း၊ ထောက်ခံခြင်းပြုရေး၊ အလုပ်တစ်ခုကိုလုပ်ရန် တဦးတည်းမဖြစ် စိတ်အမျိုးမျိုး၊ အကြံအစည်အမျိုးမျိုး ရှိသော လူပေါင်း စုံနှင့် သင့်မြတ်အောင် ပြုမူနေထိုင်ရေးအတွက် အလေ့အကျင့်တွေ လိုပါသည်။
လူတို့သည် မိမိဖာသာ အထင်ကြီးတတ်ကြပေရာ မြန်မာပော့ ဆိုသော စိတ်ဓာတ်သည် လူတိုင်းမှာ ရှိတတ်ကြပါသည်၊ သို့ပါသော်လည်း ထိုယုံကြည်ချက်၊ ထင်မြင်ချက်တို့ကိုအသာထား၍ လူအုပ်စု အတွင်း လိုက်လျောညီထွေရှိအောင်မိမိကိုယ်ကို ပြုပြင်ဆုံမကြရပါမည်၊
စစ်အုပ်ချုပ်ရေး၊ တစ်သွေး၊ တစ်သံ၊ တစ်မိန့်အောက်တွင် နေကြရသည်မှာ ပြင်ပမှကြည့်သော် အဖွဲ့အစည်း ပြဿနာရှိသည်ပာုမထင်ရပါ၊ အာဏာရှင်တဦး၏ စိတ်ဆန္ဒအတိုင်းသာ အစိုးရနှင့်တတိုင်းပြည်လုံး အလုပ်လုပ် ကြရ သောကြောင့်နိုင်ငံ အဆင့်အတန်းမှာနိမ့်သထက် နိမ့်လာရပါသည်။
မိမိရောက်ရှိနေသောနေရာ ရာထူးအရှိန်အ၀ါကြောင့် မပြောသင့်မဆိုသင့်သည်တို့ကို ပြောဆိုကြခြင်းဖြင့် စည်းလုံးညီညွတ်မှုကိုအထောက်အကူ ပြုရာမရောက်ပဲ အချင်းချင်းပို၍သာ အဆင်မပြေဖြစ်ကြရပါသည်။
ကျွန်တော်တို့နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်သော် နောက်ကျကျန်နေရစ်ခဲ့ရပါပြီ၊ တိုင်းပြည်ထူထောင် ရေး အခြေခံအဆောက်အဦးကို ပြန်လည်ထူထောင်ရန်ပင် နှစ်ပေါင်းများစွာ အချိန်ယူကြရပါလိမ့်မည်၊ တိုင်းပြည် ထူထောင်ရေးအတွက် ကျောင်းဆရာများ၊ အင်ဂျင်နီယာများ၊ ဆရာဝန်များ၊ အသိပညာရှင်အတတ်ပညာရှင်၊ အနုပညာသည်များက မိမိကျရာတာဝန်ကိုယူကြရပါလိမ့်မည် တာဝန်သိသိအလုပ်လုပ်ကြရပါလိမ့်မည်။
တိုင်းပြည်ကိုအုပ်ချုပ်သော အစိုးရသည် ထိုဝန်ထမ်းလုပ်သားပြည်သူများသည် မိမိအလုပ်ကိုလုပ်နိုင်ရန် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အားလုံးတည်ငြိမ်နေသည့် နိုင်ငံတော်ကိုဖန်တီးပေးရန်လိုပါသည်။ နိုင်ငံရေး သမားတို့၏တာဝန်မှာ ပြည်သူအများ၏ လူမှုဘ၀ကို ကောင်းရာမွန်ရာ တွေဖြစ်အောင် ဖန်တီးပေးရေး ပင်ဖြစ်ပါသည်၊
နိုင်ငံ၏ခေါင်းဆောင်ကြီးများသည် ရင့်ကျက်မှု၊ သဘောထားကြီးမှု၊ တိုင်းပြည်စည်းလုံးညီညွတ်ရေးကို အလေး ထားမှုစသော ပင်ကိုယ် အရည်အချင်းများနှင့်ပြည့်စုံကြရပါမည်၊ ရန်ဖြစ်ရတာလွယ်ပါသည်၊ အမုန်းပွားအောင် လုပ်ရတာပညာသားမလိုပါ၊ မိမိစိတ်အလိုလိုက်လိုက် ရုံသာ၊ မိတ်ဆွေဖြစ်အောင်လုပ်ဖို့က ပိုပြီးပညာသုံးရ ပါသည်။
နိုင်ငံတော်ကို တည်ထောင်ရာတွင် ၀န်ကြီးချုပ်၊ သမတ တစ်ယောက်ထဲမပာုတ် သူ့တွင် ပညာ အရည်အချင်း ပြည့်ဝသော တိုင်းချစ်ပြည်ချစ်စိတ်ရှိသော အစိုးရတဖွဲ့ရှိရပါသည်၊ အသီးသီးကျရာတာဝန်အတိုင်း ညီညီ ညွတ်ညွတ် ဆောင်ရွက်ခြင်းဖြင့် လိုရာပန်းတိုင် ရောက်နိုင်ကြပါသည်၊ အာဏာရှင်များခေတ်က ခေါင်းသာငြိမ့်တတ်သော အစိုးရအဖွဲ့သည် တိုင်းပြည်အတွက်ကောင်းကျိုးချမ်းသာဖြစ်အောင် မဆောင်ကျဉ်း ပေးနိုင်ကြပါ၊
အစိုးရကော၊ အတိုက်အခံဘက်ကပါ ဖန်တီးလိုက်သော ဦးဆောင်အစိုးရသည် အရည်အချင်း ပြည့်ဝဘို့လို ပါသည်၊ အရည်အချင်းပြည့်ဝသော အစိုးရတဖွဲ့ကိုဖွဲ့နိုင်ရန် တိုင်းပြည်တွင်းရှိ ပညာရှင်များအားလုံး ရန်ဖြစ် နေ၍မရ၊ တဦးကိုတဦး စည်းလုံးညီညွတ်ရေးအတွက် မိမိအယူအဆကိုပြင်ရန်လိုက ပြင်ကြရပါမည်၊ တိုင်းပြည် မျက်နှာကိုသာကြည့်ပါက မိမိကိုယ်ကျိုးစီးပွားသည် ဘာမှမပြောပလောက်ပါ၊
ကျွန်တော်တို့နိုင်ငံမှာ လုပ်စရာတွေက ဒုနှင့်ဒေးများပြားလှပါသည်၊ ကျွန်တော်သည် အစိုးရနှင့် မသက်ဆိုင်သော တိုင်းပြည်ထူထောင်ရေးသက်သက်ကိုသာ အလုပ်လုပ်နေကြသော အေဂျင်စီတခုကို မြင်လိုလှပါသည်၊ အစိုးရ နှင့် အတိုက်အခံ နှစ်ရပ်လုံးက ယုံကြည်အားကိုးထိုက်သော ထိုပုဂ္ဂိုလ်များသည် အစိုးရအပြောင်းအလဲနှင့် မဆိုင်ဘဲ တိုင်းပြည်အခြေခံ အဆောက်အဦးဆိုင်ရာ ပရောဂျက်များကို အရှိန်မပျက်ဆောင်ရွက်နေကြရပါမည်၊ တိုင်းပြည်၏အနာဂတ် ဘလူးပရင့်ကို ထိုတတ်ကျွမ်းသူ အတွေ့အကြုံရှိသူ၊ ထိုအဖွဲ့က ဆွဲကြရပါမည်၊ စီမံကိန်းနှင့် ဘတ်ဂျက်ကို ကို ပြင်ဆင်ပေးရပါမည်၊ ထို့နောက် ရေတို၊ ရေရှည်စီမံကိန်းတွေက်ု ချကြရပါမည်၊ အင်တာနက်ခေတ်ကြီးတွင် E- Government ဖြစ်ရေး၊ နိုင်ငံလုံးဆိုင်ရာဒေတာတွေကို ကွန်ပျူတာနှင့်မှတ်တမ်းတင်နိုင်ရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ ကလေးတွေ၏ ပညာရေး၊ ပြည်သူပြည်သားတို့၏ကျန်းမာရေး လူမှုရေးဆိုင်ရာ လုပ်ငန်းတွေမှာ အစအဆုံး ပြန်လည် အကောင် အထည်ဖော်ကြရပါမည်၊ အမှားတွေကိုပြန်လည်သုံးသပ်ရပါမည်၊ ပြည်သူပြည်သားတွေအတွက် ပတ်ဝန်းကျင် ကောင်းတွေကို ဖန်တီးပေးရပါမည်။
တိုင်းပြည်၌ အရေးကြီးသောလုပ်ငန်း၊ အရေးကြီးသောပြဿနာတွေ၊ ကြုံတွေ့နေရချိန်မှာ တဦးကိုတဦး ညှိနှိုင်း ဆွေးနွေး၍မရနိုင်သောပြဿနာပာူ၍ မရှိနိုင်ဘူးပာုသာ ကျွန်တော်ထင်မြင်မိပါသည်။
(၃)
နိုင်ငံတိုးတက်ရေး ပြင်ပကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ရေးမှာ လူတဦးတယောက်ကြွယ်ဝချမ်းသာရေးထက် အဆ များစွာပိုပြီး အရေးကြီးပါသည်၊ တိုင်းပြည်အတွက် ဘယ်သူမှ အနစ်နာခံစရာမလိုပါ တိုင်းပြည်နှင့်အတူ မိမိတို့လည်း တပါတည်းကြွယ်ဝချမ်းသာတောင်လုပ်သောနည်းတွေ ရှိနေပြီးဖြစ်ပါသည်၊ နိုင်ငံရေးသမားတို့၏ အလုပ်မှာ ပြည်သူပြည်သားတရပ်လုံးဆင်းရဲတွင်မှ လွတ်ကင်းရေးပင်ဖြစ်ပါသည်၊
အထူးသဖြင့် တိုင်းပြည်၏အနာဂါတ်ရေးနှင့် ပါတ်သက်ပြီး ပညာရှင်များက အကောင်းမမြင်နိုင်ဖြစ်နေချိန်တွင် တာဝန်ရှိသူများက မကောင်းတာတွေ မဖြစ်အောင်သတိရှိကြရပါလိမ့်မည်၊
ဗုဒ္ဓဘုရားရှင်က မေတ္တာ၊ ဂရုဏာ၊ မုဒိတာတရားတို့ကို ပွားများရမည်ဟောခဲ့ပါသည်၊ လောဘ၊ဒေါသ၊ မောဟတို့ ကို ပယ်ရမည်ဟုဟောပါသည်၊ ပညာရှိသူသည် ရန်အန္တရာယ်များသည်ဆိုစေ၊ နိုင်ငံတော်ကို ကောင်းရာမွန်ရာ ဖြစ်အောင်ဆောင်ကျဉ်းပေးနိုင်ရပါမည်၊
ကိုသန်းလွင်