ရန်လင်းအောင် - ပြောဇာတ် - ၆
(မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၅
ပွဲကဖြင့်မစသေးဘူး
ညစ်တွန်း တွန်းမယ်တကဲကဲနဲ့
သကောင့်သားဟာ ဒီလိုကြံနေကျပဲ ။
ဘယ်လိုတုန်းဆိုတော့
သူဋ္ဌေးသားလေးတယောက်နဲ့
ကြွေအန်ကစားတိုင်း ဒီသကောင့်သားဟာ
နိုင်ခြေရှိရင် ဆက်ကစားမယ်
ရှုံးရိပ်မြင်တာနဲ့ ၊ ကြွေအန်ကိုပါးစပ်ထဲထည့်
ခိုးငုံဝှက်ပြီးအပျောက်ရိုက်လို့
ပွဲဖျက်တာလည်း မနည်းတော့ဘူးတဲ့ ။
အဲ့သလို ခံရပါများလာတဲ့ သူဋ္ဌေးသားလေးက
ဒီတခါတော့ ပွဲမစခင်
ကြွေအန်ကို အဆိပ်နာနာလူးထားပြီး
သကောင့်သားကိုပညာပြန်ပြဖို့ကြံရတော့တာပေါ့ ၊
ယုတ်ပတ်ဖို့ကလွဲ ဘာမှမသိတဲ့သကောင့်သား
ဒီတပွဲမှာလည်း ဟန်မကျ ရှုံးရိပ်လည်းပြရော
ဗီဇညစ်တွေခါတိုင်းလိုထကြွပြီး
ကြွေအန်ကိုပါးစပ်ထဲ ခိုးငုံဝှက်
ပွဲပျက်ပြီအပိုင်တွက်နေတုန်း
အဆိပ်လူးကြွေအန်အစွမ်းပြ
အဆိပ်ခိုးတွေထောင်းထောင်းထ
မျက်ဖြူလန်လက်ထွက်လို့
ဒီသကောင့်သား ဇက်ကျိုးကျပြီးဆိုတော့မှ
သူဋ္ဌေးသားလေးက
အန်ဆေးတွေဘာတွေပြန်တိုက်
အကြံအဖန်လုပ်ရင် ဒဏ်ခံထိကြောင်းဖြောင်းဖြ
နောက်နောင်
ဒီအကျင့်ဆိုး အချိုးပြင်ခိုင်းလိုက်ပါတယ် ။ ။
ဧကကနိပါတ်၊ လိတ္တဝဂ်၊ လိတ္တဇာတ်တော်ကို မှီးသည် ။