ဆောင်းယွန်းလ - “ငယ်သူငယ်ချင်းများ"
(မိုးမခ) သြဂုတ် ၂၁၊ ၂၀၁၅
တယောက်နဲ့ တယောက်
အကွာအဝေး သိစရာမလိုခဲ့ကြဘူး
အတိုင်းအထွာလည်း ရှိစရာမလိုခဲ့ကြဘူး…
တပြေးတည်းညီတဲ့ အုတ်ခုံတွေပေါ်မှာ
တယောက်နီရင် ကျန်တယောက်လည်း အနီ…
တယောက်ဆိုတဲ့ သီချင်းထဲမှာ
ကျန်တယောက်က အသံထွက်ခဲ့သလို
တယောက်ရေးဖွဲ့ တဲ့ ကဗျာပေါ်မှာ
ကျန်တယောက်က အိပ်ပျော်နိုင်ခဲ့တယ်…
ဗဟိုဦးစီးမရှိတဲ့ စံနစ်နဲ့ 
တယောက်ကို တယောက်ချစ်ခင်ကြတယ်…
တယောက် လက်ခုပ်ထဲက ရေဟာ
ကျန်တယောက် သောက်လို့ မကုန်တဲ့ မြစ်တစင်းပဲ
တယောက် စိတ်ကူးထဲက မြစ်တစင်းနဲ့ 
ကျန်တယောက်ရဲ့ လိုရာခရီးကို ပို့ ပေးနိုင်ခဲ့ကြတယ်…
အနိုင် အရှုံးမရှိတဲ့ ကစားကွင်းထဲမှာ
ကြုံခဲ့ ဆုံခဲ့ရတဲ့ ငယ်သူငယ်ချင်းတွေ
အခု ....ဘယ်ကွင်းမှာ ဘာကစားနေကြမလဲ....။