Image may be NSFW. Clik here to view. ![]() |
AGD ဘဏ်၊ ဓာတ်ပုံ - ရန်နောင်(ဗိုလ်တထောင်) |
သားဝင့်ကျော် - ဘဏ်လုပ်ငန်းသည် အာဏာရှင်အတွက် ချိန်ကိုက်ဗုံးလား
(မိုးမခ) သြဂုတ် ၂၁၊ ၂၀၁၅
ကျွန်တော်တို့နိုင်ငံ၏ စားသုံးသူအများစုမှာ မည်သည့် လုပ်ငန်းအဖွဲ့အစည်းကိုမဆို ဦးဆောင်သူ ပိုင်ရှင်၏ ထင်ပေါ် ကျော်ကြားမှု့ကို ကြည့်ပြီး ယုံကြည်ကိုးစားကြသည်။
ဦးဆောင်သူပိုင်ရှင်များ၏ ပုံရိပ် (image)ပေါ်ကို လုပ်ငန်းက အလွန်အကျွံ မှီခိုသမှု့ ပြု၍ လုပ်ဆောင်ကြရခြင်းကြောင့် နိုင်ငံအခြေအနေတစ်ခု အဆိုးဘက်ကို ပြောင်းလဲသွားတိုင်း စားသုံးသူများ၏ ယုံကြည်မှု့ ကျဆင်းခြင်းဒါဏ်ကို ဆိုးရွားစွာ ခံကြရသည်။ အထူးသဖြင့် ဘဏ်လုပ်ငန်းများမှာ အခြားလုပ်ငန်းများ ထက် ပိုမိုခံစားရသည်။
မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းများသည် အုပ်ချုပ်သူအစိုးရပိုင်းနှင့် ဆက်စပ်မှု့များလွန်းခြင်းကြောင့် ထိုဒါဏ်ကိုပို၍ ခံစားကြ ရခြင်း ဖြစ်သည်။စားသုံးသူပြည်သူအများစုမှာလည်း မိမိတို့ရင်းနှီးမြှပ်နှံမည် အဖွဲ့အစည်း၏ အခြေခံဘဏ္ဍာရေးဆိုင်ရာ သတင်း အချက် အလက်များကို အခြေပြုစဉ်းစားခြင်းမဟုတ်ပဲ သူများလုပ်တာမှ လိုက်လုပ်တတ်သော အကျင့်ကြောင့်လည်း ဖြစ်သည်။ (ဒီနေရာမှာ ဘဏ်အဖွဲ့အစည်းများမှလည်း အများသူငါယုံကြည်မှု့ရှိလာစေရန် မိမိတို့ဘဏ်၏ သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာသင့်ပါသည်။)
ထိုထိုသောအခြေအနေများကြောင့် နိုင်ငံကို မတည်မငြိမ်ဖြစ်အောင် ဖန်တီးလိုသော အစုများသည် စီးပွားရေးကဏ္ဏတွင် ဘဏ်လုပ်ငန်းပေါ် အခြေခံ၍ ကောလဟာလ ထုတ်လွှင့်ကစားကြသည်။
အဆိုးဆုံးအခြေအနေအဖြစ် ဘဏ်များဖျက်သိမ်းရလင့်ကစား ငွေအပ်နှံသော စားသုံးသူများအနေဖြင့် မဆုံးရှုံးခဲ့သော သာဓကမှာ ၂၀၀၃ ခုနှစ် ကဖျက်သိမ်းခြင်းခံရသော - အာရှဓနဘဏ်၊ မြန်မာမေဖလားဝါးဘဏ်၊ မြန်မာယူနီဗါဆယ်ဘဏ် - အဖြစ်အပျက်များက သက်သေပြုနိုင်ပါသည်။
ထို့ကြောင့် အများပြည်သူစားသုံးသူများအနေဖြင့် ထိုထိုသော ကောလဟာလ ဖြစ်တိုင်း မိမိတို့ မလိုအပ်ပဲ အလုအယက်ငွေထုတ်ယူခြင်းအမှုကို ရှောင်ကြင် သင့်ပေသည်။ လူအများတပြိုင်နက် ထုတ်ယူမှု့ပြုခြင်းက မြန်မာနိုင်ငံမှ ဘဏ်များမှမဟုတ် နိုင်ငံတကာမှဘဏ်များလည်း ချက်ခြင်းပြန်လည်ထုတ်ပေးနိုင်မည် မဟုတ်ပါချေ။
ယခုဖြစ်နေသော ဘဏ်ငွေကြေးအဖွဲ့အစည်းဖြစ်စဉ်တွင် - အစိုးရ လွှတ်တော် စစ်တပ်တို့ အကြား ဖြစ်ပေါ်နေသော အခြေအနေများကို အကြောင်းပြု၍ နိုင်ငံမတည်မငြိမ်ဖြစ်ရန် ဖန်တီးနိုင်သော အာဏာရှင်လက်ဟောင်းများ၏ အချင်းချင်း တိုက်ခိုက်မှု့သာဖြစ်သည်။
ထို့အပြင် မြန်မာငွေကြေးတန်ဖိုးဆက်တိုက်ကျဆင်း လာမှု့ကြောင့် ဘဏ်တွင် အပ်နှံထားသော ငွေကိုထုတ်ယူ၍ ဒေါ်လာ ရွှေများသို့
ပြောင်း လဲမြှပ်နှံမှု့ကြောင့်လည်း ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ နိုင်ငံစီးပွားရေးအတွက် မရှိမဖြစ်အရေးပါ သော ဘဏ်လုပ်ငန်းရှင်သန်ကြီးထွားရေးအတွက် တာဝန်ရှိသူအားလုံး (အားလုံး) ဝိုင်းဝန်းကြဖို့လိုပါသည်။
၂၀.၈.၂၀၁၅