မောင်ရစ်ရဲ့ အနှစ် ၂၀ သင်္ကြန်မိုး၊ မန္တလေး နဲ့ မစိုးရိမ်ကျောင်းဝန်းများ
(မောင်ရစ် ။ ဧပြီ ၁၁၊ ၂၀ဝ၇) မိုးမခ ပြန်လည်ဆန်းသစ်ခြင်း
ငယ်ငယ်က မောင်ရစ်အတွက် သင်္ကြန်ကတော့ ပုံမှန်ပါပဲ။ မုန့်လုံးရေပေါ်တွေ လိုက်ဝေ၊ အိမ်ရှေ့မှာ ရေပုံးချပြီး ရေပက်၊ နည်းနည်းကြီးလာတော့ အင်လျားကန်စောင်းမှာ ဟိုအရည်တွေသောက်ပြီး ကန်လမ်းရှေ့က "ခရမ်းပြာ"မှာ ထိုင်၊ နှစ်ဆန်းတစ်ရက်မှာ ဘုရားစင်ကို သန့်ရှင်းရေးလုပ်။ ဒါမျိုးပဲပေါ့။ အဲဒီထဲမှာ ငယ်ဘဝအမှတ်ရဆုံး သင်္ကြန်တွေကတော့ တောင်ဥက္ကလာပက မဏ္ဍပ်တွေမှာ သံချပ်ပြိုင်ပွဲဝင်ကြတာတွေကို တနေကုန် တညခန်း ငေးမော့ခဲ့ရတာတွေပါ။
နောက်အမှတ်တရကတော့ ၁၉၈၉ ခုနှစ် အင်န်အယ်ဒီ သင်္ကြန်။ စစ်တပ်က အာဏာသိမ်းပြီးစ စစ်ဖိနပ်အောက်က မြန်မာပြည်ရဲ့ ပထမဦးဆုံး သင်္ကြန်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံရှေ့က မဏ္ဍပ်မှာ လွတ်လပ်ပွင့်လင်းစွာ အနယ်နယ်အသီးသီးက သံချပ်အဖွဲ့တွေရဲ့ ဒီမိုကရေစီရေး ဟစ်ကြွေးတဲ့ သင်္ကြန်။ သံလျင်ကအဖွဲ့ လက်သံအပြောင်ဆုံးပဲ။ သူတို့တွေ ဆုရကြတယ်ထင်ရဲ့။ နောက်တော့ ၁၉၈၉ ဩဂုတ်လမှာ အင်းစိန်ထောင် ၅ တိုက်ထဲ ရောက်တော့၊ သံလျင်က သံချပ်အဖွဲ့တွေကို ပြန်တွေ့တယ်။ သင်္ကြန်က အပြန်မှာ ၅(ည)နဲ့ ဖမ်းထားလိုက်တာ၊ သူတို့ကို စစ်ခုံရုံးက ပေးထားတဲ့ ဆုတွေနဲ့။ ၃ နှစ်၊ ၅ နှစ်၊ ၁၀ နှစ်။
၁၉၉၀ ဧပြီမှာတော့ မန္တလေးသင်္ကြန်ပေါ့လေ။ မေလမှာက ပါတီစုံရွေးကောက်ပွဲ။ အဲဒီမတိုင်ခင်ကတည်းက ပါတီ၊ ကျောင်းသားနဲ့ တပ်ဦးက လူတွေကို မြေလှန်ပြီး ဖမ်းဆီးထားပြီးပြီ။ ပြေးစရာဆိုလို့ မန္တလေး (မစိုးရိမ်ကျောင်းတိုက်တွေ) ထဲက ဘုန်းကြီးကျောင်းတွေပဲ ရှိတယ်။ (ကျနော့်အတွက် ပြောတာပါ။ တချို့ကတော့ နယ်စပ်တွေဆီ ရောက်ကုန်ကြပြီ)။ မန္တလေး ကျုံးတလျှောက် စင်တွေ၊ မဏ္ဍပ်တွေရှေ့မှာ လူတွေ၊ ကားတွေ ပျော်နေပက်နေကြချိန်မှာ အိမ်ပြေး၊ ကျောင်းပြေး နဲ့ ထောင်ပြေး ကျောင်းသားလူငယ်တွေဟာ ဂြိုဟ်သားတွေလိုပါပဲ။
အဲဒီက အတက်နေ့ညမှာ မှောင်ရိပ်တွေထဲကနေ မန္တလေး သင်္ကြန်ကို ကျနော်တို့ ချောင်းကြည့်ကြတယ်။ အိမ်ဝိုင်းတစ်ခုမှာ မိသားစုတွေ တီဗွီကြည့်နေကြတယ်။ "သင်္ကြန်မိုး"ဇာတ်ကား။ သူငယ်ချင်းက ခြံဝကနေ လှမ်းအော်တယ်။ "ကျနော်တို့ ကျောင်းသားတွေပါ။ အဲဒီ သင်္ကြန်ကားလေး ကြည့်ပါရစေ"တဲ့။ ကျနော်တို့ အဲဒီ သင်္ကြန်ကားလေးကို ကြည့်ကြရတယ်။ အဲဒီမိသားစုတိုက်တဲ့ ရေနွေးကြမ်းလေး သောက်ရင်းနဲ့။ ပြီးတော့ ကျနော်တို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ (မစိုးရိမ်ကျောင်းတိုက်တွေ) ဘက် ပြန်ကြတယ်။ အဲဒီတုန်းက ကျတဲ့ ကျနော်တို့ရဲ့ သင်္ကြန်ဟာ အမှတ်တရပါ။
နောက်တော့ မောင်ရစ်မှာ သင်္ကြန်မရှိတော့ဘူး။ ကြာပြီ။ ခုထိပဲ။ ။
(သရုပ်ဖော်ပုံမှာ - ပန်းချီ ပေါ်ဦးသက်ဖြစ်ပါတယ်။ ၁၉၉၂ ကပါ။)
(နောက်တိုး စာပုဒ်များ)
အရင်က မစိုးရိမ်ကျောင်းတိုက်တွေကို ဘုရားကြီးဝင်းဆိုပြီး မှတ်ထားမိတယ်။ နောက်တော့ ဒါက မစိုးရိမ်ကျောင်းဝန်းတွေ ဆိုတာ နောက်အနှစ် ၂၀ ကြာမှ သိလာရတယ်။ အဲသည်တုန်းက ကျောင်းသားဆိုတာ ကိုယ့်ကို ကာကွယ်စောင့်ရှောက်တဲ့ ဘုန်းကြီးကျောင်းဝင်းဆိုတာ ဘုရားကြီးဝင်းပဲ စွဲထားမိတာကိုး၊ ဘယ်လိုမျိုး သိတာလဲဆိုတော့ မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒ မပျံလွန်မီ အမေရိကားမှာ ဖူးတွေ့ခွင့်ရတော့ “မောင်ရစ် … မင်းပြေးတဲ့ကျောင်းတွေက ငါတို့ မစိုးရိမ်ကျောင်းတွေနဲ့ တူပါတယ်ကွာ၊ မင်းမှတ်တာလွဲနေတယ်” လို့ ထောက်ပြတယ်။ ဒါကိုအတည်ပြုပေးတာက အခု မုဒိတာရွှေကျောင်းက ဆရာတော် ဦးဥာဏိကာဘိဝံသ။ သူက အဲသည်တုန်းက အရေးတော်ပုံကာလတုန်းက မန္တလေးသံယာ့သာမဂ္ဂီ စာစောင်တွေက စာတည်းကိုး။ အဲသည်တုန်းက ကျောင်းသားတွေ စာစောင်ထုတ်သူတွေနဲ့ နီးကပ်သူက ဦးလာဘ။ (ပြန်မတွေ့ရတော့ပြီ)။ အနှစ် ၂၀ လောက်ကြာမှ ရေစက်တွေ ပြန်ဆုံကြပုံ ပြောပါတယ်။ နောက် ၂၅ နှစ်မြောက်မှာ မန္တလေးကို ခေတ္တပြန်ရောက် (၂၀၁၅ မေလ) ၊ မန္တလေးရဲ့ ကျောင်းသား လူငယ် တပ်ဦး၊ တပ်ပေါင်းစုက မစိုးရိမ်ဝင်းထဲမှာ အခြေစိုက်ခဲ့ကြဖူးတဲ့ ကိုစိုးလင်းတို့နဲ့ သူတို့ ရဲဘော်ဟောင်းအချို့နဲ့ ပြန်ဆုံခွင့် ရခဲ့တယ်။ ကျနော် မစိုးရိမ်ဝင်းထဲ ခိုလှုံချိန်မှာ ဆုံချင် ဆုံခဲ့ဖူးမယ်။ ခုလို နှစ်တွေကြာတော့ မျက်နှာချင်း မကျက်မိကြတော့ဘူးပေါ့။ သူတို့တွေထဲက ရဲဘော်တွေနဲ့ အထက်ကဖော်ပြခဲ့တဲ့ အိမ်ဝိုင်းတခုထဲမှာ သင်္ကြန်မိုး ကြည့်ခဲ့ကြတာပါ။ မစိုးရိမ်ဝင်းထဲမှာ ကျနော့်တို့ကို ကူညီစောင့်ရှောက်ခဲ့သူတဦးကတော့ အထက်ဗ က ကိုမိုးကျော်ဦး (ပြန်မတွေ့ရတော့ပြီ)။ အင်း … ကိုစိုးလင်းကိုလည်း ကံကောင်းလို့ ပြန်တွေ့ကြရတာပါလေ။ ကိုစိုးလင်းနဲ့ ကိုနေ၀င်းအောင် (အခု အမေရိက) တို့ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက အေဘီ (တောင်ပိုင်း) မှာ သစ္စာဖောက်တွေဆိုပြီး အသတ်ခံရတော့မလို့ တည်းတည်းလေးကနေ အသက်လု ပြေးခဲ့ကြရတာကိုး။ သူတို့တွေကော ကျနော်တို့တတွေကော အိမ်ကို ပြန်ရတဲ့ ခရီးတွေဟာ ရှည်လျားလှ။ ခုထိလည်း အိမ်ပြန် မရောက်ကြသေးပါဘူး။