အောင်ခမ်းကီ (ကျောက်တလုံး) - သွေးတက်နေသည့် ဂုရုကြီး အကြောင်း တစေ့တစောင်း
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၅
ဝါတွင်းကာလ လပြည့်လကွယ် ဥပုသ်နေ့တိုင်း ပအိုဝ်းဒေသတခွင် တူညီဝတ်စုံများဖြင့် ဘုရား ကျောင်းကန် ကုသိုလ်ဘ၀နာပွားများကြသည်မှာ ရှုပျော်ဖွယ်ကောင်းလှသည်။ ရှေးအခါက ရှမ်းပဒေသရာဇ်များ လက်အောက်တွင် ကျွန်ုပ်တို့ ပအိုဝ်းလူမျိုးများ၏ ဘ၀သည် ယခုကဲ့သို့မဟုတ်ချေ။ သထုံစစ်ပြေးသူများအဖြစ် နိမ့်ချကြပြီး မိမိကိုယ်ကို ရှမ်းပြည်ရောက်ဧည့်သည်ပမာ ခံစားတတ်ကြသည်။ ယင်းအခြေအနေကိုတိုက်ဖျက်ခဲ့သူမှာ ဖြားတန်သထုံလှဖေ ဖြစ်သည်။
ဖြားတန်သထုံလှဖေသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဌဖြစ်ပြီး ၁၉၄၆-ခုနှစ် ပထမ ပင်လုံညီလာခံတွင် (KNU)ကိုယ်စားလှယ်အနေဖြင့် တက်ရောက်ရာမှ ရှမ်းပြည်ရောက် နိမ့်ကျနေသော ပအိုဝ်းလူမျိုးများ အခြေအနေကို မျက်မြင်ခံစားသွားရသည်။ ၁၉၅၁-ခုနှစ်တွင် (KNU)ဥက္ကဌ စောဘဦးကြီးသည် ဗိုလ်စိန်လွင် (မဆလ -၉-ရက် သမတဖြစ်ခဲ့သူ)၏လုပ်ကြံသတ်ဖြတ်ခံရပြီး ဖြားတန်လှဖေကို (KNU)ဥက္ကဌ အဖြစ်ရွေးကောက်တင်မြောက်ခဲ့ကြသည်။ သို့သော် ဖြားတန်လှဖေလက်မခံခဲ့ချေ။ အကြောင်းပြချက်မှာ ရှမ်းပြည်တွင် နိမ့်ကျနေသော မိမိပအိုဝ်းလူမျိုးတို့အား ပြုစုပျိုးထောင်ရန်နှင့် ပဒေသရာဇ်ဖိနှိပ်ခံဘ၀မှ လွတ်မြောက်ဖို့ရန်အတွက်ဖြစ်သည်။ ကြတ်ပြေး(ယခု နေပြည်တော်)တွင် သခင်သန်းထွန်း အဆက်ဖြင့် ရှမ်းပြည် တောင်ပိုင်းသို့ တက်လာခဲ့သည်။ ပအိုဝ်းတော်လှန်ရေးကို ဦးဆောင်ခဲ့ပြီး လပြည့် လကွယ် ဘာသာရေးနေ့တိုင်း အနက်ရောင် ပအိုဝ်းဝတ်စုံကိုဝတ်ဆင်ရန်၊ တောင်သူ အခေါ်အဝေါ်အစား ပအိုဝ်းဟု ခေါ်ဝေါ်ရန် ပြင်းပြင်းထန်ထန်ချမှတ်ခဲ့လေသည်။
ယနေ့ကျွန်ုပ်တို့ ပအိုဝ်းကို တောင်သူဟု မခေါ်ဝေါ်ကြသည်မှာ ဖြားတန်လှဖေကျေးဇူးကြောင့်ဖြစ်သည်။ ဘာသာရေးအခါကြီးရက်များတွင် ဘုရားကျောင်းကန် စေတီတိုင်း၌ ပအိုဝ်းအမျိုးသားဝတ်စုံဖြင့် ကုသိုလ်ဘ၀နာ ပွားများနိုင်ကြလေပြီ။
ဒီရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် မိမိတို့ ပအိုဝ်းဒေသတွင်း လာရောက်မည့်သတင်းသည် ပျံ့နှံ့လျက်ရှိ သည်။ မျက်စိပိတ် နားပိတ်ခြင်းခံနေရသော ကြံ့ဖွတ်လက်ပါးစေ PNO အောက်တွင် ကျွန်ုပ်တို့ ပအိုဝ်းလူမျိုးများ မျက်နှာ ငယ်လှသည်။ မျက်စိဖွင့် နားဖွင့်ပေးမည့် ခေါင်းဆောင်များကို မျှော်လင့်ရင်း နားတဖက်ပေါက်ပမာ ကျရောက် ခံစားမိသည်။ ယုတ်စွအဆုံး NLD ကဲ့သို့ နိုင်ငံရေးပါတီရုံးကို PNO တပ်များ လက်နက်ဖြင့် ခြိမ်းခြောက်သည့်နောက်ပိုင်း စာရေးသူ ပအိုဝ်းအနေဖြင့် ဗမာပြည်မ ဆင်းလျှင် ပအိုဝ်းဝတ်စုံကို မ၀တ်ဆင်ရဲလောက်အောင် ဂုဏ်သိမ်ခဲ့ရသည်။ ယခုတော့ ဒေါ်အောင်ဆန်းစုကြည် လာရောက်တော့မည် သတင်းကြောင့် ၀မ်းသာမိသည်။ ဘာဘဲဖြစ်ဖြစ် အနည်းဆုံးတော့ မျက်စိ နားဖွင့် အားပေးစကားတော့ ဟောပြောပေလိမ့်မည်။
စိုးရိမ်တာတခုတော့ရှိသည် ၄င်းမှာ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီးကိုဖောက်မည့် ဂုရုကြီးအောင်ခမ်းထီ ကိုလျှော့မတွက်ဘဲ သတိတော့ထားသင့်သည်။ ဒီပဲယင်းအောင်သောင်း မရှိသော်လည်း အောင်သောင်းကဲ့သို့ လက်ရုံးတပ်ဖွဲ့များ ဦးသိန်းစိန်လက်ထဲတွင် ပေါမှပေါ။ PNO ကဲ့သို့ လက်ကိုင်ဒုတ်ကို ယမကာလေးတိုက်ရုံဖြင့် အသုံးချနိုင်သည်။ ဤအတွေးပေါင်းများစွာဖြင့် စာရေးသူမှာ အိပ်ရေးပျက်ခဲ့သည်။ တတ်စွမ်း သရွေ့ကူညီရမည် ဟုလည်း အတွေးပေါ်လာကာ ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်ခဲ့သည်။
သြဂုတ်လ (၀ါခေါင်လပြည့် လကွယ်) ဥပုသ်နေ့များတွင် ဂုရုကြီး ထူးဆန်းစွာ ဘုရားကျောင်းကန် တက်နေသည် ကို မြင်ရသည်။ ပိုထူးဆန်းတာက တကျောင်းတည်းမဟုတ်ဘဲ ကျောက်တလုံးပတ်ဝန်းကျင် ဘုန်းကြီးကျောင်းများ၊ နောင်ကား၊ ဟမ်းဆီးကဲ့သို့ ဘုန်းကြီးကျောင်းများတက်ရောက်ကာ ပအိုဝ်းဆရာတော်မှ တရားဟောအပြီး ဂုရုကြီးမှ မတရားဟောပြောမှုလုပ်လာသည်။ သူဟောပြောချက်မှာ ဒေါ်အောင်ဆန်းစုကြည် လာရောက်ပါက ထွက်မကြိုဆိုဖို့၊ NLD မဲပုံးကိုလည်း မဲမထည့်ဖို့၊ မိမိတို့ PNO မဲပုံးသာလျှင် ပအိုဝ်းပြည်သူအဖို့ စသဖြင့် ဟောပြောပါလေတော့သည်။
ညောင်နှစ်ပင်ညီလာခံပြီးကတည်းက ခြေဆစ် လက်ဆစ်ရောဂါဖြစ်ကာ လမ်းမလျှောက်နိုင်ဘဲ အိပ်ယာ ထက်လှဲလျောင်းနေရသည်။ ဘီးတပ် (Wheel Chair)ဖြင့် အိမ်ပြင်ပထွက်ရသည့်အခြေအနေရောက်သွားသည်။ ၂၀၁၂ တွင် ညောင်နှစ်ပင် ဥက္ကဌ ဗိုလ်သိန်းစိန် (နိုင်ငံတော် သမတဂျီး)က တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင် ခန်းမတွင် ဒုက္ခိတဖြစ်နေသော ဂုရုကြီးကို အားပေးနှုတ်ဆက် ဂါရ၀လာပြုသေးသည်။ နိုင်ငံတော်သတင်းစာများတွင် တခမ်းအနား မျက်နှာဖုံးသတင်းအနေဖြင့်ပါလာသည်။ ယင်းနောက်ပိုင်း ကျောက်တလုံးအိမ်တွင်သာ အိမ်တွင်းအောင်း တော့သည်။ ပင်ကိုယ်အရပ်အမြင့်မှာ (၆ ပေ တစ်လက်မ)နှင့် အလေးချိန်မှာ ပေါင် (၂၄၀)ခန့်ရှိရာ လွန်စွာ လေးလံ ထိုင်းမှိုင်းနေပြီး အချိန်ပြည့် အိပ်ယာထဲ အနားယူနေရသည်။
ယခုတော့ အပုပ်ချတရားဟော၊ ပအိုဝ်းအမျိုးသားများကို အကြောက်တရားဖြင့် မှိုင်းတိုက်၊ ၂၀၁၅ ရွေးကောက်ပွဲ တွင် ကြံ့ဖွတ်နှင့်မဟာမိတ်ပြုကာ ပအိုဝ်းဒေသ မဲဆန္ဒနယ်ရရှိရေးအတွက် ခန္တာဝေဒနာကို မမှုဘဲ ရှုန်းနေရသည့် ဂုရုကြီးအဖြစ်မှာ သနားစရာကောင်းလှသည်။ ဘာသာရေးတွင် ဓမ္မာစရိယဘွဲ့ရထားသူဖြစ်ပြီး တရားသဘော နှလုံးမသွင်းသည့် လုပ်ရပ်ကား လွန်စွာသင်ခန်းစာရမိသည်။ မျက်ဝါးထင်ထင် မိုက်တွင်းနက်သည့် ဗိုလ်အောင်သောင်းထုံး နှလုံးမမူတတ်ပြီလော။ ဆင်ကိုးစီးဆွဲမနိုင် ကျားကိုးစီး စားမနိုင်သည့် ခန္တာကိုယ်ကြီးက ရာထူးစည်းစိမ်အာဏာများကို သယ်ဆောင်နိုင်မည်လော။ ကြီးမိုက်ဟု ခေါ်ဝေါ်ပါက စာရေးသူအား ပရိတ်သတ်များ ဝေဖန်ကြမည်လော။ တကယ်တော့ နွား ခလောက်ဆွဲသည့် ဖြစ်ရပ်မှန်ကို ဖော်ပြပါမည်။
၁၉၄၉ ခုနှစ် (ပအမဖ) တော်လှန်ရေး ၁၉၅၈ တွင် ငြိမ်းချမ်းရေးလုပ်ခဲ့သည်။ ၁၉၆၆ တွင် ဒုတိယ တော်လှန်ရေး ပြန်ဖြစ်ခဲ့သည်။ ၁၉၇၁ ကာလ ဗိုလ်ချုပ်စံသိန်းခေါင်းဆောင်သည့် အချိန်တွင် ဂုရုကြီးသည် ဘုန်းကြီးလူထွက်ပြီး ဟိုနမ့် (မောက်မယ်မြို့နယ်)ဒေသတွင် တော်လှန်ရေးစလုပ်သည်။ အပြောအဟောကောင်း၊ အရပ်အမောင်းကလည်း ခပ်တောင့် တောင့်၊ ရုပ်ကလည်းခန့်မို့ ဟိုနမ့်တခွင် ပအိုဝ်းတိုင်းရင်းသူများကြား ပျိုတိုင်းကြိုက်တဲ့ နှင်းဆီမောင် ဖြစ်ခဲ့သည်။ မသောက် မစားမို့ ငွေစုတတ်သည်၊ ရွှေကျင်သည့် ချောင်းထိသွားကာ ရွှေစ များ ၀ယ်ယူစုဆောင်းတတ်သည်။ စုထားသောရွှေစများ ၅ ကျပ်သားကျော် ရလာသောအချိန်တွင် ဆွဲကြိုးကုံး ၂ ကျပ်သားနှင့် လည်ဆွဲလော့ကက်သီး ၃ ကျပ်သား ပန်းတိမ်ဖိုတွင် ပြုလုပ်ခဲ့သည်။
ခါတိုင်း တပါတ်တခါ အပျိုစကားဝိုင်းများသို့ လည်ပတ်လေ့ရှိသော ဂုရုကြီးတယောက် ရွှေဆွဲကြိုးဆွဲချိန် မှစ၍ သုံးရက်ခြားတခါ အပျိုစကားဝိုင်းများသို့ သွားတတ်လာသည်။ တခါသော် လူစည်ကားသောစကားဝိုင်းတွင် လူငယ်သဘာဝ ပြောကြ ဆိုကြ ရယ်ကြ မောကြနှင့် မိုးချုပ်သည့်တိုင် လူစုမကွဲသေး။ ရေနံဆီမီးခွက်သာ ထွန်းညှိရသော အချိန်ကာလမို့ အလယ်ကောင်တွင် ရေနံဆီမီးခွက်ကို ချထားပြီး ၀ိုင်းဖွဲ့ပြောဆိုကြသော စကားဝိုင်းမျိုးဖြစ်သည်။
ဟိုနမ့်ဆိုသည်ကား တောင်ပေါ်ဒေသဖြစ်သောကြောင့် နေကွယ်သည်နှင့် အအေးဓါတ်ကျလာသည်။ ဒေသခံ တိုင်း အနွေးထည်ဝတ်ဆင်ရသည့် တောင်ပေါ်အအေးပိုင်းဒေသဖြစ်သည်။ လူငယ်စကားဝိုင်းတွင် အအေးဓါတ်ကို အာခံ ကာ အနွေးထည်မ၀တ်သောသူ တယောက်သာရှိသည်။ ထိုသူမှာ ဂုရုကြီးပင်ဖြစ်သည်။ အပေါ်ယံတီရှပ်စွပ်ကျယ် (ထိုစဉ် က နှစ်ကျပ်ခွဲပေးရသည်)၊ အောက်ပိုင်းမှာ ပအိုဝ်းဘောင်းဘီဝတ်ဆင်ထားသည်။ ထူးခြားသည်မှာ လည်ပင်း၌ဆွဲထားသော ဆွဲကြိုးမှာ အပေါ်ပိုင်းသာ ပေါ်နေပြီး လောကက်သီးကို စွပ်ကျယ်ဖြင့် ဖုံးထားရာ ရင်ဘတ်တွင် ဖုကြီးက ငေါထွက် နေသည်။
စကားဝိုင်းအစွန်တွင် နွားကျောင်းသားတယောက်လည်း လာနားထောင်နေသည်။ ထိုနွားကျောင်းသားမှာ ဥာဏ်ရည်မမှီသောကြောင့် ပြောမနာ ဆိုမနာ ခွင့်လွတ်ရသည့် စာရင်းသွင်းခံထားသူ ဖြစ်သည်။ မိုးကလည်းချုပ်၊ အိမ်လည်းပြန်ချင်ပြီဖြစ်သော အဆိုပါနွားကျောင်းသားမှာ တစုံတရာကို စူးစိုက်နေသည်မှာ ကြာလှပြီ၊ နောက်ဆုံး စိတ် မရှည်တော့ဘဲ စကားဝိုင်းအလယ်မှ မီးခွက်ကိုကိုင်ကာ ဂုရုကြီးထံချဉ်းကပ်သွားသည်။
မိမိ ကြာရှည်စွာစူးစိုက်နေသည့် အရာကို သိချင်သောကြောင့် ဂုရုကြီး ရင်ဘတ်တွင် ငေါထွက်နေသာ ၃ ကျပ်သား လည်ဆွဲကြီးကို လှန်ကြည့်တော့သည်။ ယင်းနောက် စိတ်ပျက်ဟန်ဖြင့် ပြောသွားသည်မှာ ...
(ငါ့နွားခလောက် ပျောက်နေတာ။ နင် ဆွဲထားလားလို့ ကြည့်တာပါ၊ ခလောက်မဟုတ်ဘူး၊ ရွှေခေါင်းလောင်းကြီးဘဲ) ဟု ပြောဆိုကာ ပြန်သွားပါတော့သည်။
(အကြွားလွန်တော့ နွားနှင့် အနှိုင်းခံရသည့် ဖြစ်ရပ်မှန်ကို သင်ခန်းစာယူနိုင်ကြပါစေ)
Photo - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပုံးမြို့နှင့် ဆီဆိုင်မြို့များသို့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောမှုများ ပြုလုပ်ရန် စက်တင်ဘာ (၅) ရက် (ယနေ့) နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဟဲဟိုးလေဆိပ်သို့ ရောက်ရှိလာစဉ်၊ Eleven Media News Photo