အောင်ခက်မင်း - အနင်းခံအနုပညာ
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၅
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၅
မန္တလေးမြို့ရဲ့တစ်နေရာမှာဖြစ်သည်။ ပလက်ဖောင်းပေါ်မှာ လူစုစုမြင်သဖြင့် ပထမတော့ မျက်လှည့်ပွဲလား ဆေးရောင်းနေ တာများလား ထင်မိသေးသည်။ အနားကပ်ကြည့်တော့မှ လူငယ်လေးတစ်ဦး သုံးဘက်မြင်ပန်းချီရေးဆွဲတာဖြစ်နေသည်။
ပန်းချီအနုပညာရှင်လူငယ်သည် သူ၏ဆံပင်ကိုပင်ဆေးရာင်ခြယ်သထားပေသည်။ အနီ ရွှေနီရောင်။ မီးတောက်မီးလျှံလော ရွှေရောင်အလံတော်လော။ သောက ဗျာပါရလား အနုပညာစိတ်ကူးစိတ်သန်းလား။ သင်္ကေတ တခုခုတော့ဖြစ်လိမ့်မည်။
ဖျင်ကြမ်းဘောင်းဘီအပြာလွင့်လွင့် စွပ်ကျယ်လက်တို ဖြူလျော်လျော်ဝတ်ထားသောလူငယ်က သီချင်းတအေးအေးနှင့် လက်ကို လှုပ်ရှားနေသည်။ စုတ်တံဖြင့်ဆေးစက်တို့လိုက် ဆေးရောင်ခြယ်လိုက်နှင့်။ သူ့ရှေ့မှ အင်္ဂတေပြင်သည် ကြာပန်း ဝေဝေ ကန်ရေပြင်အဖြစ်သို့ တဖြည်းဖြည်းကူးပြောင်းနေသည်။ ဘေးမှစောင့်ကြည့်နေသည့်ပရိသတ်ထဲတွင်လည်း လူငယ် က များသည်။ အနုပညာသရုပ်ဖော်ပြကွက်တစ်ကွက် ဂီတတီးခတ်ပွဲတစ်ပွဲကို ကြည့်ရှုသလို ရင်ခုန်နေကြဟန်။ တချို့က လက်ကိုင်တယ်လီဖုန်းလေးများနှင့် ဓာတ်ပုံတဖျတ်ဖျတ် မှတ်တမ်းတင်နေကြသည်။ ပြီးလျှင်လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေကြ
ပေလိမ့်မည် ။
ပန်းချီအနုပညာရှင်လူငယ်လေးကတော့ အနုပညာမှတဆင့်စိတ်ကူးကမ္ဘ္ဘာတစ်ခုထဲသို့ ရောက်ရှိနေပုံရသည်။ သူ့အနားမှ အနုပညာချစ်သူများသည် သူ့အတွက် အနှောက်အယှက်မဟုတ်။ လူထဲ သူထဲက အနုပညာရှင်။ သူ့နာမည်မှာလှိုင်းညီဟုသိရသည်။လက်မှတ်ကိုတော့ “လှိုင်း” ဟု တစ်လုံးတည်းသာရေးထိုးသည်။
သည်ပန်းချီလက်ရာတွေကို ရေရှည်တည်တံ့အောင်လည်း ထိန်းသိမ်းထား၍မရ။ အခကြေးငွေနှင့် ရောင်းချခြင်းလည်း မပြု နိုင်။ ဒါနဲ့များ ဘာကြောင့်ရေးဆွဲနေပါလိမ့်။ အချို့ကသိလျက်နှင့် ဖြစ်စေမသိပဲဖြစ်စေ နင်းလျှောက်သွားကြမည်။ အချို့က စိတ်ဆိုးစိတ်ယုတ်ဖြင့် ဖျက်လိုဖျက်ဆီးပြုကြဦးမည်။ ယခင်ကလည်း ဖျက်ဆီးခံခဲ့ရသည့် အတွေ့အကြုံရှိခဲ့ဖူးသည်။ ပထမ တော့ သူကြေကွဲမိ။ နာက်တော့ သည့်ထက်ကောင်းသောလက်ရာတွေ ဖန်တီးဖို့ တွန်းအားပါလားဟု တွေးမိသွားသည်။ သတင်းတိုတစ်ပုဒ်မှာ ကျွန်တော်ဖတ်ခဲ့ရသည်။
လူ့အဖွဲ့အစည်းသည် အနုပညာလက်ရာသစ်များကို လွယ်လင့်တကူ လက်ခံတတ်ခြင်းမရှိပေ။ ဆန့်ကျင်ကြ ရှုတ်ချကြ ဖျက်လိုဖျက်ဆီးပြုတတ်ကြလှသည်။ အမည်ဆိုးများဖြင့်လည်း သမုတ်တတ်ကြသေးသည်။ သရုပ်ပျက်ဂီတ လမ်းသူရဲဂီတတဲ့ ။ ကာရန်ပျက်ကဗျာ စိတ္တဇကဗျာတဲ့။ အရူးချေးပန်းအကတဲ့။ သွားလေသူ အာဏာရှင်ကြီးကတော့ ဂီတဖျော်ဖြေပွဲတစ်ပွဲမှာ စိတ်လိုက်မာန်ပါစင်ပေါ်တက်ပြီး အနုပညာရှင်များကို ထိုးကြိတ် တူရိယာပစ္စည်းများကိုဖျက်ဆီးခဲ့ဖူးသည်။ ဖိနှိပ်သူအဆက် ဆက်က ရိုက်ကူးပြီး ဖလင်ကော်ပြားတွေကို အမဲဖျက်သလိုဖြတ်တောက်ဖူးသည်။ သူရို့တွေနားဝင်ပီယံမဖြစ်သော ဂီတသစ် ကို အစိုးရအသံလွှင့်ဌာနမှ ထုတ်လွှင့်ခွင့်မပြုခဲ့ကြ။ စာပေကင်ပေတိုင်အဖွဲ့ကြီးဖြင့် စာပေရတနာတွေကို ငွေမင်အုပ် ဆုတ်ဖြဲ လုပ်ခဲ့ကြသည်။ သို့သော် ... ကာလတစ်ခု သမိုင်းတစ်ကွေ့မှာ သရဖူများသာ လမ်းဘေးမြောင်းထဲ မရှုမလှရောက်ရှိသွားကြ သည်။ အနုပညာရတနာအလှများကား ပျဉ်းမငုတ်တို အဘိဓမ္မာ ခွန်အားဖြည့်မိငယ်ဒဿနဖြင့် လူထုထဲမှာ ဆက်လက်ရှင် သန်နေကြဆဲပါပင်။ အနင်းခံစပါးပင်က ပိုသန်သည်ဟူသော စကားပုံနှင့်အညီ အဖိနှိပ်အနုပညာသည်လည်း ပိုမိုသန်စွမ်းရ ပေမည်။
ကျွန်တော်သည် လူငယ်ပန်းချီပညာရှင်ဖန်ဆင်းပြသည့် ကန်ရေပြင်ကိုကြည့်ငေးရင်း အတွေးအလျဉ်မှာ စီးမျောနေမိသည်။ သူ့ကို စကားတွေပြောချင်နေသည်။ မေးခွန်းတွေ မေးချင်နေသည်။ သို့သော် သူ့အနုပညာဈာန်ကို မဖျက်ဆီးချင်။ မဖျက်ဆီး ရက်။ သူကလည်းသူ့ဘာသာစကားနှင့်သူ သူ့ဆေးစက်များနှင့်သူ စီးဆင်းဆဲ။ ကူးစက်မြန်သောရောဂါတစ်ခုလို အနုပညာက ကျွန်တော်ဆီရောက်လာသည်။ မရတော့။ စာရွက်နှင့်ဖောင်တိန်ရှိရာ ကျွန်တော်သွားရမည်။ ကျွန်တော့်ဘာသာစကားရှိရာ ကျွန်တော်သွားရမည်။ လူငယ်ကစီးဆင်းဆဲ။ ကမ္ဘာကြီးလည်း လှည့်လည်ဆဲ။ ။
အောင်ခက်မင်း