မင်းကိုနိုင် - “ ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးနေပြန်ပြီ ”
မင်းကိုနိုင်ဖေ့စ်ဘွတ်။ (မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၅
ဒီမြေ တကြော
ပေါလိုက်ပါတဲ့ နတ်ရုပ်တွေ
နတ်ရုပ်မြင်သမျှ
ချီလိုက်ရတဲ့ လက်အုပ်တွေ
အဲသလို တုတ်မိုး ဓါးမိုး ရှိကြီးခိုးက
ကဗျာ ရေးပေးပါတဲ့ ၊
ကဗျာ ရွတ်ပြပါတဲ့
.
“ ဟင်း.... ဟင်း...... ”
ဗိုလ်အောင်ဒင် ရယ်သလိုသာ ရယ်လိုက်ချင်
ကျီးလန့်စာစား နာရီတကြည့်ကြည့်
မီးနီ အမြဲတမ်း မိနေသူဆီက
ဘယ်လို ကဗျာ ရမှာလဲ....
.
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေဆိုတာ
ဂေါက်ရိုက်သွားမယ့် အန်ကယ်ကြီးအတွက်
မီးပွိုင့် အမြဲတမ်း စိမ်းပါစေ၊
ကောက်စိုက်သွားမယ့် လယ်သူမလေးအတွက်
ခတ္တာပန်းလေး ပန်ပါရစေ.. ဆိုတာမျိုးလား....
တူနီးရှားမှာ
သစ်သီးသည်လေး သူ့ကိုယ်သူ
မီးရှို့စတေးလိုက်ပြီးတဲ့နေ
တူနီရှားမှာ
အီဂျစ်မှာ
လစ်ဗျားမှာ
အာရပ်နွေဦးမှာ
.
“ ဟင် ”
ဒီမှာကျတော့ ဒီဂလိုဘယ်ကြီးက
လိုက်ပြီးတော့ ဇေးမရှင်းဘူးပေါ့လေ...
ဟောဒီမြေမှာ
နတ်ရုပ်မြင်သမျှ ကြာငုံအသွင် ချီခဲ့ရတဲ့ လက်အုပ်ကြီးက
ဘယ်လိုကဗျာမျိုး ရေးလို့ ရမှာလဲ...
မရိုးသားဘဲ ဘယ်တုန်းက ကဗျာ ရဖူးလို့လဲ...
.
အခု ကြည့်...
တို့စိတ်ထဲတော့
ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးနေပြီ
.
ဗိုလ်အောင်ဒင်ကို စန္ဒယားပြင်ဖို့
လက်ထိပ်ဖြုတ်ပေးလိုက်တဲ့အခါ
ဂန္တမာတောင် သံဆန်းကို စမ်းရင်း စမ်းရင်း
မျောပါသွားတဲ့ ပုလိပ်သားလေးရဲ့ပါးချိပ်ကြာ
အားကုန် ကြုံးထိုးလိုက်တာ
ပြီးတော့ မမြ၀င်းကို သုတ်ပြေးတာ
.
အဲဒီဓာတ်ရှင်ပြန်ပြတိုင်း
ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးတော့မယ်ဆိုရင်
ပုလိပ်သားလေးက ပါးချိပ်ယားနေတယ်
.
အခုလည်း
ဗိုလ်အောင်ဒင်ကြီး စန္ဒယားတီးနေပြန်ပြီ
စန္ဒယားတီးနေပြီ ။..... ။
.