တူမောင်ညို - အမှန်တကယ် အပြောင်းအလဲအတွက် နိဒါန်းသစ်
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၅
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၅
“အပြောင်းအလဲ” နဲ့ပတ်သက်ပြီးမြင်သမျှ တင်ပြချင်ပါတယ်။
(NLD) ပါတီရဲ့ ရွေးကောက်ပွဲကြွေးကြော်သံက “ပြောင်းလဲချိန်တန်ပြီ - အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့” တဲ့။ ကြွေးကြော်သံထဲမှာ (NLD)ပါတီရဲ့ အခက်အခဲကို ကြည့်တတ်ရင်မြင်နိုင်ပါတယ်။ လိုအပ်တဲ့ မဲအရေအတွက် မရရင် ပြောင်းလဲဖို့ မလွယ် ဘူးဆိုတဲ့ အခက်အခဲကို မြင်ကြမှာပါ။ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဘောင်”ထဲမှာ သည်းခံခြင်းကို ရင်ဝယ်ပိုက်ပြီး ဒီမိုကရေစီရှေ့ခရီး ကိုခေါင်းငုံ့လျှောက်လှမ်းနေရတဲ့(NLD)ပါတီဟာ တဖြည်းဖြည်းနဲ့အချိန်တွေကြာလာခဲ့ရင် “စည်းကမ်း”တွေနဲ့ သင့်မြတ်သွားပြီး အသားကျ သွားမှာ၊ ယဉ်ပါးသွားမှာ စိုးရိမ်မိပါတယ်။
“အမှန်တကယ်ပြောင်းလဲဖို့” လို့ ပြောတာ အတုအယောင်အပြောင်းအလဲ/ အပေါ်ယံအပြောင်းအလဲတွေကို ကိုယ်တွေ့ကြုံခဲ့ ရတဲ့ အတွေ့အကြုံတွေပေါ်ကနေ ထုတ်ယူထားရတာမဟုတ်ပါလား။ ဘာကို ပြောင်းမှာလဲ။ လူ လား - မူ လား - စနစ် လား။ လူ ရော- မူ ရော - စနစ်ရော အမှန်တကယ်ပြောင်းလဲဖို့လိုပါတယ်။ (NLD) ပါတီက မျှော်မှန်းနေသလို ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်အနိုင်ရခဲ့ရင် လူ - မူ - စနစ် ကို အမှန်တကယ်ပြောင်းလဲနိုင်မှာလား။
ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို လက်ရှိအာဏာရထားသူက အထစ်အငေါ့မရှိ ချောမွေ့ညင်သာ လွယ်ကူစွာ အာဏာလွှဲ ပြောင်းပေးတယ်ဆိုတဲ့ သာဓကတွေ လွတ်လပ်ရေးရပြီးမြန်မာနိုင်ငံသမိုင်းမှာ ဘယ်နှခါရှိခဲ့ဖူးသလဲ။ လူတိုင်းချက်ချင်း လက်ညှိုးထိုးပြသကြမှာကတော့ ၁၉၆၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ (ပထစ) ဦးနုကို အိမ်စောင့်အစိုးရ ဗိုလ်နေဝင်းက လွှဲပြောင်းပေးတဲ့ ဖြစ်ရပ်ပဲဖြစ်ပါ လိမ့်မယ်။ ဒါကလည်း ၁၉၆၂ မှာ အပြီးသတ်အာဏာသိမ်းဖို့ ဆင်ကြံ ကြံထားတဲ့ ဗိုလ်နေဝင်းစစ်အုပ်စုအတွက် ထိုးမယ့်ဆင်နောက်တစ် လှမ်းဆုတ်တာသာဖြစ်ပါတယ်။ ၁၉၆၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံရေးပါတီ (ပထစ) ကို အာဏာလွှဲပြောင်းပေးတယ်ဆိုတဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်း (၁၉၆၂ ကနေ ယနေ့အထိ) အာဏာ သိမ်းထားသူက ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပြောင်းပေးတယ်ဆိုတဲ့ အပြောင်းအလဲမျိုး လုံးဝ မရှိခဲ့ပါဘူး။
ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ (NLD) ပါတီက ရာနှုန်းပြည့်အနိုင်ရခဲ့ရင် အာဏာလက်ကိုင်ရှိထားသူတွေက အထစ်အငေါ့ မရှိ ချောမွေ့ညင်သာ လွယ်ကူစွာ အာဏာလွှဲပြောင်းပေးပါ့မလား။ ပေးနိုင်တဲ့အလားအလာရှိပါသလား။
● အတုအယောင်အပြောင်းအလဲ
၁။ အာဏာသိမ်း တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်နေဝင်းကနေ (မဆလ) ပါတီဥက္ကဋ္ဌ ဦးနေဝင်းကို ၁၉၇၄ အခြေခံ ဥပဒေနဲ့အညီ အာဏာလွှဲပြောင်းပေးတဲ့အပြောင်းအလဲ ။
၂။ အာဏာသိမ်း (နဝတ-နအဖ) စစ်ကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ကြံ့ဖွံ့အသင်းနာယကကြီး) က သူစိတ်ကြိုက် ရွေးချယ်နေရာချထားတဲ့ ကြံ့ဖွံ့ပါတီထိပ်သီးတွေဖြစ်တဲ့ (ဗိုလ်သိန်းစိန်- ဗိုလ်ရွှေမန်းနဲ့ ဗိုလ်မင်းအောင်လှိုင်) တို့ကို ၂၀၀၈ အခြေခံ ဥပဒေနဲ့အညီ အာဏာလွှဲပြောင်းပေးတဲ့အပြောင်းအလဲတွေဟာ အမှန်တကယ်အပြောင်းအလဲမဟုတ် အပေါ်ယံ အတုအယောင်အပြောင်းအလဲတွေသာဖြစ်ပါတယ်။
တော်လှန်ရေးကောင်စီဥက္ကဋ္ဌဗိုလ်နေဝင်းက ၁၉၇၄ အခြေခံဥပဒေနဲ့အညီပြုလုပ်တဲ့ ပထမအကြိမ်ပြည်သူ့လွှတ်တော်နဲ့ ပြည်သူ့ ကောင်စီအဆင်ဆင့်ရွေးချယ်တင်မြှောက်ပွဲမှာရွေးချယ်ခံရတဲ့ (မဆလ)ပါတီဥက္ကဋ္ဌကြီးဦးနေဝင်းထံ ဥပဒေနဲ့အညီ အာဏာလွှဲပြောင်းပေးတယ်။
အလားတူပါပဲ (နဝတ-နအဖ) စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်သန်းရွှေက ၂၀၀၈ အခြေခံဥပဒေနဲ့အညီပြုလုပ်တဲ့ ၂၀၁၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကနေ ရွေးချယ်ခံရတဲ့ အရပ်ဝတ်ပြောင်းဝတ်ထားတဲ့ ကြံ့ဖွံ့ပါတီထိပ်သီး စစ်ဗိုလ်ဟောင်းများထံ ဥပဒေနဲ့အညီ အာဏာလွဲပြောင်းပေးခဲ့တယ်။
အထက်ပါ အတုအယောင်အပြောင်းအလဲ နှစ်ခုကိုကြည့်လိုက်ပါ။ အာဏာလွှဲပြောင်းမှုဟာ ငှက်ပျောသီးအခွံနွှာစားတာ ထက် လွယ်ကူနေတာကို တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လဲ။ စစ်အုပ်စုသိမ်းပိုက်ရယူထားတဲ့အာဏာဟာ သူတို့စစ်အုပ်စုလက်ထဲမှာရှိမြဲရှိနေပြီး တခြားဘယ်သူ့ဆီမှ ရောက်မသွားလို့ပါဘဲ။ ဒါကြောင့် ဗိုလ်နေဝင်းက - ဦးနေဝင်းကို အာဏာလွှဲပေးတယ်။ ဗိုလ်သန်းရွှေကလည်း - သူသိပ်ပြီး မီးသေတဲ့ သူ့သားတပည့်တွေဆီကို စိတ်ချလက်ချ အာဏာလွှဲပေးခဲ့တယ်။ ဒါပေမယ့် နောက်ကွယ်ကနေ အာဏာရှိသော မိဘဝတ္တရားနဲ့အညီ လိုအပ်သလို “ဆုံးမ”တယ်။ ဟိုတလောက ဗိုလ်ရွှေမန်းကို ညကြီး မင်းကြီး “ဆုံးမ” လိုက်တယ်။
ဆိုလိုချင်တာက စစ်အုပ်စုအာဏာကို စစ်အုပ်စုထဲမှာ လက်ပြောင်းလက်လွှဲလုပ်ဖို့ ချောမွေ့လွယ်ကူနိုင်ပေမယ့်၊ စစ်အုပ်စု ပြင်ပက လူကို ရွေးကောက်ပွဲမှာ အနိုင်ရလို့ အသာတကြည်အာဏာလွှဲပြောင်းပေးပါ့မလားဆိုတဲ့အချက်ပါပဲ။ ၁၉၉၀ ရွေးကောက်ပွဲမှာ (NLD) ပါတီဟာ အပြတ်အသတ်အနိုင်ရခဲ့တာပဲ။ အနိုင်ရပါတီထံ အာဏာလွှဲပေးမယ်လို့ ကတိပေးခဲ့တဲ့ (နဝတ) စစ်အစိုးရဟာ အနိုင်ရ ပါတီထံ အာဏာလွှဲပြောင်းမပေးခဲ့ပါဘူး။ နောက်မှ အခြေခံဥပဒေမရှိလို့ဆိုပြီး ဆင်ခြေပေးတယ်။ ဒါက တမင်သက်သက် အကြောင်းပြ တာပဲဖြစ်တယ်။ အကယ်၍ ၁၉၉၀ ရွေးကောက်ပွဲမှာ (မဆလ) တဖြစ်လဲ (တစည) သာ အနိုင်ရခဲ့ရင် ၂၀၁၀ မှာ ကြံ့ဖွံ့ပါတီအာဏာရ သလို (တစည)လည်း အာဏာရမှာအသေအချာပါပဲ။ (တစည) ပါတီ အရှုံးကြီး ရှုံးသွားပြီး (NLD) ပါတီအပြတ်အသတ်အနိုင်ရခဲ့လို့သာ အာဏာလွှဲပြောင်းမပေးတာဖြစ်ပါတယ်။
ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ (NLD) ပါတီ ရာနှုန်းပြည့်အနိုင်ရခဲ့ရင် အာဏာလွှဲပြောင်းပေးပါ့လား။
၂၀၀၈ အခြေခံဥပဒေတည်မြဲနေသမျှ ကာချုပ်နဲ့စစ်တပ်က ၂၅% အပိုင်ရထားတယ်။ ပုဒ်မ ၅၉ (စ) အရ ဒေါ်အောင်ဆန်း စုကြည်သမ္မတမဖြစ်နိုင်၊ အစိုးရအဖွဲ့အဆင့်ဆင့်မှာ (ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး) ဝန်ကြီး ၃ ယောက် အပိုင် စားရထားတယ်။ စစ်တပ်စိတ်ကြိုက် ဒုတိယသမ္မတလောင်း ၁ ဦး စစ်တပ်က တင်မြှောက်ခွင့်ရှိတယ်။
အဲဒီလိုလွှတ်တော်ထဲမှာ၊ အစိုးရထဲမှာ၊ နယ်ဘက်အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်တိုင်းမှာ စစ်တပ်က စိတ်ကြိုက်ချုပ်ကိုင်ထား နိုင်မှုတွေ “ဥပဒေအရ”အသားစီယူထားမှုတွေ အမြောက်အများရရှိနေပေမယ့် စစ်အုပ်စုဟာ စိတ်မချနိုင်ဘဲ၊ သူတို့ရဲ့ အဓိကလက်ရုံး တစ်ခုဖြစ်တဲ့ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ကနေ ထောင့်စေ့ကွက်စေ့ တမင်ညစ်ပတ်မှုတွေ လုပ်ဆောင်နေပါတယ်။ (UEC)ရဲ့ (ပထမအကြိမ်၊ ဒုတိယအကြိမ်) မဲစာရင်းမှားတွေ ထုတ်ပြန်မှု၊ ကိုယ်စားလှယ်လောင်းစိစစ် မှုများကနေ ရွေးကောက်ပွဲနယ်မြေ တွေဖျက်သိမ်းမှုစသဖြင့် နောက်ဆုံးရွေးကောက်ပွဲရလဒ်ကြေညာပြီးသည်ထိ ညစ်ကွက် အစုံ အလင်ချပြီး လုပ်ဆောင်နေပါတယ်။
ဒါကြောင့် ဦးတင်အေးနဲ့ (UEC) ကနေ တမင်ဖန်တီးလုပ်ဆောင်နေတဲ့ညစ်လုံးညစ်ကွက်တွေဟာ အာဏာလွှဲပြောင်းမပေးရေး ဆိုတဲ့ ရည်ရွယ်ချက်ကနေ ပေါက်ဖွားလာတဲ့ အကောက်ကြံမှု၊ ခလောက်ဆန်မှုတွေပဲဖြစ်ပါတယ်။
ကာချုပ်ဗိုလ်မင်းအောင်လှိုင်ကလည်း ကျရာတာဝန်နဲ့အညီ စစ်တပ်က ဘယ်ပါတီကို မဲထည့်ရမယ်လို့ အမိန့်ပေး ညွန်ကြားနေပါတယ်။ “ဒို့အရေးသုံးပါးလိုက်နာသူ၊ မြင်၎ မြင်ရှိသူ၊ စစ်တပ်ကို နားလည်မှုရှိသူ” ကို မဲပေးကြလို့ အမိန့်ပေးပါ တယ်။ ကာချုပ်ရဲ့ ပြောပုံ ပြောနည်းက “မင်းတို့အဖေကို မင်းတို့မဲထည့်ကြဟေ့ ” လို့ တိုက်ရိုက်မပြောဘဲ ကွေ့ဝိုက်ပြီး “မင်း တို့ အမေ့လင်ကို မဲထည့်ကြ” လို့ ပြောတာဖြစ်ပါတယ်။
ကာချုပ်ရဲ့ဒီလိုအမိန့်ပေးညွန်ကြားမှုကြောင့် စစ်တပ်ဟာ စစ်အုပ်စုရဲ့“ခါးပိုက်ဆောင်တပ်”၊ ကြံ့ဖွံ့ပါတီရဲ့ “တစ်လက်ကိုင်တပ်” ဖြစ်နေတယ်ဆိုတာ ပိုမိုပေါ်လွင်ထင်ရှားသွားပါတယ်။
စတင်းဒတ်အာမီ၊ စတင်းဒတ်ကာချုပ်သာဆိုရင်တော့ တပ်မတော်ထဲက တပ်ဗိုလ်တပ်သားတွေအနေနဲ့ မိမိတို့မှာရှိတဲ့ ဒီမိုက ရေစီအခွင့်အရေးနဲ့အညီ မိမိနှစ်သက်လိုလားတဲ့ နိုင်ငံရေးပါတီကို မဲပေးနိုင်တယ်လို့ ယဉ်ကျေးစွာပြောဆိုရမှာဖြစ်ပါတယ်။ ခုံဖိနပ်က - နတ်စကားမထွက်နိုင်ချေ။
နိဂုံးချုပ်ရရင် (NLD) ပါတီရဲ့ “ရာနှုန်းပြည့်အနိုင်ရရေး” ကို ရင်ဆိုင်တဲ့အခါ စစ်အုပ်စုအနေနဲ့ အရင်လို ကြိုတင်မဲလောက်နဲ့ တင်မရတော့ဘဲ၊ မဲစာရင်းတမင်မှားယွင်းမှုကနေ အစချီပြီး ထောင့်စေ့ကွက်စေ့ ညစ်ပတ်မှုတွေကို နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အထက်လမ်း၊အလယ်လမ်း၊ အောက်လမ်း နည်းစုံလမ်းစုံ၊ မီးကုန် ယမ်းကုန် သုံးပြီး ဆောင်ရွက်နေပါပြီ။
နောက်ဆုံးနည်းလမ်းကတော့ တည်ငြိမ်အေးချမ်းမှုကို အလွယ်တကူဖန်တီးအကြောင်းပြပြီး ရွေးကောက်ပွဲတွေ ရွှေဆိုင်းတာ၊ ရွေးကောက်ပွဲရလဒ်တွေကမောက်ကမဖြစ်စေတာ၊ အခြေခံဥပဒေနဲ့အညီ လွှတ်တော်ဖျက် အာဏာသိမ်းတာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့သူတို့စိတ်ကြိုက်ရေးဆွဲအတည်ပြုထားတဲ့ အခြေခံဥပဒေက ဥပဒေနဲ့အညီ နည်းလမ်းတွေ၊ အာဏာတွေ ပေးအပ်ထားတယ် မဟုတ်ပါလား။
“အမှန်တကယ်ပြောင်းလဲဖို့”ဆိုရင် လူမျိုပေါင်းစုံပြည်သူတွေ၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုကို အမှန်တကယ်လိုလား တဲ့ နိုင်ငံရေးပါတီတွေအဖွဲ့အစည်းတွေစုစည်းညီညွတ်ကြဖို့လိုပါတယ်။
အမှန်တကယ်အပြောင်းအလဲရဲ့ နိဒါန်းသစ်ဟာ “စစ်အုပ်စုနဲ့ ၂၀၀၈အခြေခံဥပဒေ” ကို လုံးဝဖျက်သိမ်း နိဂုံးချုပ်ပစ်နိုင်မှသာ ဆန်းသစ်လာမယ့် အရုဏ်ဦးဖြစ်ပါတယ်။