Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
↧

ကျော်မောင်(တိုင်းတာရေး) - ကျွန်ုပ်သည် ကြက်သားကို ကြိုက်ပါသည်

$
0
0

ကျော်မောင်(တိုင်းတာရေး) - ကျွန်ုပ်သည် ကြက်သားကို ကြိုက်ပါသည်
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅


“I like chicken” “ကျွန်ုပ်သည် ကြက်သားကို ကြိုက်ပါသည်"တဲ့။
ကလေးတွေ ဆိုနေကြတာပါ။ အင်္ဂလိပ်လို ပထမရွတ်ပါတယ်။ ပြီးမှ ဘာသာပြန်တဲ့အနေနဲ့ မြန်မာလို ရွတ်ပါတယ်။ သတင်းဌာနတခုရဲ့ မှတ်တမ်းဗီဒီယိုတခုအဆုံးသတ်ခါနီးမှာ ကြည့်လိုက်ရ၊ ကြားလိုက်ရတာလေးပါ။

“I like chicken” ဆိုတဲ့နေရာမှာ "I eat chicken” "ကျွန်ုပ်သည် ကြက်သားကို စားသည်"ဆိုတာ ဖြစ်စေချင်လှပါတယ်။ ကြက်သားဆိုတာ ရွှေပြည်ကြီးမှာ ဈေးကြီးကြီးပေးဝယ်ရတဲ့ အထဲမှာ အပါအ၀င်ဖြစ်တဲ့ ဟင်းလျာဖြစ်ပါတယ်။ ကြက်ငှက်တုပ်ကွေးတွေ ဖြစ်နေတုန်းက ကြက်သားဈေးတွေ အတော်ကျပါတယ်။ အဲဒီအခါ  ကြက်သားဟင်းတမယ် မည်မည်ရရ မစားနိုင်ခဲ့တဲ့၊ မစားဘူးသေးတဲ့ မိသားစုတွေ အားရပျော်ရွှင်စွာ ၀ယ်စားကြပါတယ်။ ဘာတုပ်ကွေး ညာတုပ်ကွေးဆိုတာတွေ မမှုပါ။ ဒီအချိန်မှာမှ စားရတာတဲ့၊ စားနိုင်တာတဲ့၊ စားဖူးတာတဲ့။

ရေသည်ပြဇာတ်ထဲမှာ ဆင်းရဲတဲ့ရေသည်ယောက်ျားရဲ့ဘ၀ကို စလေဦးပုညက "ကောက်လျင်ကြီးဆန်၊ နီတာလံနှင့်၊ ငါးသန်သေးနုပ်၊ ရေလုံပြုပ်များကို၊ တလုပ်ကယ်၀၀၊ စားလိုက်ရလျှင်ဖြင့်၊ အာကပါးစပ်၊ လူဖြစ်ကျိုးနပ်လေငဲ့"လို့ စပ်ဆိုပြထားပါတယ်။ ဈေးမကြီးသင့်ဘဲ ကြီးနေတဲ့ ကြက်သားကို မ၀ယ်နိုင် မစားနိုင်တဲ့ ရွှေပြည်ကြီးက မိသားစုတွေနဲ့ သူတို့ ကလေးငယ်တွေရဲ့ဘ၀ကိုများ ဦးပုညတွေ့ခွင့်ရသွားခဲ့ရင် ဘယ်လိုများ စပ်ဆိုပြလိုက်လေမလည်းရယ်လို့ တွေးမိပါတယ်။

ကြက်သားအကြောင်းတွေးရင်းနဲ့ ကြက်ပေါင်အကြောင်းလည်း ဆက်တွေးမိပါတယ်။ ကြက်ပေါင် ကြက်ပေါင် ဒီကြက်ပေါင်ဆိုတာလည်း ကြက်သားရဲ့ အစိတ်အပိုင်းပါပဲ။ ကြက်ပေါင်ဆိုတာက ရွှေပြည်ကြီးမှာ တော်ရုံတန်ရုံအဆင့်ထဲကသူတွေ မကိုက်နိုင်ပါ။ အမြဲကိုက်နိုင်သူဆိုတာ ဝေလာဝေးပါပဲ။ ကြက်သားကလည်း ဈေးကြီးသကိုး။ ဈေးကြီးတဲ့ ကြက်ကို ၀ယ်စားနိုင်ဖို့ကလည်း ဟင်းလျာမပြောနဲ့ ထမင်းတနပ်အတွက်တောင် အနိုင်နိုင်မဟုတ်လား။ အိမ်ရှင်မတွေ ဈေးကအပြန် ဈေးခြင်းထဲမှာ ကြက်ခြေထောက်နှစ်ချောင်း  ထောင်လျက်သားနဲ့ ပြန်လာရင် လမ်းမှာတွေ့တဲ့သူတွေရဲ့ အထင်ကြီးခံရတာက အခုခေတ်အထိ ရွှေပြည်ကြီးမှာ မပျက်သုဉ်းသေးတဲ့ ပြက်လုံးလေးပမာဖြစ်ပါတယ်။

မိတ်ဆွေတယောက်က ဒီလို အမြဲပြောလေ့ရှိပါတယ်။

"ဟကောင်ရ ကြက်သားဆိုတာ ဒို့နိုင်ငံမှာ ဈေးကြီးတဲ့အထဲ အခုထိပါတုန်းကွ။ ကြက်ပေါင်ကိုက်တဲ့သူကလည်း အခုထိကိုက်တုန်း။  ငါ ကြက်ပေါင်စားနေရတယ်၊  တခြားသူတွေလည်း စားနိုင်အောင် ဘယ်လိုလုပ်ပေးရမလည်း ဆိုတဲ့စိတ်လည်း မရှိတဲ့ အပြင် တချို့များဆို ဟိုမှာ ထမင်းတနပ်တောင် အနိုင်နိုင်စားဖို့ ရုန်းကန်နေရသူတွေရှေ့မှာကို တဖြဲနှစ်ဖြဲကိုက်ပြနေကြတာကွ"။

စင်ကာပူနိုင်ငံသားတယောက် မြန်မာပြည် အလည်ရောက်တဲ့တခေါက်မှာ သူတွေ့ရ ကြုံရတာလေးတွေ ပြောပြရင်း ကြက်သားဟင်းအကြောင်း ပြောပြပါတယ်။ ဒါကို မိတ်ဆွေတယောက်ဆီက တဆင့်စကားကြားရတာပါ။ သူက ဘယ်လိုပြောပြလည်းဆိုတော့ "မြန်မာပြည်မှာ စားရတဲ့ကြက်သားဟင်းဟာ အတော်ရင့်ကြောင်း၊ အတော်ကိုက်ခဲ့ ၀ါးခဲ့ရကြောင်း၊ ဘာလို့အဲဒီလောက် မာရ ရင့်ရသည်ကို သူမသိကြောင်း"ဆိုပြီးပြောပါတယ်တဲ့။ အသိမိတ်ဆွေက ပြန်ဖြေခဲ့ပါတယ်။"မြန်မာပြည်မှာ စားခဲ့ရတဲ့ ကြက်သားဟာ စင်ကာပူမှာ Kampong Chicken တောကြက်လို့ခေါ်တဲ့ ကြက်ပုံစံမျိုးဖြစ်နိုင်ဖွယ်ရှိကြောင်း၊ မြန်မာကြက်လို့ခေါ်ကြောင်း၊ မွေးမြူရေးကြက်မဟုတ်လို့ သူ့ဘာသာသူ ရှင်သန်အသက်မွေးရတာဖြစ်တဲ့အတွက် အသားတွေ သန်မာနေတဲ့ ကြက်ဖြစ်ပြီး အဲဒီကြက်ကိုစားခဲ့ရတာဖြစ်မယ် ထင်ကြောင်း"အရွှန်းဖောက်ပြီး ဖြေလိုက်တဲ့အခါ တဖက်လူ သဘောကျ ကျေနပ်သွားကြောင်းပြောပြပါတယ်။

ဖြေခဲ့တဲ့မိတ်ဆွေက အဲဒီအကြောင်းလေးကို ကြုံတိုင်းပြောပြောပြပြီး ဘာဖြစ်လို့ ကြက်သားဆိုတာကို ပေါများအောင်၊ လူအများစားနိုင်အောင် မဆောင်ရွက်နိုင်ကြတာလည်းဆိုပြီး မချိတင်ကဲ ပြောလေ့ရှိပါတယ်။ သူပြောတာနားထောင်ပြီး သူသာ ဟိုစင်ကာပူနိုင်ငံသားကို မြန်မာကြက်သားဈေး ဘယ်လောက်ရှိတယ်ဆိုတာ ပြောပြလိုက်လို့ကတော့ ဒီထက်မက အံ့အားသင့်သွားမှာပဲလို့ ဆင့်ပွားတွေးမိပါတယ်။

လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့တဲ့ မိတ်ဆွေတယောက်ကတော့ “ ကြက်ပေါင်ကြီးကိုက်တာ ကြည့်ပြီး ရုပ်ရှင်တွေ သွားသွားသတိရတယ်ကွာ။ ကြက်ပေါင်ကိုက်တာ လူဆိုးကြီးတွေမှ ကိုက်တာကွ၊ ရုပ်ရှင်တွေထဲမှာလေ"လို့ နောက်ပြောင်ပြီး ပြောလေ့ရှိပါတယ်။ ဘယ်လိုအခါမျိုးမှာ ပြောသလည်းဆိုတော့ သူ့ရှေ့မှာ ကြက်ပေါင်ကြော်ကြီးကို တယောက်ယောက်က အားပါးတရ ကိုက်စားနေတဲ့အချိန်မျိုးမှာပါ။ အဲဒီအခါ ကြက်ပေါင်ကိုက်နေသူလည်း ကိုက်လျက်စ တန်းလန်း တွန့်သွားမိတာ အမှန်ပါပဲ။ ဟုတ်သားပဲ၊ ရုပ်ရှင်တွေထဲမှာ လူဆိုးတွေပဲ ကြက်ပေါင်ကိုက်တာကိုး။ ကာတွန်းတွေ ရုပ်ရှင်တွေထဲမှာ ပါတယ်ဆိုတာ အပြင်လောကကို ထင်ဟပ်ပြတာပါပဲ။

"I like chicken” မှသည် "I eat chicken” ဖြစ်ဖို့လိုပါတယ်။ "I like football “ မှသည် "I play football” ဖြစ်ရန်လိုပါတယ်။ "I like books” ကနေ "I read books” ဖြစ်ဖို့ကြိုးစားရမှာပါ။ ဒါတွေဖြစ်အောင် ကြံဆောင်နိုင်သူတွေက ကြံဆောင်ပေးရမှာဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်အောင်လည်း စေတနာကောင်းရှိဖို့သာမက စနစ်တကျလုပ်ဆောင်နိုင်စွမ်းရှိဖို့လိုပါတယ်။

ကြာတော့ကြာခဲ့ပါပြီ။ အငြိမ်းစား အထက်တန်းကျောင်းဆရာမကြီးတယောက်နဲ့ စကားစမြည်ပြောဖြစ်ခဲ့ပါတယ်။ ပြောရင်းနဲ့ စာကြည့်တိုက်တွေ အကြောင်းရောက်သွားပါတယ်။ ကလေးလူကြီး စာဖတ်ဖို့ဆိုတာမှာ စာဖတ်နိုင်အောင် စာကြည့်တိုက်တွေ ရှိလာဖို့၊ ရှိလာတဲ့ စာကြည့်တိုက်တွေမှာလည်း စာအုပ်စာတမ်းတွေ ပြည့်ပြည့်စုံစုံရှိနိုင်ဖို့၊ လူငယ်တွေ ဘယ်စာအုပ်တွေ ဖတ်သင့်တယ်ဆိုတာ ညွှန်ပြကြဖို့ ဆိုတာတွေပြောဖြစ်ခဲ့ပါတယ်။ ဆရာမကြီးက အန်တီဆိုပြီး သူ့ဘာသာသူညွှန်းပါတယ်။ သူကပြောပါတယ်။ သူ့မွေးရပ်ရွာကို သွားတဲ့အခါတိုင်း မဂ္ဂဇင်းအဟောင်းတွေ၊ ဂျာနယ်အဟောင်းတွေ၊ စာစောင်တွေကို ရွာမှာရှိတဲ့ စာကြည့်တိုက်လေးကို လှူဖို့ သယ်သွားလေ့ရှိပါတယ်တဲ့။

တခေါက်မှာ အတော်များများ သူလှူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရွာကို နောက်တခေါက် ရောက်သွားတဲ့အခါ စာကြည့်တိုက်မှာ သူလှူခဲ့တဲ့ စာအုပ်ထုပ်ကြီးက ထောင့်တထောင့်မှာ လှူစဉ်ကအတိုင်းပါပဲတဲ့။ သူက အခုလို မှတ်ချက်ချပြောပါတယ်။ "အန်တီတို့ကတော့ လှူလိုက်တာပါပဲ။ သူတို့က စာဖတ်ချင်တဲ့စိတ်မရှိကြတော့ မဖတ်ကြဘူးလေ၊ ကဲ မခက်ဘူးလားကွယ်"လို့ပြောပါတယ်။ အဲဒီတုန်းက အဲဒီအန်တီကြီးကို မပြောဖြစ်ခဲ့တာရှိပါတယ်။ "အန်တီက ဘာဖြစ်လို့ စာဖတ်ချင်စိတ်မရှိတဲ့သူတွေကို စာဖတ်ချင်စိတ်ရှိလာအောင် မလုပ်ပေးနိုင်ရတာပါလည်း"ဆိုတာပါပဲ။

စာဖတ်စေချင်ရင် စာအုပ်စာပေတွေကို နှစ်သက်အောင်၊ "I like books” ဖြစ်အောင် စတင်ကြိုးစားပေးရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာမှ Mobile Library ဆိုတဲ့ ရွေ့လျားစာကြည့်တိုက်ဆိုတာတွေနဲ့ ဆောင်ရွက်ပေးတာတို့၊ ရွေ့လျားစာကြည့်တိုက်တွေသုံးပြီး မူလတန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေ၊ အထက်တန်းကျောင်းတွေမှာ စာအုပ်ငှားပေးတာတို့ လုပ်ဆောင်တာဟာ “I read books” ဖြစ်လာအောင် ဆောင်ရွက်ကြခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ရှိပြီးသား ကျောင်းစာကြည့်တိုက်တွေ၊ တက္ကသိုလ်စာကြည့်တိုက်တွေ၊ မြို့နယ်စာကြည့်တိုက်တွေမှာ စာအုပ်စာတမ်းတွေ ပိုမိုပြည့်စုံနေအောင်၊ စာကြည့်တိုက် စနစ်တွေ သုံးရစွဲရ လွယ်ကူလာအောင်၊ စာကြည့်တိုက်တွေကို လူတွေ လာပြီး သက်တောင့်သက်သာ စာဖတ်နိုင်အောင် စတဲ့ ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ဒါမှလည်း "I read books” ဆိုတာကနေ "I read  a lot of books” ဆိုတာဖြစ်လာမှာပါ။

အလားတူပါပဲ။ ကြက်သားဆိုတဲ့ တော်ရုံလူ မစားနိုင်တာကနေ စားနိုင်အောင် လုပ်ပေးနိုင်ဖို့လိုပါတယ်။ “ကျွန်ုပ်သည် ကြက်သားကို ကြိုက်ပါသည်"ဆိုတာမှာ စားဖူးလို့ ကြိုက်သွားတာလို့ဆိုနိုင်သလို မစားဘူးပေမယ့် သူများစားတာတွေ့ပြီး အရသာရှိပုံပေါ်လို့ ကြိုက်ပါသည်လို့ ပြောတာဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။ အသားစားကြက်မွေးမြူရေးတွေကို စနစ်တကျနဲ့ တိုးတက်အောင်လုပ်ပေးပြီး ပြည်သူပြည်သားတွေ ပေါပေါလောလော စားနိုင်စေရပါမယ်။ ဘယ်လိုအကြောင်းကြောင့် ကြက်သားဆိုတာ ဈေးကြီးရပါသလည်းဆိုတာ လေ့လာဆန်းစစ်မှုတွေလုပ်၊ လျှော့ချနိုင်သင့်တာ လျှော့ချ၊ နည်းပညာတိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးသင့်တာ ဆောင်ရွက်ပေး စသဖြင့် လုပ်ရပါမယ်။ အဲဒီအခါ “ကျွန်ုပ်သည် ကြက်သားကို ကြိုက်ပါသည်"ကနေ “ကျွန်ုပ်သည် ကြက်သားကို စားပါသည်"။ တဆင့်တက်ပြီး “ကျွန်ုပ်သည် ကြက်သားကို များများစားပါသည်"ဆိုတဲ့အထိ ရောက်သွားနိုင်ပါတယ်။

ဘောလုံးကစားနည်းကို နှစ်သက်တာကနေ ဘောလုံးကစားတာ၊ ဘောလုံး နေ့တိုင်း ကန်နိုင်တဲ့ လူငယ်တွေ ဖြစ်လာတာ ဖြစ်ဖို့လိုပါတယ်။ အဲဒီလို ကလေးတွေ၊ လူငယ်တွေ လွတ်လွတ်လပ်လပ် သာမက နည်းစနစ်ကျကျ ဘောလုံးကစားနိုင်အောင် ဖန်တီးပေးနိုင်ဖို့လိုပါတယ်။

ကလေးတွေ ရွတ်ဆိုနေကြပါတယ်။ "I like chicken” “ကျွန်ုပ်သည် ကြက်သားကို ကြိုက်ပါသည်"တဲ့။ ကြက်သားကြိုက်သော ရွှေပြည်ကြီးရဲ့ ရင်သွေးငယ်တွေ၊ ရွှေပြည်ကြီးရဲ့ အားထားရမယ့် အနာဂတ်မျှော်လင့်ချက်ဖြစ်တဲ့ ကလေးသူငယ်တွေ "I eat chicken” ဆိုပြီး ကြက်သားစားရဖို့ ကြိုးစားရမှာပါ။ ကြက်ပေါင်ကြီးတွေကို လူဆိုးကြီးတွေပဲ ကိုက်နေရတဲ့အဖြစ်မျိုး မဖြစ်စေရပါ။

"ကျွန်ုပ်သည် ကြက်သားကို မြိန်ရှက်စွာဖြင့် အားပါးတရ စားနေပါသည်"တဲ့။

ကလေးလေးတွေ ကြက်သားစားရင်း အသံနေ အသံထားဖြင့် ပျော်ပျော်ရွှင်ရွှင် ရွတ်ဆိုလိုက်သံလေးတွေပါ။ အဲဒီအခါ ဘယ်လောက်များ ကြည်နူးစရာ ကောင်းလိုက်လေမလည်းဟု တွေးရင်း။   ။

ကျော်မောင်(တိုင်းတာရေး)
၂၉-ဇွန်-၂၀၁၅

( RFA Burmese ရဲ့ ဖေ့ဘုတ် စာမျက်နှာမှ ဗီဒီယိုဖိုင်တဖိုင်ပါ ကလေးငယ်များ စာဆိုနေသည်ကို တွေ့ပြီး တွေးမိ ရေးမိပါကြောင်း)
↧

နေဝန်းနီ (မန္တ​လေး) သား​ ကျောင်းပြန်​တက်​ချင်​တယ်​...​ မေ​မေ

$
0
0


နေဝန်းနီ (မန္တ​လေး) သား​ ကျောင်းပြန်​တက်​ချင်​တယ်​...​ မေ​မေ
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅

ဒီချိန်​ဆို သားသူငယ်​ချင်း​တွေ
ကျောင်းတက်​​နေကြပြီလား....​မေ​မေ

သားလွယ်​အိတ်​လေးဘာလို့
ဆေး​သေတ္တာဖြစ်​သွားတာလည်း...​မေ​မေ

ဖေ​ဖေရဲ့ ​ခြေ​ထောက်​​အောက်​မှာ
သား​ကျောင်းအင်္ကျီအဖြူ​လေး
ဘာလို့ပတ်​​ပေးထားတာလည်း...ေ​မ​မေ

သားတို့အိမ်​နဲ့ရွာ​လေးကိုထားခဲ့ပြီး
ဘာလို့ထွက်​​ပြေးလာရတာလည်း
ပြေးရတာလည်း​မောလှပါပြီ...​မေ​မေ

သေနတ်​သံ​တွေကိုသား​ကြောက်​တယ်
ဗုံးသံ​တွေကိုထိတ်​လန့်​​နေမိတယ်
ရွာ​ကျောင်းက​ခေါင်း​လောင်းသံ​လေးကို
သားမက်​​မောတယ်​...​မေ​မေ

ယမ်း​ငွေ့​တွေ ​သေနတ်​သံ​တွေကြား
ကျူထရံတဲ​လေးကို ကျားကန်​ထားတဲ့
ရွာက စာသင်​​ကျောင်း​လေးမှာ
“ဇွန်​ပန်းရုံအနီး လှည်းဘီးနွံထဲကျွံ​နေသည်​“စာကို
ဆရာမ​လေး “သဇင်​မွန်​ဟန်​” က သင်​​ပေး​နေ​တယ်​လို့
ညက သား အိမ်​မက်​မက်​တယ်​...​မေ​မေ

သား ရွာကိုပြန်​ချင်​တယ်
“​နော်​​ဆေးဝါး” “နန်း​ဖော့အွာ” တို့နဲ့အတူ
သား​ကျောင်းပြန်​တက်​ချင်​တယ်​...​မေ​မေ

{ကချင်​ပြည်​နယ်​ စစ်​​ဘေးသင့်​က​လေးငယ်​များသို့}
Photo source : UNHCR
↧
↧

သွန်းခ - ပြုတ်ကျတာပဲ အဖတ်တင်နေမယ်

$
0
0
 
သွန်းခ - ပြုတ်ကျတာပဲ အဖတ်တင်နေမယ်
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅
↧

ငြိမ်းချမ်းအေး - မဘသ မီဒီယာ ဘာလဲ၊ ဘယ်လဲ

$
0
0
ငြိမ်းချမ်းအေး - မဘသ မီဒီယာ ဘာလဲ၊ ဘယ်လဲ
(သည်လေဒီးစ်နယူးစ် / မိုးမခ) ဇွန် ၂၆၊ ၂၀၁၅

ဗုဒ္ဓဘာသာ ရဟန်း သံဃာ တသောင်းကျော် တက်ရောက်ခဲ့တဲ့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟို ဒုတိယအကြိမ် နှစ်ပတ်လည် စုံညီ အစည်းအဝေးကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်မှာ ဇွန်လ ၂၀-၂၁ ရက်နေ့များက ကျင်းပခဲ့ပါတယ်။


ဆရာတော် အရှင်ဝီရသူ Facebook တွင် တွေ့ရှိရသည့် မဂ္ဂဇင်း မျက်နှာဖုံး

အစည်းအဝေးအပြီးမှာ အချက် ၁၂ ချက် ထုတ်ပြန်ခဲ့သလို လာမယ့် နှစ်ကုန် အထွေထွေရွေးကောက်ပွဲ လွပ်လပ်မျှတ ယှဉ်ပြိုင် ကျင်းပစေလိုကြောင်း သဘာထားလည်း ပေးထားပါတယ်။  မဘသအနေနဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ အားပေး ဘက်လိုက်မှာ မဟုတ်ကြောင်းလည်း ဦးဆောင် သံဃာတပါးဖြစ်တဲ့ မန္တလေး မစိုးရိမ် တိုက်သစ် ဆရာတော် အရှင်ဝီရသူက ဗြိတိသျှအသံမြန်မာပိုင်းရေဒီယိုနဲ့ မေးမြန်းခန်း (၂၃ ဇွန် နံနက်ပိုင်းအစီအစဉ်) မှာ မိန့်ခဲ့ပါတယ်။  ဒါပေမဲ့ မဘသအနေနဲ့ ရွေးကောက်ခံမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံးကို တွေ့ဆုံမေးမြန်းပြီး အမျိုး၊ ဘာသာနဲ့ ရပ်ရွာ ကောင်းကျိုး ဆောင်ရွက်နိုင်သူကို ထောက်ခံ မဲဆွယ်ပေးမယ့် သဘောမျိုးလည်း ဆရာတော်က ဆိုခဲ့ပါတယ်။  ဟိုးအရင် သီတင်းပတ်များကတည်းကလည်း မဲပေးရေးသင်တန်းတွေ ပေးမယ်ဆိုပြီး ဦးဝီရသူ ကြေညာခဲ့ဖူးတာလည်း ရှိပါတယ်။  မဘသဗဟိုညီလာခံ အပြီးမှာတော့ သံဃာအဖွဲ့အစည်းတရပ်အနေနဲ့ ပါတီနိုင်ငံရေး ရွေးကောက်ပွဲ ဖြစ်စဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မယ်ဆိုတာကို တရားဝင် ထုတ်ပြလိုက်ခြင်းသဘောပါပဲ။

ဒီမဘသညီလာခံမှာပဲ ဘယ်အဖွဲ့က ဝေမှန်းမသိဘူးဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အမျိုး၊ ဘာသာ၊ သာသနာ အားနည်းလို့ မဲမပေးရဘူး လှုံ့ဆော်ထားတဲ့ လက်ကမ်းစာစောင်တွေ ဝေငှခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။  မဘသကတော့ ဒီကိစ္စ သူတို့နဲ့ မဆိုင်ဘူးလို့ ငြင်းဆိုထားပေမဲ့ (မပြေးသော်လည်းကန်ရာရှိ) သံဃာတွေပါတဲ့ လှုပ်ရှားမှုတွေဟာ အာဏာနိုင်ငံရေး၊ ရွေးကောက်ပွဲ ဖြစ်စဉ်နဲ့ မဲဆွယ်ရေးတွေမှာ ထင်ထင်ရှားရှား မြင်တွေ့နေရခြင်းကတော့ ငြင်းမရတော့ပါ။

ဒါ့အပြင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဆရာတော်ဦးဝီရသူကပဲ နိုင်ငံတကာနဲ့ မြန်မာ စာနယ်ဇင်း၊ မီဒီယာတွေ မဘသ သံဃာအဖွဲ့အကြောင်း မကောင်းရေးနေကြောင်း၊ သတင်းတွေ တင်ဆက်ရမှာ ဘက်လိုက်မှုတွေ ရှိနေကြောင်း၊ ပြည်တွင်း စာနယ်ဇင်းကိုလည်း အားကိုးလို့မရကြောင်း၊ ဒါကြောင့် မဘသအဖွဲ့တွေ အနေနဲ့ ပုံနှိပ်နဲ့အွန်လိုင်း မီဒီယာကိုင်ပြီး အသုံးချဖို့လိုကြောင်း မဘသဂျာနယ်တွေ ထုတ်ဝေဖြန့်ချိပြီး အမျိုးသားရေးကို ထိန်းသိမ်းဖို့ လိုနေပြီဖြစ်ကြောင်း ကျင်းပပြီးစီးခဲ့တဲ့ မဘသ ညီလာခံမှာ ဟောကြားခဲ့ပါတယ်။  အရှင်ဝီရသူ ရုပ်ပုံ မျက်နှာဖုံးနဲ့ ဆရာတော် ဦးဆောင် ထုတ်ဝေတဲ့ မဟာဝီရ ရသစုံ မဂ္ဂဇင်း အမှတ် (၁)၊ စမ်းသပ်ထုတ် ဇူလိုင် ၂၀၁၅ ကြော်ငြာဓာတ်ပုံကိုလည်း ဆရာတော်ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှာ တွေ့ခဲ့ရပါတယ်။

ဆရာတော်လို ဗုဒ္ဓဘာသာအရေး အင်မတန် တက်ကြွလှုပ်ရှားသူတစ်ဦးရဲ့ စာစောင်နာမည်က ‘မဟာဝီရ’ ဖြစ်နေတာလည်း အံ့အားတသင့်ဖြစ်ရသလို အလေးဂရုပြုဖွယ်လည်း ဖြစ်ပါတယ်။  အကြောင်းက ဗုဒ္ဓဘုရားရှင်လက်ထက်က အယူမတူသူ ဒိဋ္ဌိတွေ အဖြစ် သတ်မှတ်ခံရတဲ့ ဂျိန်းဘာသာ ဘုရားနာမည်နဲ့ ဆင်တူနေလို့ပါပဲ။  ဗုဒ္ဓလမ်းစဉ်မဟုတ်တဲ့ ဝါဒတစ်ခု အမည်ယူထားပြီး ဗုဒ္ဓဘာသာ မြှင့်တင်ရေး အမည်တပ် စာစောင် ဖြစ်နေခြင်းဟာ ဆင်ခြင်ဖွယ်ပါ။

ဒါ့အပြင် အခု မဘသအဖွဲ့နဲ့ ဦးဆောင် ဆရာတော်တချို့ဟာ အာဏာ နိုင်ငံရေး လုပ်ငန်းစဉ် မဲပေးရေး/မဲမပေးရေး ဖြစ်စဉ်တွေမှာ ဝင်ရောက် လမ်းညွှန်မှာ ဖြစ်သလို ထိုင်းအကူအညီနဲ့ လွှင့်ထုတ်မယ့် ရေဒီယိုလိုင်းအပါအဝင် စာစောင် စာနယ်ဇင်းများကိုလည်း တရားဝင် ကိုယ်တိုင်ကိုယ်ကျ ဦးစီးလုပ်ကိုင်မယ့်သဘော ဖြစ်လာတော့ ဒီလို မီဒီယာတွေရဲ့ အခန်းကဏ္ဍ ‘ဘာလဲ၊ ဘယ်လဲ’ က ဆင်ခြင်သတိထား စောင့်ကြည့်စရာ ဖြစ်လာပါပြီ။

Journalism ဆိုတဲ့ စာနယ်ဇင်း သတင်းလိုက်ယူ တင်ဆက်ခြင်း အတတ်ပညာဟာ အသက်မွေးဝမ်းကျောင်းမှု တစ်မျိုး ဖြစ်ပါတယ်။  စနစ်တကျ လေ့လာသင်ယူရတဲ့ ပညာရပ်ကြီးပါ။  ဝါသနာအလျောက် လေ့လာလိုက်စားသူ အပျော်တမ်း ပြည်သူ့စာနယ်ဇင်းသမားများလည်း ရှိနိုင်ပါတယ်။  ဝါသနာအလျောက်ဖြစ်ဖြစ် အသက်မွေးဝမ်းကျောင်း ဖြစ်ဖြစ် စာနယ်ဇင်း အလုပ် လုပ်ပြီ ဆိုရင်တော့ ကျယ်ပြန့်တဲ့ သတင်းအတတ်ပညာ အကြောင်းအရာ၊ ကဏ္ဍ၊ ကျင့်ဝတ် ပေါင်း မြောက်မြား စွာအတွက် ကျင့်ဝတ်စည်းကမ်းတကျ လေ့လာသင်ယူနိုင်ဖို့ လိုပါတယ်။  သတင်းရယူပုံ၊ သတင်းတင်ပြပုံ၊ ရေးသားပုံ၊ ခေါင်းစီး စာသား၊ အရွယ်အစား၊ နေရာ အထားအသို၊ ရုပ်သေ/လှုပ်ရှားမှု ရုပ်ပုံ၊ အသံ အသုံးပြုပုံ အစရှိတဲ့ စာနယ်ဇင်း အလုပ် အသီးသီးအတွက် ပညာရပ်ပိုင်းဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ စံသတ်မှတ်ပြဋ္ဌာန်းချက်တွေလည်း အများအပြား ရှိပါတယ်။   စောင့်ထိန်းရမယ့် သီလတွေ ရှိပါတယ်။  ရဟန်းမှာ ရဟန်းဝိနည်း ရှိသလို စာနယ်ဇင်းသမားများ မှာလည်း စာနယ်ဇင်း ကျင့်ဝတ် သီလ ထိန်းသိမ်းရမှုတွေ ရှိပါတယ်။

အခု စာစောင်၊ မဂ္ဂဇင်း၊ ဂျာနယ်တွေ ထုတ်မယ့်/ထုတ်တဲ့ အရှင်ဝီရသူတို့ရဲ့ မဘသ အဖွဲ့ဟာ ရဟန်းသံဃာအဖွဲ့အစည်းများ ဖြစ်တာကြောင့် စာနယ်ဇင်းအလုပ်ကို အသက်မွေးဝမ်းကျောင်း လုပ်မယ့်သဘောတော့ မရှိပါဘူး။  အမျိုးသားရေးအတွက် အကျိုးအမြတ်မဲ့ ထုတ်ဝေခြင်းလို့ ယူဆရပါတယ်။  ဒါပေမဲ့ သတင်းအလုပ်ကို မှန်ကန် ဘက်မလိုက်၊ ကျင့်ဝတ်ရှိရှိ လုပ်ကိုင်နိုင်ဖို့ရာ အသက်မွေးဝမ်းကျောင်း စာနယ်ဇင်း အတတ်ပညာရပ်တွေကို စနစ်တကျ ဘယ်လောက် လေ့လာ သင်ယူထားသလဲ၊ လူပုဂ္ဂိုလ် စာနယ်ဇင်းပညာတတ်များ ဘယ်လောက် ဝိုင်းဝန်းမှု ရှိသလဲ၊ အဂတိ အာဃာတ ကင်းရတဲ့ စာနယ်ဇင်း တာဝန်ကို အမှန်တကယ် ကျေပွန် ထမ်းဆောင် နိုင်မလား ဆိုတာကိုတော့ မေးခွန်းထုတ်ဖို့ လိုလာပါတယ်။

ဦးဆောင်သူ ဆရာတော်ဦးဝီရသူရဲ့ ယခင်နဲ့လက်ရှိ စာနယ်ဇင်း မေးမြန်းခန်းတွေ၊ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွေနဲ့ ဟောပြောပွဲတွေမှာ သူ့ရဲ့ ရေးသား ပြောဆိုဟောကြားချက်တွေကို လေ့လာသုံးသပ်ကြည့်ရင်တော့ သမာသမတ်ကျကျ စာနယ်ဇင်း အလုပ်ကို စံချိန်မီ ထမ်းရွက်နိုင်ဖို့အရေး အင်မတန် သံသယ ရှိစရာကောင်းပါတယ်။   ဆရာတော်ရဲ့ ရေးသား တင်ပြချက်များမှာ စာနယ်ဇင်း ကျင့်ဝတ်၊ သီလ၊ တာဝန် ရှုထောင့် ကနေ ဆိုရရင် စံမမီတာ တွေ့နိုင်သလို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ ရေချိန်မီ သတ်မှတ်ချက် သဘောထားတွေနဲ့ မလျော်ညီတာတွေကိုလည်း အမြဲ မြင်တွေ့ခဲ့ရပါတယ်။

ဆရာတော် ရဲ့ တရားဝင် Facebook စာမျက်နှာမှာဆိုလည်း အနည်းဆုံးအဆင့် အခြား ဘာသာလူမျိုးကွဲများ အပေါ် ခေါ်ဝေါ်ညွှန်းဆိုတဲ့ အသုံးအနှုန်းမျိုးကအစ တစ်ဖက်ဘာသာ လူမျိုး အုပ်စုဝင်များက ရင့်သီး၊ စော်ကားတယ်လို့ ခံယူထားတဲ့ နာမည်တွေကို လှိုင်လှိုင်သုံး သတင်းတွေ တင်ဆက်၊ စာတွေ ရေးသားနေတာ နှစ်များ ကြာချီခဲ့ပါပြီ။   ဒါ့အပြင် ဆရာတော်ဘုရားရဲ့ တရားပွဲတွေမှာ ဟောကြားခဲ့တဲ့ အသုံးအနှုန်းတွေ၊ သဘောထားတွေကလည်း နိုင်ငံတကာ စံနှုန်း၊ ဥပဒေတွေနဲ့ ကြည့်ရင် အမုန်း စကား၊ အမုန်းတရား တွေအဖြစ် အဓိပ္ပာယ် ဖွင့်ဆိုနိုင်တာတွေရှိပါတယ်။  ဥပမာ - ‘ကုလား မှန်သမျှ ဗမာမြင်ရင် ကြောက်လန့်နေရမယ်’ ဆိုတဲ့ ဟောပြောမှုမျိုးပါ။  ဆရာတော် သက်တော် ငယ်ရွယ်ချိန်က ဟောကြားခဲ့တယ်လို့ ယူဆရတဲ့ ရုပ်သံမှတ်တမ်းဟောင်း တစ်ခုမှာဆိုရင်လည်း ‘မန္တလေးက မွတ်ဆလင်တွေ နေစရာ၊ စားစရာ မရှိအောင် လုပ်ပြမယ်’ ဆိုတဲ့ အဟောမျိုး အထိ ကြုံးဝါးသံတွေ ကြားနာခဲ့ရဖူးပါတယ်။  ဒီလို ဟောပြောမှုမျိုးဟာ တစ်ဖက် လူမျိုး ဘာသာ အုပ်စုဝင်တွေကို ကာယကံမြောက် အကြမ်းဖက်မှုမျိုး မပြုလုပ်သည့်တိုင် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက် ခြိမ်းခြောက်မှုမြောက်ပါတယ်။   ဒါမျိုး စကားတွေဟာ အမုန်းတရားပွားမှုကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိပြီး တရားဥပဒေစိုးမိုးမှုတဲ့ တိုင်းပြည်မျိုးမှာသာ ဆိုရင် ဥပဒေ အရ အရေးယူနိုင်ပါတယ်။

ဒါတွေကိုထောက်ချင့်ပြီး ဆရာတော်မှာ လူမျိုး/ဘာသာ မခွဲခြားရေး စံနှုန်းတွေကို သိနားလည်မှု နည်းကြောင်း၊ မတူကွဲပြားမှုတွေကို သည်းခံ နားလည်နိုင်စွမ်းတဲ့ ယဉ်ကျေးပြီး ၂၁ ရာစု လူသား တစ်ဦး စောင့်ထိန်းရမယ့် အသိ၊ ကျင့်ဝတ်တွေကို သိနားလည် လက်ခံမှု နည်းနေကြောင်း၊ သတင်း ဆောင်းပါးများ ရေးသားရာမှာ စောင့်ထိန်းရမယ့် စာနယ်ဇင်း တာဝန်၊ ကျင့်ဝတ်တွေကို လျစ်လျူရှု ပျက်ကွက်နေကြောင်း သုံးသပ်နိုင်ပါတယ်။   ဒီလို နောက်ခံသမိုင်းနဲ့ ဆရာတော်က အခု အသက်မွေးဝမ်းကျောင်း Professional စာနယ်ဇင်းတွေ ဘက်လိုက်တယ်၊ ကိုယ်တိုင် အမျိုးသားရေးမီဒီယာ လုပ်ငန်းလုပ်မယ် ဆိုပြီး မဂ္ဂဇင်း ထုတ်လာခြင်းဟာ မြန်မာ့စာနယ်ဇင်းလောကအတွက် အကျိုး ထက် အပြစ်ဖြစ်စေမယ် ယူဆရပါတယ်။  လူမျိုး၊ ဘာသာ ပေါင်းစုံ ဟန်ချက်ညီ သမမျှတ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရမယ့် ဖက်ဒရယ်ပြည်ထောင်စု တိုင်းပြည်ရဲ့ အနာဂတ် အတွက်လည်း ရင်လေးစရာ ဖြစ်ပါတယ်။

ဘာသာရေး ဆပ်စပ် စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရေဒီယို၊ ရုပ်သံလိုင်းဆိုတာ ကမ္ဘာ့နိုင်ငံတိုင်းမှာလည်း ရှိပါတယ်။  ကိုယ့်ဘာသာ အယူဝါဒ အကြောင်းကို ဟောပြော ဖြန့်ချိ ဝါဒဖြန့် စည်းရုံးတယ်။  တရား ဓမ္မတွေ ဟောကြားတယ်။  ဒါဟာ ပင်မ ရေစီးကြောင်း စာနယ်ဇင်းလုပ်ငန်းနဲ့ လုံးဝ မပတ်သက်ပါ။  အသက်မွေးဝမ်းကျောင်း စာနယ်ဇင်း သတင်းစာ မဏ္ဍိုင်ကတော့ ဘာသာတရား တစ်ခုခုရဲ့ အရိပ် သြဇာ လွှမ်းမိုးခံလို့ မရပါ။  သတင်းလုပ်ငန်းဟာ ဘာသာ၊ လူမျိုး အစွဲကင်းတဲ့ နေရာ တစ်ခုသာ ဖြစ်ရပါတယ်။

အယူဝါဒတစ်ခုတည်းကိုပဲ တင်ဆက်ရင် စာနယ်ဇင်းမဟုတ်ပါ၊  ဝါဒဖြန့်ချိရေး ယန္တရား လက်နက်သာ ဖြစ်ပါမယ်။  ဒါကိုတော့ အခု သတင်းမီဒီယာနယ်ပယ်ကို တရားဝင် နာမည်ခံ ဝင်ရောက်လုပ်ကိုင် လာတဲ့ ဆရာတော် ဦးဝီရသူနဲ့ မဘသအဖွဲ့ သိမြင်နိုင်ဖို့လိုပါတယ်။  မဘသဟာ မီဒီယာ နာမည်ယူချင်လို့တော့ မရပါ။  အမျိုး၊ ဘာသာ၊ သာသနာ အရေးအတွက် ဝါဒဖြန့်ချိရာဌာန အဖြစ် စာစောင်တွေ ထုတ်မယ်လို့ပဲ ရပါတယ်။

တကယ်တော့ လွန်ခဲ့တဲ့ နှစ်တွေကစပြီး မြင့်မားလာတဲ့ အစွန်းရောက် အမျိုးသားရေးလှိုင်းလုံးနဲ့အတူ တစ်ဖက်စွန်းရောက် အမျိုးသားရေး လက္ခဏာအပြည့်နဲ့ စာစောင်တွေ၊ ဂျာနယ်တွေ မြန်မာ့စာနယ်ဇင်း ဈေးကွက်မှာ ရှိပြီးသားပါ။  ဒါဟာ အစဉ်အဆက် နှစ်ပေါင်းများစွာ ထုတ်လာခဲ့တဲ့ အဆိပ်အတောက်မဲ့ အဆင့်အတန်းရှိ ဘာသာရေး ဗဟုသုတ စာပေ အဆင့်မျိုးလည်း မဟုတ်ပါဘူး။  ဘာသာ သာသနာ ဆက်စပ် အသိပညာ ပေးရေးထက် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး သွေးထိုး အမုန်းပွားမှုများကို ပို အသားပေးကြပါတယ်။  အခု ဆရာတော် ဦးဝီရသူ ကိုယ်တိုင် ဦးဆောင်ထုတ်တဲ့ စာစောင် မဂ္ဂဇင်းနဲ့ မီဒီယာဟာလည်း ဒီလို လှုံ့ဆော် ဝါဒဖြန့်လမ်းကြောင်းကိုပဲ ဦးတည်လိုရင်၊ ဒါမှမဟုတ် ဒီထက်ပို ပြင်းထန်စွန်းရောက်ရင်၊ နိုင်ငံရေးအမြတ်ထုတ် ပရောဂကပ် ပါတီတစ်ခုခုအတွက် လမ်းကြောင်း မှိုင်းတိုက်ရင်တော့ နိုင်ငံအတွက် ကြီးစွာသော အန္တရာယ် တစ်ခုကို ဦးတည်နိုင်စေပါတယ်။

ဒါမှမဟုတ် ဦးဝီရသူနဲ့ မဘသက တက်ဆက်မယ့် စာစောင်တွေဟာ ဘာသာတရားရဲ့ ဓမ္မစစ်နဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားစစ် တရားမှန်တွေကို ဗုဒ္ဓဘာသာဝင်နဲ့ အခြား ဘာသာကွဲများ အမှန်အကန် သိရှိရေး ဘာသာရေးစာစောင်စစ်စစ်ဆိုရင်လည်း အားပေး သာဓုခေါ်ရမှာပါ။  အနည်းဆုံး ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာချည်း အမျိုးသားရေး ဇောင်းပေး စည်းရုံး လှုံ့ဆော် ဝါဒဖြန့်မှုမျိုးကိုလည်း ကျင့်ဝတ်နဲ့အညီဆိုရင် ကန့်ကွက်စရာ မရှိပါ။

ဒါပေမဲ့ ဦးဝီရသူနဲ့မဘသက ထုတ်ဝေမယ့် ရေဒီယို၊ စာစောင် မီဒီယာ အားလုံးရဲ့ သတင်း တင်ပြမှု၊ အာဘော် အမြင်ရေးသားမှု၊ လမ်းကြောင်းမှု၊ ဟောပြောမှုတွေဟာ လူမျိုး၊ ဘာသာ၊ လူမှု အလွှာ၊ နိုင်ငံရေး အုပ်စု၊ ကျားမ လိင်၊ လိင်တိမ်းညွတ်မှု အစရှိတဲ့ မတူကွဲပြားမှု ရှိတဲ့ အုပ်စု တစ်စုစု ကို ချိုးနှိမ်ခြင်း၊ ခွဲခြားခြင်း၊ ထိခိုက်စေခြင်း၊ အမုန်းပွားစေခြင်း ကင်းဖို့တော့ လိုပါတယ်။  ဒါမှသာ ခေတ်သစ် ၂၁ ရာစု ယဉ်ကျေးပြီး ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်းနဲ့ ကိုက်ညီတဲ့ လွတ်လပ်စွာ ပြောဆို၊ ဆန္ဒ သဘော ထုတ်ဖော်ခွင့်နဲ့ စာနယ်ဇင်း အခွင့်အရေး ဖြစ်ပါမယ်။

မီဒီယာဟာ ရွေးကောက်ပွဲ အတွက် မဲဆွယ်လက်နက် မဖြစ်ဖို့လည်း လိုပါတယ်။  ရပ်ထဲရွာထဲမှာ သြဇာကြီးတဲ့ သံဃာအစု အဝေးကို အသုံးချ အာဏာနိုင်ငံရေး အမြတ်မထုတ်ဖို့လည်း အရေးကြီးပါတယ်။  လူများစု မြန်မာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေးကိုင်းရှိုင်းမှု၊ ဘုန်းကြီးဆိုရင် အဖြူ၊ အမည်း ဘာပဲဖြစ်ဖြစ် ထောက်ခံ ကြည်ညိုမှုကို အသုံးချပြီး ပါတီတစ်ခုခုကို မဲဆွယ်ပေးမှုမျိုးကိုလည်း ရှောင်ကြဉ်နိုင်ရပါမယ်။

လူမျိုး၊ ဘာသာ အုပ်စုတစ်ခုခု အပေါ် အမုန်းပွားစေမှု၊ မတူကွဲပြားတဲ့ အုပ်စုများ အကြား အမြင်မကြည်လင်၊ လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်စေ၊ အငြိုးအတေး၊ အာဃာတတွေ တည်ဆောက်၊ အမုန်းတွေ ဖွဲ့၊ ပဋိပက္ခတွေဖြစ်စေမယ့် ပြောဆိုရေးသားမှုမျိုး မဖြစ်ရင် ဆရာတော်တို့ လုပ်မယ့် မဘသ မီဒီယာများအပေါ် အကျောက်အကန် ကန့်ကွက်စရာ မရှိပါ။  သံဃာတွေ ဦးစီးနေတာ ဖြစ်လို့ ဘာသာ၊ သာသနာ ပုံရိပ် ညှိုးနွမ်းစေမယ့် အမုန်းဝါဒ တစ်ဖက်စွန်းရောက် အပြုအမူတွေ စွက်ကဲ လားလေမလားပဲ စောင့်ကြည့်စရာ ရှိပါမယ်။  လူမျိုး၊ ဘာသာ အုပ်စု တစ်ခုခုကို မတိုက်ခိုက်၊ ထိခိုက် နစ်နာစေခြင်း မရှိဘဲ ပုံနှိပ်၊ ရေဒီယို၊ တီဗီ၊ အွန်လိုင်း အင်တာနက် လူမှုကွန်ရက် အွန်လိုင်စာမျက်နှာများကို အသုံးချပြီး ဗုဒ္ဓရဲ့ တရား၊ ဓမ္မတွေကို ဘုရား သားတော်များအနေနဲ့ ပြန်လည် ဖြန့်ဖြူးခြင်း၊ လူမျိုး၊ ဘာသာ၊ သာသာနာ ဖွံ့ဖြိုးတိုးတက် စည်ပင်အောင် ကြံဆောင်ခြင်း အားလုံးကိုလည်း အပြည့်အဝ လက်ခံပါတယ်။

ဗုဒ္ဓဘာသာရဲ့ အဓိက လမ်းစဉ်ကြီးဟာ မေတ္တာတရားပွားများခြင်းပါ။  ဒါကို ကျွန်တော်အနေနဲ့ နှစ်နှစ်ကာကာလည်း ယုံကြည်ပါတယ်။  တစ်နည်းအားဖြင့် ဗုဒ္ဓ လမ်းစဉ်ဟာ သံသရာ မလွတ်မြောက်ခင် စပ်ကြားမှာ လောဘ၊ ဒေါသ၊ မောဟ ကို ကင်းအောင်ထား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားကို ရှုမြင်၊ အမုန်း အာဃာတ တရားတွေကို ချေဖျက်၊ လူသားအချင်းချင်း ချစ်ခြင်း မေတ္တာတည်ဆောက်မှုကိုသာ အဓိက ဇောင်းပေး သင်ကြားပြသတယ်လို့ မှတ်သိထားပါတယ်။  ဒီသဘောဟာ ခေတ်သစ် လူ့အခွင့်အရေး စံနှုန်း၊ နိုင်ငံတကာ ယဉ်ကျေးမှု အမြင်တွေနဲ့လည်း ကိုက်ညီ၊ ပေမီဒေါက်မီဖြစ်ပြီး ဖြစ်ပါတယ်။

ဒီလို ဗုဒ္ဓဘာသာရဲ့ ကောင်းပုံရိပ်တွေကို ထိန်းသိမ်းပြီး သာသနာရေး အသိပညာ ဗဟုသုတ ဖြန့်ဝေရေး သက်သက် ဘာသာရေး စာစောင်တွေ ပေါပေါများ ထုတ်ဝေတာမျိုးပဲ မြင်ချင်ပါတယ်။  တပြိုင်တည်းမှာပဲ တိုင်းပြည်မှာ မှီတင်းနေထိုင်နေတဲ့ တခြားဘာသာဝင်များကိုလည်း အခွင့်အရေးတူ ဘာသာရေး ရေဒီယို၊ စာစောင် လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်တွေလည်း ပေးရပါမယ်။

ဒီလို ခွင့်တူညီမျှ ဒီမိုကရေစီအကျင့်အကြံအလုပ် ပြင်ပ ဘာသာရေးကို အာဏာနိုင်ငံရေး ရွေးကောက်ပွဲ အတွက် အသုံးချခြင်း၊ စာနယ်ဇင်း သတင်းလုပ်ငန်း ပညာကို ဝါဒဖြန့်ချိ မှိုင်းတိုက် အထူးသဖြင့် လူမျိုး၊ ဘာသာ မတူသူများကြား အမုန်းပွားရေးတွေမှာ တလွဲ အသုံးချခြင်းမျိုးတွေကိုတော့ ဒီမိုကရေစီစနစ် တိုင်းပြည်ရဲ့ သမမျှတညီညွတ် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု ပြင်းပြင်းထန်ထန် ဆန့်ကျင်ရမှာသာ ဖြစ်ပါတယ်။  ဒါကြောင့် မဘသ မီဒီယာရဲ့ အလုပ်၊ လမ်း ကြောင်းမှု၊ မူဝါဒ သဘောတွေ ဘယ်လဲ၊ ဘာလဲ လူအများ စောင့်ကြည့်ဝေဖန်သုံးသပ် အသိ၊ သတိရှိနိုင်အောင် မေးခွန်းထုတ် ဆွေးနွေးတင်ပြလိုက်ရကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
၂၉ ဇွန်၊ ၂၀၁၅ (စာပြီးရက်စွဲ)

(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၆၈)၊ (၂၀၁၅) ခုနှစ် ဇူလိုင်လ (၃) ရက်၊ သောကြာနေ့ထုတ်၌ ပုံနှိပ်သည်။  မိုးမခတွင်လည်း အွန်လိုင်း ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

↧

ကာတွန်း လိုင်လုဏ် - သူတို့အမည်

$
0
0
 
ကာတွန်း လိုင်လုဏ် - သူတို့အမည်
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅
↧
↧

ကိုသစ် (သီတဂူ) - မင်းရဲ့သားကို မင်းလိုလူ အဖြစ်ခံနိုင်မလား

$
0
0
ကိုသစ် (သီတဂူ) - မင်းရဲ့သားကို မင်းလိုလူ အဖြစ်ခံနိုင်မလား
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅

(၁)
ပုရာ အာဂစ္ဆတေ ဧတံ၊ အနာဂတံ မဟဗ္ဘယံ။
သုဗ္ဗစာ ဟောထ သခိလာ၊ အညမညံ သဂါရ၀ါ။

ရောက်ရှိမလာသေးသည့် ကိုယ်ကျင့်တရား ဖောက်ပြန်ပျက်စီးမှု ဘေးအန္တရာယ် ကြီးသည် သိပ်မကြာမီ ရောက်လာတော့မည်။ ထိုသို့ရောက်မလာမီအချိန်၌ ဆိုဆုံးမ လွယ်ကူသူ၊ နူးညံ့ပြေပြစ်သူ၊ အချင်းချင်းအပေါ် လေးစားစိတ်ရှိသူတို့ ဖြစ်ကြစေ။

ဖုဿမထေရ် (ထေရဂါထာပါဠိတော်)

ကျနော့်သူငယ်ချင်း ဗောဓိရိပ်ဘာသာရေးအနုပညာမဂ္ဂဇင်းကို ဦးစီးထုတ်ဝေနေတဲ့ စာရေးဆရာ၊ အယ်ဒီတာ သားအေးညက လက်ဆောင်နှင်းလို့ အမှတ်(၃)မေလ၊ ၂၀၁၄ -ခုနှစ်ထုတ် မဂ္ဂဇင်းလေးတစ်စောင် ကျနော့်ဆီမှာရှိပါသည်။ အထက်ပါ ဂါထာနှင့် စကားပြေလေးက အဲသည်မဂ္ဂဇင်းရဲ့ အစဆုံးစာမျက်နှာမှာ ပါတာပေါ့။ ကျနော်လို ဘာမှအဖြစ်မရှိတဲ့သူက ဖုဿမထေရ်မြတ်ရဲ့စကားကို ကောင်းလိုက်တာဗျာလို့တော့ မပြောဝံ့တာ၊ မပြောရဲတာ အမှန်ပါပဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်ကမိန့်ခဲ့တဲ့ ဖုဿမထေရ်မြတ်ကြီးရဲ့ ဒဿန လေးက ခေတ်မီလိုက်တာ။ ရောက်ရှိမလာ သေးသည့် ကိုယ်ကျင့်တရား ဖောက်ပြန် ပျက်စီးမှုဘေးအန္တရာယ်ကြီးသည် သိပ်မကြာမီ ရောက်လာတော့မည်တဲ့။ ထိုသို့ရောက် မလာမီ ပြောဆိုဆုံးမရတာ လွယ်ကူသူဖြစ်ပါစေတဲ့၊ ကိုယ်စိတ်နှလုံး နူးညံ့ပြေပြစ်သူ လည်း ဖြစ်ပါစေတဲ့၊ အချင်းချင်းအပေါ် လေးစားစာနာစိတ်ရှိသူလည်း  ဖြစ်ပါစေတဲ့။ သည်စကားတွေကို ဖုဿမထေရ်ကြီးက လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းက သတိပေးခဲ့တာ။ အဆုံးအမလေးတွေက တိုတောင်းလှပေမယ့် ထိရောက်လွန်း လှသည်။ သည်ကနေ့ ကျနော်တို့ခေတ်နဲ့ ကွက်တိပဲမဟုတ်လား။ ခေတ်တွေ စနစ်တွေ ဘယ်လိုပဲပြောင်းစေဦးတော့ မထေရ်မြတ်ရဲ့ အတွေးအခေါ်အဆုံးအမတွေကတော့ဖြင့် ခေတ်မီနေဆဲ၊ ခေတ်လူတွေကို လမ်းပြနေဆဲပဲပေါ့။

သည်ကနေ့ခေတ်ကြီးက ကိုယ်ကျင့်တရားပျက်စီးဖို့ အလွန်လွယ်ကူတဲ့ခေတ်ကြီး တဲ့။ ခလုတ်ကလေးတစ်ချက် ဒေါက်ခနဲနှပ်လိုက်ရုံနဲ့ ကျနော်တို့ရဲ့ ယိုင်နဲ့နဲ့ကိုယ်ကျင့် တရားလေးတွေကို အလွယ်တကူ ဖဲ့ဖဲ့ချွေယူသွားနိုင်တာ သည်ခေတတ်ကြီးထဲမှာပေါ့။ အင်တာနက်တွေ၊ တယ်လီဖုံးတွေကနေတဆင့် ကျနော်တို့ရဲ့ ကိုယ်ကျင့်သိက္ခာတွေ တွေ တစတစနဲ့ ပွန်းပဲ့ပါပါသွားနေလိုက်ကြတာ။ အယုတ္တအနတ္တတွေ ပြောနေ ဆဲနေ လိုက်ကြတာ။ သူ့အမ ကိုယ့်အမ၊ သူ့နှမကိုယ့်နှမ၊ နှမချင်းလည်း စာနာရကောင်း မှန်း မသိကြတော့။ အမချင်းလည်း စာနာရကောင်းမှန်း နားမလည်တော့။ အင်တာနက်တွေ တယ်လီဖုံးတွေကနေ သားပြောမယားပြောတွေ ပြောနေကြပြီပဲ မဟုတ်လား။

ကျနော့် မိတ်ဆွေတွေထဲက တစ်ယောက်သောသူမှာ မိန်းမသုံးယောက်ရှိလေ သည်။ သူက ပထမအိမ်ထောင်နှင့် ခြောက်လလောက်ပဲ ပေါင်းသည်။ အမေဖြစ်သူက သူယူလိုက်သော အမျိုးသမီးက တောသူမမို့ သဘောမတူဟု တင်းခံလေသောကြောင့် မပြောပလောက်သော ငွေစကြေးစကလေးပေး၍ ခွဲပစ်လိုက်ပါသည်။ ကာယကံရှင် မိန်းကလေးက ကျေနပ်သည့်တိုင် ကျနော့်စိတ်ထဲမှာ တမျိုးတမည်ခံစားနေမိသည်။ ဘယ်လိုကြီးပါလိမ့်။ သူက တနှစ်ခန့်ကြာသောအခါ နောက်အိမ်ထောင် ထပ်ပြုပါသည်။ ဒုတိယအိမ်ထောင်နှင့် သားယောကျာ်းကလေးမွေးပြီး လေးနှစ်လောက်အကြာမှာ ဇာတ် လမ်းက စပါလေတော့သည်။ အမျိုးအမည် အဖြူအမည်း အတိုအရှည် ဘာဆိုဘာမှ မသိလေသော အမျိုးသမီးတစ်ယောက်ကို အင်တာနက်ကနေ သူကချစ်ရေးဆိုလိုက် သတဲ့။ သူက မိကောင်းဖခင် သားသမီးပါပေါ့။ ရုပ်ချောရေလျှံပေါ့။ လူပျိုလူ လွတ်ပါပေါ့။ နောက်ဆုံးဖုံးဆက်ပြီး ချိန်းတွေ့ကြပါသည်။ အိမ်ကဇနီးဖြစ်သူကို ပြဿနာအမျိုးမျိုး ရှာပြီးနောက် နှစ်ယောက် အတူ တိုင်းပြည်တစ်ခုကို ထူထောင်ချင်လှပါရဲ့ဟုဆိုကာ အဆိုပါအွန်လိုင်းပေါ်ကအမျိုးသမီးကလေးနှင့် ထွက်ပြေးသွား ပါလေတော့သည်။  နုနုနယ်နယ် ရင်သွေးငယ်ကလေးနှင့် ကျန်ရစ်ခဲ့တဲ့ မိန်းမဖြစ်သူ ဘယ်လိုနေမလဲဆိုတာကို သူမစဉ်စားနိုင် ပါလေတော့။ ခလုတ်ကလေးတစ်ချက် နှိပ်လိုက်ရုံ၊ ဖုံးကလေးတစ်ချက် ခေါ်လိုက်ရုံနှင့် ဘ၀တစ်ခုလုံး ကျိုးကြေပဲ့ထွက်သွားနိုင်သည်ဖြစ်ရာ နည်းပညာခေတ် ကြီးက ကျနော်တို့လူမှုအဖွဲ့အစည်းရဲ့ ကိုယ်ကျင့်တရားတွေကို စမ်းသပ်စိမ်ခေါ် နေကြ လေပြီ။ ကျနော်တို့ရဲ့ ကြံ့ခိုင်မှုကို အမျိုးမျိုးစမ်းသပ်စစ်ဆေးနေကြလေပြီ။ တစ်နေ့ ကျရင် သည်လိုဖြစ်မယ်မှန်း ကြိုသိလို့လားတော့ မပြောတတ်ဘူး။ ဖုဿ မထေရ် ကြီးကတော့ နှစ်နှစ်ထောင်ကျော်လောက်စောပြီး ကြိုတင်သတိပေး ခဲ့ရှာပါသည်။ ကိုယ်ကျင့်တရား ဖောက်ပြန်ပျက်စီးမှုဘေးကြီးက မကြာမီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက် ရှိလာတော့မည် တဲ့။  ကျနော်တို့ မည်သို့မည်ပုံ ကာကွယ်ကြမှာပါလိမ့်။

(၂)
ဖုဿမထေရ်ကြီးက ရောက်ရှိမလာသေးတဲ့ ကျုယ်ကျင့်တရား ဖောက်ပြန်ပျက်စီးမှု ဘေးကြီးက မကြာမီ ရောက်ရှိလာတော့ မည်တဲ့။  ထိုသို့မရောက်လာမီ ဆိုဆုံးမ လွယ်သူဖြစ်ပါစေတဲ့။

မိဘတွေ၊ ဆရာသမားတွေ၊ ပညာရှိသူတော်ကောင်းတွေ၊ တတ်သိပညာရှင်တွေက စေတနာရှေ့ထားပြီး အကျိုးလိုလားလို့ ပြောဆိုဆုံးမတဲ့အခါ ပြောဆိုဆုံးမရတာ လွယ်ကူသူဖြစ်ပါစေတဲ့၊ ပြန်မပြော နားမထောင် မလုပ်ပါနဲ့တဲ့။ သည်ခေတ်ကလေး တွေဟာ ပြောဆိုဆုံးမရတာ မလွယ်တော့ဘူးဟူသောအသံမှာ သည်ကနေ့ခေတ်ရဲ့ မိဘတွေဆီကနေ အကျယ်လောင် ဆုံးကြားနေရသည့် အသံပင်ဖြစ်ပါသည်။ သားသမီး တွေက မိဘစကားကို အပ်ကျမတ်ကျ နားမထောင်ချင်တော့ဘူးဆိုတဲ့ သဘောပေါ့။ မူးယစ်ဆေးဝါးအဖုံဖုံ၊ တံဆိပ်အမျိုးမျိုးတပ်ထားသည့် စိတ်ကြွဆေးအ ထွေထွေက ခေတ် ကာလသားပျိုသမီးပျိုများရဲ့ ကိုယ်ခံအားကို သွေးတိုးစမ်းနေကြပြီဖြစ်ရာ တစ်ချက် ကလေး သတိလွတ်သွားလိုက်ရုံမျှဖြင့် ဘ၀တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားနိုင်သည်ပဲ မဟုတ်လား။ လားရှိုးမှာ ဘိန်းဖြူတွေမိသတဲ့။ တာချီလိတ်မှာလည်း စိတ်ကြွဆေးတွေ မိသတဲ့။ နောက် တမူးမှာ၊ ကလေးမှာ၊ မြ၀တီမှာ၊ ကော့သောင်းမှာ စသည်စသည်ဖြင့် နေရာ အတော်များ များမှာ ကြားနေရသည့်သတင်းတွေက ထိတ်လန့်စရာ။ နုနုနယ်နယ် အပျံသင်စ ကလေးလေးတို့ဘ၀ကို အမှောင်တွေက လက်တကမ်းက လှမ်းကြိုလို့ နေပါပြီ။ မိဘစကား နားမထောင်မိလို့ ဘ၀လမ်းကြောင်းပေါ်က လွဲချော်သွားသူတွေက ဒုနဲ့ဒေး။ ဆရာသမားဆုံးမတာကို ဂရုမစိုက်မိလိုက်လို့ ဒုက္ခရောက်သူတွေကလည်း အဖုံဖုံ။ ဆိုဆုံးမလွယ်သူဖြစ်ပါစေလေ။

(၃)
ပြီးတော့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ နူးညံ့ပြေပြစ်သူလည်း ဖြစ်ပါစေတဲ့။ ကို့ရို့ ကားယား ကျွတ်ဆတ်ဆတ်ကြီး မဖြစ်စေနဲ့ပေါ့။ ကိုယ်အမူအရာလည်း ယဉ်ကျေးပါစေ၊ သူများကိုကြည့်တဲ့ အကြည့်တွေ မရိုင်းပါစေနဲ့၊ နှုတ်ကထွက်တဲ့ စကားလုံးတွေကို လည်း မရိုင်းမိစေနဲ့တဲ့။ ခေတ်စကားနဲ့ပြောရရင် “ငါ့ကို ဘာမှတ်နေလဲ၊ နယ်လှည့်ပြီး ပါးရိုက်လာတာကွ”ဆိုတဲ့ အချိုးမျိုးတွေ မချိုးနဲ့လို့ ပြောတာဖြစ်ပါလိမ့်မည်။ ကိုယ်အမူ အရာ နှုတ်အမူအရာ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်နှလုံး ပျော့ပျောင်း သိမ်မွေ့ခြင်းဟာလည်း ယဉ်ကျေးတဲ့လူမှုအဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာ အားလုံးသိပြီးသားပါ။

သူငယ်ချင်းဖြစ်သူနိုင်ငံခြားထွက်ဖို့် ထောက်ခံစာလိုသည်ဟုဆိုသောကြောင့်  တစ်ခါ တုန်းက ၀န်ကြီးဋ္ဌာနတစ်ခုကို အဖော်အဖြစ်လိုက်ပါသွားခဲ့ဘူးပါသည်။ တာဝန်ရှိသူနှင့် ပြောကြဆိုကြရင်း အဆင်မပြေဖြစ်ရာ ကျနော်က ဖြစ်နိုင်သောနည်းလမ်းကို စဉ်စား နေတုန်း “ခင်ဗျားတို့တောင်းတဲ့ ထောက်ခံစာ ကျနော်လုပ်မပေးနိုင်ဘူး။ ဒီနေရာမှာ တနေကုန်ထိုင်စောင့်နေမှာစိုးလို့ပြောတာ”ဟု ရင့်သီးစွာ ပြောပါလေတော့သည်။ တနေ ကုန်ထိုင်စောင့်ဖို့အထိလည်း မအားသေးပါဘူးဗျာဟုပြောပြီး လှည့်ပြန်ခဲ့ကြပါသည်။ ကျနော်တို့တိုင်းပြည်မှာ သည်လိုလူတွေက အများသား။ အဆိုပါဝန်ကြီးဋ္ဌာန အကြောင်း ကို ဆရာတော်တစ်ပါးက အင်တာနက်ပေါ် တင်လိုက်ရာ ထိုအရာရှိလည်း ပြုတ်၊ ၀န်ကြီးဋ္ဌာနလည်း အချိုးတွေပြောင်းသွားသည်ဟု သိရသည်။  အစိုးရ၀န်ထမ်းဆိုသည် မှာ ပြည်သူတို့၏ အရှင်သခင်မဟုတ်၊ ပြည်သူကို ငေါက်ငမ်းဖို့ ခန့်ထားခြင်းလည်း မဟုတ်၊ ပြည်သူကို အလုပ်အကျွေးပြုရန် ဖြစ်သည်ဆိုသောအချက်ကို ကျနော်တို့ လူ့အဖွဲ့အစည်းက မေ့ထားခဲ့သည်မှာ အလွန်ဝမ်းနည်းစရာကောင်းပါသည်။

(၄)
ဖုဿမထေရ်ကြီးရဲ့နောက်ဆုံးသတိပေးချက်ကလေးက အချင်းချင်းအပေါ် လေးစား စိတ်ရှိသူတို့ ဖြစ်ကြပါစေတဲ့။ ကိုယ်ထင်ရာ မစိုင်းကြနဲ့ပေါ့။ ကိုယ့်ထမင်းကိုယ်ရှာစားတာ ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုသောလူတွေကို ခပ်စိပ်စိပ်ကလေးတွေ့မြင်ရလေ့ရှိပါသည်။ ကမ္ဘာတလွှား နိုင်ငံအချင်းချင်း၊ လူသားအချင်းချင်း ကူးလူးသွားလာဆက်သွယ်ပြောဆို နေကြသည့် ခေတ်မှာ သည်အဆိုအမိန့်ကလေးက အတော်တာသွားပါသည်။ တစ် ယောက်ကိုတစ်ယောက် အသိမှတ်ပြုကြ၊ မထီမဲ့မြင် မလုပ်ကြနဲ့၊ အထင်လည်း မသေးမိ ကြစေနဲ့၊ အပြန်ပြန်အလှန်လှန် လေးလေးစားစားဆက်ဆံပါလို့ မထေရ်မြတ်ကြီးက မှာခဲ့တာ။ မလေးမစား မချေမငံ ပြောဆိုဆက်ဆံတဲ့သူတွေကို ကမ္ဘာကြီးက ဘယ်လို တုံ့ပြန်တယ်၊ ကိုယ့်လူမှုအ၀န်းအ၀ိုင်းက ဘယ်လိုတုံ့ပြန်တတ်ကြတယ်ဆိုတာကို တန် ပြန်တုံ့ပြန်သံတွေကို နားထောင်ကြည့်ရင် သိနိုင်တာပဲ မဟုတ်လား။ လူတစ်ယောက်က လူတစ်ယောက်ကို အသိမှတ်ပြုတဲ့စိတ်ဟာ ယဉ်ကျေးတဲ့ လူမှုအဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်နေတဲ့ အရာတစ်ခုပဲ မဟုတ်လား။ ကိုယ်ကိုယ်ကို လေးစားစိတ်ရှိခြင်း၊ သူတပါးကိုလည်း လေးစားစိတ်ရှိခြင်းဟာ လူပီသတဲ့ လူသားတွေရဲ့ တန်ဖိုးကြီးမား လှတဲ့ အရည်အသွေးတစ်ခုလည်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ရိုသေလေးစားတဲ့စိတ် ရှိမှ၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို  တန်ဖိုးထားလေးစားတဲ့စိတ် ရှိမှလည်း မမှန်ကန် တဲ့၊ မလုပ်သင့်မလုပ်ထိုက်တဲ့ မတော်မတရားတဲ့ အလုပ်မျိုးတွေကို မလုပ်ဖြစ်တာ။     လွန်ခဲ့တဲ့ နှစ်လကျော်လောက်က ရန်ကုန်မြို့ထဲကအပြန် ရန်ကင်းကလေး ဆေးရုံအနီးမှာ ကားတွေပိတ်တာနှင့် ကြုံပါလေတော့သည်။ အချိန်က ညနေခြောက် နာရီခွဲလောက်ဆိုတော့ ကြပ်တော့ပေမပေါ့။ ခဏကြာတော့ ကျနော်စီးလာသော တက္ကစီကားကို နောက်ကကားတစ်စီးက ၀င်ဆောင့်ပါသည်။ ကားတွေက တလိမ့်ချင်း သွားနေကြတာဆိုတော့ ဆင်းကြည့်လို့ကလည်း မဖြစ်။ ရှေ့ဆက်သွားရင်း ကားနည်း နည်းရှင်းတဲ့နေရာရောက်တော့ ကားဆရာက သူ့ကားကိုလမ်းဘေးချရပ်ပြီး ဆင်းကြည့် ဖို့ လုပ်ပါသည်။ သူ့ကားကိုဝင်တိုက်သော ကားကလည်း သူ့နောက်က ၀င်ရပ်ပါသည်။ အင်း..မဆိုးဘူးဟ လို့တော့ စိတ်ထဲတွေးနေမိသည်။ နာရီဝက်ခန့် ပြောဆိုကြပြီးနောက် ကားဆရာပြန်လာသည်။ ဘန်ပါကျိုးသွားပါသည်တဲ့။ နေ့ပြန်တိုးနဲ့ယူမောင်းတာဖြစ်လို့ ပြန်ပြင်ဖို့ တစ်သောင်းခွဲတောင်းတာကို ဟိုပြောဒီပြော ဝေ့လည်ကြောင်ပတ် လျှောက် ပြောနေတယ်ဗျာ။ ကျနော်က မတန်တဆတောင်းနေတာ မဟုတ်ဘူး။ ကားပြန်အပ်ဖို့ အချိန်စိတော့မယ်။ ဒါနဲ့ တစ်ပြားမှ မပေးနဲ့တော့ဗျာလို့ ပြောလိုက်ရတယ်။ တကယ်ဆို ဖြစ်သင့်တာ ဘာလုပ်ပေးရမလဲ၊ ပြင်ပေးရမလား လျှော်ကြေးပေးရမလား။ ဒီလိုလာ ရမှာ။

စာဖတ်သူစိတ်တော့ မဆိုးနဲ့ဗျ။ ကျနော်တို့လူမျိုးတွေ ဆင်းရဲသွားတာ ပိုက်ဆံငွေကြေး တစ်ခုတည်းတင် မဟုတ်ဘူးတဲ့။ အသိပညာ၊ကိုယ်ကျင့်တရားနဲ့ တာဝန်ယူလိုစိတ် တွေပါ ဆင်းရဲသွားကြပြီတာလို့ တစ်ယောက်သောသူ အပြောမှာ ကျနော်ဘာမှပြန် မပြောနိုင်ခဲ့။

ရန်ကုန်မြို့ထဲက နာမည်ကြီးယာဉ်လိုင်းနှစ်ခုကို ဘ၀တူ ကားသမားတွေက လန့်ပါ သည်။ နည်းနည်းလောက် ပြဿနာဖြစ်တာနဲ့ ဘာမှ ဖြေရှင်းမနေတော့။ ကားပေါ်က ဆင်းပြီး အုံနဲ့ကျင်းနဲ့ ၀င်ရိုက်တော့တာပဲဟုဆိုပါသည်။ အဲသည်ယာဉ်လိုင်းမှာ ကား မောင်းချင်ရင် ကားမောင်းကျွမ်းကျင်ရဲ့လားလို့ မမေးဘူးတဲ့။ လူရိုက်ရဲလားလို့ပဲ အင်တာဗျူးမှာမေးသတဲ့။ လူရိုက်ပြီးရင် ဘာမှဖြေရှင်းမနေနဲ့၊ ကားထားခဲ့ပြီး လူသာ လွတ်အောင်ပြေးခဲ့လို့ မှာထားပါသတဲ့။
သည်အကြောင်းတွေကို နားထောင်ပြီး ကျနော်ကျောချမ်းလာမိသည်။  ကားနဲ့လူကို တိုက်ပြီး ထွက်ပြေးသွားကြလို့ ဘယ်သူဘယ်ဝါ တိုက်သွားမှန်းမသိဘဲ လမ်းပေါ်မှာ အသက်ထွက်သွားခဲ့ရတဲ့ ပြည်သူတွေ အများကြီး ရှိပါသည်။ ကားနဲ့အတိုက်ခံရသူ သေသေကျေကျေ လှည့်မကြည့်ပါလေတော့။  လူ့အသက်တစ်ချောင်းကို ကားတစ်စီး လောက်တောင် တန်ဖိုးမထားကြသူတွေ ကျနော်တို့ အဖွဲ့အစည်းမှာ များများမလာဖို့ ပြင်ဆင်ကြဖို့လိုပါသည်။ မှန်မှန်မှားမှား ပြဿနာဖြစ်ရင် ရိုက်မယ်နှက်မယ်ဆိုသော ဖြေရှင်းနည်းကတော့ဖြင့် မှန်ကန်သောဖြေရှင်းနည်း မဟုတ်။ ကျနော်တို့လူ့အဖွဲ့အစည်း အတွက်လည်း ရုပ်ဆိုးအကျည်းတန်လွန်းသလို ရှက်စရာလည်း ကောင်းပါသည်။

တစ်ခါတုန်းကလည်း ကံဘဲ့ဘူတာရုံလမ်းထဲမှာ  လမ်းဘေးရပ်ထားသော ဆိုက်ကား တစ်စီးကို ကိုယ်ပိုင်ကားတစ်စီးက နောက်ဆုတ်ရင်း တိုက်မိသွားလေရာ ကားဆရာက ကားပေါ်ကဆင်းလာပြီး သူ့ကား ဘာဖြစ်သေးသွားလဲဟူသော အထာဖြင့် စေ့စေ့ငုငု ကြည့်ရှုလိုက်ပြီးနောက် ဆိုက်ကားဆရာကို “သေချင်လို့လား၊ ဆိုက်ကားမနင်းချင်တော့ ဘူးထင်တယ်”ဟုငေါက်ပြီး ကားကို ၀ူးကနဲ မောင်းထွက်သွားပါလေတော့သည်။  ဆိုက် ကား ဘာဖြစ်သွားသေးလဲဆိုတာ သူစိတ်မ၀င်စား။ ကျိုးကျိုးကျေကျေ၊ ဘယ်လိုနေနေ ဘာဖြစ်ဖြစ်ပေါ့။

(၅)
ခေါင်းစီးစာသားကလေးက နည်းနည်းကြမ်းသည်ဟု အတွေးရောက်လျှင်ဖြင့် ခွင့်လွှတ် ကြစေချင်ပါသည်။ သည်စကားလေးက ပြည်သူ့တရားရှင် ပေါင်ချိန်တရားသူကြီးရဲ့ စကားလေးပါ။ သည်အကြောင်းရေးသူက နောင်တော်ကြီး ဒေါက်တာအရှင် သုတာစာရာလင်္ကာရ။ သည်စကားဖြစ်ပေါ်လာပုံက သည်လိုပါတဲ့။

တဇောက်ကန်း လူသတ်သမားကို ပေါင်ချိန်တရားရုံးမှာ အမှုစစ်ဆေး၊ သူ့မှာ အမွှာညီ လေးရယ်၊ ခယ်မဖြစ်သူရယ်၊ လူသတ်ပြီး ခြေသလုံးအိမ်တိုင် ပြေးရင်းလွှားရင်း ရခဲ့သည့် သူ့ဇနီးရယ် တရားရုံးထဲမှာ ရှိနေကြသည်။ လူသတ်သမား မိုက်ခဲဖြစ်သွား ရခြင်း အကြောင်းရင်းက သူ့အဖေက နိုင်ငံတာဝန်ထမ်းဆောင်စဉ် အမှုတစ်ခုကို မှားယွင်းစီရင် မိသည့်အတွက် တဘက်လူနစ်နာသွားပါသည်။ ဒါကိုပေါင်ချိန်ကသိတော့ ရာထူးချ၊ ပြည်နှင်ဒဏ်ပေးလို့ ထွက်သွားရင်း လမ်းခရီးမှာ မိဘနှစ်ပါးလုံး မရှေးမနှောင်း ဆုံးပါး သွားခဲ့ကြ။ မိုက်ခဲက မိဘများအတွက် လက်စားချေလိုစိတ်နဲ့ သိုင်းပညာသင်ပြီး လူတွေ လိုက်သတ်။ နောက်ဆုံးပေါင်ချိန်တရားရုံးရောက်လာတော့ ပေါင်ချိန်က “မင်းလုပ်ရပ် တွေမှန်တယ်ဆိုရင် မင်းရဲ့သားကို မင်းလိုလူအဖြစ်ခံနိုင်ပါသလား”လို့ မေးလိုက်တော့ မိုက်ခဲတစ်ယောက် ငိုင်ကျသွားလေရဲ့။ သူ့ဇနီးက ကိုယ်ဝန်အရင့်အမာကြီးနဲ့။ သူ့ကို လှမ်းကြည့်လိုက်ချိန်မှာတော့ လူတွေသတ်ခဲ့မိကြောင်း၊ သူ့အကြီးကြီး မှားသွားခဲ့ ကြောင်း ပေါင်ချိန်ကိုဝန်ခံ။ သူ့သားကိုလည်း သူလိုလူ မဖြစ်စေရပါဘူးလို့ ကတိပေး လိုက်ပါသည်။

ကားသမားက ငေါက်၊ စပယ်ယာက ငေါက်၊ တရားရုံးတွေမှာ တရားသူကြီးတွေက မျက်ထောင့်နီကြီးတွေနဲ့ ငေါက်၊ ဆေးရုံ၊အလုပ်ရုံတွေမှာ ဂိတ်စောင့်က ငေါက်လိုငေါက်၊  နပ်စ်ကငေါက်၊ ဆရာဝန်တွေက ငေါက်၊ ဆိုင်ရာဆိုင်ရာတွေမှာ ဟိုလူကငေါက် သည်လူ ကငေါက် စသည်စသည်ဖြင့် ငေါက်ငမ်းနေကြသည်ဖြစ်ရာ ယဉ်ကျေးသိမ်မွေ့ ပါသည်၊ ဖော်ရွေပါသည်ဆိုသော ကျနော်တို့တစ်တွေက အငေါက်သံသရာကြီးထဲမှာ လည်နေပါ တော့သည်။ ဆရာကြီးအထာနှင့် ဂိုက်ပေးကြမ်းနေလိုက်ကြတာ။ ပြည်သူ့တရားရှင်ကြီး ပေါင်ချိန်မေးသလို မေးရလျှင်ဖြင့် မင်းလုပ်ရပ်တွေက မှန်တယ်ဆိုရင် မင်းရဲ့သားကို မင်းလိုလူအဖြစ်ခံနိုင်ပါသလား၊ မင်းရဲ့သမီးကို မင်းလိုလူ အဖြစ်ခံနိုင်မလား။ ကျနော်တို့ ကိုယ်တိုင်ကတဲ့ကော သည်လိုလူ အဖြစ်ခံနိုင်ပါသလား။ ကိုယ်တိုင်မေးခွန်းထုတ်ပြီး ကိုယ်တိုင်ပြန်ဖြေကြည့်ကြဖို့ရယ်ပါ။

ကိုသစ် (သီတဂူ)
30/6/2015
↧

ကာတွန်း ဘီရုမာ - အဘတို့ မျိုနေလို့

$
0
0

ကာတွန်း ဘီရုမာ - အဘတို့ မျိုနေလို့
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅
↧

တူမောင်ညို - ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲမှာ နိုင်ငံနဲ့ပြည်သူ အောင်လံထူနိုင်ပါ့မလား

$
0
0
တူမောင်ညို - ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲမှာ နိုင်ငံနဲ့ပြည်သူ အောင်လံထူနိုင်ပါ့မလား
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅

၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမတ်လောင်းများနဲ့ပတ်သက်ပြီး အမတ်လောင်းရွေးချယ်မယ့် ဒီချုပ် ပါတီရဲ့အခြေခံမူနဲ့ သဘောထားကို ကြားရပါတယ်။  သိပ်ကောင်းမွန်တဲ့ အခြေခံမူနဲ့သဘောထားလို့မြင်ပါတယ်။

တိုင်းပြည်နဲ့လူထုက “လူ့စည်းနဲ့ သူခိုးစည်း” ရှင်းရှင်းပြတ်ပြတ် မြင်နိုင်ပြီး ပိုင်ပိုင်နိုင်နိုင် ရွေးချယ်ဆုံးဖြတ်နိုင်မယ့် နည်းလမ်း ဖြစ် ပါတယ်။ ဆင်းရဲမွဲတေလှတဲ့ တိုင်းပြည်ထဲမှာ ဘယ်သူတွေ ဘယ်လိုနည်းနဲ့ ဘယ်လို ချမ်းသာကြွယ်ဝလာကြတယ်ဆိုတာ ပြည်သူတွေက ကောင်းကောင်းသိပါတယ်။ သမာအာဇီဝလား၊ မသမာအာဇီဝလားဆိုတာ ခွဲခွဲခြားခြားသိကြပါတယ်။ အာဏာဆုပ်ကိုင်ထားသူတွေက အာဏာနဲ့ချမ်းသာမှုရှာခဲ့ကြသလို ငွေကြေးရှိသူတွေကလည်း အာဏာရှိသူတွေနဲ့အပြန်အလှန်ပေါင်းဖက်ကြပြီး သူတို့ဥစ္စာဓနကို တိုးပွား အောင်၊ တိုးလာသမျှကို ခိုင်မာအောင် ကြံစီကြတယ်။ ဘယ်သူသေသေ ငတေမာဖို့၊ ငတေချမ်းသာဖို့ပဲ။ ငတေအာဏာမြဲဖို့သာအဓိက။

အာဏာကိုင်ထားသူတွေက ငွေကြေးရှိသူတွေအတွက်  ဂွင်တွေဖန်တီးပေးမယ်။ ငွေရှိတဲ့သူတွေက အာဏာရှိတဲ့သူတွေကို ငွေနဲ့ပြန်ဝယ်တယ်။ ဒီလိုနဲ့ခရိုနီလက်သစ်တွေဟာ မကြုံဖူးမကြားဖူးတဲ့ ပမာဏတွေနဲ့ ကြီးထွားလာတယ်။ အာဏာရှိစစ်ဗိုလ် ထိပ်သီးတွေ ရဲ့သားသမီးတွေလည်းသူဋ္ဌေးသူကြွယ်တွေဖြစ်လာကြတယ်။ ကုမ္ပဏီတွေထောင်လာကြတယ်။တိုင်းပြည်ရဲ့အသက်သွေးကြောစီးပွားရေး  လုပ်ငန်းမှန်သမျှအုပ်စီးဝါးမျိုထားကြတယ်။ သူတို့ချည်းအုပ်စီးထားတာတွေရှိသလို သူတို့နဲ့အမြှီးစားဖက်ခေါင်းစားဖက် ခရိုနီတွေနဲ့ဖက်စပ် ပိုင်တာတွေလည်းရှိပါတယ်။

 ဒီတော့ “ပွင့်လန်းလာတယ်” ဆိုတဲ့ “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီခေတ်” မှာ အာဏာရစစ်ဗျူရိုရက် လူတန်းစားနဲ့ စစ်ခရိုနီ တစ်သိုက်ဟာ  စီးပွားရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ထားရုံတင်မက ပုံနှိပ်နဲ့ ရုပ်သံမီဒီယာလုပ်ငန်းတွေကိုပါ တဆင့် တိုးချုပ်ကိုင် လာခဲ့ကြတယ်။ ဒါ့အပြင် သူတို့ လက်တံတွေကို နိုင်ငံရေးလောကထဲပါ ဖြန့်ကျက်လာပြီး နိုင်ငံရေးပါတီ တွေကို ဘောလုံးအသင်းထောင် သလိုလုပ်လာခဲ့ကြတယ်။ ဒီလိုနဲ့စပွန်ဆာနိုင်ငံရေးပါတီတွေ၊ စပွန်ဆာနိုင်ငံ ရေးသမားတွေ၊ စပွန် ဆာအမတ်တွေပေါ်ပေါက်လာတယ်။ စပွန်ဆာပါတီတွေ၊ စပွန်ဆာနိုင်ငံရေးသမားတွေ၊ စပွန်ဆာအမတ်တွေကို ၂၀၁၅  ရွေးကောက်ပွဲမှာ ဝင်ပြိုင်စေမှာပဲဖြစ်တယ်။

၂၀၁၅ ဇွန် ၃၀ ရက်နေ့အထိ မှတ်ပုံတင်ပြီးတဲ့ နိုင်ငံရေးပါတီပေါင်း ၈၁ ပါတီရှိပါတယ်။ ဒီကနေ့ကာလ နိုင်ငံရေးပါတီ ထူထောင် တာမှာ ဝါဒတွေ၊ ယုံကြည်ချက်တွေ၊ အယူအဆတွေထက် စပွန်ဆာကောင်းကောင်းရဖို့သာ အဓိကဖြစ်ပါတယ်။ ဒီလောက်ပေါများနေတဲ့ ပါတီတွေဟာ ဒီချုပ်ကိုဝန်းရံဖို့၊ ဒီချုပ်နဲ့ မဟာမိတ်ဖွဲ့ဖို့ မဟုတ်ပါဘူး။ ညှပ်ပူးညှပ်ပိတ်လုပ်ဖို့ပါ။ ဖျက်မြင်းလုပ်ဖို့ပါ။  ပြည်သူတွေ ဝေဝါးစေဖို့၊ မဲတွေပြားစေဖို့ပါ။ ဘာသာ၊သာသနာ၊ လူမျိုးရေးခုတုံးလုပ်ဖို့၊ မှိုင်းတိုက်သွေးခွဲဖို့ စတဲ့ အောက်လမ်းနည်းမျိုးစုံက သူတို့ရဲ့မိုက်ဖော်ဆိုး ဖက်တွေပဲဖြစ်ပါတယ်။ မတည်ငြိမ်မှုတွေဖန်တီးဖို့ဟာ သူတို့ရဲ့အဓိက တာဝန်ပါ။

ဒီလိုအခြေအနေတွေအောက်မှာ ဒီချုပ်ပါတီက အမတ်လောင်းရွေးချယ်မယ့် အခြေခံမူနဲ့သဘောထားက လူနဲ့သူခိုးကို ထင်ရှားအောင် စည်းသားပေးလိုက်သလိုဖြစ်ပါတယ်။ ဒါကြောင့် သိပ်ကောင်းပါတယ်လို့ပြောတာပါ။

ဒါပေမဲ့ လူ့စည်း/သူခိုးစည်းပြတ်သားရုံနဲ့ ရွေးကောက်ပွဲမှာ မျှော်မှန်းထားသလို အနိုင်ရဖို့မလွယ်သေးပါဘူး။ဖြတ်သန်းရမယ့် ရှေ့ခရီးမှာ အခက်အခဲတွေ၊ ကောက်ကျစ်ညစ်ပတ်မှုမျိုးစုံက ရှေ့မှာကြိုဆိုစောင့်ဆိုင်းနေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ဘယ်နေ့ဖြစ်မလဲ၊ တကယ်ဖြစ်လာမှာလား၊ စတဲ့ မရေရာမသေချာမှုတွေပြည့်နှက်နေပါတယ်။  ရွေးကောက်ပွဲမှာ ပြည်သူ တွေမဲ ပေးနိုင်ရုံ တစ်ခုထဲနဲ့အနိုင် မရနိုင်ပါဘူး။ ဒီအတွက် သာဓကကို ရှည်ရှည်ဝေးဝေး မပြတော့ပါဘူး၊ ထင်ရှားတဲ့ သာဓက နှစ်ခု ပြပါ့မယ်။

၁။  “၁၉၉၀ ရွေးကောက်ပွဲ ရလဒ်” ကိုကြည့်ပါ။
 ပြည်သူတွေက “စုနဲ့ ခမောက်”ကို တခဲနက်မဲပေးခဲ့တာပဲ။ ဒါပေမယ့် ဒီချုပ် အစိုးရမဖွဲ့နိုင်ခဲ့ပါဘူး။

၂။  “ပုဒ်မ ၄၃၆” ပြင်ဆင်ရေး လက်မှတ် ငါးသန်းနီးပါးကိစ္စကိုကြည့်ပါ။
 “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်” လို့ ဆိုပေမယ့်  လွှတ်တော် အသိအမှတ်မပြုပါဘူး။ ဒါ့အပြင် ပုဒ်မ ၄၃၆ ကို မပြင်ဆင်ဘဲ မူလပြဋ္ဌာန်းချက်အတိုင်းထားဖို့ ဇွန်လ ၂၅ ရက်မှာ လွှတ်တော်ကြီးက စိမ်းစိမ်းကားကား ဆုံးဖြတ်ခဲ့တယ်မဟုတ်ပါလား။ စစ်သားအမတ်များက လွှတ်တော်ထဲမှာ တညီတညာထဲ မဲပေးကြ ယုံမျှမက အူမြူးဂျိုကြွပြီး လက်ခုပ်လက်ဝါးတီးခဲ့ကြတယ် မဟုတ်ပါလား။

ပြည်သူ့ဆန္ဒကို လွှတ်တော်ကလည်း အသိအမှတ်မပြုသလို၊ စစ်တပ်ကလည်း အရေးမထားဘူးဆိုတာ သိပ်ထင်ရှားပါတယ်။
ဒါကြောင့်  ပြည်သူတွေအောင်နိုင်ဖို့၊ နိုင်ငံအောင်နိုင်ဖို့ဆိုတာ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲမှာ ဘယ်တော့မှ မဖြစ်နိုင်ဘူး လို့ ယူဆပါတယ်။ “၂၀၀၈ အခြေခံဥပဒေ” ဆိုတာ ပြည်သူ့ဆန္ဒကို စစ်အုပ်စုနဲ့စစ်တပ်က ထာဝစဉ်ဗိုလ်ကျ အနိုင်ယူထားတဲ့ဥပဒေ ဖြစ် ပါတယ်။ ဒီအချက်ကို ဇွန်လ ၂၅ ရက်နေ့ မှာ အထင်အရှားသက်သေပြခဲ့ပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် အခုအခါမှာ ရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်နေတဲ့ ဗြောင်အကျဆုံးညစ်ပတ်မှုနဲ့မသမာမှုဖြစ်တဲ့ “အခြေခံ မဲစာရင်းမှားယွင်းမှု” ဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။ တမင်တကာလုပ်ကြံထားတဲ့၊ ကောက်ကျစ်ဖန်တီးထားတဲ့ မှားယွင်းမှုဖြစ်ပါတယ်။ ဒါဟာ အခြေခံမဲစာရင်းပဲ ရှိပါသေးတယ်။ အမှားရဲ့ပမာဏဟာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းကနေ အများဆုံး ၈၀ ရာခိုင်နှုန်းထိရှိတယ်လို့ ဆို ပါတယ်။ မွေးနေ့သက္ကရာဇ်တွေထပ်နေတာ၊ ကွယ်လွန်သူတွေမဲစာရင်းထဲပါနေတာ၊ ဒီချုပ်ပါတီဝင်တွေ မဲစာရင်းထဲမပါတာ စသဖြင့် နည်းစုံလမ်းစုံနဲ့ညစ်ပတ်ထားတဲ့မှားယွင်းမှုတွေတသီတတန်းကြီးဖြစ်နေပါတယ်။ တောင်ကိုးရီးယားနိုင်ငံမှာ မားစ်ရောဂါဖြစ်ပွားနေတာကို စိုးရိမ်ထိတ်လန့် နေကြရသလို၊ ကျနော်တို့တိုင်းပြည်မှာတော့ အခြေခံမဲစာရင်း တမင်လုပ်ကြံမှားယွင်းမှုကပ်ရောဂါဆိုးကြီး  နိုင်ငံနဲ့ အဝှမ်း ပေါ်ပေါက်ဖြစ်ပွားနေပါတယ်။ ပြောထားသလိုသာ ရွေးကောက်ပွဲကျင်းပဖြစ်မယ်ဆိုရင် ရွေးကောက်ပွဲကျင်းပဖို့ ကြားမှာ ၄ လ ခန့်သာ လို ပါတော့တယ်။

တမင်လုပ်ကြံမှားယွင်းထားမှုကြီးကို အချိန်မီ ပြီးစီးအောင်ဘယ်လို ပြင်ဆင်ကြမလဲ။ မဲပေးခွင့်ရှိသူတိုင်း၊ အသက်၁၈ ပြည့်ပြီး သူတိုင်း မဲပေးနိုင် ခွင့်ရရှိပါ့မလား။

ဒါ့အပြင်နောက်ထပ် အကွက်ချ ဇယားရှုပ်ဖို့ဖန်တီးလာချက်တစ်ခုက၊ “ပုဒ်မ ၅၉(ဃ)” အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၁၅ ရွေးကောက်ပွဲနဲ့ တပေါင်းထဲ တပြိုင်ထဲလုပ်ဖို့ဆိုတဲ့ လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ရွှေမန်းလှမ်းလိုက်တဲ့ ခြေလှမ်းပဲဖြစ်ပါတယ်။ ဒီခြေလှမ်း က ရွေးကောက်ပွဲမှာ လူထုကပါတီတစ်ခုထဲက အာရုံစုစည်းနေမှာကို အကြံယုတ်နဲ့တမင်ရှုပ်ထွေးအောင် လုပ်လိုက်တဲ့သဘောပဲ ဖြစ်ပါ တယ်။ တကယ်တော့ ရွေးကောက်ပွဲနဲ့ဆန္ဒခံယူပွဲကို သီးသန့်လုပ်သင့်တာပါ။ အခုတော့ မဲပေးတာကို ဆန္ဒခံယူပွဲတွဲလုပ်မယ်ဆိုတော့ ပြည်သူများအတွက် ဝေဝါးရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ ချုချာရူပါနဲ့လိုက်ဖက်တဲ့ ဗျူဟာယုတ်/ဗျူဟာစုတ်တွေကို ချနေတာ တော့ မကောင်းပါဘူး။

“၂၀၀၈အခြေခံဥပဒေ”မပြင်ဆင်ဘဲရွေးကောက်ပွဲပြုလုပ်မယ်ဆိုရင် အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ချင်လွတ်လပ်မယ် တရား မျှတမှုတော့ရှိမှာ မဟုတ်ဘူးဆိုတဲ့ ဒီချုပ်ဥက္ကဋ္ဌ ပြောထားဖူးတဲ့စကားရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဆိုတာ “ပုဒ်မ ၅၉ (စ) ၊ ပုဒ်မ ၄၃၆”  တို့ကို နေမြဲအတိုင်းရှိတဲ့ အနေအထားအောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။ ဒါ့အပြင်ကာချုပ်ကလည်း စစ်တပ်ထဲမှာ စစ်ဗိုလ်စစ်သားတွေ ဘယ်ပါတီကို မဲထည့်ရမယ်ဆိုတာ ကြိုတင်အမိန့်ပေးပြီးသားဖြစ်မှာပါ။ အထူးသဖြင့် ဗိုလ်မှူးအဆင့်နဲ့ အထက်တွေပေါ့။

ရွေးကောက်ပွဲမှာ ဘယ်လိုပဲအနိုင်ရပါစေ၊ လွှတ်တော်ထဲမှာ သပိတ်ဝင်အိတ်ဝင် ၂၅ ရာခိုင်နှုန်းကို စစ်တပ်က  ထာဝစဉ်အနိုင် ယူထားပြီးသားဖြစ်ပါတယ်။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်း (၄၉၈ နေရာ) ကို နိုင်ငံရေးပါတီ (၈၁) ပါတီက ယှဉ်ပြိုင်ကြရမှာပါ။

ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ  ဒီချုပ်ပါတီက ဇကာတင်ပြီးရွေးသန့်ထားတဲ့ အမတ်လောင်းလူပုဂ္ဂိုလ်တွေဟာ သူခိုးတွေနဲ့ ယှဉ်ပြိုင်ရတော့မှာပါ။ ဒါ့အပြင်ကာချုပ်ကလည်း စစ်တပ်ထဲမှာ စစ်ဗိုလ်စစ်သားတွေ ဘယ်ပါတီပဲ မဲထည့်ရမယ်လို့ ကြိုတင် အမိန့်ပေးပြီး သားဖြစ်မှာပါ။ အထူးသဖြင့်ဗိုလ်မှူးအဆင့်နဲ့ အထက်အဆင့်တွေကတော့ ဘယ်ပါတီမဲပေးရမယ်ဆိုတဲ့ အမိန့်ရပြီးသားဖြစ်နေလောက်ပါပြီ။

 အနူးအညွတ်တောင်းပန်ခြင်တာကတော့ (ခံနေရတဲ့) အတွေ့အကြုံတွေလည်းများလှပါပြီ။ ပြည်သူလူထုကြုံတွေ့ခံစားနေရတဲ့ နာကျင်မှုတွေကလည်း ခါးသီးလှပါပြီ။ ၁၉၉၀ မှာ ရွေးကောက်ပွဲဝင်တယ်၊ ပြည်သူတွေက တခဲနက်မဲပေးခဲ့ကြတယ်။ အစိုးရ မဖွဲ့နိုင်ခဲ့ဘူး။ ၂၀၁၂ မှာ ကြား ဖြတ်ရွေးကောက်ပွဲဝင်တယ်၊ ပြည်သူတွေက တခဲနက်မဲပေးပြန်ပါတယ်။ “အခြေခံဥပ ဒေ”လည်းမပြင်နိုင်၊ “ ငြိမ်းချမ်းရေး ကဘယ်ဆီဘယ်ဝယ်မသိ” ၊ “တရားဥပဒေစိုးမိုးရေး” ဆိုတာက ဗလာနတ္တိ၊ “ပုဒ်မ၄၃၆” ပြင်ဆင်ရေး လက်မှတ်ငါးသန်းကလည်း အဟောသိကံ ဖြစ်ခဲ့ရပြီ။ ဒီတော့ ရွေးကောက်ပွဲဝင် တန်းကစားသလို၊ ဆန္ဒခံယူပွဲလုပ်တန်းကစားသလိုမျိုးတော့ ဆက်မဖြစ်စေချင်တော့ ပါဘူး။

အကယ်၍  ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီချုပ်ပါတီက မဲရလဒ်ပမာဏတစုံတရာနဲ့  အနိုင်ရခဲ့ရင်လည်း  “၂၀၀၈ အခြေခံဥပဒေ ” တည်မြဲ နေသမျှ စစ်တပ်၊ ကြံ့ဖွံ့ပါတီနဲ့ မဟာမိတ်များက  ဒီချုပ်ကို လွှတ်တော်ထဲမှာ ပိုင်ပိုင်နိုင်နိုင်ထိန်းကျောင်း ထားနိုင်အုံး မှာလို့ ပဲမြင် ပါတယ်။ လွှတ်တော်ထဲမှာ ဒီချုပ်ပါတီရဲ့တိုင်းပြည်နဲ့လူထုအတွက် အကျိုးရှိမယ့် အဆိုတွေဟာကန့်ကွက်မှုမျိုးစုံနဲ့ ရင်ဆိုင်မြဲရင်ဆိုင်နေရ မှာပဲဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေ မဖျက်သိမ်းနိုင်သမျှ ရွေးကောက်ပွဲတွေမှာ အနိုင်ရနေလည်း အနိုင်ရသူဟာ ထာဝစဉ်တစ်ဖက်သတ် ရှုံးမြဲရှုံးနေပါလိမ့်မယ်။ သူခိုးတွေဘက်မှာ သူခိုးတွေကို ဘက်စုံအကာအကွယ်ပေးထားတဲ့ “ဥပဒေ”တွေအခိုင်အခံ့ရှိနေတယ်၊ သူခိုးတွေ ဟာ မိတ်ကပ်ကောင်းကောင်းလိမ်းနိုင်တယ်၊ မိတ်ကပ်စားတယ်၊ သူခိုးတွေကို ပြည်တွင်းပြည်ပမိတ်ကပ်ဆရာတွေက သူမတူအောင် လိမ်းခြယ်ပုံသွင်းပေးနိုင်တယ်ဆိုတဲ့အချက်ကိုလည်း သတိထားပါ။ အခြေခံဥပဒေမရှိတာထက်စာရင် ရှိတာ က ပိုကောင်းတယ်၊ ရေမရှိတာထက် ရေတစ်ဝက်ရှိတာက ပိုကောင်းတယ်ဆိုတဲ့ လောဂျစ်နဲ့ ဒီထောင်ချောက်ထဲရောက်ခဲ့/တိုးဝင်ခဲ့ကြတာပဲ။ အဝင်ရှိရင် အထွက် ရှိပါတယ်။ ထွက်ပေါက်မရှိရင် ဖောက်ထွက်ကြရမှာပေါ့။ ဆရာဦးဝင်းတင်ရဲ့ အရေးတော်ပုံစိတ်ဓါတ် ကိုင်စွဲနိုင်ကြပါစေ။
↧

မောင်မောင်စိုး - အရက် ဘိန်း နှင့် စောင်း

$
0
0
မောင်မောင်စိုး - အရက် ဘိန်း နှင့် စောင်း
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅

• အရက်
အရက်ကို ဘယ်လိုသောက်ရတယ်ဆိုတာ ကျနော်ကိုပြသွားသူကတော့ ကျနော့်ယောက္ခထီး ဖြစ်ပါတယ်။ ကျနော်ယောက္ခ ထီးက ကချင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး အင်ဗွေတူးလို့ခေါ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက သွားလာရေးခက်ခဲတဲ့ အစွန်အဖျားကျတဲ့တောင်ပေါ်ကချင်ရွာလေးတရွာမှာ နေထိုင်သူပါ။ လှေခါးထစ်လယ် တောင်ယာ အလုပ်တို့အပြင် ရံဖန်ရံခါ အမဲ လိုက်လေ့ရှိပါတယ်။ တောင်ကျချောင်းထဲမှာ ငါးရှာတယ်။ ဒီလိုနဲ့ စားဘို့ကို အဲဂလိုဖြေရှင်းသလို ဝါးရုံတွေ သက်ငယ်ခင်းတွေ စိုက်ပျိုးထားလို့နေဘို့လဲ ပူစရာမလိုပါ။ ဝတ်ဘို့တခုဘဲ ငါးရက်တဈေးကဝယ်ရပါတယ်။ ဒါတောင် ယောက္ခမ ဂျပ်ခုတ်တဲ့ အထည်တွေ ရှိသေးလို့ ဆိုရပါမယ်။ ပြောချင်တာကတော့ကျနော့် ယောက္ခထီးမိသားစုဟာ ဘဝကို ရိုးစင်းစွာဖြတ်သန်းခဲ့ကြတဲ့ တောင်တန်းပေါ်က ကချင်မိသားစုလေးပါ။

ယောက္ခထီးမကွယ်လွန်မှီအထိ သူတို့ရွာသို့ ကျနော်တို့မိသားစု တနှစ်တခါလောက် ခွင့်ယူပြီးပြန်တတ်ပါတယ်။ ဇနီးဖြစ်သူက သူမမိဘအတွက် ထွေလီကာလီ စိတ်ကူးတည့်ရာ သယ်ဆောင်ပေမဲ့ ကျနော်ကတော့ ယောက္ခထီးအတွက် အရက် ၃ ပု လင်းခန့် လက်ဆောင်သယ်လေ့ရှိပါတယ်။ ဂျော်နီလမ်းလျှောက်တို့လို တန်ဘိုးကြီးအရက်တော့မဟုတ်။ ဒေသထွက်ကချင် အရက်ကောင်းကောင်းသာ ဖြစ်ပါတယ်။ ကျနော့်ယောက္ခထီးမှာ အရက်ကြိုက်သူဖြစ်ပါတယ်။

ကျနော့်ယောက္ခထီးက မနက်စောစော နေ့စဉ်ထပါတယ်။ ပြီးတော့ တောင်ယာ အခင်းသွားစရာရှိရင်သွား မသွားရင် အိမ်မှာ လုပ်စရာရှိတာလုပ်ပါတယ်။ ပြီးတော့ မနက် ၇ နာရီလောက် မနက်စာမစားခင် အရက်တခွက်သောက်ပါတယ်။ ပြီး မနက်စာ စားပါတယ်။ ကချင်အရက်ပြင်းကို ရေနွေးကြမ်းခွက်တခွက်စာ သောက်တာပါ။ ရေရော့လေ့မရှိပါ။ သောက်ချလိုက်သည်နှင့် ပူပြင်းစူးရှသောအရက် လည်ချောင်းမှသည် ကိုယ်တွင်းသို့စီးဆင်းသွားသည်ကို သိနိုင်သည်။

ဒီနောက် နေ့လည် ၁၂ နာရီလောက် ထမင်းပြန်လာစားချိန်တခွက်ထပ်သောက်ပါတယ်။ ထမင်းစား ခဏအနားယူပြီး နေ့ လည် ၂ နာရီခန့်တွင် အလုပ်လုပ်ရန် ပြန်ထွက်လေ့ရှိပါတယ်။ ညတော့ မှောင်မှပြန်ရောက်လေ့ရှိပါတယ်။ ညဘက် ၇ နာရီပတ်ဝန်းကျင်လောက် ထမင်းမစားမှီ တခါထပ်သောက်ပါတယ်။ ညဘက်ကတော့ အိပ်ယာဝင် အနားယူတော့မှာမို့ ၂ ခွက် ၃ ခွက်လောက်သောက်ပါတယ်။ ညဘက်ဆိုရင်တော့ ယောက္ခမလည်းတခွက်တလေတော့ ဝင်သောက်လေ့ရှိပါတယ်။

ဒီလို ယောက္ခထီးနေ့စဉ် မှန်မှန်သောက်ပေမဲ့ မူးရမ်းတာမရှိအလုပ်ပျက်တာမရှိ။ အလွန်အကျွံ သောက်တာမရှိ။ ဒါကြောင့် တန်ဆေးလွန်ဘေး လို့ပြောကြခြင်း ဖြစ်ပေလိမ့်မယ်။

• ဘိန်း
တခါကလဲ အကြောင်းသင့်လို့ ရှမ်းမြောက်ဖျားက ရှမ်းရွာလေးတရွာ သို့ရောက်ပြီး ရှမ်းအိမ်တအိမ်တွင် ဆယ်ရက်ခန့် နေဘူး ခဲ့ပါတယ်။ အဲဒီအိမ်က ရှမ်းအဖိုးကြီးကတော့ ကျနော့ယောက္ခထီးထက် အနဲငယ် ငယ်ပုံရပါတယ်။ ဒါပေမဲ့ငါးဆယ်ကျော် လောက်တော့ ရှိပါပြီ။ ကျနော့်ယောက္ခထီးနှင့် တူတဲ့အကျင့်ရှိတာကို တရက် နှစ်ရက်အတွင်း သတိထားမိပါတယ်။

ဒါပေမဲ့ အရက်တော့မဟုတ်။ သူကြိုက်တာက ဘိန်းပါ။ ဘိန်းရှူတာတောင် ပြောင်းနဲ့ ရှူသူပါ။ ဘိန်းစားလောကမှာတော့ အမြင့်စားဟု ပြော၍ရပါတယ်။ ညမိုးချုပ်မှ အလုပ်က ပြန်လာလေ့ရှိသူ ရှမ်းဘိုးတော်ဟာ ရေမိုးချိုး ထမင်းစားပြီးနောက် အိမ် ရှေ့ခန်းက မီးလင်းဖိုဘေးရောက်တော့ ည ၈ နာရီလောက် ရှိပါပြီ။ အရက်က ထမင်းမစားခင်သောက်ပေမဲ့ ဘိန်းကတော့ စားသောက်ပြီးမှရှူကြပါတယ်။ မီးခွက်ပြောင်း ဘိန်းစိမ်း ဘိန်းချက်တဲ့ခွက် စတာတွေ အစုံအလင်ထည့်ထားတဲ့ ဗန်းငယ်လေး ကိုင်ပြီးရောက်လာတာပါ။

စိတ်ရှည်လက်ရှည် ဘိန်းချက်တဲ့ခွက်နဲ့ ဘိန်းချက်ပြီး အေးလာတဲ့အချိန်မှာ တလုံးချင်းရှူဘို့ ကြွက်ချေးလောက်အရွယ် ဘိန် စိမ်းကလေးတွေ လုံးပြီး ဖန့်သွားတဲ့အထိ ထားပါတယ်။ ပြီးရင် နက်ဖန်မနက်နဲ့ နေ့လည်ရှူဘို့ ဆယ်လုံးလောက် ဖယ်ထားပါတယ်။ အခုညကတော့ ၇ လုံးလောက်ရှူပါတယ်။ ၇ ပေါက်ရှူတယ်လို့ပြောကြပါတယ်။ ရေနွေးခါးခါး ထန်းလျက် ကြံသကာတို့နဲ့ အရသာခံပါတယ်။ ဒါပေမဲ့ မနက်စောစော ၄ နာရီလောက် အိပ်ယာကထပြီး အလုပ်သွားပါတယ်။ မနက် ၇ နာရီလောက်အိမ်ပြန်ရောက် စားသောက်ပြီး ၅ ပေါက်လောက်ရှူပါတယ်။ ပြီးရင် အလုပ်ပြန်သွားလုပ်ပါတယ်။ နောက် နေ့ လည် ၁၂ နာရီလောက်ပြန်လာ ထမင်းစား နောက်တခါ ၅ ပေါက်ရှူပါတယ်။ ပြီးရင် နေ့လည် တရေးတမော အနားယူပါတယ်။ နေ့လည် ၂ နာရီ လောက်ပြန်ထွက်အလုပ်လုပ်တာ ညမိုးစုံးစုံးချုပ်မှဘဲအိမ်ပြန်ရောက်ပါတယ်။ ဒီလိုနဲ့တပတ်လည်ပါတယ်။

ဒီလို နေ့တိုင်း ဘိန်းရှူနေပေမဲ့ အဆိုပါ ရှမ်းဘိုးတော် အလုပ်ပျက် အကိုင်ပျက်မဖြစ်။ ပျင်းရိငြီးငွေ့ခြင်း မရှိ။ မနက် မိုးမလင်း ခင်မှ မိုးစုံးစုံးချုပ်ထိတိုင် အလုပ်နဲ့ လက်နဲ့ မပြတ်။ ရွာတွင်လဲစီးပွားရေးအရ ရှေ့တန်းကပါ။ လယ်တို့ ယာခင်းတို့လုပ် တဲ့အပြင် အင်ဂျင်တလုံးထိုး ဟာလာဆန်စက်ကလေးတလုံး ပိုင်ထားပါသေးတယ်။

ဒီလိုဆိုလို့ အရက်သောက် ဘိန်းရှူဘို့ တိုက်တွန်းနေတာ မဟုတ်ပါ။ လူအတော်များများ ထိမ်းမနိုင် သိမ်းမရဖြစ်တတ်တဲ့ အရက်လို ဘိန်းလိုပစ္စည်းသုံးစွဲတာတောင်မှ ထိမ်းထိမ်းသိမ်းသိမ်းသုံးစွဲနိုင်လျှင် အလွန်အကျွံမဟုတ်လျင် ပြဿနာမရှိတာ ကိုဆိုလိုချင်တာ ဖြစ်ပါတယ်။

• စောင်း
နိုင်ငံရေးအရရော ဘာသာရေးအရပါ တဖက်အစွန်းရောက်တာကို ဆန့်ကျင်ကြပါတယ်။ အလယ်အလတ် လမ်းစဉ်ကို ကျင့် သုံးဘို့ တိုက်တွန်းကြပါတယ်။ နိုင်ငံရေးအရ လက်ျာစွန်းရော လက်ဝဲစွန်းပါရှောင်ကျဉ်ဘို့ လိုသလို ဗုဒ္ဓဘာသာကလဲ မဇ္ဈိမ ပဋိပဋာ လမ်းအလယ်အလတ်လမ်းကို ညွှန်ပြပါတယ်။

ဥပမာအားဖြင့် မပျော့မတင်း စောင်းကြိုးညှင်းသကဲ့သို့လို့ ဆိုကြပါတယ်။ စောင်းကြိုးကိုတင်းလွန်းရင်လဲ ပြတ်ပါတယ်။ ပျော့ လွန်းရင်လဲ သာယာနာပျော်သံ မထွက်တော့ပါ။

ပုဒ်မ ၄၃၆ (က) ကို မပြင်နိုင်ဟု သမတဦးသိန်းစိန် ကာချုပ်ဗိုလ်မင်းအောင်လှိုင်နှင့် စစ်တပ်ကိုယ်စားလည်များက ခပ်တင်းတင်း ရပ်၍ ပြည်တွင်းဒီမိုကရေစီအင်အားစုများကို စိတ်ပျက်စေခဲ့ပါတယ်။ အလားတူပင် ပုဒ်မ ၄၃၆ (ခ) ကို မပြင်နိုင် ဟု ခပ်တင်းတင်းရပ်၍ တိုင်းရင်းသားများ၏ ဖက်ဒရယ်မျှော်လင့်ချက်ကို စိတ်ပျက်စေခဲ့ပါတယ်။ လက်ရှိ မြန်မာစီးပွါးရေးက ဆင်း မြန်မာငွေတန်ဖိုးကကျဆင်းပြီး ကုန်ဈေးနှုန်းများကတက်နေတဲ့ကာလမှာ မပျော့မညှင်း စောင်းကြိုးညှင်းသကဲ့သို့ မဟုတ်ဘဲတင်းလွန်းရင် ပြတ်မှာစိုးရပါတယ်။

စောင်းပညာနယ်ပယ်မှာ စောင်းဦးသိန်းဖေဆိုတာတော့ ကျနော်ကြားဖူးပါတယ်။ စောင်းဦးသိန်းစိန်တော့ မကြားဖူးသေး ပါ။ ကျနော် မနှံ့စပ်တာလဲ ဖြစ်နိုင်ကောင်းပါတယ်။
↧
↧

ကာတွန်း ညီထွေး - တမတ်သားအစိုးရ

$
0
0

ကာတွန်း ညီထွေး - တမတ်သားအစိုးရ
(မိုးမခ) ဇူလိုင် ၄၊ ၂၀၁၅
↧

မောင်မိုးသူ - နီးလာလေလေ မှုန်ဝါးဝါးဖြစ်လာတဲ့ ရွေးကောက်ပွဲမြင်ကွင်းနှင့် မောင်မိုးသူ

$
0
0
မောင်မိုးသူ - နီးလာလေလေ မှုန်ဝါးဝါးဖြစ်လာတဲ့ ရွေးကောက်ပွဲမြင်ကွင်းနှင့် မောင်မိုးသူ
(မော်ဒန်သတင်းဂျာနယ်/ မိုးမခ) ဇူလိုင် ၄၊ ၂၀၁၅

သည်ဆောင်းပါးရေးနေတဲ့ရက်က ဇူလိုင်လ ၁ ရက်နေ့ဖြစ်ပါတယ်။ ရွေးကောက်ပွဲက အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာပြုလုပ်မယ်ဆိုထားတော့ လေးလပဲလိုတော့တဲ့အချိန်ဖြစ်ပါတယ်။ရွေးကောက်ပွဲ မဲစာရင်းတွေ ထုတ်ပြန်ကပ်ထားတဲ့ နေရာတွေ တော်တော်များများရှိပေမဲ့ အမှားအယွင်းတွေ တော်တော်များများရှိကြောင်း သတင်းတွေကို မီဒီယာတွေမှာ တွေ့နေရပါတယ်။

မဲစာရင်းကိစ္စတွေ ၊ရွေးကောက်ပွဲကိစ္စကို မီဒီယာတွေက သည်းသည်းလှုပ်ထုတ်ဖော်နေချိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲစာရင်းပါမပါ ရပ်ကွက်အလိုက် အိမ်တိုင်ရာရောက် တွေ့ဆုံမှုတွေပြုလုပ်နေကြတဲ့အချိန် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် အင်န်အယ်လ်ဒီက မဲစာရင်းအသိပညာပေးမှု လုပ်ကိုင်နေခြင်းဟာ ပါတီအတွက်မဟုတ်ဘဲ မဲစာရင်း မှန်ကန်စေလိုတဲ့အတွက်ဖြစ်ကြောင်း ပြောကြားနေချိန်မှာ အဓိကတာဝန်ရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဥက္ကဋ္ဌလုပ်ပြီး သူ့အဖွဲ့ကို အစိုးရဝန်ထမ်းတွေသည ခန့်ထားခဲ့သော ရွေးကောက်ပွဲကော်မရှင်ကမူ တုံဏှိဘာဝေ တုတ်တုတ်မျှမလှုပ်။

သည်ကြားထဲ ထုတ်ပြန်ထားတဲ့မဲစာရင်းဟာ အပြည့်အစုံမဟုတ်သေးကြောင်း တစ်စုံတစ်ယောက်ကပြောတာ ကြားသိရ တော့ အပြည့်အစုံမဟုတ်သေးဘဲ ကျန်ရှိနေတဲ့ မဲစာရင်းတွေဟာ ဘာတွေပါလိမ့်၊ဘယ်မှာပါလိမ့်ဟု တွေးတောစရာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက တရားဝင်င နည်းနည်းပါးပါးပါ။ တရားမဝင်က အများကြီး။ သန်းခေါင်စာရင်းကောက်စဉ် မြန်မာပြည်ရဲ့ လူဦးရေက သန်း ၆၀ ရှိကြောင်း ပြောထားခဲ့ပေမဲ့ သန်း၅၀သာ ရှိနေတာ၊ မပေါ်လာတဲ့ လူဦးရေကိုးသန်းဟာ ရွှေ့ပြောင်းလုပ်သားတွေလားလို့ တွေးမိစရာ ဖြစ်ပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ဒေသတော်တော်များများမှာ မဲစာရင်းက ဘယ်လိုဆိုတာ မသိရဘူး။ တိုက်ပွဲဖြစ်နေရာက တစ်ဖက်သတ်တိုက်ပွဲရပ်မယ်လို့ ကြေညာထားတဲ့ ကိုးကန့်လောက်ကိုင်ဒေသရဲ့ မဲစာရင်းကကော ဘယ်လိုလဲ။“ ဝ” ဒေသ က တော့ မဲစာရင်း စနစ်တကျကောက်ယူနိုင်ခြင်းမရှိလို့ ရွေးကောက်ပွဲမရေရာကြောင်း ပြောနေတယ်။

ပြဿနာတွေဖြစ်နေတဲ့ ရခိုင်မှာလည်း လှေစီးဒုက္ခသည်တွေပြဿနာ ဖြေရှင်းလို့ မရတဲ့အကြားမှာ မုန်တိုင်းဝင် ရေကြီးလို့ အိမ်တွေရေမြှပ်၊သေဆုံးသူတွေရှိနေကြောင်း သတင်းတွေ ကြားရပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးဆိုတာလည်း စစ်တပ်ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုနဲ့ ရေစုန်မျောနေပြီး မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ အပစ်အခတ်ရပ်စဲရေးမှာလည်း ငြိမ်းချမ်းရေးတည်ဆောက်ကြမယ်ဆိုတာ ဘယ်ဆီရောက်သွားသလဲမသိ။

လွှတ်တော်အစိုးရတက်လာတဲ့ ငါးနှစ်သက်တမ်းမှာ မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၁၀၀ မှာ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေကို လေ့လာကြည့်ပါက ပွင့်လင်းမြင်သာမှုအားနည်းပြီး စီမံကိန်းရဲ့ ၂၀ ရာခိုင်နှုန်းခန့်သာ ပြီးစီးအောင် အကောင်အထည်ဖော်နိုင်တာကို တွေ့ရကြောင်း ဘတ်ဂျက်လေ့လာစောင့်ကြည့်ရေးအကြံပေးအဖွဲ့က ပြောကြားပါတယ်။

လွှတ်တော်အစိုးရရဲ့ လုပ်ဆောင်မှုတွေဟာ ဘယ်နေရာမှ မည်မည်ရရ အောင်မြင်တာ မရှိတဲ့အပြင် စီမံအုပ်ချုပ်ကလည်း ညံ့ဖျင်းပြီး စီးပွားရေးမှာလည်း တစ်ဖက်စောင်းနင်းဖြစ်နေတာ တွေ့ရပါတယ်။

သည်ကြားထဲမှာ ဟုတ်သော်ရှိမဟုတ်သော်ရှိ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးက ရွေးကောက်ပွဲကို အကြောင်းပြုပြီး ပိတ်ဆို့မှုတွေ ၁၀၀ လုပ်လည်း ဂရုမစိုက်ဘူးလို့ပြောပြောချင်းပဲ ဒေါ်လာဈေးက တဟုန်ထိုး ထိုးတက်သွားလို့ ပြန်ချလို့ မရနိုင်သေးတာတွေ့ရပါတယ်။ဒေါ်လာဈေးတက်တော့ ကုန်ဈေးနှုန်းက လိုက်တက်ပါလေရော။

သည်ကြားထဲမှာ ဇွန်လကုန်မှာပဲ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို အကြောင်းပြုပြီး ရန်ကုန်မြို့လယ် သိမ်ကြီးဈေးမှ မြို့တော်ခန်းမအထိ ကျောင်းသားတွေချီတက်ဆန္ဒပြပွဲ လုပ်လာကြတာတွေ့ရပါတယ်။ဇူလိုင် ၇ ရက်နေ့ဆိုရင် ဆဲဗင်း ဂျူလိုင်လေ။ ဘယ်လိုလှုပ်ရှားမှုတွေ ကျောင်းသားတွေ လုပ်ကြမယ် မပြောနိုင်ပါဘူး။

ဇူလိုင်လဟာ ရှော့တွေ အများကြီး ရှိနိုင်တယ်နော်။ ဩဂုတ်လကျတော့ အောင်မယ်လေးလေး….။

လွှတ်တော်အစိုးရသမ္မတကြီးဦးသိန်းစိန်က သူရဲ့ အစိုးရသက်တမ်း ငါးနှစ်အတွင်းမှာ မြန်မာတပြည်လုံးက အုန်းအုန်း ကျွတ်ကျွတ် တစ်ခဲနက် မကျေမနပ် ဆန္ဒပြထုတ်ဖော်နေကြတဲ့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမယ်ဆိုတာ အခုငါးနှစ်ပြည့်တော့မယ်လေ။တရုတ်ဘက်ကလည်း မြစ်ဆုံစီမံကိန်းအတွက် ရင်းနှီးမြှပ်နှံထားမှုဟာ ဘယ်နှစ်ဘီလျံရှိဆိုလားပဲ။ မြစ်ဆုံစီမံကိန်းကို လုပ်ကိုင်ဖို့ ယခင်အစိုးရက ချုပ်ဆိုထားတဲ့ စာချုပ်တွေက ဘာတွေပါတယ်ဆိုတာ ရေရေရာရာမသိရ၊ငါးနှစ်ဟိုဘက်ဘာတွေ ဆက်လုပ်ကြမှာလဲဆိုတာလဲ ဘယ်သူမှ ရေရေရာရာမသိ။

အများပြည်သူ ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ ကုန်ဈေးနှုန်းပါပဲ။ကုန်ဈေးနှုန်းဆိုတာ တက်တော့သာ ဝုန်းခနဲ ခုန်တက်လိုက်တာ၊ပြန်ကျဖို့ကျတော့  မျှော်လေတိုင်းဝေး ဖြစ်နေပါတယ်။

သည်လို သည်လို ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိနေတဲ့ကြားက  ဘယ်ပြဿနာမှ ကောင်းကောင်းမွန်မွန် ပြေပြေလည်လည်ဖြေရှင်းပေးနိုင်ခြင်း မရှိတဲ့အခြေအနေမှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးက စစ်တပ်က အာဏာသိမ်းမှာ စိုးရိမ်ကြောင်း ပြောလိုက်သေး။ ဘုရား ဘုရား…။

စစ်တပ်က ပထမအကြိမ် အာဏာသိမ်းလိုက်လို့ မြန်မာတစ်ပြည်လုံး မွဲပြာကျ ဆင်းရဲသွားလိုက်တာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်လာခဲ့ရပါတယ်။

နောက်တစ်ကြိမ် အာဏာသိမ်းတော့ အာဏာရှိသူတွေရဲ့ လက်ဝေခံ ခရိုနီတွေအချမ်းသာကြီး ချမ်းသာလာပေမဲ့ ပြည်သူလူ ထုကတော့ ပြာပုံတိုးရတဲ့ ခွေးတွေလို နေစရာမရှိ၊စားစရာမရှိတဲ့အပြင် လယ်သိမ်း ယာသိမ်းခံရလို့ နိုင်ငံရပ်ခြား အိမ်နီးနား ချင်းနိုင်ငံတွေကို ရွှေ့ပြောင်းကူလီလုပ်၊ အမှိုက်ကောက်၊ ကျွန်အရောင်းအဝယ်အလုပ်ခံရတဲ့အဖြစ်ကို ရောက်ခဲ့ရတယ်လေ။

တိုင်းပြည်ကြီး ချောက်ထဲကျမှာစိုးလို့ ကယ်တင်ရတာပါဆိုပြီး ဒုက္ခတွင်းထဲ ဆွဲဆွဲနှစ်ခဲ့တာ နှစ်ခိရှာ နှစ်ခါရှိပါပေါ့။

ရွေးကောက်ပွဲက အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ လုပ်မှာတဲ့။ လေးလပဲ လိုပါတော့တယ်။

နီးလာလေလေ မှုန်ဝါးဝါး ဖြစ်လာတဲ့ ရွေးကောက်ပွဲ မြင်ကွင်းနှင့် မောင်မိုးသူပါ။

မောင်မိုးသူ
မော်ဒန်သတင်းဂျာနယ်၊ အမှတ် ၄၆၅၊ ၃ ဇူလိုင် ၂၀၁၅၊ သောကြာနေ့

↧

ဒေါ်ခင်မျိုးချစ်၊ ဦးခင်မောင်လတ် ၂၀၁၅ ရာပြည့် ထွက်လာတဲ့ စာအုပ်များ အညွှန်း

$
0
0

ဒေါ်ခင်မျိုးချစ်၊ ဦးခင်မောင်လတ် ၂၀၁၅ ရာပြည့် ထွက်လာတဲ့ စာအုပ်များ အညွှန်း
မိုးမခစာအုပ်စင်၊ ဇူလိုင် ၄၊ ၂၀၁၅

Khin Myo Chit - The Ruse and War-Time Stories
မြန်မာပြန်အမည် - လမ်းလွှဲခြင်းနှင့် စစ်အတွင်းအတွေ့အကြုံများ
ဘာသာပြန်သူ - ဒေါက်တာခင်မောင်ဝင်း၊ ဂျူနီယာဝင်း
ဒေါ်ခင်မျိုးချစ်နှစ်တစ်ရာပြည့်အမှတ်တရ
ဒေါင်းစာပေ
ပထမအကြိမ်  ၂၀၁၅ ဇွန်လ၊
တန်ဖိုး- ၂၀၀၀ကျပ် ။ အုပ်ရေ - ၅၀၀
သီရိဝံသစာပေ - ၁၁၃၊ ၃၃လမ်း ကျောက်တံတားမြို့နယ် ရန်ကုန်မြို့
ဖြန့်ချီရေး - ဒေါင်းစာပေ။ ၁၁၃ မြေညီထပ်၊ ၃၃လမ်း အလယ်၊ ကျောက်တံတား
စာမျက်နှာ - ၉၂၈
ဆောင်းပါးများ - အင်္ဂလိပ်နှင့်မြန်မာ 
ခင်မျိုးချစ် (အင်္ဂလိပ်လို) ၁၆ပုဒ်၊ ဒေါက်တာခင်မောင်ဝင်း(မြန်မာပြန်) - ၈ပုဒ်၊ ဂျူနီယာဝင်း(မြန်မာပြန်) ၈ပုဒ်။

ဒေါ်ခင်မျိုးချစ်ရေးသားခဲ့သော အင်္ဂလိပ်လိုဆောင်းပါးများ Quest for Peace (Working People ‘s Daily) ၁၉၆၃-၆၉  ကာလတုန်းက ရေးသားခဲ့သည်များထဲက ၁၆ပုဒ်ကို မြန်မာဘာသာပြန်ဖြင့်တွဲဖက် ထုတ်ဝေထားပါသည်။ ဒေါ်ခင်မျိုးချစ်၏ မူရင်းအင်္ဂလိပ်လိုလက်ရာ ကပထမဦးဆုံး စာအုပ်အဖြစ်ထွက်ရှိခြင်း ဖြစ်သည်။ စစ်အတွင်းကာလ ကြုံခဲ့ရသမျှကို မချွင်းမချန်ရေးသားချက်များ ဖြစ်သည်။ လူမူရေးဘ၀၊ နိုင်ငံရေးဘ၀နှင့် မိသားစုဘ၀များကို တွေ့ကြရသည်။ 

ဒေါက်တာခင်မောင်ဝင်းဘာသာပြန်ထားသည်များမှာ အများအားဖြင့် အတွေးအမြင်မဂ္ဂဇင်းမှဖြစ်ကာ မြန်မာသစ်မဂ္ဂဇင်းမှတစ်ပုဒ်ပါသည်။ ဂျူနီယာဝင်းဘာသာပြန်သည်များ အတွေးအမြင်တွင် ဖတ်ဖူးပြီးသူများအားလုံး ပါဝင်ထားပါသည်။ ယခုလိုစာအုပ်တစ်အုပ်ထဲ စုစုစည်းစည်းတွေ့မြင်ရသည်မှာ ၀မ်းသာစရာဖြစ်ပါသည်။ အတွင်းတွင် ဒေါ်ခင်မျူိးချစ်၏ အတ္ထုပ္ဗတ္တိအကျဉ်းနှင့် ၂၀၁၅ရာပြည့်အမှတ်တရအဖြစ် ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ်တို့၏ ဓါတ်ပုံများ ဖော်ပြထားတာတွေ့ရပါသည်။ ၂၀၁၅မှာ ထွက်ရှိလာခဲ့သော စာအုပ်အဖြစ်တွေ့မြင်ရသည်မှာ တိုက်ဆိုင်မှူပါပဲ။ 

ထို့အပြင် ဦးခင်မောင်လတ်ရေးသားသော Everyday Expression in English ယခု၂၀၁၅တွင် ထွက်ရှိလာခြင်းသည်လည်း ဦးခင်မောင်လတ်၏ ရာပြည့် အမှတ်တရဟု ဆိုရပါလိမ့်မည်။




U Khin Maung Latt (MA) – Everyday Expressions in English
ရန်အောင်စာပေ
ပထမအကြိမ် ။ ၂၀၁၅ မေလ 
အုပ်ရေ ၁၀၀၀။ တန်ဖိုး - ၃၀၀၀ကျပ်
ထုတ်ဝေသူ - ဦးလှတိုး ။ ရန်အောင်စာပေ
တိုက်၁၇ အခန်း၂၃ ရွှေအုန်းပင်အိမ်ရာ၊ အနောက်ရန်ကင်း ။ ရန်ကုန်
ဖုံး - ၀၉ ၅၁၇၉ ၃၉ ၈။ ၀၉ ၇၃၂၄၃၈၅၁။

ဦးခင်မောင်လတ်(အမ်အေ)၏ ယခုစာအုပ်သည် ၁၉၆၄ခုနှစ်ကနေစလို့ အကြိမ်ပေါင်းများစွာ ရိုက်နှိပ်ဖြန့်ချီခဲ့ရသော စာအုပ်တစ်အုပ် ဖြစ်ပါသည်။ မှတ်မိသလောက်ဆိုရရင် ၁၉ ၈၈ မှာပင် န၀မအကြိမ် ရိုက်နှိတ်ခဲ့ရပါသည်။ ယနေ့ခေတ်အင်္ဂလိပ်စာ လေ့လာလိုက်စားသူများ အထူးလေ့လာသင့်သော စာအုပ်တစ်အုပ်ဖြစ်သည်။ ယခုစာအုပ်တွင် ဦးခင်မောင်လတ်၏ အင်္ဂလိပ်လိုရေး အမှာစာ၊ ဗမာလိုရေးအမှာစာ၊ ဗမာဘာသာဖြင့် ရှင်းလင်းချက်အတိုကလေးများ ဦးခင်မောင်လတ်ကိုယ်တိုင်ရေးထားသည်များအပြင် မေးခွန်းနှင့် အဖြေများ ပါဝင်ထားပါသည်။ ထို့အပြင် သားဖြစ်သူ ဒေါက်တာခင်မောင်ဝင်း၏ အမှာလဲ ပါဝင်ထားသည်။ 

၁၉ ၆၄ခုနှစ်ထုတ်တွင် ဦးခင်မောင်လတ်ကဗမာလို မှတ်စုတိုထည့် မထားပါ။ မေးခွန်း နှင့်  အဖြေ များ ပါဝင်ထားကာ  အကုန်အင်္ဂလိပ်လို များသာဖြစ်ပါသည်။ ၁၉ ၆၄ နောက်ပိုင်းထုတ်ဖြစ်ခဲ့သော စာအုပ်များတွင်  စာသင်သားများ၏ တောင်းဆိုမူများ ကြောင့် ဦးခင်မောင်လတ်က ရှင်းလင်းချက်တိုကလေးများဖြည့် ပေးတာများ ပါဝင်လာကာ ဗမာလို အမှာစာ ထည့်ပေးထားပါသည်။ နောက်ပိုင်းကျတော့ ထုတ်သော စာအုပ်များတွင် ဗမာလိုရှင်းလင်းချက်အတိုများ ပါလာသောလည်း ဦးခင်မောင်လတ်၏ အင်္ဂလိပ်လို အမှာစာမပါတော့ပဲ ဗမာလို အမှာစာပါလာပြီး မေးခွန်း အဖြေများ ကျန်ရစ်ခဲ့ပြန်သည်။ ယခု၂၀၁၅ ထုတ်တွင်တော့ အားလုံးစုံစုံစေ့စေ့ ပါဝင်ထားသည်ဟု ဆိုရမည် ဖြစ်ပါသည်။


ဒေါက်တာခင်မောင်ဝင်း - ၂၀၁၅ သချာင်္ဥာဏ်စမ်းများ
ရန်အောင်စာပေ ။ပထမအကြိမ် 
၂၀၁၅ ဇွန်လ ။အုပ်ရေ ၁၀၀၀
စာမျက်နှာ - ၁၂၈ ။ တန်ဖိုး - ၁၅၀၀ကျပ်
ထုတ်ဝေသူ - ဦးလှတိုး ။ ရန်အောင်စာပေ
တိုက်၁၇ အခန်း၂၃ ရွှေအုန်းပင်အိမ်ရာ၊ အနောက်ရန်ကင်း ရန်ကုန်
ဖုံး - ၀၉ ၅၁၇၉ ၃၉ ၈။ ၀၉ ၇၃၂၄၃၈၅၁။


Academic Weekly Journal အပတ်စဉ်ရေးသားခဲ့သော ဥာဏ်စမ်းများကို တစုတစည်းတည်း ထုတ်ဝေလိုက်တာဖြစ်ပါသည်။ ညဏ်စမ်း ၅၃ပုဒ် ပါဝင်ထားသည်။ စဉ်းစားပုံစဉ်းစားနည်း များလဲ ပါဝင်သည်။ အဖြေများကို နောက်ဖက်တွင် အသေးစိတ်ရှင်းလင်းထားပါသည်။ မေးခွန်းပုစ္တာများ သည်စိတ်ဝင်စားစရာ ခေါင်းစဉ်များနှင့် ဖြစ်သည်။ ဥပမာ - ကျွန်မအသက် သပြေခက်၊ စက်လှေကားပြသနာများ၊ အားလုံးပျော်ရွှင်သောစနစ်၊ စီးပွားရေး လိမ်လည်မူကြီး၊ စသည်ဖြင့်တို့အပြင် သချာင်္အတွက်အချက်များ၊  ပုစ္ဆာများနှင့် ပုံများတွင်ကြည့်၍ စဉ်းစားရင်းအဖြေရှာခိုင်းသည်များ ပါဝင်ထားသည်။ သချာင်္ဥာဏ်စမ်းများ စိတ်ဝင်စားသူများအတွက် စာအုပ်ကောင်းလေးတစ်အုပ် ဖြစ်ပါသည်။
↧

လင်းသက်ငြိမ် - နားစွင့်ကြ

$
0
0

လင်းသက်ငြိမ် - နားစွင့်ကြ
(မိုးမခ) ဇူလိုင် ၄၊ ၂၀၁၅

မင်းနဲ့ ငါကြားမှာ ကြားလူက ခြေစွမ်းပြနေတယ်
မင်းတို့နဲ့ ငါတို့ကြားမှာ
စဉ်းလဲကောက်ကျစ်မှုတွေက
နေရာယူထားကြတယ်
ငါတို့ဟာ ရဲဘော်ရဲဘက်တွေ၊ ဆွေရင်းမျိုးရင်းတွေ၊
သံခြေကျင်းခတ်ထားခံရတဲ့ခေတ်ကြီးရဲ့
သားသမီးတွေ.....
ခြေမမကောင်း ခြေမကိုမေ့ပြီး
ခြေထောက်ကို ရိုက်ချိုးတယ်
နားရွက်ကို တံတွေးဆွတ်တယ်
ဘာလဲ ဘာတွေလဲ ငါဆဲမိတော့မယ်
ထစ်ခနဲဆို ပုဆိုးခြုံထဲက လက်သီးပြ
ထစ်ကနဲဆို အမှောင်ရိပ်ခိုပြီး အော်ဟစ်ပြ
တရားကျစရာပဲ မင်းတို့ငါတို့ဟာ ဟာသပဲ
စည်းလုံးခြင်းတဲ့ အဲဒီစကားရဲ့ပြောင်းပြန်အနက်ထွက်နေတဲ့လူမျိုး
ယဉ်ကျေးမှုတဲ့ အပေါ်ယံတွေ မိတ်ကပ်တွေ
ကန်းနေတဲ့အသိဉာဏ်နဲ့ ဆက်ကန်းကြ
ခေါက်လိုက်ရင် ဂလိုင်သံကြားရမယ့် ဦးခေါင်းနဲ့
ဆက်မိုက်မဲကြ
သောက်တလွဲ အတွေးအခေါ်ပဲ
သောက်တလွဲ လိမ္မာခြင်းပဲ
သောက်တလွဲတွေ ....
သောက်တလွဲတွေ ....
သောက်တလွဲတွေပဲကွာ
ကြောက်ရွံ့နေတဲ့သူကို
အတင်းအဓမ္မဖြောင့်ချက်တောင်းပြီး
တကယ့်တရားခံအစစ်ကျ
အသာကလေးလွှတ်ထားရ
ရွှေပြည်ကြီးဟာ ရွှေပြည်သူတွေနဲ့ပဲ
ထိုက်တန်တာ မေ့မနေနဲ့
အစုလိုက်ထားတဲ့ ထင်းစည်းအကြောင်းလည်း သင်ခဲ့ကြရ
ကြားထဲချောင်းနေတဲ့ မြေခွေးအကြောင်းလည်း သင်ခဲ့ကြရ
ဘယ်မှာလဲ အသိပညာ
ဘယ်မှာလဲ မျိုးချစ်စိတ်
ဘယ်မှာလဲ ဘာသာတရားရဲ့ အဆုံးအမ
ရန်ပွဲတွေကိုကြောက်တယ်ဆိုပြီး
ရန်စကားတွေချည်း ပြောနေကြတယ်
ငြိမ်းချမ်းရေးကိုချစ်တယ်ဆိုပြီး
စစ်ပွဲအကြောင်းတွေ အရသာခံနေတယ်
ရပ်တော့ ရပ်ကြတော့ ရပ်ကြပါတော့
မင်းအတွက် မင်းမကြည့်နဲ့
မင့်မျိုးဆက်တွေအတွက်ကြည့်
ငါ့အတွက် ငါမကြည့်ဘူး
ငါ့မျိုးဆက်အတွက် ငါကြည့်မယ်
ယဉ်ကျေးမယ်
သင်ယူမယ်
ရိုးသားမယ်
ကြိုးစားမယ်
မင်းဟာ နိုင်ငံတော်အတွက် ဖြစ်ရမယ်
ငါဟာ နိုင်ငံတော်အတွက် ဖြစ်ရမယ်
မတရားတဲ့ စနစ်
မတရားတဲ့ အဖွဲ့အစည်း
မတရားတဲ့ စည်းမျဉ်းဥပဒေများ
အကုန်လုံးချိုးဖျက်ပစ်ရမယ်
အကုန်လုံးတွန်းလှန်ပစ်ရမယ်
အကုန်လုံးဆန့်ကျင်ပစ်ရမယ်
မင်းအိမ်ဟာ ငါ့အိမ်
ငါ့အမျိုးဟာ မင်းအမျိုး
အားလုံးဟာ တသွေးသားတည်းပဲလေ
မင်းရဲ့ဓားကို ငါ့လည်ပင်းပေါ်ကနေ ဖယ်လိုက်
ငါရဲ့ဓားကို မင်းရင်ဘတ်ပေါ်ကနေ ဖယ်လိုက်မယ်
လက်ဆွဲနှုတ်ဆက်မယ်
ပုခုံးချင်းဖက်မယ်
အမှောင်တွေလွန်ရင်
အလင်းတွေ ဆိုက်ရောက်လာပါလိမ့်မယ်
အလင်းမရောက်ခင်
ငါတို့အသိဉာဏ်တွေ မမှောင်မိုက်ဖို့သာအဓိက
ပစ်မယ့်မြားဆိုတာ
ပစ်မှတ်မမှားဖို့ အထူးလိုအပ်လျှက်ရှိပါတယ်။

လင်းသက်ငြိမ်
↧
↧

အောင်ဝေး - ေ စ် း ကြ က်

$
0
0
အောင်ဝေး - ေ စ် း ကြ က်
(မိုးမခ) ဇူလိုင် ၄၊ ၂၀၁၅

ယန်းကီးတွေလွတ်လပ်ရေးရတဲ့နေ့ မှာ
၃၃ လမ်းထဲ ၀ံပုလွေတစ်ကောင်ဝင်လာတယ်
ပရေရီဆိုတဲ့မြက်ခင်းကပေါ့ ။

စိတ်ကူးစိတ်သန်းတွေ ဟနွိုင်းမြို့ ကြီးအပြည့်
လှမ်းလာပုံက ကောင်းကင်ပိုင်ခြင်္သေ့
သိမ်သိမ်မွေ့ မွေ့ ကြွချီတော်မူပုံမျိုး။

ယန်းကီးတွေလွတ်လပ်ရေးရတဲ့နေ့ က
ဝံပုလွေတစ်ကောင် ၃၃ လမ်းထဲဝင်လာပြီး
ဟိုချီမင်းမြို့ ကြီး စီးပွားရေးတွေးဟန်နဲ့ 
သံခင်းတမန်ခင်းအစပ်မှာရပ်တယ်။

ပြီး၊ ဂျိန်းဖွန်ဒါ ဘီကီနီချွတ် ပုံချလိုက်သလို
လှစ်ခနဲ ပစ်ဝင်ချေတယ် 
အဲဒါ လေထန်ကုန်းဆိုတဲ့ ကဖေးလေ။

မျက်လုံးတွေ ပန်းပွင့်ကုန်ကြတယ်
နှုတ်ခမ်းပေါ်က တိုးလိုးတန်းလန်းမိုးတိမ်တွေ
ဗီယက်နမ်ကမ်းခြေကိုရွှေ့ သွားကြပြီ။

အူသံ အူသံ အူသံ။

အမှန်တရားက သိပ်နောက်ကျသွားခဲ့ပြီ
မက်နာမားရား။

ဝေဖန်ရေးတစ်ခုဝါးရင်း ၀ံပုလွေစဉ်းစားတယ်
မဲခေါင်ဆိုတဲ့ ရေဆန်။

သိုးတွေက ကဗျာမစပ်ကြဘူး
နစ်ကဆင်က ဂုဏ်သိက္ခာအတွက်
ရှုံးနေတဲ့စစ်ကြီးကို ရပ်ပစ်တယ်
မဲခေါင်ဆိုတဲ့ ရေဆန်။

အလို- မောင်သင်းခိုင်
အောင်ဝေး၊ မောင်ညီညွတ်
ယန်းကီးတွေ လွတ်လပ်တဲ့နေ့ ကို မေ့လို့ ပါလား။

မာယာကော့ဖ်စကီးမွေးနေ့ ကိုတော့
သူတို့ မမေ့
ခုနစ်ရက်၊ ခုနစ်လ၊ တစ်ထောင့်ရှစ်ရာကိုးဆယ့်သုံး
(၇- ၇- ၁၈၉၃)။

ဝုန်းဆို ၀ံပုလွေထခုန်တယ်
လက်ဖက်ရည်တစ်ခွက် နှစ်ဆယ်
ဘယ်လိုအဖြစ်ကြီးလဲဗျာ တဲ့။

အူသံ အူသံ အူသံ။
ဝံပုလွေအတွေးနဲ့ 
လေထန်ကုန်းကဖေးထဲထိုင်နေတုန်း
ဗြုန်းဆို၊ မောင်ခိုင်မာကြီး ရောက်လာတယ်
ကင်မရာတစ်လုံးနဲ့ ။
အို- ငါ့ ရဲ့ ကာမုပါဒါန်ကိုများ လာပြီး
"ရာစုကာရန်ကဖေးတေးရီးယား"လို့ 
"ပရိုဖိုင်း"နေမှဖြင့်
တော်နေကြာ စိုထိုင်းထိုင်းဖလင်ထဲ
ဟင်- ၀ံပုလွေတစ်ကောင်ပါနေပါလားလို့ 
အယ်ဒီတာမင်းများ ငြိုငြင်ချေရော့မယ်
ကိုင်း- ငါသွားတာကောင်းတယ်
ဆိုပြီး
လပ်ကီးစထရွိုက် ကိုယ်စားလှယ်
ထွက်သွားတယ်
ယန်းကီးတွေ လွတ်လပ်ရေးရတဲ့နေ့ မှာပေါ့ ။ ။


ေ အ ာ င္ ေ ၀ း
(ဒီလှိုင်းမဂ္ဂဇင်း၊ အမှတ်- ၅၊ ၁၉၉၆)
ဒီ က ေ န ့ အ ေ မ ရိ က န် လွ တ် လ ပ် ေ ရ း ေ န ့ အ မွ တ္ တ ရ ၊
ဘ ၀ ေ ဟ ာ င္ း က က ဗ် ာ ေ ဟ ာ င်း တ စ် ပု ဒ် ပြ န် တ င် လို က် ပါ တ ယ် ။

HAPPY FOURTH jULY
↧

နေစရာမရှိသူများက ကျေးရွာသစ်ဖော်ဆောင်

$
0
0


နေစရာမရှိသူများက ကျေးရွာသစ်ဖော်ဆောင်
ဟန်သစ်နိုင်၊ မိုးမခ၊ ဇူလိုင် ၅ရက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင်း ကံ့ကော်ကျွန်းကျေးရွာသစ်ကို အိမ်ယာမရှိသူများ စုပေါင်းပြီး ၂၀၁၅ခုနှစ်၊ မတ်လ ပိုင်းတွင် ဖော်ဆောင်ကာ( ၅၈) ဧက ပြီးစီးခဲ့သည်။ ထိုကဲ့သို့ဖော်ဆောင်ရာ တွင် မြေယာဦးဆောင်သူများက အိမ်ယာမဲ့များကို စည်းမျည်းစည်းကမ်းများဖြင့် သေချာစစ်ဆေးပြီး မိသားစုတစ်စုကို ပေ ၄၀၊ ၆၀ အခမဲ့ဆောက်လုပ်ခွင့်ပြုခဲ့သည်။ ယခုအခါတွင် နေထိုင်သူ မိသားစုဝင်( ၃၆၅)ဦး ရှိနေပြီဖြစ်သည်။ ဆောက်လုပ်နေထိုင်သောမြေနေယာသည် စက်မှုသီးနှံမှ စပါးလင်ဆီမွှေးစီမံ ကိန်းမြေနေရာဖြစ်သော်လည်း စီမံကိန်းပျက်သွားသဖြင့် ၄င်းမြေနေယာကို သက်ဆိုင်ရာဌာန (၁၄)ခုသို့ နေခွင့်ပြုရန် အိမ်ယာမဲ့များက တောင်းဆိုထားသည်။ ကျေးရွာ သစ်ဖော်ဆောင်ရာတွင် ဦးဆောင်သူ (၆)ဦးကို စက်မှုသီးနှံမှ ပုဒ်မ ၄၄၇ဖြင့် လှည်းကူမြို့နယ်တရားရုံးတွင် တရာစွဲထားသည်။ တရားစွဲဆိုနေချိန်တွင် နေထိုင်သူအားလုံးကို စက်မှုသီးနှံနေရာမှ ဖယ်ရှားပေးရန်၊ မဖယ်ရှားပေးလျှင် ဂေါ်များဖြင့်ထိုးခြင်း၊ ဥပဒေအရအရေးယူခြင်းများပြုလုပ်သွားမည်ဟု ခြိမ်းခြောက်မှုများရှိခဲ့သည်။
          “ဒီမြေနေရာဟာ အရင်ကတည်းက ရွာစားကျက်ပါ၊ အဲဒါကို စက်မှုသီးနှံကစီမံကိန်းနဲ့ သိမ်းသွားတယ် ဘာမှလည်းလာမလုပ်ဖူး၊ နောက်တော့စီမံကိန်းပျက်သွားတယ်၊ အဲဒါကြောင့် ကျနော်တို့က အနယ်နယ်အရပ်ရပ်က လာရောက်လုပ်ကိုင်ပြီး နေစရာဆင်းရဲသူများကို ဦးဆောင်ပြီးကူညီပေးတာပါ၊ ကျနော်တို့ကလည်း အနီးအနားရွာတွေက အနေဆင်းရဲ ဘောက်လုပ်စားတဲ့သူတွေပါ” ဟု ဦးဆောင်သူကိုမောင်နိုင်က ပြောပြသည်။
          ဆက်လက်ပြီး ၄င်းက “ကျနော်တို့အခုနေထိုင်သူအားလုံးဟာ လာမယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကို ဘယ်ကမှလည်း လာမကောက်ကျဘူး၊ စာရင်းမရှိတော့ဘယ်လိုထည့်ရမှန်းလဲမသိဘူး” ဟု ပြောသည်။
↧

နေဝန်းနီ (မန္တ​လေး) - ကုသိုလ်​​တော်​ ဘုရားဝန်းထဲက ပြဇာတ်​များ

$
0
0
 နေဝန်းနီ (မန္တ​လေး) - ကုသိုလ်​​တော်​ ဘုရားဝန်းထဲက ပြဇာတ်​များ
(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၅

မန္တ​လေးမြို့က ဘုရားအမည်
ကုသိုလ်​​တော်​မှာ
ခပ်​ငယ်​ငယ်​ညီမအရွယ်
သစ်​ရွက်​ပုံသနပ်​ခါးပါးကွပ်
ကျောင်းဝတ်​စုံအင်္ကျီ​လေးနဲ့
ဈေးဗန်း​လေး​ခေါင်း​ပေါ်တင်
ခ​ရေပန်းသည်​​လေး သူ့ဘဝ

တစ်​ခါတစ်​ခါ က​လေးငယ်​​လေးက
သူ့အလွတ်​ကျတ်​ထားတဲ့
သမိုင်း​လေး​​ကြောင်း​လေး​တွေနဲ့
ဧည့်​လမ်းညွှန်​လည်းလုပ်​တယ်
တစ်​ခါတစ်​ခါ က​လေးငယ်​​က
ခ​ရေပင်​ကြီး​တွေရှိနေသ၍
မနက်​စာ​ဈေးဖိုးမ​ပြောက်​ဘူး​ပြောတယ်
ကျောက်​စာကြီး​တွေရှိ​နေသ၍
သူမမုန့်​ဖိုးရ​ကြောင်းပြောတယ်

တစ်​ခါတစ်​ခါ က​လေးငယ်​​က
ဆင်းရဲသားပ​ပျောက်​​ရေးဆိုတာ
ဘာမှန်းမသိ​ကြောင်း​ပြောတယ်
ကော်​​ဇောနီခင်းထားတဲ့​နေ့ဆို
နေ့တွက်​မကိုက်​​ကြောင်း​ပြောတယ်

တစ်​ခါတစ်​ခါ က​လေးငယ်​က
မြို့ကြီး​ပြောက်​မှာကို စိုးရိမ်​မိ​ကြောင်း​ပြောတယ်
သူတို့​တွေမြို့ပြင်​ထွက်​​နေရ​ကြောင်း​ပြောတယ်

တစ်​ခါတစ်​ခါ က​လေးငယ်​​က
သူ့မိသားစု ​ညစာ ​နောက်​မကျဖို့
မီးပွိုင့်​​တွေမှာ
ခ​ရေပန်း​ရောင်းရတဲ့အ​ကြောင်း​ပြောတယ်

တစ်​ခါတစ်​ခါ က​လေးငယ်​​က
သူပညာတက်​ကြီးဖြစ်​ချင်​​​တဲ့အကြောင်း​ပြောတယ်
သူ့အ​ဖေအရက်​သမားကြီးအ​ကြောင်း​ပြောတယ်
တစ်​လသားသူ့​မောင်​​လေးအ​ကြောင်း​ပြောတယ်

တစ်​ခါတစ်​ခါ
က​လေးငယ်​​ရဲ့ မျက်​ဝန်းမှာ
မျက်​ရည်​စ​တွေ စီးလို့

လေးစားစွာဖြင့်
နေဝန်းနီ (မန္တ​လေး)
↧

ကာတွန်း ATH - တူးတော့ တူးပါတယ်

$
0
0

ကာတွန်း ATH - တူးတော့ တူးပါတယ်
ဇူလိုင် ၅၊ ၂၀၁၅ 

ကာတွန်းဆရာ၏ လူမှုကွန်ယက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။
↧
↧

လှကျော်ဇော် - ဗိုလ်စင်္ကြာ

$
0
0
လှကျော်ဇော် - ဗိုလ်စင်္ကြာ
(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၅

ရဲဘော်သုံးကျိပ်ဝင်များအကြား အချင်းချင်း ဆက်ဆံရေးများကို ဖေဖေက ကျွန်မတို့ကို မကြာခဏ ပြောပြတတ်ပါတယ်။ ဒါကြောင့် သူနဲ့ အတော်ရင်းနှီးခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေကို ကျွန်မတို့က သိရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရဲဘော်သုံးကျိပ်ဝင် ဘဝကရော နောက်ပိုင်း အစောပိုင်းကာလများမှာရော သူနဲ့အတော်ရင်းနှီးခဲ့ပေမယ့် ဘယ်တော့မှ ကျွန်မတို့ကိုရော သူရေး သားခဲ့တဲ့ အကြောင်းအရာ ဆောင်းပါးအမျိုးမျိုးမှာရော ထည့်မရေးခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် တဦးရှိခဲ့ပါတယ်။ သူကတော့  ဗိုလ်စကြာပါ။

ဖေဖေတို့ကို ဂျပန်ကို တသုတ်ပြီးတသုတ်လွှတ်ရာမှာ ပထမ ၃ သုတ်ဟာ သခင်ကိုယ်တော်မှိုင်း သခင်အဖွဲ့က ဖြစ်ပါတယ်။ ပြောရရင်တော့ လက်ဝဲနွယ်တွေပေါ့။ ဒီတော့ နောက်ဆုံးအသုတ်ဖြစ်တဲ့ စတုတ္ထသုတ်ကို သခင်ဗစိန်။ သခင်ထွန်းအုပ်အဖွဲ့က ရွေးလွှတ်ခဲ့ကြပါတယ်။ အဲဒီအဖွဲ့မှာ သခင်ထွန်းအုပ်က ပထမခေါင်းဆောင်၊ ဗိုလ်စကြာက ဒုတိယခေါင်းဆောင်အဖြစ် ဦးစီးလာခဲ့ကြပါတယ်။ (အဲဒီ စတုတ္ထအသုတ် ဟိုန်နန်ကျွန်းကို ရောက်လာတော့ သခင်ထွန်းအုပ်က နိုင်ငံရေးသင်တန်းတက်ဖို့ တိုကျိုမှာနေခဲ့ပြီး ဗိုလ်စကြာကလည်း စစ်သင်တန်းတက်ပေမယ့် စစ်လေ့ကျင့်ရေးတွေ သိပ်စိတ်မပါလို့ သူတို့အဖွဲ့မှာ ဗိုလ်နေဝင်းက ခေါင်းဆောင်ဖြစ်လာတာပါ။)

အဲဒီအဖွဲ့ဟာ ဖေဖေတို့အသုတ်တွေထက် ရက်သတ္တပတ် အနည်းငယ် နောက်ကျနေလို့ အမီလိုက်ဖို့ အပြင်းအထန် လေ့ကျင့်ရပါတယ်။ သူတို့ခမျာ အတော်ပင်ပန်းကြတယ်လို့ ဖေဖေက ပြောပြပါတယ်။ ဒီလိုဖြစ်မယ်လို့ ကြိုတင်မှန်းဆ ထားတဲ့အတွက် ဖေဖေတို့အားလုံး မညည်းညူစတမ်း ည‡ိထားကြတယ်ဆိုပဲ။ ဒီလို ညှိုးထားတဲ့ကြားကပဲ တနေ့မှာ (ဘီအိုင်အေ ဝင်လာစဉ်က ဖာပွန်အနီး ကျဆုံးသွားခဲ့တဲ့ ဗိုလ်ဉာဏ)ကိုမောင်မောင်က မခံမရပ် နိုင်လွန်းလို့ ထမင်းစားနေရာက ဗြုန်းခနဲထပြီး “ဟေ့ ပင်ပန်းလှချည်လား၊ ဒီလိုဆိုရင်ဖြင့် ပေါက္ကံပြည် ကြာရှည်မှ နန်းစံနိုင်ပါ့မလား”လို့ ဂျပန်တွေရှေ့မှာ တခုခု အော်ပြောသလို ခပ်တည်တည် ပြောလိုက်လို့ ကျန်လူတွေက မချိပြုံးလေးတွေနဲ့ လိုက်ပြုံးနိုင်ခဲ့တယ်လို့ ဖေဖေက သူ့ဆောင်းပါး တစောင်မှာ ရေးခဲ့ဖူးပါတယ်။

အဲသလို စစ်သင်တန်းတွေ တက်နေရာမှာ ဗိုလ်စကြာဟာ အသက်အရွယ်အရလည်း ကျန်လူငယ်များထက် အတန်အသင့် ကြီးပြီး လူငယ်များနဲ့လည်း လိုက်လျောညီထွေ နေတတ်လို့ရော၊ လူငယ်များကို အကြံဉာဏ်ပေး ဆိုဆုံးမပြု မှုတွေလည်းရှိလို့ ကျန်လူငယ်အုပ်က သူ့ကို “အဘ”လို့ခေါ်ပြီး ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ကြတယ်။ လေးစားသမှုလည်း ရှိခဲ့တယ်လို့ ဖေဖေက ပြောပြဖူးပါတယ်။ ရဲဘော်တွေ အချင်းချင်းကြား ဆက်ဆံရေးတွေမှာလည်း သူက အတော်ပျော့ပျောင်းပြီး စေတနာထားလုပ် ဆောင်ပေးမှုကြောင့် ရဲဘော်တွေက သူ့ကို အတော်ချစ်ခင်ကြတယ်လို့ ဆိုပါတယ်။

နောက်ပိုင်း ဘီအိုင်အေဖွဲ့ပြီး ဗမာပြည်တွင်း စစ်ချီရာမှာ ဖေဖေဦးစီး ချီတက်ခဲ့တဲ့ ဖာပွန်စစ်ကြောင်းမှာ ဗိုလ်စကြာက ပါဝင်ခဲ့ပါတယ်။ လမ်းခရီးတလျှောက်မှာလည်း ဘာပြဿနာပဲပေါ်ပေါ် ဗိုလ်စကြာကိုပဲ အကူအညီ အကြံဉာဏ်တောင်းခဲ့ရ တယ်။ ဗိုလ်စကြာက လူမှုရေး အတွေ့အကြုံတွေရှိတော့ အကြံကောင်းဉာဏ်ကောင်းတွေ ပေးခဲ့တယ်လို့ ဖေဖေက ဆိုပါ တယ်။

ဒီလိုနဲ့ ဘီအိုင်အေခေတ်မှာ ဗိုလ်စကြာဟာ သံတမန်ကြီးတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဂျပန်တော်လှန်ရေးတွေ ဗမာ ပြည်မှာ ပေါ်ပေါက်လာတော့ ဂျပန်မှာ သောင်တင်နေတဲ့ စစ်တက္ကသိုလ်တက်နေရတဲ့ ဗမာကျောင်းသားတွေကို ဂျပန် လက် နက်ချအပြီး ဗမာပြည်ပြန်ရောက်အောင် ကြိုးစားဆောင်ရွက်ခဲ့ဖူးပါတယ်။ (ဗိုလ်မှူးကြီးဟောင်း တင်မောင်ရေးတဲ့ “ဂျပန် ခေတ် စစ်ပညာသင်တဦး”မှာ ဖတ်ကြည့်ပါ။)

ဒါပေမဲ့ ဗမာပြည်လွတ်လပ်ရေးရပြီး ဖဆပလအစိုးရတက်လာချိန်မှာတော့ သူဟာ တော်လှန်ရေးသမားတဦးထက် စီးပွားရေး ဘက်ရောက်သွားပြီး လိုင်စင်ခေတ်နောက် ကောက်ကောက်ပါအောင် လိုက်သွားခဲ့တယ်။ ဖေဖေတို့လို လူမျိုးနဲ့ တဖြည်းဖြည်း ဝေးသွားခဲ့တယ်လို့ ဖေဖေက ပြောပြပါတယ်။ ဒီလိုနဲ့ ဗိုလ်စကြာဟာ သူဌေးကြီးဖြစ်သွားပြီး ရုပ်ရှင်မင်းသမီး ဝင်းမင်းသန်းနဲ့ လက်ဆက်ခဲ့ပါတယ်။

ဖေဖေတပ်က ပင်စင်ယူပြီးနောက်ပိုင်း ၁၉၅၀ ခုနှစ်များအကုန် ၆၀ ခုနှစ်များ အစမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လကျာ်က ဦးစီးပြီး ဂျပန်တော်လှန်ရေးနေ့များ၊ ဗမာ့လွတ်လပ်ရေးနေ့များစတဲ့ အထိမ်းအမှတ်နေ့များမှာ ရဲဘော်သုံးကျိပ်ဝင်များ၊ မိသားစုဝင်များ၊ တခြားတော်လှန်ရေး ရဲဘော်ဟောင်းများ၊ မိသားစုဝင်များကို စုစည်းပြီး သာဓုကန်နဲ့ လှော်ကားကန်တို့ကို ပျော်ပွဲစား ထွက်တတ်ပါတယ်။ အဲဒီကာလက ဗိုလ်လကျာ်ကိုယ်တိုင်လည်း မုတ္တမကုမ္ပဏီကိုဖွင့်ပြီး စီးပွားရေး အတော် အောင် မြင် နေချိန်ဖြစ်ပါတယ်။ ညစာစားပွဲတွေ ဘာတွေလည်း ဟိုတယ်တွေမှာ လုပ်တတ်ပါသေးတယ်။

အဲဒီကာလက ပွဲတပွဲအပြန်မှာ မေမေက ဖေဖေ့ကို စကားနာထိုးတဲ့ အဖြစ်အပျက်တခုကို ကျွန်မမှတ်မိနေပါတယ်။

မေမေက ဖေဖေ့ကို “နေပါဦး။ ရှင့်အဘက ရှင့်ကိုနှုတ်တောင် မဆက်ပါလား။ အရင်တုန်းက ပါးစပ်က သား သားနဲ့ ပါးစပ်က မချခဲ့တဲ့သူက အခု မျက်နျာချင်းဆိုင် ထမင်းထိုင်စားနေတာတောင် နှုတ်မဆက်ပါလား”လို့ ပြောပါတယ်။ “သြော် သူက တို့ကို တောင်းနိုးနိုး ရမ်းနိုးနိုး ထင်နေဟန် ရှိပါတယ်ကွာ”လို့ ဖေဖေက ခပ်အေးအေး ပြန်ဖြေပြောခဲ့ ဖူးပါတယ်။ “တို့လူတချို့ ကလည်း သူ့ကို အဘ အဘနဲ့ ဝိုင်းတောင်းရမ်းကြတာလည်း များတယ်လေ”လို့ ဖြေပြောလေးပြောပါတယ်။

ကျွန်မနောက်မှ မေမေ့ကို မေးကြည့်တော့ ဘီအိုင်အေကာလက ဖေဖေ့ကို ဗိုလ်စကြာက သား သားလို့ခေါ်ခဲ့ပြီး ဖေဖေ့အရှိန်နဲ့ စီးပွားရှာခဲ့တယ်ဆိုပဲ။ အဲဒီကာလကတည်းက ဗိုလ်စကြာက အတော်စုမိ ဆောင်းမိနေပြီတဲ့။ ဖေဖေကလည်း အဲဒီတုန်းက အောက်ဗမာပြည် တာဝန်ခံဖြစ်တာကိုး။ အဲဒီ ဖေဖေနဲ့ မေမေ့စကား အချေအတင်ပြောတဲ့နေ့တုန်းကတော့ ဗိုလ်လကျာ်ဖိတ်တဲ့ ထမင်းစားပွဲမှာ ဖေဖေနဲ့ တစားပွဲတည်း မျက်နှာချင်းဆိုင် ထိုင်နေတာတောင် ဗိုလ်စကြာက ဖေဖေ့ကို နှုတ်မဆက်ခဲ့ဘူးတဲ့။
၁၉၆၀ ခုနှစ် ရွေးကောက်ပွဲမှာ ဖေဖေက ကြည့်မြင်တိုင်တောင်ပိုင်းနယ်မြေမှာ တသီးပုဂ္ဂလ အမတ်လောင်းအဖြစ် ဝင်အရွေး ခံတော့ ဗိုလ်စင်္ကြာက ဖဆပလ (တည်မြဲ) အမတ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေ မှာ ပုဂ္ဂိုလ်ရေး တိုက်ခတ်မှုတွေ လုပ်ကြပါတယ်။ ဖေဖေ့ရွေးကောက်ပွဲ အောင်မြင်ရေးကော်မတီမှာ လာကူလုပ်ကိုင်ပေးနေတဲ့ ဦးမျိုးညွန့် (အလုံမြို့နယ် စစ်ပြန်ရဲဘော်ဟောင်းများအသင်း) က တနေ့မှာ“ဗိုလ်ချုပ်-ဗိုလ်စကြာက တရားပွဲတွေမှာ တခြားလူ တွေကိုသာ ဆော်နေတာ၊ ဗိုလ်ချုပ်ကိုတော့ တိုက်ခိုက်တာ မတွေ့ရပါဘူး”လို့ ဖေဖေ့ကို ပြောတော့ ဖေဖေက ရယ်မော ပြီး“ဘယ်ပြောရဲပါ့မလဲဗျာ၊ ကျွန်တော်ပြန်တွယ်ရင် သူခံသွားရမှာပေါ့”လို့ ပြန်ပြောခဲ့ဖူးပါတယ်။

ကျွန်မအခု ဒီဆောင်းပါးကို ရေးဖို့ စီစဉ်တော့ ဖေဖေ့ကို ဗိုလ်စကြာနဲ့ပတ်သက်ပြီး ဖေဖေဟိုတုန်းက ပြောဖူးတဲ့ ဗိုလ်စကြာကို တွယ်မယ့်အကြောင်းအရာက ဘာလဲလို့ မေးကြည့်တော့ ဖေဖေက“ဘာလုပ်မလို့လဲ သမီးရယ်၊ သေတဲ့လူတွေ လည်း သေကုန်ကြပြီပဲ”လို့ စိတ်မကောင်းသံနဲ့ ပြောပါတယ်။ ကြည့်ရတာ ဖေဖေက တချို့ကိစ္စတွေကို ဘယ်သူ့အတွက်မှ အကျိုးမရှိ ဘူးလို့ထင်ရင် သူနဲ့တပါတည်း ယူသွားဖို့ စဉ်းစားထားပုံ ရပါတယ်။ ကွယ်လွန်ပြီဖြစ်တဲ့ သူ့ရောင်းရင်းတွေကိုလည်း ပြည်သူ လူထု ကို အကြီးအကျယ် ဒုက္ခပေးခဲ့သူမဟုတ်ရင် သူခွင့်လွှတ်နိုင်ပုံရပါတယ်။

၆-၁၂-၂၀ဝ၉။
ကျွန်မဆက်၍ရေးခြင်သောဖေဖေအကြောင်းများ - ဆောင်းပါးအမှတ်(၆) 
↧

မိုးမခရေဒီယို နှင့် မြန်မာလူမျိုးစု မြန်မာ့အသံ(ဆစ်ဒနီ) တာဝန်ခံ ဦးပန်တျာ (၇၀နှစ်) ကွယ်လွန်

$
0
0

မိုးမခရေဒီယို နှင့် မြန်မာလူမျိုးစု မြန်မာ့အသံ(ဆစ်ဒနီ) တာဝန်ခံ ဦးပန်တျာ (၇၀နှစ်) ကွယ်လွန်
(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၅

မိုးမခ၏ အင်တာနက်ရေဒီယို အစီအစဉ်တာဝန်ခံအဖြစ် စေတနာ မေတ္တာဖြင့် ၂၀၀၆ ခုနှစ်မှ ယနေ့အချိန်အထိ တောက်လျောက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည့် ဦးပန်တျာ (ဦးသောင်းတင်) ဇူလိုင်လ ၅ ရက် နံနက် ၅ နာရီတွင် ကွယ်လွန်ကြောင်း ကြားသိရသဖြင့် မိုးမခမီဒီယာက ၀ိုင်းတော်သူ ၀ိုင်းတော်သားများက မိသားစုနှင့် ထပ်တူ ၀မ်းနည်းရပါကြောင်း အသိပေး ထုတ်ပြန်လိုက်ပါသည်။

ဦးပန်တျာသည် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် မြန်မာလူမျိုးစုမြန်မာ့အသံ FM အပတ်စဉ်ရေဒီယိုအစီအစဉ် တာဝန်ခံအဖြစ် ဆယ်စုနှစ် တခုကျော် စေတနာ့ဝန်ထမ်း ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ မိဘများက သဘင်မျိုးရိုးဖြစ်သည်။ မြန်မာ တူရိယာပစ္စည်းများ ကျွမ်းကျင်စွာ တီးခတ်တတ်သည်။ မြန်မာတေးသီချင်းတို့ကိုလည်း ကိုယ်တိုင် စပ်ဆိုပြီး သီဆိုနိုင်သူဖြစ်သည်။ မြန်မာဂီတကို သံယောဇဉ်ကြီးပြီး မြန်မာ့တေးဂီတကို စုဆောင်း တင်ဆက်နိုင်သူတဦးဖြစ်သည်။ ၎င်း၏ ဂီတအနုပညာဘခင်သဖွယ် သဘောထား ဦးထိပ်တင်သူမှာ ကွယ်လွန်ခဲ့ပြီဖြစ်သည့် ဂီတလုလင် (ဦး) ကိုကို ဖြစ်သည်။ စန္ဒယားတင်ဝင်းလှိုင်နှင့်တကွ ဂီတပညာရှင်များစွာကို ခင်မင်ရင်းနှီးပြီး ဂီတ သဘင်နှင့် ပတ်သက်ပြီး ၎င်း ရေဒီယိုအစီအစဉ်တွင် ကဏ္ဍစုံမှ တင်ဆက်နိုင်သူ ဖြစ်သည်။ ၎င်းကိုယ်တိုင် တင်ဆက်မှုအပြင် မျိုးဆက်သစ် လူငယ်များကိုလည်း အင်တာနက် အက်ဖ်အမ် ရေဒီယိုတင်ဆက်နိုင်သူများဖြစ်အောင် လမ်းပြခေါ် စင်တင် တင်ဆက်ပေးသူ တဦးဖြစ်သည်။ ဆစ်ဒနီမြို့ သာရေး နာရေး ဘာသာရေးပွဲများတွင် ဦးပန်တျာသည် သူတတ်စွမ်းသည့် အနုပညာဖြင့် ဖျော်ဖြေသူ၊ တင်ဆက်သူ၊ ကုသိုလ်ယူသူ တဦးအဖြစ် ထင်ရှားသည်။ မကွယ်လွန်မီ နှစ်အနည်းငယ်တွင် အစာအိမ်ဆိုင်ရာ ကင်ဆာဝေဒနာကို ခံစားပြီး ကုသမှု ခံယူခဲ့ရသည်။ ဝေဒနာကို ခံစားနေရသော်လည်း မကွယ်လွန်မီအထိ ရေဒီယိုတာဝန်ခံတဦးအဖြစ် အပတ်စဉ် မပျက်မကွက် စေတနာဝန်ထမ်း တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ 

မိုးမခအွန်လိုင်း ရေဒီယိုတွင် ၂၀၀၆ ခုနှစ်မှ စတင်ပြီး အပတ်စဉ်တာဝန်ယူ တင်ဆက်ခဲ့သည်မှာ ယခု ၂၀၁၅ မေလအထိ ၉ နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။ မိုးမရေဒီယို၏ ခေါင်းစီးမိတ်ဆက်သီချင်း “မြန်မာရေဒီယိုချစ်သူများ၊ မိုးပြာထဲက မိုးမခ” သီချင်းကို ကဗျာဆရာကြီ ဦးတင်မိုး၏ ကဗျာကို စာသားသွင်း၊ စွယ်စုံရအနုပညာရှင် ကိုဇာဂနာ၏ တေးသံစဉ်တို့ဖြင့် ပေါင်းစပ် ရေးသား သီဆို ထုတ်လွှင့်ခဲ့သည်။ မိုးမခ၏ နာယကကြီးများဖြစ်သော မောင်စွမ်းရည် ဒေါ်မာမာအေးတို့နှင့် အဝေးမှ ဖုံးဆက်သွယ်ပြီး ရေဒီယိုအစီအစဉ်များ ဖြစ်မြောက်အောင် ကြိုးစားတင်ဆက်သူတဦး ဖြစ်သည်။ ကွယ်လွန်သူ ဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့ လူငရဲ စာအုပ်မှတ်တမ်းကို အသံထွက်စာအုပ်အဖြစ် စီစဉ်ပြီး ရေဒီယိုတွင် ထုတ်လွှင့်ခဲ့သည်။ 

၂၀၁၅ မေလ၊ ၎င်း မကွယ်လွန်မီ တလကျော်ခန့်က မိုးမခအင်တာနက်ရေဒီယိုကို တလခန့် ခေတ္တ ရပ်နားကြရန် တိုင်ပင်ခဲ့သည်။ မေလအပြီး ဇွန်လဆန်းတွင် ပြန်လည် တင်ဆက်ရန် စီစဉ်နေဆဲ ယခု ဇူလိုင်လ ၅ ရက်နေ့တွင် ဦးပန်တျာ ကွယ်လွန်သည်။  

မြန်မာဂီတကို ချစ်ခင်ဖြန့်ဝေသူ၊ ရေဒီယို စီစဉ်ခြင်းကို သံယောဇဉ် ကြီးမားသူ၊ မြန်မာကွန်မြူနီတီအကျိုးကို ဂီတအနုပညာနှင့် သယ်ပိုး ဖျော်ဖြေ ပံ့ပိုးသူ၊ ရပ်နီး ရပ်ဝေး မြန်မာ့အရေးဆောင်ရွက်သူများ မျိုးဆက်သစ် ဟောင်းများနှင့် ဆက်ဆံပေါင်းသင်းပြီး မိမိ၏ စွမ်းဆောင်နိုင်သမျှဖြင့် တာဝန်ကျေသူ ဦးပန်တျာ ကွယ်လွန်ခြင်းအတွက် မိမိတို့ မိုးမခမီဒီယာက ၀မ်းနည်းကြောင်း၊ သို့သော်လည်း မိုးမခမီဒီယာက ထိုသို့သော မြန်မာမိတ်ဆွေကောင်းတဦးနှင့် ၉  နှစ်ကျော် အလုပ်တာဝန် အတူတကွ ထမ်းဆောင် ရင်းနှီးခွင့်ရသည့်အတွက်၎င်း ဦးပန်တျာနှင့် ရည်ရွယ်ချက်တူဆုံရာ ခရီးတခု အတူလျောက်လှမ်းခွင့် ရရှိသည့်အတွက်၎င်း အထူး ဂုဏ်ယူ ၀မ်းမြောက်မိကြောင်း ထုတ်ပြန်အပ်ပါသည်။

ဦးပန်တျာ (ဦးသောင်းတင်) ငြိမ်းချမ်းပါစေ။



↧

မောင်မှိုင်းလွင်(အင်းဝ) - ရဲဘော် စိုးမြင့်အောင် (၁၉၆၄ - ၂၀၁၄)

$
0
0

မောင်မှိုင်းလွင်(အင်းဝ) - ရဲဘော် စိုးမြင့်အောင် (၁၉၆၄ - ၂၀၁၄)
(မိုးမခ) ဇူလိုင် ၆၊ ၂၀၁၅

(သူငယ်ချင်းစိုးမြင့်အောင်အတွက် စက်မှုတက္ကသိုလ်နောင်တော်ကြီး ကိုတင်အေးကြူရဲ့ ကဗျာ)

ရေဘဝဲ ထက်
များတဲ့လက်တွေနဲ့
ဇယ်စက်သလို အလုပ်လုပ်ခဲ့။

ယမ်းငွေ့ကြားမှာ
မေတ္တာ ဆာ နို့ဆာ
အမေဆာနေတဲ့ ကလေးတွေကို
သူ့လက်နဲ့နွေးထွေး ရင်ငွေ့ပေးခဲ့

လဲနေသူကို ဆွဲထူပေးဘို့
ဆင်းရဲသူကို ဖေးကူပေးဘို့
နာနေသူကို ပြုစုပေးဘို့
နှလုံးလှခဲ့ သူ့ရဲ့လက်။

ဒဏ်ရာရသူချင်း ကြင်နာ
တယောက်အနာ တယောက်
လျှာနဲ့လျှက်
တွဲထူပေးတဲ့ လက်။

မောင်းအဆွဲ
အတွဲလိုက်ထွက်မယ့် ကျည်ဆံကို
သူ့လက်ဝါးနဲ့ ရဲရဲတား
ပန်းများအဖြစ် ပြောင်းစေလိုသူ။ ။


၂ ၉ . ၆ . ၂ ၀ ၁ ၅
↧
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>