Quantcast
Viewing all 9633 articles
Browse latest View live

ကာတွန်း ATH - တို့လူများ ညီသလေး .. ယီးလေးလေး ..ယီးလေးလေး


ကာတွန်း ATH - တို့လူများ ညီသလေး .. ယီးလေးလေး ..ယီးလေးလေး
ဇွန် ၃၀၊ ၂၀၁၅

ကာတွန်းဆရာ၏ လူမှုကွန်ယက်စာမျက်နှာပေါ်က ထပ်ဆင့် ပြန်လည်ကူးယူပါသည်။

ကျော်ဟုန်း - ကဗျာဆရာ မောင်စွမ်းရည် နယူးယောက်မှာ သားမြေးတို့နှင့်အတူ ဒုလ္လဘ ၀တ်


ကျော်ဟုန်း - ကဗျာဆရာ မောင်စွမ်းရည် နယူးယောက်မှာ သားမြေးတို့နှင့်အတူ ဒုလ္လဘ ၀တ်
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၅ 
39 Store Hill Road,  Old Westbury,  NY  11568 နေရာမှာတည်ရှိတဲ့  ပီနန်ဆရာတော်ကြီး ဦးပညာဝံသရဲ့  ဗုဒ္ဓဒီပန် ကျောင်းတိုက်မှာ  ဇွန်၊ ၂၈ ၊ ၂၀၁၅ ၊ တနင်္ဂနွေနေ့က နယူးယောက်ရှိမြန်မာမိသားစုများက စုပေါင်းဝါဆိုသင်္ကန်းကပ်ပွဲနဲ့  ရှင်ပြု ရဟန်းခံအလှူပွဲကို ကျင်းပခဲ့ကြပါတယ်။

ရှင်ပြု ရဟန်းခံပွဲကို ဇွန် ၂၇ ရက်နေ့ ညနေပိုင်းမှာ ဆံချပြီး ကိုရင်၊ ကိုရင်ကြီးအဖြစ်ခံယူပြီး ဘွဲ့ မည်များပေးအပ်ပြီး ပီနန် ဆရာတော်ကြီး ဦးပညာဝံသမှ ကိုရင်၊ ကိုရင်ကြီး၊ ရဟန်း၊ သီလရှင်တို့ ရဲ့ကျင့်ဝတ်ဆိုင်ရာများကိုဆုံးမသြဝါဒပေးတော်မူ ပါတယ်။ ဇွန် ၂၈ နံနက် ၉ နာရီခွဲမှာ ရဟန်းဘောင်ဝင် သံဃာတော်များကို သိမ်သမုတ်ပေးပါတယ်။

သိမ်သမုတ်ခြင်းကို ပီနန်ဆရာတော်ကြီး ဦးပညာဝံသမှ ဥပဇ္ဈာယ်ဆရာတော်အဖြစ်လည်းကောင်း၊ ဦးဝရသမ္ဗောဓိမှ အနု သာသက ဆရာတော်အဖြစ်လည်းကောင်း၊ ဦးဝိမလာစာရ၊ ဦးဝရသမ္ဗောဓိ၊ ဦးပရမတို့မှ ကမ္မဝါစာ ဆရာတော်များအဖြစ် လည်းကောင်း ကြီးကြပ်ကာ ရဟန်းဘောင်ဝင်သံဃာ ၄ ပါးအား သာသနာ့ဘောင်ကိုသွတ်သွင်းမှု ပြုပေးပါတယ်။

ရဟန်းခံခဲ့ကြသူများကတော့ သက်ကြီးစာပေပညာရှင်ကြီး မောင်စွမ်းရည် (ဦးဝိသုဒ္ဓဝံသ)၊ ကိုဇေယျာ (ဦးဇောတိကဝံသ)၊
ကိုဇော်အောင် (ဦးဉာဏဝံသ)၊ ကိုမင်းစိုး (ဦးမာဃဝံသ) တို့ ပဲ ဖြစ်ပါတယ်။

သာမဏေများကတော့ နိုဝဲ-မောင်ထိန်လင်း (ရှင်နန္ဒဝံသ)၊ မိုင်ဗင်-ဥဂ္ဂါ (ရှင်အာဒိစ္စ)၊ ဂျက်ဖရီ ဝီး (ရှင်ဂုဏဝံသ)၊ ခရစ္စတိုဖာ ဝမ် (ရှင်အိန္ဒဝံသ) တို့ ဖြစ်ကြပြီး မခင်စန်းတင့်က သီလရှင်( မဉာဏေသီ) အဖြစ် အသီးသီး သာသနာ့ဘောင်ကိုဝင်ရောက်ခဲ့
ကြကြောင်း သိရပါတယ်။


ဓာတ်ပုံမှတ်တမ်းများ




မောင်စွမ်းရည် - ရွှေတိဂုံကို ဘာနဲ့မှ မကွယ်ဆီးပါစေနဲ့

မောင်စွမ်းရည် - ရွှေတိဂုံကို ဘာနဲ့မှ မကွယ်ဆီးပါစေနဲ့
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၅

မကြာခင်က ကြားလိုက်မိတဲ့ မြန်မာပြည် သတင်းတရပ်အတွက် ထိတ်လန့်တကြား ဖြစ်မိတယ်။ သတင်းကတော့ ဗမာ့ ဂုဏ်ဆောင် သာသနာ့ဂုဏ်ရောင် ရွှေတိဂုံစေတီတော်မြတ်ကြီးကို မြင်ကွင်းပျက်ပြီး ကျက်သရေလျော့အောင် လုပ်ကြတော့ မယ့်ကိစ္စပါပဲ။

ဘယ်သူတွေကလုပ်မှာတဲ့လဲ။ အထူးမေးစရာမလိုပါ။ ငွေရလိုမှုကလွဲပြီး လောကအမြင်ကင်းမဲ့ ချို့တဲ့သူ အုပ်ချုပ်ရေးသမား တွေပဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။

ရွှေတိဂုံဘုရားကြီးဆိုတာ ဗုဒ္ဓဘာသာမဟုတ်သူတွေကတောင် ဗမာနိုင်ငံရဲ့ ကျက်သရေ-ဆောင် သမိုင်းဝင် စေတီတော်ကြီး အဖြစ် လေးစားရိုသေကြးပါတယ်။ တခြားနိုင်ငံက ခေါင်းဆောင်-ကြီးတွေလာရင် ရွှေတိဂုံဘုရားကိုလဲ အရောက်သွားပြီး တပတ်ပြည့်အောင် ပတ်ကြ ဖူးကြတဲ့ ထုံးစံရှိပါတယ်။ အမေရိကန် သမ္မတ မကြာခင်က လာသွားတယ်။ ယခု သမ္မတလောင်း ဖြစ်နေတဲ့ ဟီလာရီ ကလင်တန်လဲ မကြာခင်က လာရောက် ဖူးမျှော်သွားခဲ့ပါတယ်။

ဝန်ကြီးချုပ် ဦးနု အစိုးရလက်ထက်တုန်းက တရုတ်သမ္မတ ချိုအင်လိုင်း၊ အင်ဒိုနေရှား သမ္မတ ဆိုကာနို၊ အိန္ဒိယ သမ္မတ နေရူးတို့ လာကြတော့ ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် သူတို့သုံးဦးကို ရွှေတိဂုံ ဘုရားဖူးလိုက်ပို့ဖူးပါတယ်။ အဲဒီအခါတုန်းက ရွှေတိဂုံမှာ မင်းလေးပါးကို ဆုံလိမ့်မယ်ဆိုတဲ့ တပေါင်လိုလို ပေါ်ဖူးသေးတယ်လို့ ရေးရေးမှတ်မိပါတယ်။ သူတို့တတွေဟာ ဘာသာရေးကြောင့် ရွှေတိဂုံ ရင်ပြင်ပေါ်ကို တက်ရောက် ဖူးမျှော်ကြတာ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ ဂုဏ်ဆောင် သမိုင်းဝင် စေတီတော်ကြီးအဖြစ် ကြွရောက် ဂါရဝ ပြုကြတာပါ။

နိုင်ငံခြားသားတွေဟာ လေယာဉ်ပျံနဲ့ပဲ လာလာ၊ သဘောင်္နဲ့ပဲ လာလာ၊ ဗမာ့မြေ၊ ဗမာ့ဒေသ သင်္ကေတအဖြစ် အဝေးက ပထမဦးဆုံး လှမ်းပြီး ဖူးမျှော်ကြရတာဟာ ရွှေရောင်တဝင်းဝင်းနဲ့ ရွှေတိဂုံ စေတီတော်ကြီးပါ။ ဗမာလူမျိုးတွေ နိုင်ငံခြား သွားရောက်ပြီး ပညာသင်ကြ၊ အလုပ်လုပ်ကြ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ ခေတ္တခဏ နေထိုင်ကြရာက အမိမြေကို ပြန်လာကြရင် ရင်တခုန်ခုန်နဲ့ အငမ်းမရ ဖူးမျှော်ကြရတာလဲ ရွှေရောင်တဝင်းဝင်းနဲ့ ကြည်ညိုဖွယ်မဆုံး ရွှေတိဂုံစေတီ တော်ကြီးပဲ ဖြစ်ပါတယ်။ ရွှေတိဂုံ စေတီတော်ကြီးဟာ ဗမာ့ရေမြေရဲ့ သင်္ကေတမဟုတ်လား။ ရွှေတိဂုံကို ဖူးမြင်ရရင် ဗမာ့ရေမြေ နယ်နိမိတ်အတွင်းကို ဝင်ရောက်လာပြီပေါ့။

ရွှေတိဂုံ စေတီတော်ကြီးဟာ ဗမာ့မြေရဲ့သင်္ကေဖြစ်သလို သမိုင်းဝင်စေတီတော်ကြီးလဲဖြစ်ပါတယ်။ အစဉ်အလာ ပြောကြား ချက်အရ တပုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့က မြတ်စွာဘုရားရဲ့ ဆံတော်များကို ဌာပနာပြီး တည်ထားကိုး ကွယ် ကြ တယ်လို့ ယုံကြည်ကိုးကွယ်ခဲ့ကြတယ် မဟုတ်ပါလား။ ဥက္ကလာပသမိုင်းဆိုတာ ဗမာလူမျိုးတိုင်း ကြားဖူးကြမှာပေါ့။ ဒါကြောင့် ရွှေတိဂုံ စေတီတော်ကြီးဟာ သမိုင်းတန်ဖိုးလဲရှိ၊ သာသနာ့ဂုဏ်ရောင်လဲ ဖြစ်တယ်လို့ ဆိုရခြင်းပါပဲ။

ဗမာ့လွတ်လပ်ရေးသမိုင်း၊ ဗမာ့အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုသမိုင်းအစဉ်အဆက်မှာလဲ ရွှေတိဂုံ စေတီတော်ကြီးဟာ ကြီးမြတ်တဲ့ သမိုင်းလှုပ်ရှားမှုတွေရဲ့ အချက်အချာ ဖြစ်ခဲ့တာမဟုတ်လား။ စနေထောင့်မှာရှိတဲ့ အမျိုးသားလှုပ်ရှားမှု အထိမ်း အမှတ်ကျောက်တိုင်ဟာ အထင်ကရပါပဲ။ အထိမ်းအမှတ် မော်ကွန်းတိုင်မလိုဘဲ သမိုင်းဝင် မော်ကွန်းတင်နေရာမြတ် ဖြစ်ပါ တယ်။

အဝေးကပင် ဖူးမျှော်နိုင်တဲ့ ရွှေတိဂုံ စေတီတော်ကြီးကို မြင်ကွင်း ပျက်စေမဲ့ တိုက်တာ အိုးအိမ်တွေ ဆောက်ကြတော့မယ်ဆိုလို့ ဗုဒ္ဓဘာသာ ဗမာလူမျိုးတွေက မျက်ကလဲ ဆံပြာ ဆန္ဒပြကြတယ်ဆိုတဲ့သတင်းကို ကြားလိုက်ရတော့ ပြည်ပရောက် ရွှေဗမာ များလဲ မနေသာ ဖြစ်ကြရပါတယ်။

မကြာခင်ကပဲ အမေရိကမှာ ဘရုတ်ကလင်တံတားကြီးရဲ့ မိုးကုတ်စက်ဝိုင်း ရှုမျှော်ခင်းကိုကာဆီးစေမဲ့ အဆောက်အဦ ဆောက်မယ်ဆိုလို့ နယူးယောက် အမေရိကန်တွေ မျက်ကလဲ ဆံပြာ ဆန္ဒပြကြတယ်လေ။ တံတားကြီးဟာ ဘာသာရေး အဆောက်အဦးလဲ မဟုတ်ပါဘူး။ မြို့ရဲ့ဂုဏ်ဆောင် ရှုခင်းသင်္ကေတတခုအဖြစ်နဲ့ ဆန္ဒပြခြင်းပါ။

သမိုင်းဝင် အဆောက်အဦဆိုရင် အဝေးကရှုမျှော်ခင်းကို မကာဆီးစေရဖူးဆိုတာ သမိုင်းပညာရှင်များသာမက၊ ဗိသုကာ ပညာ ရှင်များလဲ နားလည်ကြပေမဲ့ အာဏာရှင်များ နားမလည်ကြတာ  ခက်လှပါဘိတောင်း။

သမိုင်းဝင်အဆောက်အဦတခုရဲ့ဘေးမှာ ရေတွင်း၊ ရေကန်တူးခြင်း၊ မြေကျင်းတွေတူးခြင်းကြောင့်  မြေကြီးတုန်ခါမှုလဲ ဖြစ်စေ ပါတယ်။ မြေကြီးတုန်ခါမှုကြောင့် သမိုင်းဝင်အဆောက်အဦးတွေ ပြိုကျတတ်ပါတယ်။ ဒါကိုလဲ ဗိသုကာတွေ နားလည်ထား ပါတယ်။ အဏာရှင်တွေက နာမလည်တာလား၊ အာဏာပြတာလား မသိပါ။ ဘာပဲဖြစ်ဖြစ် ပြည်ပရောက်ဗမာတဦးကလဲ လူထုကိုယ်စား၊ ဗုဒ္ဓဘာသာလူထုကိုယ်စား ရွှေတိဂုံရှုခင်းကို ကွယ်ဆီးပြီး အဆောက်အဦတွေဆောက်မှာကို အလေး အနက် ကန့် ကွက်လိုက်ပါတယ်ခင်ဗျား။     ။

မောင်စွမ်းရည်
၂၀၁၅၊  ဇွန် ၊ ၂၉ ။

မောင်မိုးသူ - သမဂ္ဂ ၊ ဒီမိုကရေစီ နဲ့ အနီကြောက်တဲ့ရောဂါ


မောင်မိုးသူ - သမဂ္ဂ ၊ ဒီမိုကရေစီ နဲ့ အနီကြောက်တဲ့ရောဂါ
(ကုမုဒြာဂျာနယ်၊ မိုးမခ) ဇူလိုင် ၁၊ ၂၀၁၅


      ကျောင်းသားတွေကို အသင်းအဖွဲ့ထောင်ခွင့်တော့  ခြွင်းချက်နဲ့ပေးမယ်။ ဒါပေမယ့် “ သမဂ္ဂ ” ဆိုတဲ့ စာလုံးကိုတော့ မသုံးရဘူးလို့ ဆိုပါတယ်။ “ သမဂ္ဂ ” ဆိုတဲ့ စာလုံးဟာ မြန်မာစာလုံး ပါဠိစာလုံးပဲ။ သူတို့ဘာဖြစ်လို့များ ကြောက်နေပါလိမ့်။

    ဘကြီးမိုးလည်း ရှစ်လေးလုံးအရေးတော်ပုံကာလကြီးကို ပြန်လည်မြင်ယောင်လာပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနေရာဟောင်းမှာ မင်းကိုနိုင်တို့ က ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပါတယ်။ ဘကြီးမိုးတို့ စာပေနဲ့အနုပညာရှင်များထဲက မောင်သော်က ဂုဏ်ပြုမိန့်ခွန်းစကားပြောခဲ့တယ်။ နောက် ဘကြီးမိုးတို့ စာပေနဲ့ စာနယ်ဇင်းကလည်း သမဂ္ဂဖွဲ့တယ်။ ဥက္ကဋ္ဌက မောင်သော်က၊ဒုတိယဥက္ကဋ္ဌက ဦးဝင်းတင်၊ အတွင်းရေးမှူး ဘကြီးမိုးဖြစ်ပါတယ်။ထိုနည်းတူ ရုပ်ရှင်သမဂ္ဂ၊လူမှုအဖွဲ့အစည်းတွေအားလုံးက သမဂ္ဂတွေ ထူထောင်ခဲ့ကြတာကိုး ။အဲဒါကို စစ်အစိုးရက အလွန်ထိတ်လန့်တုန်လှုပ်ခဲ့ကြတယ်။ ဒါကြောင့် စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက် သမဂ္ဂတွေအားလုံးကို ဖမ်းဆီးနှိမ်နင်းပါတယ်။

    အဲသည်ကာလက ဟာသတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ သမဂ္ဂတွေ လိုက်ဖမ်းတော့ နိုင်ငံခြားသားတွေပါတဲ့ အဖွဲ့ကိုမေးတော့ သူတို့က “ ကုလသမဂ္ဂ ” ဆိုတော့ သမဂ္ဂဆိုရင်မရဘူးဆိုပြီး အရေးယူဖို့လုပ်တာ အတော်ဖြေရှင်းယူရသတဲ့။ သမဂ္ဂဆိုရင် ကြောက်တဲ့ရောဂါကိုက သည်လောက်ကြီးတာ။

    နောက်ထပ် ကြောက်တဲ့စာလုံးတစ်ခုရှိသေးတယ်။အဲသည်စာလုံးကတော့ “ ဒီမိုကရေစီ ” ဆိုတဲ့ စာလုံးပါပဲ။ဘကြီးမိုးတို့ ထောင်ထဲရောက်သွားတော့ စာဆို ဘာစာမှ မဖတ်ရဘူး။ဆေးလိပ်အစီခံကို ပတ်တဲ့ သတင်းစာအစလေးကို ဖြန့်ပြီး ဖတ်ရတာ။နောက်တော့ ပလတ်စတစ်လေးတွေပေါ်မှာ အချွန်တခုခုနဲ့ရေးပြီး ဆက်သွယ်ကြတယ်။ ဦးဝင်းတင်ရဲ့ “ ကျားရိုင်းငါတို့ ” ကဗျာဟာ အဲသည်လို ပလတ်စတစ်ပေါ်မှာ ဦးဝင်းတင်ရေးပြီး ပေးပို့တာကို ဘကြီးမိုးတို့ ဖတ်ရတာဖြစ်ပါတယ်။

    နောက်တော့ စာအုပ်စာတမ်း၊သတင်းစာတွေ ဖတ်ခွင့်မရပေမဲ့ ဘာသာရေးစာအုပ်တွေကို ဖတ်ခွင့်ရခဲ့ပါတယ်။ ဒါနဲ့ အိမ်တွေကို ဘာသာရေးစာအုပ်တွေ ပို့ပေးဖို့ မှာရတာပေါ့။အိမ်ကလည်း တတ်သလောက် မှတ်သလောက် ဘာသာရေးစာအုပ်တွေ ပို့ပေးတာပေါ့။ အဲသည်စာအုပ်တွေကို ထောင်အာဏာပိုင်တွေက စစ်ဆေးပြီးမှ ခွင့်ပြုတာကိုး။

    တစ်ခါတော့ ဘကြီးမိုးအိမ်က ဘကြီးမိုးဖတ်ဖို့ ဦးအောင်မိုးရဲ့ ဘာသာရေး စာအုပ်တစ်အုပ်ပို့လိုက်တာ စိစစ်သူတွေက ခွင့်မပြုဘူးတဲ့။ ဘာဖြစ်လို့လဲ။အဲသည် ဘာသာရေးစာအုပ်က ဒီမိုကရေစီမဂ္ဂဇင်းလား၊ ဂျာနယ်မှာလား အပတ်စဉ်ပါတာကို စုထုတ်တာဖြစ်လို့ စာအုပ်မှာ “ ဒီမိုကရေစီ ဂျာနယ် ” ဆိုတဲ့ စကားလုံးပါဆိုလား ။

    ဘာပဲပြောပြော “ ဒီမိုကရေစီ ” ဆိုတဲ့ စာလုံးလည်းပဲ အာဏာပိုင်များက တီကိုဆားနဲ့တို့လိုက်သလို တွန့်ဆုတ်တာပါပဲ။ခုပဲကြည့် ၊ဒီမိုကရေစီအစိုးရ ဖွဲ့စည်းမယ်ဆိုပြီး ရွေးကောက်ပွဲလုပ်၊ လွှတ်တော်ဖွဲ့မယ်လုပ်တော့ လွှတ်တော်ထဲမှာ ရွေးကောက်တင်မြှောက်စရာမလိုဘဲ   စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပုံသေပါရမယ်တဲ့။အံ့ရော အံ့ရော ဒီမိုကရေစီပါ။အဲသည်လို စိတ်ကြိုက် လိုရာဆွဲထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ဖို့ကို လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်းကျော်မှ  ပြင်လို့ရမယ်တဲ့။ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ထောက်ခံသူတွေရှိဦး၊ ၇၅ ရာခိုင်နှုန်း ဘယ်နှယ့်ကျော်မှာလဲ။ စစ်တပ်ကိုယ်စားလှယ်ပါဦးမှ ဖြစ်မှာကိုး။

    စစ်တပ်ကိုယ်စားလှယ်ဆိုတာလည်း ပထမစစ်အစိုးရလက်ထက်ကတည်းကပဲ အုပ်ချုပ်ရေး၊ဌာနဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးမှာ စစ်တပ်က အရာရှိတွေကို တာဝန်ပေးပြီး စီမံခန့်ခွဲမှုပြုလုပ်ခဲ့ကြလို့ အရှေ့တောင်အာရှမှာ ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းနိမ့်ကျခဲ့လို့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ် ရောက်ခဲ့တာပါ။သက်ဆိုင်ရာ နည်းပညာရပ်ကျွမ်းကျင်သူတွေလည်း နိုင်ငံရပ်ခြားထွက်ပြေးခဲ့ပြီး မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ ဦးနှောက်ယိုစီးမှု ဖြစ်ခဲ့ရတယ်။

    အားကစားမှာလည်း ကြည့်လေ၊ယခင်က အရှေ့တောင်အာရှမှာ ထိပ်ဆုံးရပ်တည်ခဲ့တဲ့ မြန်မာ့ဘောလုံးနဲ့တကွ အားကစားအားလုံးမှာလည်း မဆီမဆိုင် စစ်အာဏာပိုင်တွေက အုပ်ချုပ်စီမံပြီး အနိမ့်ဆုံးအဆင့်ကို ကျခဲ့ရတာ ဖြစ်ပါတယ်။

    ပထမစစ်အစိုးရ ၂၆ နှစ်အပြီး နောက်စစ်အစိုးရ ၂၆ နှစ်တက်ဖြစ်ပါတယ်။အဲသည်မှာ ဈေးကွက်စီးပွားရေးအတုအယောင်လုပ်ပြီး သူတို့ရဲ့ အပေါင်းပါ လက်ဝေခံခရိုနီတွေ ကြီးပွားလာပြီး ပြည်သူလူထုက ဆင်းရဲတွင်းနက်ခဲ့ပါတယ်။လယ်ယာမြေတွေကိုလည်း သီးနှံစိုက်တဲ့လုပ်ငန်းနဲ့ဘာမှမဆိုင်တဲ့ စစ်တပ်က တပ်ပိုင်အဖြစ် သိမ်းပိုက်လို့ မြန်မာလယ်ယာလုပ်သားလယ်သမား၊ယာသမားနဲ့ တိုင်းရင်းသားတွေဟာ ရွှေ့ပြောင်းလုပ်သားအဖြစ်နဲ့ နိုင်ငံရပ်ခြားမှာ ကူလီသွားလုပ်ကြရတော့တာပေါ့။

    အိမ်နီးချင်း ထိုင်းနိုင်ငံတစ်ခုတည်း မှာပဲ တရားဝင်ရော တရားမဝင်ပါ ရွှေ့ပြောင်းလုပ်သားတွေ လေးငါးသန်းရှိဆိုပဲ။သည်ထက်ဆိုးတာက အဲသည်ကတဆင့် ကျွန်အဖြစ်ရောင်းစားခံရတာတွေတောင်ရှိဆိုပဲ။

    အဲဒါရဲ့ အခြေခံကလည်း ဒီမိုကရေစီကြောက်တဲ့ရောဂါပဲခင်ဗျ။

    နောက် စစ်အစိုးရကြောက်တဲ့ရောဂါရှိသေးတယ်ခင်ဗျ။အဲဒါက “ အနီ ” ပဲ။ဘကြီးမိုးတို့ ထောင်ထဲမှာရှိစဉ်က ဘာသာရေးစာအုပ်ဖတ်ခွင့်ရတော့ နိုင်ငံရေးအကျဉ်းသားတစ်ဦးက “ ဇိနတ္တပကာသနီ ” မှာတော့ ခင်ဗျားတို့ အနီကောင်တွေက စာအုပ်တောင်မှ “ အနီ ”ပါတဲ့ စာအုပ်မှာရသလားဆိုပြီး ခွင့်မပြုခဲ့ဘူးတဲ့ခင်ဗျ။

    စစ်သားဟောင်းတစ်ဦးဖြစ်တဲ့ ဦးအောင်ကြီး (ဗိုလ်ချုပ်အောင်ကြီး )ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဖြစ်နေတဲ့ကြားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗဟိုကော်မတီဝင် ၁၃ ဦးထဲက ဘကြီးမိုးအပါအဝင် နှစ်ဦးဟာ ကွန်မြူနစ်တွေပါလို့ စွပ်စွဲခဲ့ပါတယ်။

    အခုလည်း ဘယ်နေရာက လှုပ်ရှားမှုလုပ်လုပ်၊ ကျောင်းသားမှာပဲလုပ်လုပ်၊လယ်သမား၊အလုပ်သမားမှာပဲလုပ်လုပ် သည်လူတွေဟာ သူတို့အလွန်ကြောက်တဲ့ ဒီမိုကရေစီသမားတွေ ၊ကွန်မြူနစ်အနီကောင်တွေလို့ စွပ်စွဲနေတုန်းပဲ ခင်ဗျ။

    တကယ်တော့ စစ်အစိုးရအသွင်ပြောင်း အစိုးရအဆက်ဆက်ဟာ သမဂ္ဂကြောက်ရောဂါ၊ ဒီမိုကရေစီကြောက်ရောဂါ၊ အနီကြောက်ရောဂါ ကပ်ငြိနေတာ ဖြစ်ကြောင်းပါ။

    သမဂ္ဂ၊ဒီမိုကရေစီနဲ့ အနီကြောက်တဲ့ ရောဂါနှင့်    ဘကြီးမိုးပါ။

ဘကြီးမိုး
ကုမုဒြာဂျာနယ် ၊အတွဲ ၅၊အမှတ်၉

မောင်လူရေး - မဲဂျစ်မြန်မာယီးယား


မောင်လူရေး - မဲဂျစ်မြန်မာယီးယား
(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၅


ရန်ကုန်လေဆိပ်တွင် ဒေးဗစ်ကော့ပါဖီးခေါင်းဆောင်သော မျက်လှည့်ဆရာများနှင့် ကြက်ပျံမကျ စည်ကားနေပေသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယျာဉ်များသည် မိုးရွာပြီးစ ပုစဉ်းများထွက်လာသည့်အလား မိနစ်နှင့်အမျှ အဆင်းအတက်လုပ်နေကြလေ၏။ ရန်ကုန် လေဆိပ်တွင်မဆင်းသာသဖြင့် ဒိုင်နမိုခေါင်းဆောင်သောမျက်လှည်းသမားအချို့သည် တံတားဦး လေဆိပ်ဖက်သို့ ဆင်းသက်ရချေသည်။ အရင်က တစ္တေချောက်မှာ ကြောက်နေ ရသည့် တံတားဦးလေဆိပ်တွင်လည်း လေယျာဉ်အဆင်းအတက်များလွန်းလှ၍ ခရီးသည်ကြို ကားတန်းကြီးသည် တံတားဦးလေဆိပ်မှသည် မန္တလေးမြို့ဝင်ထိ လိမ့်ရုံသာလိမ့်၍ သွားနေရပေသည်။

တခြားနာမည်ကျော် မျက်လှည့်အကျော်အမော်များနှင့် နေပြည်တော်လေဆိပ်လည်း  ခြေချစရာမရှိ လောက်အောင်ဖြစ်နေသည်။ တချို့လည်း ဟဲဟိုး၊ တချို့လည်းကျိုင်းတုံ တာချီလိတ်၊ တချို့လည်း မြစ်ကြီးနားလေဆိပ်ထိ မြန်မာပြည်၏လေယျဉ်ဆင်းလို့ရသမျှနေရာတိုင်းတွင် ဆင်းနေကြပေတော့သည်။ ယခုအခါ မြန်မာနိုင်ငံတော်အစိုးရသည် ပဲခူးအပြည်ပြည် ဆိုင်ရာလေဆိပ်ကြီးကို အားချင်းဆောက်၍ နေရပြီး မြို့တိုင်း မြို့တိုင်းတွင် လေဆိပ်သစ် စီမံကိန်းများရေးဆွဲနေရပေသည်။

Greatest Famous Magicians များ၊ The Best Magicians Got Talent များ၊ America’s Got Talent များ၊ Britain’s Got Talentများ၊ Worldwide Got Talent များမှစ၍ မျက်လှည့် Beginnersလေးများထိ သူ့ထက်ငါ အလုအယက် ဝင်လာနေကြဆဲဖြစ်သည်။ အာဖရိက အမေရိက အာရှတို့မှ မှော်စရာမျိုးစုံလည်း အသွင် သဏ္ဍာန်မျိုးစုံဖြင့် ဝင်ရောက်လာနေကြသည်။ ဓာတ်ဆရာ နတ်ဆရာများလည်း ကျိတ်ကျိတ်တိုး၊ စုန်းကဝေ ပယောဂဆရာ အကုန်လာနေကြပြီ။ တချို့လည်း လေယဉ်လက်မှတ်ခက်ခဲသဖြင့် သင်္ဘောကြီးများ၊ သင်္ဘော လေးများနှင့် သက်စွန့်ဆံဖျား လာရောက်ကြရာ ဆိပ်ကမ်းများတွင်လည်း လူများ ကားများ ခွေးများ ဖွေးဖွေးလှုပ်နေပေပြီ။

တကမ္ဘာလုံးတွင်ရှိသောမျက်လှည့်၊ လက်လှည့်၊ စုန်း၊ ကဝေ၊ မှော်၊ ပယောဂမှန်သမျှ တဖွဲဖွဲ ဝင်ရောက်လာကြရာ ဒီရက်ပိုင်းမှာပင် လဝကသည် ဝန်ထမ်းသစ်ပေါင်း ငါးသောင်း ခေါ်ယူ သည်။ ၂၄ နာရီ အိုးပင်း မိုးလင်းမိုးချုပ် သုံးဆိုင်းခွဲ၍ လုပ်နေရပေသည်။  ဆိုက်ရောက်ဗီဇာကို လေဆိပ်၊ သင်္ဘောဆိပ်တိုင်းမှာ ရုံးဖွင့်ပြီး အရေးပေါ်ဆောင်ရွက်ပေးနေရသည်။ ယခင် ဘွဲ့ရအလုပ်လက်မဲ့များသည် ဘွဲ့လက်မှတ်မိတ္တူတကိုင်ကိုင်ဖြင့် လဝကရုံးသို့ အလုပ်သွား လျှောက်နေကြသည်။ မိတ္တူဆိုင်များလည်း မနားရချေ။ ရဲများ ရက်ကွက်လူကြီးများလည်း ဘောပင်ထိပ်ဖျား မီးပွားပွင့်မျှ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာရေးပေးနေရသဖြင့် အရင့်အရင် အမြင်ကတ်သမျှ အဆင်အပြတ်လှနေကြပေပြီ။

ဟော်တယ်များမှလည်း မနားတမ်းအလုပ်ခေါ်နေကြသည်။ အိမ်ကြီးအိမ်ကောင်းမှန်သမျှရော၊ နဲနဲသတ်သတ် ရပ်ရပ်အိမ်ဆိုလျှင်ပင် အရေးပေါ်အခန်းဖွဲ့၍ တည်းခိုခန်းလုပ်နေကြသည်။ လက်သမား ပန်းရံများလည်း မနားကြရ၊ နေ့စားငါးသောင်းပေးသည်ကိုပင် လုပ်သားက ရှားပါးနေသည်။ ဟော်တယ်လုပ်ငန်းရှင်များလည်း ပျော်တပြုံးပြုံး၊ နိုင်ငံတကာက ဟော်တယ်လုပ်ငန်းရင်းနှီးမြုပ်နှံချင်သူများလည်း ချေချင်းလိမ်နေကြသည်။ မြန်မာမြေရေလေသည် ကမ္ဘာ့ဈေးအကြီးဆုံးအဆင့်သို့ နေ့ချင်းညချင်း ရောက်ရှိသွားပေတော့သည်။

မြန်မာတပြည်လုံးကို တကမ္ဘာလုံးက လူတွေ လှိမ့်ဝင်လာတော့မည်ဆိုသည်ကို လူတိုင်းသိနေကြရကား အလုပ်အကိုင်အခွင့်အလမ်းများပြားလွန်းပြီး ဘယ်အလုပ်ရွေးရမှန်းပင် မသိတော့လောက်အောင်ဖြစ်နေ၍ လုပ်ငန်းအတိုင်ပင်ခံဌာနများလည်း တောရောမြို့ပါ မှိုပေါက်နေလေတော့သည်။ INGOမှ ဆရာတော်တော် များများ ယင်းအလုပ်အကိုင်ဘက်သို့ ပြောင်းရွှေ့ကုန်ကြသည်။ ပြည်ပမှ အလုပ်အကိုင်လိုချင်သူများ ခိုးဝင် လာမည့်အရေးကလည်း စိတ်မအေးဖွယ်ရာပင်။ မလေး ထိုင်း စင်ကာပူတို့သို့သွားရောက်အလုပ် လုပ်နေ ကြသော မြန်မာပြည်သားများလည်း အထက်လမ်းအောက်လမ်း၊ ရေလမ်းမြေလမ်းလေလမ်း ရသမျှလမ်းများမှ တသောသောပြန်လည်ဝင်ရောက်လာကြရာ သန်းကောင်စရင်းပင် အသစ်ပြန်လည်ကောက်ရမည့်ကိန်း ဆိုက် နေပေပြီ။ စင်ကာပူနိုင်ငံဆိုလျှင် သူ့အနာဂတ်အရေး စိတ်မအေးဖွယ်ဖြစ်နေရာ မြန်မာများဆိုလျှင် အမြဲ နေထိုင်ခွင့်ကို ချက်ချင်းပေးပါမည်ဟု မက်လုံးပြ၍ ထိန်းနေလင့်ကစား မြန်မာများ အလုပ်ထွက်ကာ ပြန်တော် ပြန်ကုန်သဖြင့် ပညတ်သွားရာ ဓာတ်သက်ပါဆိုသည့်အတိုင်း ယခုအခါ စင်ကာပူမှာ စီးပွားရေး ပူနေရလေပြီ။ မလေးရှားစီးပွားရေးလည်း လေး၍ရှားကာ ထိုင်းစီးပွားရေးသည် ထိုင်းပေပြီ။ မြန်မာအိမ်ဖော်ခေတ်လည်း ရပ်တန့်သွားတော့သည်။

မြန်မာအသံ FM စကိုင်းနက် စကိုင်းနီ စကိုင်းပြာ အသံလွှင့်ဌာနများစွာလည်း ဝင်လာသမျှ မျက်လှည့် သမားတွေနှင့်ပတ်သက်ပြီး ၂၄နာရီ တိုက်ရိုက်ထုတ်လွှင့်ပေးနေကြသည်။ တပြိုင်နက်တည်းမှာပင် အလုပ်ခေါ် ကြော်ညာများလည်း တလစပ်ထုတ်လွှင့်ပေးနေရလေသည်။ ဧည့်ကြိုအလုပ်ကိုပင် တနေ့လုပ်အားခ စရိတ်ငြိမ်း လေးသောင်းခွဲပေးနေရရာ အထည်ချုပ်လုပ်ငန်းအားလုံး ရပ်ဆိုင်းကုန်သည်။ စက်မှုဇုန်များလည်း ကျီးနှင့် ဖုတ်ဖုတ်ပင်။ ယခင်လို လက်ဖက်ရည်ဆိုင် အရက်ဆိုင် ဘီယာဆိုင်များတွင် ကြာကြာထိုင်သူ မရှိသလောက် ဖြစ်လာသည်။ ကျားထိုး ချက်ထိုးများလည်း မမြင်ရတော့။ သန်းတုတ် သန်းရှာ ရောက်တတ်ရာရာ ပြောနေကြသော မိန်းမသားများကိုလည်း မတွေ့ကြရတော့။ တောရော မြို့ပါ ကမ္ဘာ့ငွေကြေးမျိုးစုံ ကိုင်တွယ် အသုံးချနေကြပေပြီ။

ဒီသတင်းတပတ်သာ Magic လောကကြီးအတွက် ခွင့်ပြုထားသဖြင့် သူ့ထက်ငါ အလုအယက်လာနေကြခြင်း ဖြစ်သည်။ ရောက်သည်နှင့်တပြိုင်နက်တည်းခိုစရာရှာ၊ ယဉ်ရှာ၍ နေပြည်တော်သို့ ခရီးဆက်ကြသည်။ တချိန်က မည်သူမျှသွားလာမည့်သူမရှိသော နေပြည်တော်လမ်းမကြီးများကား လူများ၊ ကားများ၊ ခွေးများနှင့် ဖွေးဖွေး လှုပ်ကာ ရန်ကုန် နေပြည်တော်အဝေးပြေးလမ်းတလျှောက် ရောင်စုံtent များ၊ လမ်းဘေးဈေးဆိုင်များဖြင့် ရှုတ်ယှက်ခတ်နေတော့သည်။

သူတို့အားလုံး၏ဦးတည်ရာကား နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းကြီးဆီသို့တည်း။

ယင်းကစားကွင်းကြီး၏ဝင်ပေါက်တည့်တည့်တွင် အလွန်တရာခမ်းနားကြီးကျယ် အံ့ဖွယ်အထူးထူးတို့ဖြင့် ဆင်ယင်ထားသော စဉ်တော်မဟာကြီးရှိလေသည်။ လေးဘက်လေးတန်ထိုင်ခုံများတွင်ရော ကွင်းအတွင်းမှာပါ အလယ်စကြံလမ်းမကြီးမှတပါး လူတွေပြည့်နှက်နေကြလေပြီ။ အပြင်ဘက်ကွင်းကျယ်ကြီးများတွင်လည်း LED ချပ်ကြီးများတပ်ဆင်ပေးထားသဖြင့် လူတွေ လှုပ်လှုပ်ရွရွနှင့် ကြက်ပျံမကျပေ။

ရောက်လာသမျှသော မျက်လှည့်ပညာရှင်ကြီးများသည် ဝတ်ပုံစားပုံ အသားရောင် အသွင်အပြင်မျိုးစုံကွဲပြား လှသော်လည်း သူတို့၏ ရထားကြီးဖျောက်ပြခြင်း၊ လူကို အပိုင်းပိုင်းခုတ်ထစ်ပြခြင်း၊ လူအစိတ်အပိုင်းများ ဖျောက်ပြခြင်း၊ ရေပေါ်လမ်းလျှောက်ပြခြင်း၊ ကျိုးကြေနေသည့်သူများ၊ မလှုပ်မရှားနိုင်သူများကို ချက်ချင်း လမ်းထလျှောက်အောင်ကုသခြင်းစသည့်ကမ္ဘာကျော်ပြကွက်များဖြင့် ဂုဏ်ယူဝင့်ကြားခဲ့ကြသော အသွင်အပြင် များ လုံးဝပျောက်ကွယ်နေကြသည်မှာတော့ တူညီလှပေသည်။ အုံဖွဆရာများလည်း ထိုနည်းတူ။ ပယောဂ ဆရာများ၊ မှော် ကဝေ စုန်း အကုန်လုံး ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးနေဟန်မှာ တပုံတည်းသာ ဖြစ်ချေ တော့သည်။ လူများဤမျှသိန်းချီရှိနေသော်ငြားလည်း စကားပြောသံစသည့် မည်သည့်အသံတစုံတရာမျှ မပြုကြဘဲ စိတ်လှုပ်ရှားခြင်းကြီးစွာ စောင့်စားနေကြပေသည်။

နားကွဲလုမတတ်သောမောင်းသံကြီးများအဆုံးတွင် မြန်မာ့ကျက်သရေဆောင် လွှတ်တော်ဥက္ကဌကြီးနှစ်ပါး ဖြစ်သော ဦးရွှေမန်းသည် ရွှေကျိုင်းတံကြီး၊ ဦးခင်အောင်မြင့်သည် ကျောက်စိမ်းကျိုင်းတံကြီးကို ထမ်းလျှက် ရင်ကော့ခေါင်းမော့ကာ ခြေလှမ်းမှန်မှန်ဖြင့် ဝင်ရောက်လာပေပြီ။ ဘောလုံးကွင်းကြီးတခုလုံး အပ်ကျသံပင် မကြားရတော့ချေ။ ကွင်းအပြင်လမ်းများတွင် ဧရာမLEDကြီးများရှေ့ ရောက်နေကြသည့်နေရာမရသူများလည်း တုပ်တုပ်မျှမလှုပ်ကြ။ တစုံတယောက်က အချက်ပြလိုက်သည့်အလား ကွင်းတွင်းကွင်းပြင်ရှိနိုင်ငံတကာမှ ရောက်ရှိလာသူအားလုံးသည် လက်အုပ်ချီကာ မတ်တတ်ရပ်လိုက်ကြသည်။ ထို့နောက် တညီတညာတည်း ဒူးတဖက်ထောက်၍ လက်တဖက်ကိုဆုပ်ကာ ရင်မှာအပ်ပြီး ကျန်တဖက်ကို လက်ဖြန့်ဆန့်တန်းလိုက်ကြသည်။

ထိုအချိန်တွင် စည်တော်သံထွက်ပေါ်လာပြီးလျှင် မျက်လှည့်ပညာရှင်အားလုံးတို့၏မဟာအဓိပတိ၊ ပယောဂ မှော်ဆရာအားလုံးတို့၏အဘိရာဇာ့ရာဇာ၊ စုန်း ကဝေ ပျောက်စေတို့၏မဟာသခင့်သခင် ဂမ္ဘီရအားလုံးတို့၏ ဘုရင့်ဘုရင် ရွှေးကောက်ပွဲကော်မရှင်ဥက္ကဌကြီးဦးတင်အေးသည် ဘယ်ဘက်တွင် သမတဦးသိန်းစိန်၊ ညာဘက် တွင် ကာချုပ်မင်းအောင်လှိုင်တို့ကိုခြံရံလျက် ဣနြေ္ဒသိက္ခာပြည့်လွန်းစွာ ကြွချီဝင်ရောက်လာပါသည်။ စည်တော် သံဆုံးလျှင် အားလုံးသောပရိသတ်တို့သည် နေမြဲပြောလိုက်သည့်အလား ညီညာဖျဖျ ပြန်လည်ထိုင်ချလိုက် ကြသည်။

ယင်းအခမ်းအနားတော်ကြီးကို တကမ္ဘာလုံးက တိုက်ရိုက်ကြည့်ရှုနေကြရာ တကမ္ဘာလုံးပင် တိတ်ဆိတ် ငြိမ်သက်နေသည်ဟု ပြောနိုင်ပေသည်။ တကမ္ဘာလုံးသည် ခေတ်အဆက်ဆက်က သေဆုံးသွားကြသူ ပညာရှင် ကြီးများကို မျက်ဝါးထင်ထင်မြင်ကြရတော့မည်မို့ ယင်းတို့၏ စိတ်လှုပ်ရှားမှုများကို ဖော်ပြရန် စကားလုံးပင် မရှိချေ။ ဘယ်သူမှ မျက်တောင်မခတ်ကြ။

သခင်အရှင်ဘုရင်ကြီးဦးတင်အေး၏ရှေ့တွင် လက်တော့ကွန်ပြူတာတလုံးရှိသည်။ ယင်းကွန်ပြူတာ၏ အရောင် အဆင်းသည် အမျိုးအမည်ဖော်ပြရန်ခက်ခဲလှပေသည်။ မိုက်ကရိုဆော့နှင့် အက်ပဲကုမ္ပဏီတို့ဦးဆောင်ကာ ကွန်ပြူတာပညာရှင်များက တလုံးတည်းသီးသန့်ထုတ်လုပ်ထားသော ကွန်ပြူတာဖြစ်ပေသည်။ သခင်အရှင် ဘုရင်ကြီးဦးတင်အေး ကွန်ပြူတာဖွင့်လိုက်ချိန်တွင် တကမ္ဘာလုံးအသက်မရှူကြတော့ဘဲ နေလိုက်ကြဟန် တူသည်။ လောကကြီးတခုလုံး ချောက်ချားဘွယ်တိတ်ဆိတ်သွားလေတော့သည်။

Enter တချက်ခေါက်သံဖွဖွ ကြားလိုက်ရပြီးသည်နှင့်တပြိုင်နက် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းကောင်းကင်ယံတွင် ဘာသာစကားမျိုးစုံအသံများ ဆူညံစွာပေါ်ထွက်လာပြီနောက် ခေတ်အဆက်ဆက်ကကွယ်လွန်သွားကြရှာသော ကမ္ဘာ့နေရာအသီးသီးမှ မျက်လှည့်ဆရာဟောင်းကြီးများ၊ လက်လှည့်ဆရာဟောင်းကြီးများ၊ မှော်ဆရာများ၊ ကဝေများ၊ စုန်းများ၊ ပယောဂဆရာများ၊ ဆာဒူးကြီးများ တဝေါဝေါနဲ့ ငလျင်တောလဲသံကြီးများ မြည်ဟည်း ထစ်ချုန်းပြီး အဆက်မပြတ် ရောက်ရှိလာကြရာ တကွင်းလုံး ထိန်းမရ သိမ်းမရ အလူးလူး အမူးမူး အရူးရူး ဖြစ်ကုန်ကြတော့သည်။ ငိုကြ ယိုကြ အော်ကြ ဟစ်ကြ နှင့် ကမ္ဘာပျက်သည့်အလားပင်။ တိုက်ရိုက်လွှင့်ထုတ် အစီအစဉ်ကို ကြည့်နေကြသော ကမ္ဘာသူကမ္ဘာသားအားလုံးလည်း ထို့အတူပင်။ မြန်မာပြည်ဝင်ခွင့်ရရေးတွေပါ တောင်းဆိုအော်ဟစ်နေကြလေတော့သည်။

ယခုအခါတွင် မြန်မာစစ်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအမြန်ဆုံး ဆွေးနွေးကာ ဖက်ဒရယ်ပြည်ထောင်စုကြီးကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသွားပေပြီ။ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး သမတကြီးဖြစ်စေချင်သည့် လက်နက်များစွန့်ပြီး လက်တော့တလုံးစီ ကိုင်နေကြရပေပြီ။ ကမ္ဘာသူကမ္ဘာသားအားလုံးက သေဆုံးသွားသော ဘိုးဘွားဘီဘင်များ၊ ဆွေမျိုးမိဘများ၊ ညီအစ်ကိုမောင်နှမများ၊ မိတ်ဆွေသူငယ်ချင်းများ၊ ချစ်သူများ၊ သားမယားများ၊ ကျေးဇူးရှင်ကြီးများကို အရှင် လတ်လတ် မြင်လိုတွေ့လိုကြသူချည်း ဖြစ်နေသည်။ ယခု မျက်လှည့်ဆရာများကတော့ ပညာရပ်ဆိုင်ရာ နှီးနှယ်သူများဖြစ်သည့်အလျောက် အထူးဦးစားပေးအစီအစဉ်ဖြင့် ပထမဆုံးဝင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ နောက်ရက်များတွင် ၁၉၀၀ခုနှစ်၊ ဇန္နဝါရီ ၁ ရက်နေ့မှာ သေဆုံးသွားသူများမှစ၍ ၂၀၁၅ထိ အစဉ်လိုက် ပြသတော့မည်ဖြစ်ရာ သေဆုံးသူများစရင်း၊ ယင်းသေဆုံးသူများနှင့် သက်ဆိုင်သူများစရင်းကို နိုင်ငံအလိုက် စိစစ်သည့်လုပ်ငန်းများစသည့် လုပ်ငန်းကိုင်ငန်းပေါင်းမရေမတွက်နိုင်ကို အမျိုးသားရေးတာဝန်ထက်ကြီးသော လူသားရေးတာဝန်အဖြစ်နှင့် ဝိုင်းဝန်းလုပ်ဆောင်နေကြရပေသည်။

အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း စစ်အစိုးရလက်ထက်က ဓာတ်ငွေ့ရောင်း ချမိထားသော၊ လျှပ်စစ်ဓာတ်အားရောင်းချထားမိသောတရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် ချုပ်ဆိုခဲ့ သည့်စာချုပ်များ ပြန်လည်ဖျက်သိမ်းဖို့နှင့် ဖြစ်နိုင်ပါက ယင်းတို့နိုင်ငံများမှထွက်သော လျှပ်စစ်ဓာတ်အားများပင် ပြန်လည်ရောင်းချပေးဖို့ အကျေအလည်ဆွေးနွေးနေရပေသည်။ တကမ္ဘာလုံးက လူများလှိမ့်ဝင်လာတော့မည် ဖြစ်သည့်အတွက်ကြောင့်လည်းကောင်း၊ လုပ်ငန်းအားလုံး အီးစနစ်များသာဖြစ်တော့သည်ကတကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ မနားတမ်းလုပ်နေရသည်ကတကြောင်းစသည်ဖြင့် အကြောင်းပေါင်းမြောက်မြား စွာအတွက် လျှပ်စစ်လိုအပ်ချက်မှာ ခန့်မှန်းရပင် ခက်နေပေတော့သည်။ ရေအား လေအား နေအားလျှပ်စစ်များ ရသမျှ ထုတ်ယူဖို့အပြင် ကမ္ဘာသူကမ္ဘာသားအားလုံး အတွက် ဤသေဆုံးပြန်မြင် မျက်လှည့်တော်တင်ဆက် မှုကြီး အဆင်ပြေပြေတင်ဆက်နိုင်ရေး ပြည်ပပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ဆောင်ရွက်နေရသည့်တာဝန် များကိုပါ ယူထားရလေသည်။

ယခုအခါတွင် ကမ္ဘာကြီးသည် လုံးဝပြောင်းလဲသွားပေသည်။ ဂလိုဘယ်လိုက်ဇေးရှင်းကြီးသည် လုံးဝအပြီးပြတ် ပေါ်ပေါက်လာတော့မည်။ ကမ္ဘာကြီးသည် တကယ်ပင် ရွာကြီးတရွာဖြစ်သွားတော့မည်။ ကမ္ဘာ့နယ်ပယ် အသီး သီးက ခေါင်းဆောင်များသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ အလတ်စားခေါင်းဆောင်အဆင့်ရှိသူ အရှင်သခင်ဘုရင် ကြီးဦးတင်အေး၏ သေဆုံးပြန်မြင် မျက်လှည့်တင်ဆက်မှုကို မျက်ဝါးထင်ထင်မြင်ခဲ့ကြသည့်နောက် ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ၏ မဟာနာယကကြီးတပါးဖြစ်တော်မူသောဦးအောင်သောင်း၏ သူတို့ပါတီဝင်များသည် သမတ ထက်ကြီးသောရာထူးကိုပင် အုပ်ချုပ်နိုင်ကြောင်း မိန့်ဆိုထားသော စကားကို အကြွင်းမဲ့ယုံကြည်နေကြပေသည်။ သို့ဖြစ်ရာ ကုလသမဂ္ဂအဖွဲ့ကြီး၊ နေတိုးအဖွဲ့ကြီး၊ အီးယူသမဂ္ဂအဖွဲ့ကြီးစသည့်အဖွဲ့ကြီးများကို ဖျက်သိမ်းဖို့ပင် ဆွေးနွေးဆုံးဖြတ်ပြီးကြလေပြီ။ တကမ္ဘာလုံးကို တရုံးတည်းအုပ်ချုပ်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များလက် အပ်ပေ တော့မည်။ ဘာသာစကားအခက်အခဲအတွက် လောလောဆယ် ဂူဂယ်ထရန်စလိတ်တာက ကူညီဖြေရှင်း ပေးပါမည်။ မကြာခင်မှာ မြန်မာဘာသာစကားကို ကမ္ဘာသုံးဘာသာစကားအဖြစ် ပြောင်းလဲပြဌာန်းဖို့လည်း သဘောတူပြီးကြပေပြီ။ ယခုအခါ IS အဖွဲ့ပင်  ယင်းတို့သတ်လိုက်သည့်သူများကို အချိန်မရွေး ပြန်လည် မြင်တွေ့နေရသည့်အတွက် ဆက်လက်သတ်လည်း အကျိုးမရှိသည့်အတူတူ လက်နက်စွန့်သွားကြပြီး ဂလိုဘယ်ဗစ်လိပ်ဂါအဖြစ် ခံယူကြတော့မည်။

၂၀၁၅ ခုနှစ်ကို Magic Myanmar Year အဖြစ်သတ်မှတ်လိုက်ကြပြီး ဂျူလိုင် ၁ ရက်နေ့မှစ၍ ဤနှစ်၏ ကျန်ရက်များတွင် မည်သည့်ဖုန်း မည်သည့်ကွန်ပြူတာကိုဖွင့်စေ၊ ဖွင့်လိုက်သည်နှင့် ရွှေတိဂုံ၊ ပုဂံ၊ ဧရာဝတီ၊ အင်းလေးစသောမြန်မာ့ရေမြေနောက်ခံတခုခုနှင့် Magic Myanmar Year စာတမ်းပါပုံများကိုသာ မြင်တွေ့ နိုင်ရန် တကမ္ဘာလုံးက ဂုဏ်ပြုစီစဉ်ထားပါကြောင်း။

မောင်လူရေး

ကာတွန်း ဘီရုမာ - ဂိုးဖမ်းကောင်းတဲ့ ဒို့ ဗိုလ်တွေပါ ...

 ကာတွန်း ဘီရုမာ - ဂိုးဖမ်းကောင်းတဲ့ ဒို့ ဗိုလ်တွေပါ ...
(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၅

ကိုသန်းလွင် - တရုတ်တို့၏သိပ္ပံ

Image may be NSFW.
Clik here to view.
en.cae.cnThe 16th Congress of the Chinese Academy of Sciences (CAS) and the 11th Congress

ကိုသန်းလွင် - တရုတ်တို့၏သိပ္ပံ
(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၅

(၁)
ကွန်မြူနစ်စံနစ် အစိုးရအုပ်ချုပ်သည့် ကာလတလျောက်လုံး တရုတ်ပြည်၏ သိပ္ပံဆိုင်ရာတိုးတက်ဖွံဖြိုးမှု့ကို တရုတ်သိပ္ပံ အကယ်ဒမီ (CAS: The Chinese Academy of Science) ကတာဝန်ယူခဲ့သည်။ ယခု ထိုအဖွဲ့အစည်းတွင် အပြောင်းအလဲတွေကို စတင် တွေ့မြင်နေရပါပြီ။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကြောင့် ရံပုံငွေ တောင့်တင်းလာသောအစိုးရ က သိပ္ပံဆိုင်ရာ အသုံးစားရိပ်ကို လိုသည်ထက် ပိုလျံစွာချပေးနေသည်၊ 
ထိုရံပုံငွေများကျေးဇူးကြောင့် ၂၀၁၀  မှ ၂၀၁၄ အတွင်းတရုတ်ပြည်၏ သိပံ္ပဆိုင်ရာ တိုးတက်မျှုများကို များစွာ တွေ့လာရသည်၊ အစိုးရက တရုတ် တို့၏ သိပံ္ပပညာသည် ကမ္ဘာ့အဆင့်အတန်းမှီစေရမည်၊ ထိပ်တန်းရောက် ရမည်ဟူသော မူဝါဒ ကိုချပေးပြီးပါပြီ၊

အကောင်းမြင်သူတို့က တရုတ်တို့သည် Neurosciencs နှင့် Particle Physics တို့တွင် ကမ္ဘာကြီး၏ ခေါင်းဆောင်ဖြစ် တော့မည်ပာုဆိုကြသည်၊ တချို့ကလည်း တရုတ်ပြည်လိုနိုင်ငံတွင် စီ၊အေ၊အက်(စ)ကဲ့ သို့သော ဧရာမ ကြီးမားသေည့် အဖွဲ့အစည်းကြီးရှိရန် မလိုပါပာုလည်း ဝေဖန်ကြသည်။

တရုတ်သိပ္ပံ အကယ်ဒမီ ရုံးချုပ်မှာ ပီကင်းတွင်ရှိပြီး ၀န်ထမ်းပေါင်း ၆ သောင်းကျော်ရှိသည်၊ သုတေသန  ဌာနကြီး ၁၀၄ ခုရှိပြီး ဘတ်ဂျက်မှာ တရုပ်ယွန်ငွေ ၄၂ ဘီလီယမ် ချပေးထားသည် (US 6.8 billion)၊ ထိုငွေ၏ တ၀က်မှာ အစိုးရဆီမှလာပြီး  ကျန်တ၀က်မှာ သုတေသနလုပ်ငန်းများ အတွက်အစိုးရက ချပေးသော Grant နှင့် ပြည်ပကုမ္ပဏီ ကြီးများ၏ ထောက်ပံ့မူမှလာသည်၊ ဤငွေတို့ဖြင့် အကယ်ဒမီ၏ ရာဇ၀င်တွင် အကြီးမားဆုံး ပြုပြင်ပြောင်းလဲမှု များကိုတွေ့မြင်စပြုလာကြသည်။

၂၀၁၃ ခုနှစ်က သမ္မတ စီဂျင်းပင်း မှ တရုတ်တို့၏ သိပံ္ပပညာ တတ်ကျွမ်းနားလည်မှုတွင် ကမ္ဘာထိပ်တန်း နိုင်ငံဖြစ်အောင် ကြိုးစားပါ ဟူသောတိုက်တွန်းချက်ထွက်ပေါ်လာသည်၊ သိပံ္ပသုတေသန လုပ်ငန်းများအတွက် ချပေးလိုက်သောဘတ်ဂျက်မှာ အမေရိကန်မှ လွဲလျင် ကမ္ဘာတွင် အများဆုံးဖြစ်သည်၊ ရင်းနှီးမြုပ်နှံသမျှ ထိုက်တန်အောင် အကျိုးသက်ရောက်မှုများကို မမြင်ရသေးသည်မှာလည်း အမှန်ပင်ဖြစ်သည်၊ ရံပုံငွေကို သုတေသန လုပ်သူစစ်စစ် တို့၏ လက်ထဲရောက်အောင်ထည့်ပေးရန်မှာ အခက်အခဲ တွေရှိနေသည်၊ သိပ္ပံပညာရှင်များ ကိုယ်တိုင်မှာလည်း ဂရန့် ငွေကို တဦးတည်း ရရန်အတွက် မိမိသုတေသန လုပ်ငန်းများကို အခြားလူတွေနှင့် ပူးပေါင်းလုပ်ရန်ဝန်လေး နေတတ်ကြပါသည်၊ 

၂၀၁၂ ခုနှစ်က တက္ကသိုလ် နှင့် သုတေသန ဌာနကြီး များမှသုတေသန ပရောဂျက်များ မှာ တခုနှင့် တခု ဆင်တူနေသည်ကို တွေ့ကြရသည်၊ အလုပ် ပရောဂျက်မှာ ဆင်တူလုပ်နေကြပြီး တဦးနှင့်တဦး မသိကြရခြင်းမှာ ရံပုံငွေ ဖြုန်းတီးမှု ဖြစ်သလို များစွာသော အခွင့်အလန်းများလည်းဆုံးရှုံးကုန်ကြရသည်၊ ယေဘူယျအားဖြင့် ပညာရှင်ကြီးများမှာ မိမိတို့၏ သုတေသန လုပ်ငန်းများ အကြောင်း ထင်ထင်ပေါ်ပေါ် ဆွေနွေးလိုစိတ် မရှိကြပေ။

ယခုအခါ ပေါ်လစီ ချမှတ်ပေးသူများက သုတေသန လုပ်ငန်းများကို ကဏ္ဍ ၄ ခုခွဲပြီး သုတေသန လုပ်ငန်း အသီးသီး ကို စည်းကမ်းတကျ ဖြစ်အောင် ကျိုးစားနေကြပါသည်၊ နေရာဌာနလိုက်၍ ခံစားခွင့်များကွဲပြား နေသောကြောင့် သုတေသန လုပ်ငန်းအတွက် Grant ရငွေ ကိုမိမိလစာ ၀င်ငွေ၏ ၃၀%  ထက်မပိုအောင် ကန့်သန့်ထားပါသည်၊ ဘယ်သူတွေ ဘယ်လောက်ရသည်ဆိုခြင်းထက်Team Work သည်သာ အရေးကြီးဆုံး ဖြစ်သည်ဟု ဆော်သြနေပါသည်။

ပဌမဆုံးရည်ရွယ်ချက်မှာ အခြေခံ သိပ္ပံ ဘာသာရပ် (Basic Science) ကိုခိုင်ခိုင်မာမာတည်ဆောက်ရန်ဖြစ် သည်၊  ပဌမ ဆုံး သိပ္ပံပညာရှင် ၄၀ နှင့် သုသေသန ဌာနကြီး ၁၂ ခုတို့ကို စုစည်းပြီး ဦးဏေုာက်နှင့် ပါတ်သက်၍ (Brain Science) ကို သုတေသန လုပ်ကြမည် ဖြစ်သည်၊ တချိန်တွင် (transgenic monkey) မျောက်တို့၏ ဗီဇကို ပြုပြင်ဖန်တီးပြီး ရောဂါခံနိုင်အားကို  သုတေသန လုပ်ကြရန်ဖြစ်သည်။ ဤ အခြေခံ သိပ္ပံ အဖွဲ့မှာပင် တိဗက်ကုန်းမြေမြင့်၏ ဆိုက်စမစ် ဆိုင်ရာဒေတာများကို ခွဲခြမ်းစိတ်ဖြာ လေ့လာရေး ဌာနတခု ဖွင့်လှစ်ရန် ရှိသည်၊ အမှုန်ဆိုင်ရာ သုတေသနလုပ်ငန်းများ (Particle Physics) တွင်သိုရီယမ် သတ္တုကို အခြေခံသည့် ရီအက်တာ သုတေသန၊ ကွမ်တန် သဘောတရားကို လေ့လာကြရမည်ဖြစ်သည်၊ 

တရုတ်သုတေသန စီမံကိန်း၏ ဒုတိယ အပိုင်းမှာ ဂြိုလ်တုလွှတ်တင်ခြင်း၊ သမုဒ္ဒရာ အတွင်းရှိ ဒေတာ စုဆောင်း ရေး ပညာနှင့် ဆေးအသစ်ထုတ်လုပ်ရေး (Drug Development) တို့ ပါဝင်သည်။

တတိယ နယ်ပယ်မှာ ဆိုင်ကလိုထရွန် စက်ကြီးများနှင့် ပရိုတင်းလေ့လာရေး သုတေသန လုပ်ငန်းပင်ဖြစ်သည်။

စတုတ္တ နယ်ပယ်မှာ သဘာဝဘေးဒဏ် ကာကွယ်ရေး အတွက် ကြိုတင် ပြင်ဆင် အသင့် ရှိစေရန် ဒီဇိုင်း မိုဒယ် အမျိုးမျိုး တို့ဖြင့် သုတေသန ပြုပြင်ရေးပင် ဖြစ်သည်၊ ချန်ဒူး တွင် Institute of Mountain Hazards and Environment ရှိသည်၊ သဘာဝ ဘေး အန္တရာယ် အမျိုးမျိုး တို့ဖြစ်ပေါ်ပုံ ကယ်ဆယ်ရေး လုပ်ငန်းအ၀၀ ကိုလေ့လာ ကြရန်ရည်ရွယ်သည်။

တရုတ်အကယ်ဒမီ အနေဖြင့် ငယ်ရွယ်သော သုတေသန လုပ်သား ပညာရှင်မြောက်များစွာ တို့ကို ခန့်ထားပြီးဖြစ်ရာ ထိုလူငယ်များကို ဦးဆောင်မှုပေးရန် စေ့စေ့ငုငု ပရောဂျက်ပေး ခိုင်းစေနိုင်ရန် အလုပ်မှာ အလွန်မသေချာ မရေရာ သောအလုပ်ဖြစ်နေပါသည်၊ တရုတ်ပြည်၏ မိရိုးဖလာ ထုံးစံမှာ ၀န်ထမ်းတစ်ဦး ကိုခန့်ပြီးသည်နှင့် အလုပ်ဖြုတ်ရန်မရည်ရွယ်တော့ပေ၊ သူတို့သည် အလုပ်တွင် အဆင်မပြေ ဥာဏ်မမှီသူ ကိုအလုပ်ဖြုတ်ခြင်းမှာ အမေရိကန်တို့၏ အမူအကျင့် ဟုယူဆကြသည်။

အင်္ဂလန်နိုင်ငံမှ ဝေဖန်သူ တဦးကမူ တရုတ်သိပံ္ပအကယ်ဒမီ အဖွဲ့အစည်းသည် ကြီးမားလွန်းသည်၊ လုပ်ငန်း ဆောင်တာ များပြားလွန်းသည်၊ ဤမျှကြီးမားသော အဖွဲ့အစည်းသည် ကမ္ဘာပေါ်မှာမရှိ၊  ဤမျှ အမျိုးပေါင်းစုံ အလုပ်တွေကို တာဝန်ယူထားသော အဖွဲ့ဟူ၍ ဘယ်မှာ မှမရှိဘူးဟုဝေဖန်သည်၊  တက္ကသိုလ်များ၊ သုတေသန ဌာနကြီးများ အနေဖြင့် မိမိဝန်ထမ်းကို မိမိ အရွယ် အစားအလိုက် အကျိုးသက်ရောက်မှုရှိအောင် မိမိတို့ဖါသာ၊ တာဝန်ယူနိုင်ကြပါသည်၊ စီအေအက်(စ) ကဲ့သို့ မိမိအတွက် တာဝန်ယူသူ ဘယ်နေရာ တွင်ရှိမှန်းမသိ ရသည့် ဌာနကြီး အနေဖြင့်  အလုပ်ကို ထိထိရောက်ရောက် မလုပ်နိုင်ဟုဆိုလိုပါသည်၊ တရုတ်ပြည် သိပံ္ပ တိုးတက်ရေး အတွက်ဤ အကယ်ဒမီ ကြီးရှိရန် မလိုပါဟု ပြောသူကလည်း ပြောနေကြသည်။

သို့ပေမဲ့ လွန်ခဲ့သော တရုတ်တို့၏သမိုင်း ရာဇ၀င်ကိုကြည့်လျှင် ဤကဲ့သို့ကြီးမားသောအဖွဲ့အစည်းကြီးများက သာတရုတ်ပြည်၏ တိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်ခဲ့ ကြသည်ဟုဆိုသည၊် သမိုင်းကိုနားမလည်လျင် အခုဖြစ် နေ တာတွေကို သေချာနားမလည်နိုင်ပါဟုဆိုသူကဆိုကြသည်။ ဂျာမဏီတွင် Max Plant Institute သည် သုတေသနလုပ်ငန်းနှင့်ပါတ်သက်လျင် နာမည်ရသည်၊ တရုတ်တို့၏ အယူအဆမှာ သူတို့နိုင်ငံတွင် ဂျာမာန်တို့ လို နာမည်ရှိသည့် ဌာနကြီးတခုရှိရန်လိုသည်ဟု ဆိုကြသည်၊

တရုတ်ပြည်တွင် အခြားနိုင်ငံများကဲ့သို့ သုတေသနလုပ်ငန်းများကို စောင့်ကြည့်နေသော အဖွဲ့မရှိပါ။  စီအေအက်(စ)  အတွင်းမှာပင် သုတေသနလုပ်ငန်းများကို ညွှွှန်ကြားပေးသည့်အဖွဲ့ရှိရာ၊ ၄င်းကိုပင်စောင့်ရှောက် ကြည့်ရှုသည့် အဖွဲ့ဟုအနီးဆုံးယူလျင်ရသည်၊

တရုတ်ပြည်သည် သိပ္ပံသုတေသနလုပ်ငန်းများ ကိုစံနစ်တကျစုစည်းရန် လုပ်ဆောင်ခဲ့သည်မှာနှစ်ပေါင်း ၃၀ ခန့်သာ ရှိပါသေး သည်၊ NSFC ခေါ် National Natural Science Foundation of China ကို ၁၉၈၆ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်၊       ထိုအဖွဲ့ကြီးက တက္ကသိုလ်များ၊သုတေသန များသို့ Grant ချပေးရန် ကိစ္စများကိုကိုင်တွယ် ခဲ့သည်၊ သို့ပါသော်လည်း  သုတေသနစာတမ်းအရည်အသွေးကို လိုက်၍ ထိုဋ္ဌာနများကို အကဲဖြတ်ရန် စိတ်မ၀င်စားခဲ့ကြပေ၊ များပြား လှသော အလုပ်ဝင်စ လူငယ် ပညာရှင်မျာ၏ အရည်အသွေးကို အကဲဖြတ်ရန်၊ တာဝန်ပေးရန်၊ ရာထူးတိုးမြှင့်ပေးရန်၊ အလုပ်ထုတ်ပယ်ရန်ကိစ္စများမှာ အလွန်ရှုတ်ထွေးခက်ခဲပါသည်၊
၁၉၉၀ခုနှစ်များရောက်မှသာသိပံ္ပအကယ်ဒမီက သုတေသနဘက်တွင် ထူးချွန်သူများ ပြင်ပရောက်မသွားအောင်  ထိန်းသိမ်းရန် လိုအပ်ချက်ကို သိမြင်လာကြသည်။

သူတို့ချမှတ်လိုက်သော ကြွေးကျော်သံတခုမှာ One-Three-Five Program  ဟုဆိုသည်၊ လူတဦးကို One Orientaion လမ်းညွှန်ချက်ပေးလိုက်လျင် သူကအသစ်တွေ့ရှိချက် သုံးခု Three breakthrough ရမည်၊ ထိုအခါ သုတေသနလုပ်ရန် လုပ်ငန်း ၅ ခု Major  Directions ရလိမ့်မည်ဟုဆိုသည်၊ မိုးချိန်းသံ ကျယ်လျင် မိုးရေ မပါဘူးဆိုသော တရုပ်ဆိုရိုးစကားတခုကို ကျွန်တော်ကြားဘူးပါသည်၊

ဓါတုဗေဒ သုတေသနလုပ်ငန်းများမှာ Infrastructure ပစ္စည်းကိရိယာ မြောက်များစွာ မလိုပါ၊ အမေရိကန်ပြီး  လျင် တရုတ်သုတေသနလုပ်ငန်းက ရှေ့ဆုံးရောက်နေပါပြီ၊ ရူပဗေဒ တွင် ခေတ်မှီ Instrument ကိရိယာများ  မှာ တန်ဖိုးကြီးသည့်နည်းတူ ဘာသာရပ်ကျွမ်းကျင်နားလည်ရေးမှာ အချိန်လည်းလိုအပ်ပါသည်၊ ရူပဗေဒတွင် တရုပ်တို့၏ အဆင့်အတန်းမှာ အင်္ဂလန်ကို မှီပြီဟုဆိုနိုင်ပါသည်၊

တရုတ်ပြည်တွင် သုတေသနလုပ်ငန်းများမှာ ငွေသာကုန်ပြီး အဖြေကို မသိရဆိုသော ဝေဖန်ချက်များကို တုန့်ပြန်ရန် အတွက် အစိုးရက National Center for Translational Medicine ဌာနကို ထူထောင်ရန် ၂၀၁၄ အောက်တိုဘာလတွင် ဘတ်ဂျက် ယွန်ငွေ ၁ ဘီလီယမ်ချပေးခဲ့သည်၊  ဤဌာနအသစ်ကို မှာ Ruijing ဆေးရုံဝင်း အတွင်းတွင် တည်ရှိပြီး ရှန်ဟိုင်း Jiaotong တက္ကသိုလ် နှင့် ချိတ်ဆက်ထားသည်၊ ဤဆေးသုတေသနဌာနများမှာ လူနာကို ဆေးကုသရေး အတွက်တိုက်ရိုက် အသုံးချ ရန်နည်းလမ်းများ ရှာဖွေရန်ဖြစ်သည်။

ဤဌာန မျိုးကို တရုတ်ပြည် တပြည်လုံးတွင် လေးနေရာ၌ ဆောက်ရန်စီမံကိန်း ရာထားသည်၊ အမေရိကားတွင် NIH- National Institutes of Health ခေါ် အစိုးရအဖွဲ့အစည်းက  ဆေးဘက်ဆိုင်ရာ သုတေသန လုပ်ငန်းများအတွက် ရံပုံငွေထုတ်ပေးသည်၊ (Drug) ဆေး အသစ်တီထွင်ထုတ် ဖေါ်ရေး မှာဤအဖွဲ့အစည်းက တာဝန်ယူသည်၊ တရုတ်ပြည်တွင်ထိုအဖွဲ့အစည်း နှင့်ဆင်တူသော အဖွဲ့ မရှိပေ၊ တရုတ်ပြည်၏ ဆေးသုတေသန လုပ်ငန်းများကို ဆေး အသစ်ထုတ်လုပ်သော ပုဂ္ဂလိက ကုမ္ပဏီ များကသာ တောက်ပံ့ကြသည်။
အမေရိကားတွင် ၁၉၈၀ ခုနှစ်က Bayh-Dole ဥပဒေကို ပြဌာန်းခဲ့သည်၊ ထိုဥပဒေ ကို မပြဌာန်းမှီက အစိုးရထောက်ပံ့ငွေဖြင့် သုတေသနများမှာ ပစ္စည်းအသစ်ကို ထုတ်လုပ်လျင် မူပိုင်ရှင်က အစိုးရသာဖြစ်သည်၊ ထို ဥပဒေ ပေါ်ပြီးမှသာ သုတေသန လုပ်သော ကုမ္ပဏီ၊ ဌာနကြီးများသည် ထိုပစ္စည်းအသစ်ရောင်းချ မှုများမှ အကျိုး အမြတ်ကို ခံစားခွင့် ရှိလာခဲ့သည်၊

တရုတ်ပြည်ကလည်း အလားတူ Science and Technology Project Law ကိုပြဌာန်းခဲ့သည်၊ သို့ပါသော်လည်း အမေရိကားမှာ ကဲ့သို့ ထိုဥပဒေ၏ အသီးအပွင့်ကို ခံစားနိုင်ခြင်း မရှိကြသေးပေ၊ အမေရိကန် တက္ကသိုလ် များမှာ အစိုးရ အပေါ်တွင် မှီခိုရခြင်းမရှိ၊ တရုတ် တက္ကသိုလ်များမှာ အဓိက ရံပုံငွေကို အစိုးရထံမှ ရရှိနေဆဲပင် ဖြစ်သည်။

(၂)

ကျွန်တော်တို့ နိုင်ငံ၏သိပ္ပံ ပညာတိုးတက်ရေးမှာ နိုင်ငံတော်အစိုးရ၏ ဦးစားပေး အဆင့်များတွင် ပါဝင်ဟန် မရှိပေ၊ တခါက မြန်မာနိုင်ငံ သုတေသနဌာနကြီးကို ပိတ်ပစ်ရမည်ဟု ဆိုသောညွှန်ကြားချက်ကို အထက်မှ ချပေးဖူးသည်ဆိုသော အစဉ်အလာများရှိခဲ့ဘူးသည်၊ တရုပ်ပြည်တွင် ယဉ်ကျေးမှုတော်လှန်ရေး ကာလ တလျောက်လုံး အသိပညာရှင် အတတ်ပညာရှင်များမှာ ဘုံရန်သူအဖြစ် အသတ်မှတ်ခံရဘူးသည်၊ သိပ္ပံဆိုင်ရာပစ္စည်း များအပါအ၀င် ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများလည်း အဖျက်အဆီးခံကြရပါသည်၊ 

ကျွန်တော်တို့နိုင်ငံမှာ ထိုထက်ပိုဆိုးခဲ့သည်ဟုမဆိုနိုင်ပါ၊ သို့ပါသော်လည်း စစ်အစိုးရ အဆက်ဆက်က သိပ္ပံပညာ တိုးတက်ရေး၊ သုတေသန လုပ်ငန်းစသည်တို့မှာ လစ်လျူရှုခြင်းခံခဲ့ကြရပါသည်၊ ခေတ်နှင့် ရင်ဘောင်တန်း လိုက်လိုသောအစိုးရများက ပေါ်လစီကို မှန်အောင်ချပေးပြီး ရံပုံငွေ အလုံအလောက် ရရှိလျင် မြန်မာတို့၏သိပ္ပံ ပညာ အဆင့်အတန်းမှာ ရှေ့တန်းသို့ ရောက်လာမည်ဖြစ်ပါသည်၊

သိပ္ပံ ပညာတိုးတက်ရေးအတွက် နိုင်ငံတခုတွင် အရေးကြီးသည်မှာ မှန်ကန်သော ပေါ်လစီနှင့် လုံလောက်သော ရံပုံငွေ တို့ဖြစ်ပါသည်၊

Reference: Nature 30 April 2015 issue.






လုပ်ခလစာတိုးမြှင့်သတ်မှတ်ပေးမည့်အပေါ် ကိုရီးယားလုပ်ငန်းရှင်များမှမဖြစ်နိုင်ဟုပြော

         လုပ်ခလစာတိုးမြှင့်သတ်မှတ်ပေးမည့်အပေါ် ကိုရီးယားလုပ်ငန်းရှင်များမှမဖြစ်နိုင်ဟုပြော
ဟန်သစ်နိုင်၊ မိုးမခ ဇူလိုင် ၁ရက် ၂၀၁၅








ကိုရီယားအထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဌ MR. WON HO SEO မှ လက်ရှိ CMP လုပ်ငန်းလည်ပတ်မှုအခြေအနေကို ဇွန် ၂၅ ရက် က  မင်္ဂလာဒုံစက်မှုဇုန်ရှိ GOLDING SHINE အထည်ချုပ်စက်ရုံတွင် မီဒီယာများအားခေါ်ယူရှင်းပြခဲ့သည်။
          ကိုရီးယားနိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံသည့် စက်ရုံကြီး စက်ရုံငယ်ပေါင်း ၁၀၀ကျော်ရှိပြီး၊ အဓိကအထည်ချုပ်စက်ရုံကြီးများမှာ ၇၀နီးပါးဖြင့်လည်ပတ်လုပ်ကိုင်နေလျက်ရှိသည်။ ကိုရီးယားလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံမှလုပ်ကိုင်နေသော လုပ်သားပေါင်း တစ်သိန်းဝန်းကျင်လောက်ကို အလုပ်လုပ်ကိုင်စေလျက်ရှိသည်။
                ကိုရီးယားအထည်ချုပ် လုပ်ငန်းများအသင်းဥက္ကဌ MR. WON HO SEO မှ ပြောပြရာတွင် ကိုရီးယားအထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်နေသော လုပ်သားများကို လုပ်ငန်းရှင်များအနေဖြင့် တစ်နေ့ကို ၂၅၀၀ကျပ်ဖြင့်စီစဉ်ပေးမည်ဖြစ်သော်လည်း ၆လတစ်ကြိမ် နေ့ကြေးများ တိုးပေးသွားမည်ဖြစ်ကြောင်း၊ ယခုအချိန်ပိုကြေးများသည် ၂.၁၈ ရာခိုင်းနှုန်းပေးထားရသဖြင့် အစိုးရမှနိုင်ငံတကာစံနှုန်း၁.၅ရာခိုင်နှုန်းဖြင့် စီစဉ်ပေးသင့်ကြောင်း၊ လုပ်ငန်းမျိုးစုံတွင် လုပ်ကိုင်နေသောလုပ်သားများသည် လုပ်ကိုင်ပုံအမျိုးအစားခြင်းမတူ ညီသည့်အတွက် အစိုးရမှ လုပ်ခလစာများ ခွဲခြားသတ်မှတ်ပေးသင့်ကြောင်း၊ အစိုးရမှ မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားများကို  တစ်နေ့လုပ်ခ သုံးထောင်နှင့် လေးထောင်ကြားသတ်မှတ်ပေးမည်ဆိုလျှင် ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် ရပ်နားပြီး အရှုံးခံလိုက်မည်ဖြစ်ကြောင်း၊
ဆက်လက်၍၄င်းက မြန်မာနိုင်ငံမှအထည်ချုပ်စက်ရုံများသည် ပစ္စည်းများပြန်လည်တင်ပို့ရာတွင် နှောင့်နှေးကြန့်ကြာခြင်း၊ အော်ဒါအက်နှံမှု နောက်ဆုံးမှရရှိခြင်း၊ လုပ်သားများ၏ကုန်ထုတ်စွမ်းအားကျွမ်းကျင်မှု အားနည်းခြင်း၊ မီးရရှိမှု မလုံလောက်မှု စသည့်အခက်အခဲများကြောင့် အစိုးရအနေဖြင့် အထည်ချုပ်များကို ထောက်ပံ့မှုများပြုလုပ်ပေးသွားလျှင် မိမိတို့အနေဖြင့် အစိုးရမှသတ်မှတ်လုပ်ခလစာများကို စဉ်းစားစီစဉ်ပေးသွားနိုင်မည်ဖြစ်ကြောင်းများ ပြောပြခဲ့သည်
အနည်းဆုံးလုပ်အားခနှင့်ပတ်သက်ပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၂၂၊ ၂၃ရက်နေ့ တွင် ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးမှုအပေါ်အခြေခံပြီး အနည်းဆုံးလုပ်အားကသတ်မှတ်ရန် အမျိုးသားကော်မတီက ဇွန် ၂၄ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့သည်။ အနည်းဆုံးလုပ်အားခအဖြစ်သတ်မှတ်ရန် ကျပ် ၃၅၀၀၊ ၃၆၀၀၊ ၄၀၀၀ ဟုအဆိုပြုခဲ့ကြသော်လည်း ၃၆၀၀ကျပ်မှာ အဆိုပြုသူအများဆုံးဖြစ်ခဲ့သည်။

အောင်သဇင် - ခေါင်းလောင်းရှင်မင်းအောင်လှိုင်အတွက် ဒုတိယမ္ပိခေါင်းလောင်းသံ (အပိုင်း-၃) (ဇာတ်သိမ်းပိုင်း)

အောင်သဇင် - ခေါင်းလောင်းရှင်မင်းအောင်လှိုင်အတွက် ဒုတိယမ္ပိခေါင်းလောင်းသံ (အပိုင်း-၃) (ဇာတ်သိမ်းပိုင်း)
(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၅
 
ကာချုပ်မင်းအောင်လှိုင်ဟာ စစ်ရေးအရမဖြေရှင်းနိုင်တာကို နိုင်ငံရေးအရဖြေရှင်းဖို့ မစဉ်းစားဘဲ၊ တိုင်းရင်းသားတပ် တွေအ ပေါ် DDR လို့ခေါ်တဲ့ နယ်မြေစွန့်-လက်နက်ဖြုတ်-လက်နက်ချရေးလမ်းစဉ်ကို ခေါင်းမာမာနဲ့ ဆက်လက်ကိုင်စွဲ နေတယ်။ တရုတ်ဖိအားကြောင့် ကိုးကန့်က တဖက်သတ်အပစ်အခတ်ရပ်စဲတာကို အခွင့်ကောင်းယူ အမြတ်ထုတ်ပြီး လှုပ်ရှားဂွင်ကို တိုးချဲ့ဖို့ နဲ့ မြေအနေအထားအရ အချက်အခြာကျတဲ့ စိုးမိုးကုန်းတွေ ဗျူဟာကျတဲ့နေရာတွေကို အခြေ အနေပေးရင်ပေးသလို တိုက်ပြီးတော့ဖြစ်ဖြစ်၊ မတိုက်ရဘဲဖြစ်ဖြစ် တက်ရောက်ထိန်းချုပ်တပ်စွဲထားဖို့ ကကကြည်းက ဗမာပြည်မြောက်ပိုင်း တာဝန် ယူထားတဲ့ ကစထ-၁ နဲ့ ကစထ-၂ ကို ညွှန်ကြားထားတယ်။ အခုဆိုရင် ကိုးကန့်ဒေသကို လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့ယာဉ် တန်းတွေ အများကြီးတက်နေတယ်။

ဗမာအစိုးရက MNDAA ကို ‘လက်နက်နဲ့ငြိမ်းချမ်းရေးလဲ’ ဖို့ တနည်းအားဖြင့်၊ လက်နက်ချပြီး ပြည်သူ့စစ်လုပ်ဖို့လဲ ဒုက္ခ သည်တွေကတဆင့် သွေးတိုးစမ်းပြောနေတယ်။ ကိုးကန့်မှာ ရွေးကောက်ပွဲလုပ်ပြီး ကိုးကန့်လူထုမလိုလားတဲ့ တပည့်ရင်း ဘိန်းဘုရင် ပိုင်စောက်ချဉ်ကို အတင်းပြန်တင်ဖို့လဲ ကြိုးစားနေတယ်။

တရုတ်အစိုးရဟာ MNDAA ကို အပစ်ရပ်ဖို့ ဖိအားပေးခဲ့ပေမဲ့ တရုတ်တပ်တွေ ကိုးကန့်နယ်စပ်မှာ ကျည်အစစ်တွေနဲ့ စစ်လေ့ကျင့်ခန်းလုပ်တာ၊ လေယာဉ်မဝင်ရနယ်မြေ No-Fly Zone သတ်မှတ်ထားတာကိုတော့ ပြီးမယ့်ရက် သတ်မှတ် မထားဘဲ ရက်အကန့်အသတ်မရှိ ဆက်လုပ်နေတယ်။ ကိုးကန့်စစ်ပွဲစခါစက တရုတ်ကိုလက်ညှိုးထိုးခဲ့တဲ့ မင်းအောင် လှိုင်ဟာ အခုတော့ တရုတ်အစိုးရ လုံးဝမပါဘူးလို့ ဆိုနေပြန်တယ်။ မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံလို့ပြောပြီး ဖား နေပြန် တယ်။

ဒီအချိန်မှာဘဲ တရုတ်ပေါ်လစီက ပြောင်းနေပြီဖြစ်တယ်။ ၂၀၀၉ ခု ပထမကိုးကန့်စစ်ပွဲတုံးက တရုတ် PLA ဟာ နအဖ စစ်တပ်ကို အပြည့်အဝကူညီခဲ့လို့ မင်းအောင်လှိုင်က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတွေတင်ခဲ့တယ်။ အဲဒီတုံးက တရုတ် PLA တပ်ဟာ အရေးအကြီးဆုံးအချိန်မှာ ကိုးကန့်ဗိုလ်ချုပ် ဖုံကျားဖူးကို တရက်လုံးဖမ်းထားပေးတာ၊ ဝ တပ်မဟာတခု ကိုးကန့်ထဲ စစ်ကူဝင်လာတာကို အတင်းပြန်ဆုတ်ခိုင်းတာ၊ နယ်စပ်ကျော်ဝင်လာတဲ့ ကိုးကန့်တပ်တွေကို လက်နက် ဖြုတ်တာတွေ လုပ်ခဲ့တယ်။ ၂၀၁၅ စစ်ပွဲမှာတော့ အရင်တုံးကလိုမဟုတ်တော့ဘဲ တရုတ်တပ်က ကြားနေလို့ မင်းအောင်လှိုင်တို့က PLA ကို နာကျည်းနေတယ်။

မြစ်ဆုံပြဿနာနောက်ပိုင်းမှာ၊ တချိန်က အမေရိကန်နောက်လိုက်တွေလို့ သတ်မှတ်ခဲ့တဲ့ ထိုင်းနယ်စပ်အခြေစိုက်အဖွဲ့ အစည်းတွေကို ဝ ကိုးကန့် မိုင်းလားတို့နဲ့ဆက်ဆံခွင့် မပေးခဲ့ရာကနေ ပိုပြီးရင်းရင်းနှီးနှီးထိတွေ့ခွင့်ပေးလာတာ တနှစ်ကျော် နှစ်နှစ်လောက်ရှိပြီ။ အရင်က အနောက်အုပ်စုဘက်သားလို့သတ်မှတ်ပြီး မလိုလားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ တရုတ်ပြည်ဖိတ်ပြီး တရုတ်သမတကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့တာ ဒီပေါ်လစီသစ်အောက်မှာဖြစ်တယ်။ ဗမာစစ် တပ်ရဲ့ စစ်ရေးစွမ်းရည်ကိုမြင်လိုက်တဲ့အခါ တရုတ်ရဲ့ပေါ်လစီအရွေ့က ပိုခိုင်မာသွားတယ်။

ဒါပေမဲ့ တဖက်မှာတော့ ဒေါ်စုဟာ တရုတ်လူထုနဲ့ မတွေ့ရ၊ တရုတ်ဝန်ကြီးချုပ်နဲ့တောင် မတွေ့ခဲ့ရဘဲ ဗမာအစိုးရကို အကြပ်ကိုင်ဖို့သက်သက် အသုံးချခံရတယ်။ ဘယ်လိုဘဲဖြစ်စေ တရုတ်ထိပ်ပိုင်းတွေထဲမှာကော တရုတ်လူထုထဲမှာပါ ဒေါ်စု အပေါ် အထင်ကြီးလေးစားမှု အားကိုးမှုတွေတော့ သိသိသာသာဖြစ်လာတယ်။ အနာဂတ်အကျိုးစီးပွားအတွက် တစုံတရာ ကျေနပ်မှုရသွားတယ်။

ကိုးကန့်စစ်ပွဲက ဗမာစစ်တပ်မှာ တကယ့်အရေးပေါ်အခြေအနေ အရေးကြီးအခြေအနေတွေကို ရင်ဆိုင်ကျော်လွှားဖို့ တပ် မလုံလောက်တာကိုပြနေတယ်။ မရှိမဖြစ်အိမ်စောင့်တွေဘဲချန်ပြီး ကိုးကန့်တနေရာတည်းအတွက် ရှိသမျှတပ်တွေ ဆွဲတင်ခဲ့ ရတာ ဖြစ်တယ်။ တိုင်းရင်းသားတွေညီလို့ ကိုးကန့်လိုအခြေအနေမျိုးသာ ၃-၄ နေရာ တပြိုင်တည်းဖြစ်ရင် ဗမာစစ်တပ်ပြို သွားနိုင်တယ်။
ကချင်စစ်ပွဲတုံးကလဲ ဗမာပြည်အလယ်ပိုင်းမှာ လုံခြုံရေးဟာကွက်ကြီးဖြစ်သွားပြီး ရန်ကုန်-မန္တလေး ရထားလမ်း ကားလမ်း တွေ အစောင့်မရှိတော့ဘဲ အနောက်တံခါးကိုလဲ မျက်နှာလွှဲထားခဲ့တယ်။ ရခိုင်မှာ ဘင်္ဂါလီပြဿနာဖြစ်မှ တပ်တွေ ကမန်း ကတန်း ပြန်ပို့ခဲ့ရတယ်။ အခု ကိုးကန့်စစ်ပွဲမှာလဲ စကခ-၉ ကို လောက်ကိုင်ခေါ်ထားပြီးမှ AA တပ် ရခိုင်မှာဝင်လို့ လေ ကြောင်းနဲ့ အမြန်ပြန်ပို့ခဲ့ရတယ်။

အခု ဇွန်လထဲမှာဘဲ ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ နယ်မြေ မုန်းဂူမှာ ဗျူဟာရုံး အခြေပြန်စိုက်လာတယ်။ လက်နက် ကြီးတွေ ပို့နေလို့ KIA က တံတားချိုးပစ်လိုက်ရပြီး ဖောင်းဆိုင်ကို ဝင်တိုက်ခဲ့တယ်။ ဖားကန့်ဘက်မှာလဲ အခြေအနေအေး ဆေးနေရာက စကခ ၇ ဟာ အင်အားလဲမရှိဘဲနဲ့ အထက်အမိန့်အရ KIA ကိုရန်လာစတော့ အထိနာ အောင် ဆုံးမခံလိုက်ရ တယ်။ အရာရှိ ၃ ယောက်အပါဝင် ၂၀ လောက်သေ၊ အရာရှိတယောက် အပါအဝင် ၃၀ ကျော် ဒဏ်ရာရသွားတယ်။ ဒါကို လက်စားချေတဲ့အနေနဲ့ မင်းအောင်လှိုင်ဟာ မဆီမဆိုင် ဖားကန့်နဲ့အဝေးကြီးက လိုင်ဇာ စာသင်ကျောင်းကို အမြောက်နဲ့ လှမ်းထုခိုင်းခဲ့တယ်။

မင်းအောင်လှိုင်တပ်ဟာ မိုင်းတုံ-ပုံပါကျင်မှာ ဝ နဲ့ ထိပ်တိုက်တွေ့တဲ့အချိန် စစ်ကစားနိုင်တဲ့အခြေအနေမရှိဘဲ အကြပ် ဆိုက် ခဲ့တယ်။ ကယားပြည်နယ်ကိုပစ်ထားပြီး မိုင်းတုံဘက် တပ်မ ၅၅ တွေပို့ခဲ့ရတယ်။ ဗမာစစ်တပ်တခုလုံး ဖရိုဖရဲ ဗရမ်းဗတာ ဖြစ်နေတယ်။ တကယ်တော့ တပ်ကပျက်နေပြီဖြစ်တယ်။ ကိုးကန်စစ်ပွဲမှာ ကိုယ့်တပ်အခြေအနေ ကိုယ်သိသင့်ပြီ။ မသိဘဲနဲ့ ဆက်မိုက်ရင် ပိုနာဖို့ရှိတယ်။ လက်ရှိအခြေအနေက ကချင်နဲ့တိုက်တုံးကထက် အများကြီးပိုဆိုး သွားပြီ။

အခုဆိုရင် UWSA ဝ တပ်မှာ တရုတ်နိုင်ငံထုတ် မဟုတ်တဲ့ ၁၀၅မမ ဟောင်ဝစ်ဇာတောင် ရထားပြီ။ တရုတ်ကထုတ်တဲ့ HN6 လေယာဉ်ပစ်ဒုံးတွေ၊ D-30 ၁၂၂မမ ဟောင်ဝစ်ဇာတွေနဲ့ ၁၂၀မမ နောက်ပွင့်တွေလဲ ရှိနေပြီ။ စနိုက်ပါသေနတ် တွေကတော့ ဖောချင်းသောချင်းပါဘဲ။ ဗမာစစ်တပ်ရဲ့ စုတ်ပြတ်နေတဲ့ ဒီနေ့အနေအထားအရ ဝ ရဲ့ လူသူလက်နက် အင်အားဟာ စစ်ဟန့် Military Deterrent အကျိုးသက်ရောက်မှုဖြစ်နေတယ်။ ဗမာစစ်တပ် ဗိုလ်လာမကျရဲအောင် သေနတ်တချက်မဖောက်ရဘဲ ဟန့်ထားနိုင်တယ်။

ဒီအခြေအနေအောက်မှာ အပစ်အခတ်ရပ်စဲထားတဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလဲ အပြီးပြတ်ငြိမ်းချမ်း ရေးသဘောတူချက် မရနိုင်သေးခင် မိမိအင်အားကို တည်ဆောက်တိုးချဲ့ပြီး စစ်လဲမဖြစ် ငြိမ်းချမ်းရေးလဲမဟုတ်တဲ့ ခေတ်သစ်ဗမာပြည်”စစ်အေး”တိုက်ပွဲအတွင်း (အမေရိကန်-ဆိုဗီယက်တို့လို နျူကလီးယားလက်နက်ကိုင်ပြီး စစ်ဟန့် မလုပ်နိုင်ပေမဲ့ လဲ) ဗမာပြည်အခြေအနေနဲ့ကိုက်ညီတဲ့ စစ်ဟန့်မဟာဗျူဟာကို တတ်နိုင်သမျှကျင့်သုံးသွားကြဖို့ဘဲ ရှိပါ တယ်။

ကချင်ကိစ္စတုံးကလိုဘဲ ဝ ကိစ္စမှာလဲ သိန်းစိန် နဲ့ မင်းအောင်လှိုင်တို့ဟာ အပျော့ဆွဲသမားနဲ့ လူကြမ်းသမား good cop - bad cop ဇာတ်လမ်း က,နေတယ်။ တကယ်တော့ ဒီနည်းဟာ ခင်ညွန့်ခေတ်ကတည်းက အလုပ်မဖြစ်ခဲ့ပါဘူး။ ဝ-မိုင်းလားတို့လို ပထမပတ်အပစ်ရပ်အဖွဲ့တွေက ကောင်းကောင်းသဘောပေါက်ပြီးဖြစ်တယ်။ သိန်းစိန်-အောင်မင်းတို့ရဲ့ အပျော့ဆွဲ Win-Win နည်းဟာလဲ မရှင်းမရှင်းဖြစ်တာကို ဒုတိယပတ်အပစ်ရပ်အဖွဲ့တွေ တနေ့ထက်တနေ့ ပိုသဘော ပေါက်လာတယ်။

အခြေအနေကို မထိန်းနိုင်သေးလို့ ကာချုပ်မင်းအောင်လှိုင်ဟာ ၂၀၁၆ မှာ အသက် ၆၀ ပြည့် ပင်စင်ယူရမှာကို မယူဘဲ အစိုးရဝန်ထမ်းအားလုံးရဲ့ ပင်စင်နှစ်ကို နောက်ထပ် ၃ နှစ်က ၅ နှစ်အထိတိုးဖို့ ကာလုံမှာ ညှိထားတယ်။ ကာလုံက သဘော တူထားပေမဲ့ မလောက်လေးမလောက်စား ရာထူးဝန်ဥက္ကဌလုပ်တဲ့ ကျော်သူက ကလန်ကဆန်လုပ်နေလို့ လွှတ်တော်တင် အတည်မပြုနိုင်သေးဘူးလို့ သိရတယ်။ ကျော်သူရဲ့အကြောင်းပြချက်ကတော့ ပင်စင်ယူသက် တိုးလိုက်ရင် အောက်က လူတွေ တက်လမ်းပိတ်ကုန်မယ်ဆိုပြီး ကန့်ကွက်တာဖြစ်တယ်။ ၈ လေးလုံးကာလ သမတ လုပ်သွားတဲ့ ဒေါက်တာ မောင်မောင့်သားဖြစ်ပေမဲ့ ကျော်သူဟာ ဗိုလ်မှူးကြီးဘဝနဲ့ အငြိမ်းစားယူထားတာဖြစ်လို့ မင်း အောင်လှိုင်ကို ကျော်နိုင်မှာ မဟုတ်ပါဘူး။

ဒါ့အပြင် မင်းအောင်လှိုင်ဟာ ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ကနေ ညှိကွပ် ဗိုလ်ချုပ်ကြီးအဆင့်အထိ စီနီယာတပ်မှူး ၆၇ ယောက်ကိုလဲ ဘောင်းဘီချွတ် ရွေးကောက်ပွဲဝင်ခိုင်းပြီး တပ်တခုလုံး ကိုယ့်ခြေကိုယ့်လက် ခိုင်မာအောင် စီစဉ်နေတယ်။ မင်းအောင်လှိုင်ကိုးကွယ်တဲ့ဘိုးတော် ‘ဒေါက်တာ’ဖေဉာဏ်နဲ့ ဘိုးတော် ဇော်ဝင်းရှိန်တို့ရဲ့ ယတြာအရ ၂၀၁၄ ခု နှစ်ဆန်း ကတည်းက ခေါင်းလောင်းကြီးတလုံးကို ဇာတိမြေမှာဘုရားလှူဖို့ စီစဉ်ခဲ့တယ်။

ကိုးကန့်စစ်ပွဲဖြစ်ပြီး တလအကြာ အခြေအနေမကောင်းတဲ့အခါ မန္တလေးမှာ အဲ့ဒီသာယာဝတီမင်းခေါင်းလောင်း ပုံတူကို အမြန်သွန်းခိုင်း၊ ၁၂ ဘီးကားနဲ့သယ်ပြီး  မင်းအောင်လှိုင်မွေးခဲ့တဲ့ ထားဝယ်မြို့ကစေတီတဆူမှာ တင်ခဲ့တယ်။ မင်းအောင် လှိုင် ကာချုပ်ဖြစ်မယ်ဆိုတာလဲ ဘိုးတော်ဖေဉာဏ်ဘဲ နိမိတ်ဖတ်ခဲ့တာဖြစ်တယ်။ စစ်အားလုံးနိုင်ပြီး သမတမင်းဖြစ်ဖို့ ယတြာ ချေ ဓာတ်ဆင်တာဖြစ်ပေမဲ့ သာယာဝတီမင်းလိုဘဲဂေါက်သွားပြီး တပ်နဲ့ပြည်သူတွေကို ဒုက္ခဆက်ပေးမယ့် အလားအလာက ပိုများပါတယ်။

လောလောဆယ်မှာတော့ ကိုးကန့်စစ်ပွဲဟာ ဆင်ဖြူရှင်မဟုတ်တဲ့ ခေါင်းလောင်းရှင်မင်းအောင်လှိုင်နဲ့ ဗမာ့တပ်မတော် တခု လုံးအတွက် ဒုတိယမ္ပိသတိပေးခေါင်းလောင်း (ကချင်စစ်ပွဲကတော့ ပထမခေါင်းလောင်း) ထိုးလိုက်တာ ဖြစ်နေပါတယ်။    ။

အောင်သဇင်

ညီစောလွင် - ကဖဲခါးခါး မြို့


ညီစောလွင် - ကဖဲခါးခါး မြို့
(မိုးမခ) ဇူလိုင် ၂၊ ၂၀၁၅


ဒီမြို့က ဥပဒေစိုးမိုးတယ်။ ရဲတွေ လာဘ်ပေးလာဘ်ယူကင်းတယ်။ လူတွေ စည်းကမ်းရှိတယ်။ မြို့ခံ တွေက မာနကင်းပြုံးရွှင်တယ်။  ဖော်ရွေ ကူညီတတ်တယ်။

ဥပမာ ဆိုပါတော့။  ခင်ဗျား ဆိုင်ကယ် လမ်းဝက်မှာ ဆီကုန်သွားတယ်ဆိုပါတော့။ ပလက်ဖောင်း ဘေးမှာ ဆိုင်ကယ်ကိုတွန်းနေရင် မကြာခင် ဆိုင်ကယ်နဲ့လူငယ်တယောက် ခင်ဗျားနောက် ရောက် လာမယ်။ ပြီးရင် ပြုံးပြုံးချိုချိုနဲ့  အကူအညီလိုသလားလို့မေးပြီး အနီးဆုံးဓာတ်ဆီဆိုင်အထိ လိုက်ပို့ ပေးလိမ့်မယ်။

တပတ်တခါဖွင့်တဲ့ လယ်သမားဈေးကို ခင်ဗျားသွားတယ်ဆိုပါတော့။ ခင်ဗျားကို အလည်လာတဲ့ ဧည့်သည်မှန်းသိရင် ပန်းပွင့်လက်ဖက်ခြောက်ပဲ ၀ယ်ဝယ်။ ဒိန်ခဲပဲဝယ်ဝယ် အိမ်အပြန်လက်ဆောင် ဆိုပြီး အပိုဆောင်း ထည့်ပေးလိမ့်မယ်။

ဒီမြို့က လမ်းတွေသန့်ရှင်းတယ်။ အမှိုက်တစတောင် ရှာဖို့ ခက်တယ်။ ရေစီးရေလာကောင်းတယ်။ မိုးများလည်း လမ်းပေါ်ရေမတင်ဘူး။ လူတွေသန့်ရှင်းသလို လမ်းတွေသန့်ရှင်းတယ်။ အရပ်လေး မျက်နှာက လေကလည်း သန့်ရှင်းတယ်။

တကယ်တော့ ဆိုင်ကယ်စီးတဲ့လူက နည်းနည်းပါးပါးရယ်။ သူတို့ဝင်ငွေနဲ့ ကားစီးနိုင်ပေမယ့် အများစုက စက်ဘီးပဲ စီးကြတယ်။ လောင်စာဆီသုံးတဲ့ယာဉ်တွေများလာရင် လေထုကိုညစ်ညမ်းစေတယ် ဆိုတာ ဒီမြို့မှာ ကလေးကအစ သိတယ်။

အသွားအလာအများဆုံး အချိန်မှာတောင် ကားဟွန်းသံမပြောနဲ့ စက်ဘီးခေါင်းလောင်းသံတောင် မကြားရဘူး။ လမ်းတွေမှာ မော်တော်ပီကယ်တွေ ရဲတောင်မတွေ့ရတော့ဘူး။ ခင်ဗျား တွေ့ချင်သပ ဆိုရင် မြို့တော်ဝန်ရုံးမှာ ရဲ၊ မော်တော်ပီကယ်၊ မီးသတ်သမား စသဖြင့် ပြည်သူ့ဝန်ထမ်းတွေရဲ့ အရုပ် တွေကိုသွားကြည့်လို့ရတယ်။ မြို့တော်ဝန်ရုံးထဲဝင်ခွင့်ရဖို့လည်း  ခင်ဗျားကို ဘယ်သူမှမှတ်ပုံတင်စစ် မှာမဟုတ်ဘူး။

မြစ်ထဲကရေပြင်မှာ ကောင်းကင်ကတိမ်တွေကို မြင်ရတယ်။ မြစ်ကမ်းမှာ တအိအိလှုပ်နေတဲ့ အမိုး ပါတဲ့လှေတွေက စည်းချက်တခုနဲ့ ဘယ်ညာယိမ်းနေသလိုမျိုး။ မြစ်ကြောင်းတလျှောက်က ရေနံဝ နေတဲ့ ရှေးဟောင်းအိမ်တွေမှာ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း၊ အာဏာရှင်ဆန့်ကျင်ရေးသမိုင်းကြောင်း တွေကိုယ်စီ ရှိကြတယ်။

ကျန်ခဲ့တဲ့တနှစ်ခွဲလောက်က မြို့လယ်လမ်းဆုံမှာ စူပါမားကက်အသစ်ကြီးတခုဆောက်လိုက်တယ်။  ဒီမြို့မှာ အရင်ကရှိတဲ့စူပါမားကက်တွေထက် ပိုပြီးကြီးကျယ်တယ်။ ဗိသုကာလက်ရာကလည်း အဆင့်မြင့်တယ်။ ဖွင့်ပွဲအခမ်းအနားမှာ တင်ဆက်ပုံတွေ၊ ၀တ်စားဆင်ယင်ပုံတွေကလည်း မာယာ ဆိုတဲ့နာမည်နဲ့လိုက်ဖက်တယ်။ ဟိန္ဒူဒဏ္ဍာရီထဲက ဇာတ်ကောင်တွေလိုလို၊ ဂရိပုံပြင်ထဲက ဇာတ် ကောင်တွေလိုလို  ဂမ္ဘီရဆန်ဆန် တင်ဆက်တယ်။

လပိုင်းအတွင်းမှာပဲ အဲဒီစူပါမားကက်ဘေးမှာ ကော်ဖီဆိုင်တဆိုင် ပေါ်လာတယ်။ မိုးအလင်း ဖွင့်တဲ့ ဆိုင်နာမည်က Caffè Mocha တဲ့။ ကျနော့်မှာ ကော်ဖီအရမ်းကြိုက်တဲ့ အပေါင်းအသင်းတွေရှိ တယ်၊ ကိုယ်တိုင်က ကော်ဖီကိုတမ်းတမ်းစွဲမဟုတ်ပေမ့ယ် ကော်ဖီဆိုင်ထိုင်တာကို နှစ်ခြိုက်တဲ့ အတွက် သူတို့ခေါ်တိုင်း တခါမှ မငြင်းခဲ့ပါဘူး။

ကော်ဖီခါးခါးတွေကိုမကြိုက်တဲ့ ရိုးရိုးစင်းစင်း Latte ကိုပဲ ပုံမှန် မှာလေ့ရှိတယ်။ Mocha ဆိုတဲ့ ကော်ဖီလည်း တခါတခါသောက်ဖူးပါတယ်၊ တကယ်တော့ ဒီနှစ်မျိုးက သိပ်မကွာပါဘူး။ နို့နည်း နည်း၊ သကြားနည်းနည်း၊ ချောကလက်နည်းနည်းပါတဲ့ ကော်ဖီတမျိုးပါပဲ။

မနက်စောစော ကျနော်အလုပ်သွားတဲ့အခါ ကော်ဖီဆိုင်အသစ်နားက ဖြတ်သွားရတယ်။ ညနေပိုင်း အိမ်ပြန်တော့လည်း ဆိုင်နားကပဲ ဖြတ်ပြန်ရတယ်။ ကျနော်သတိထားမိသလောက် ဆိုင်မှာ လူ ပြတ်တယ်မရှိဘူး။ ဆိုင်က လမ်းဆုံကုန်းမို့မို့ပေါ်မှာ ကျယ်ကျယ်ဝန်းဝန်း၊ခန့်ခန့်ထည်ထည်။ မဟော် ဂနီရောင်ထိုင်ခုံတွေကို သဲဖြူဖြူပေါ်မှာ သပ်သပ်ရပ်ရပ် ခင်းထားတယ်။ သစ်ပင်ညိုညိုအစ်အစ် တွေက ရာဇမတ်ကာထားသလို ပတ်ရံနေတယ်။ ခပ်လှမ်းလှမ်းကကြည့်ရုံနဲ့ ထိုင်ချင့်စဖွယ်ပါပဲ။

ကျနော့်ဟာ ကော်ဖီကြိုက်သူမဟုတ်၊ ကော်ဖီဆိုင်ထိုင်ရတာကိုသာ ကြိုက်တာပါလို့ အစမှာ ပြောခဲ့ တာ တကယ်တော့ အပြည့်မမှန်ပါဘူး။ တယောက်တည်းထိုင်ရတာထက် ရင်းနှီးတဲ့ သူငယ်ချင်း တွေနဲ့ ထိုင်ရတာမျိုးကိုပဲ ပိုပြီးနှစ်သက်ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေက ဒီမြို့မှာနေခဲ့တဲ့ ကော်ဖီအလွန်ကြိုက်တဲ့သူငယ်ချင်တယောက် ရှိတယ်။ အရက် သေစာ မသောက်ပေမယ့် ကော်ဖီဆိုရင်တော့ မသောက်ရမနေနိုင်လောက်အောင် စွဲလမ်းသူ။ ဒီမြို့မှာ တခြားမိတ်ဆွေတွေရှိပေမယ့် သူနဲ့ကျနော်သာ အတွဲများခဲ့တယ်။ တပတ်တခါ ကော်ဖီဆိုင် ထိုင်ကြတယ်။ သူကမခေါ်ရင် ကျနော်ကခေါ်တယ်။ အဲ့ဒီတပတ်အတွင်းဖတ်မိတဲ့ စာအုပ်တွေ အကြောင်း ဆွေးနွေးကြတယ်။ သူနဲ့ကျနော် သဘောမတူတာရှားပေမယ့် တချို့ကိစ္စတွေကို ရယ် ရယ်မောမော ငြင်းခုန်ကြတယ်။  ဒီမြို့ကနေ သူထွက်သွားတဲ့နောက်ပိုင်းမှာ ကျနော်လည်း ကော်ဖီ ဆိုင်မထိုင်သလောက်ဖြစ်သွားခဲ့တယ်။ အခုကော်ဖီဆိုင်အသစ်တွေတဲ့အခါ ကော်ဖီကြိုက်တဲ့ သူ ငယ်ချင်းကို သတိရနေပြန်ပါတယ်။

ကျနော်ကသာမထိုင်ဖြစ်ပေမယ့် ကော်ဖီဆိုင်လေးက ဒီမြို့မှာနာမည်ကျော်ရုံမက အနီးအနားက တခြားမြို့အထိ သတင်းပျံ့နေတဲ့အကြောင်း အစားအသောက်ဆိုင်တွေအကြောင်း တက်ဆက်တဲ့ ရုပ်သံအစီအစဉ်မှာ ကြည့်ရပါတယ်။ မြို့တော်ဝန်ကိုယ်တိုင် ကော်ဖီဆိုင်ကို မကြာခဏ လာထိုင် တတ်တယ်လို့လည်း သတင်းစာတွေမှာ ဖတ်ရပါတယ်။

လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က သူငယ်ချင်းဆီက အီးမေးလ်တစောင် ၀င်လာတယ်။ ဒီမြို့ ကို သူအလည်လာမယ့် အကြောင်း။ ဒါပေမဲ့ သူ့လာမယ့်နေ့မှာ မုန်တိုင်းရှိလို့ လေယာဉ်ခရီးစဉ် ဖျက်လိုက်ရတယ်လို့ ဖုန်းမက်ဆေ့ပို့လာပြန်တယ်။

ဒီလတွေအတွင်းမှာ ရာသီဥတုအခြေအနေတွေ ဆိုးလာတယ်။ ကျနော်နေခဲ့တဲ့ လေးငါးနှစ် အတွင်း မှာ မိုးတွင်းဆိုရင် ညပိုင်းမှာ ရွာတာများတယ်။ မနက်အထိဆက်တဲ့နေ့ဆိုရင် အလုပ်ချိန်မတိုင်ခင် စဲသွားတာ များပါတယ်။ အခု နောက်ပိုင်းကျတော့ မိုးတွင်းပေမယ့် မိုးရွာချင်မှ ရွာတယ်၊ ရွာတဲ့ အခါလည်း လမ်းတွေရေလျှံတဲ့အထိ အငြိုးတကြီး ရွာတယ်။ နွေဆိုလည်း အပူချိန်က မကြုံဖူးတဲ့ ဒီဂရီကို ရောက်တယ်။ အပူရှပ်လူနာ၊ ရေဓာတ်ခမ်းခြောက်တဲ့ လူနာတွေနဲ့ ဆေးရုံဆေးခန်းတွေမှာ လူနာတွေနဲ့ပြည့်နေတတ်တယ်။ ဆောင်းဆိုရင်လည်း မြို့ရဲ့ကောင်းကင်မှာ မီးခိုးမြူတွေ ဖုံးလွှမ်းနေ တတ်တယ်။ လူတွေ အသက်ရူမ၀ ဖြစ်ကြတယ်။ အသက်ရူလမ်းကြောင်းရောဂါသည်တွေ ဆေးရုံ ဆေးခန်းတွေမှာ ပြည့်နေပြန်တယ်။

ဒီလိုနဲ့ ရာသီဥတုကြည်ကြည်လင်လင်ရှိတဲ့ တနင်္ဂနွေတရက်မှာတော့ ကျနော်နေတဲ့မြို့ဆီကို မျှော် နေတဲ့သူငယ်ချင်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။  ကော်ဖီဆိုင်အသစ်မှာ တွေ့ကြတယ်။ သေသေသပ်သပ်ဝတ်စားထားတဲ့ စားပွဲထိုးတယောက် ရောက်လာတယ်။ မျက်နှာစိမ်းတွေ ဖြစ်နေ တဲ့ ကျနော်တို့ နှစ်ယောက်ကိုကြည့်ပြီး ဒီဆိုင်မှာနာမည်အကြီးဆုံး Mocha ကော်ဖီအကြောင်းကို ရှင်းပြတယ်။ ကော်ဖီရဲ့ထူးခြားတဲ့ အရည်အသွေးတခုကတော့ စွဲစွဲမြဲမြဲသောက်ရင် မိမိကိုယ်ကို ယုံ ကြည်မှုတိုးစေတယ်။ ဥပမာ လမ်းသန့်ရှင်းရေးသမားတယောက်ဟာ မြို့တော်ဝန်တယောက်လို ယုံ ကြည်မှု ရှိလာတယ်။ ရဲမက်တယောက်ဟာ ရှင်ဘုရင်တပါးရဲ့ ယုံကြည်မှုမျိုး ရှိလာလိမ့်မယ်။  သူ ငယ်ချင်းက ပြုံးလျက် နားထောင်နေတယ်။ စာပွဲထိုးလေးပြန်ထွက်သွားတဲ့အခါ  ကျနော်က မေး ကြည့်တယ်။

“ ဘာလဲ ဒီလိုကြော်ငြာနည်းမျိုးကို ခင်ဗျားက ရိုးနေပြီ ဆိုတဲ့ သဘောမျိုးလား၊”

“  မဟုတ်ဘူးဗျ။ စားပွဲထိုးပြောသွားတာအမှန်တွေချည်းပဲ”

“ ဒါဆိုရင် ခင်ဗျားက ဒီကော်ဖီအကြောင်းကို ခင်ဗျားက သိပြီးသားပေါ့”

“ သိပ်သိတာပေါ့၊ စားပွဲထိုးလေးမပြောသွားတဲ့ တခြားအာနိသင်တွေကိုလည်း ကျနော်က သိသေး တယ်”

“ ရဲမက်တယောက်ဟာ ရှင်ဘုရင်တပါးလို သူ့ကိုယ်သူ ထင်လာလိမ့်မယ်၊ တချိန်တည်းမှာ သူ့ရဲ့ တာဝန်တွေကို မေ့လျှော့သွားလိမ့်မယ်။ ဒီလိုပဲ လမ်းသန့်ရှင်းရေးသမားတယောက်ဟာ မြို့တော်ဝန် လို့ သူကိုယ်သူ ထင်လာလိမ့်မယ်။ သူတကယ်လုပ်ရမယ့် အောက်ခြေသိမ်း အလုပ်ကိုမလုပ်တော့ ဘူး။ မြို့တော်ဝန်ကတော့ သူ့ကိုယ်သူ သိကြားမင်းလောက် ထင်လိမ့်မယ်။ မြို့သူမြို့သားတွေကို သူက အလုပ်အကျွေးပြုရမယ်အစား သူက အရှင်သခင်၊ မြို့သူမြို့သားတွေက ကျွန်လို သဘော ထားလာလိမ့်မယ်။ အဆိုးဆုံးကတော့ လူတွေကိုကျင့်ဝတ်ပိုင်း သွန်သင်ပေးရမယ့် ဓမ္မဆရာတွေ ဟာလည်း သူတို့ကိုသူတို့ ဘုရားသခင်လို ထင်သွားတာပဲ။”

“ ဒါတွေကို ခင်ဗျားဘယ်လိုလုပ် သိတာလဲ”

“ ဒီလိုဗျ၊ ကျနော်ပြောင်းသွားတဲ့ မြို့မှာ ဒီကော်ဖီက ရောက်နှင့်နေတာကြာပေါ့။ အစကတော့ အဲဒီမြို့ဟာလည်း ဒီမြို့လိုပဲ။ အခုတော့ လူတွေလည်းအကျင့်ပျက်ပြီး မြို့ဟာ ဘယ်လိုမှ နေချင်စရာ တောင် မရှိတော့ဘူး”

“ အဲဒီတော့ ခင်ဗျား ဘယ်လိုလုပ်သလဲ”

“ ဘယ်လိုမှမလုပ်ဘူးလေ၊ အစကတော့ ကျနော်လည်း အသားမကျဘူး၊ နောက်တော့ အသား ကျသွားတယ်။”

“ အဓိပ္ပာယ်က…”

“ဟုတ်တယ်လေ။ ဟိုမှာ ဆိုင်းပုဒ်မှာရေးထားတဲ့ ကော်ဖီဆိုင်နာမည်ကို ခင်ဗျားအသံထွက် ကြည့် လိုက်လေ၊ ခင်ဗျားသဘောပေါက်သွားလိမ့်မယ်”

သူပြောတော့မှ အကြိမ်ကြိမ်ဖတ်နေကြဆိုင်းပုဒ်ကို ဒီတခါမှာ အသံထွက်ပြီး ကျနော်ပြန်ဖတ်ကြည့် လိုက်တယ်။

“ ….. ”

စာကြွင်း။ ။ ကျနော်ပြောဖို့လိုနေတဲ့တချက်က ဒီမြို့သားတွေမှာ ကိုယ်ပိုင်အသံထွက်ရှိတယ်ဗျ၊ သူတို့က ကော်ဖီကို “ကဖဲ”လို့ ထွက်တယ်၊ ကွန်ပြူတာကို “ကွန်ပြုတာ့” လို့ ထွက်တယ်။

ညီစောလွင်
(ဇူလိုင် ၁၊ ၂၀၁၅)
photo - aung htet

ဇင်လင်း - ရွေးကောက်ပွဲ နဲ့ စတုတ္ထမဏ္ဍိုင်


ဇင်လင်း - ရွေးကောက်ပွဲ နဲ့ စတုတ္ထမဏ္ဍိုင်
(မိုးမခ) ဇူလိုင် ၂၊ ၂၀၁၅


၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက် တဖြည်းဖြည်းနီးကပ်လာနေပါပြီ။ နိုဝင်ဘာမှာ အစီအစဉ်အတိုင်း အမှန်တကယ်ကျင်းပနိုင်မယ်ဆိုရင် ရွေးကောက်ပွဲဟာ (၄)လလောက်သာ လိုပါတော့တယ်။ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတတဲ့ ထုံးနည်းတွေနဲ့အညီ ကျင်းပဖို့ လက်ရှိ ဦးသိန်းစိန်အစိုးရအနေနဲ့ရည်မှန်းချက်ရှိတယ်ဆိုရင် ဘက်ပေါင်းစုံ (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး နဲ့ သတင်းလွတ်လပ်ရေး) ကဏ္ဍအသီးသီး တည်ငြိမ်မှုရှိအောင် စီမံ ဆောင်ရွက် ချိန်တန်ပါပြီ။ ဒါပေမယ့် လက်ငင်း ဖြစ်စဉ်တွေကို လေ့လာကြည့်တဲ့အခါ၊ တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာ၊ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ  အစိုးရတပ်နဲ့ ကချင် KIA တပ်ရင်း (၆) တို့တိုက်ပွဲတွေ ဆက်ဖြစ်နေတာ တွေကို ကြည့်ရင် နိုင်ငံရေးတည်ငြိမ်မှု မရှိတာ ပြည်သူအများ သိနေကြပါတယ်။

စီးပွားရေးကဏ္ဍကို ကြည့်ရင်လည်း နိုင်ငံခြားငွေလဲနှုန်း (Foreign Exchange Rate) တည်ငြိမ်မှုမရှိတဲ့အတွက်  စားသုံးသူ လူထုအတွက် ကုန်ဈေးနှုန်းတည်ငြိမ်မှု (Consumer Price Stability) လုံးဝမရှိတဲ့အခြေအနေကို ရင်ဆိုင်နေရပြန်တယ်။ လူမှုရေးမငြိမ်သက်မှု (Social Unrest)ကလည်း ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ပေါ်ပေါက်နေတယ်။ မြေယာတွေ တရားလက်လွတ် သိမ်းယူမှုတွေကြောင့် ဒေသအနှန့်မှာ ဆန္ဒပြမှုတွေပေါ်ပေါက်နေတာတွေ့ရတယ်။ အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခ လစာကိစ္စကို ဖြေရှင်းမပေးနိုင်တာကြောင့်လည်း မကျေနပ်မှုတွေ တနေ့တခြားများပြားလာနေတယ်။

ပညာရေးကိစ္စ ကြည့်ပြန်တော့လည်း  လွန်ခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲပြီး ကျောင်းသားကျောင်းသူ အများအပြားကို စာနာမှုကင်းစွာ ဖမ်းဆီးခဲ့တယ်။ နောက် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု ဥပဒေမဲ့လူစုလူဝေးမှာ ပါဝင်မှုစတဲ့ ပုဒ်မ ၅ခုနဲ့   သာယာဝတီ အကျဉ်းထောင်မှာ ကျောင်းသားကျောင်းသူတွေနဲ့ ကူညီသူ စုစုပေါင်း  ၇၂ ဦးကို ဖမ်းဆီးထိန်းသိမ်း တရားစွဲ ခဲ့တယ်။ ဒါကြောင့် ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲမှုကိစ္စကလည် အစိုးရနဲ့ ကျောင်းသားကျောင်းသူတွေ အကြား ဆက်လက်တင်းမာနေဆဲ ဖြစ်တယ်။

သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ အရေးကလည်း အလားတူ တည်ငြိမ်မှုမရှိ ရင်လေးဖွယ်ရာဖြစ်နေတာ  တွေ့နေရပြန်တယ်။ လတ်တလောမှာ The Daily Eleven သတင်းစာမှ အယ်ဒီတာ ၁၇ ဦးကို တရားရုံးမထီမဲ့မြင်ပြုမှုနဲ့၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ၊ ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲဆိုထားတဲ့ ကိစ္စဟာ ထင်ရှားတဲ့ မီဒီယာဖိနှိပ်မှု တခုလို့ ဆိုနိုင်ပါ တယ်။  အဲဒီ ကိစ္စနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဇွန် ၂၀ရက် (စနေနေ့) မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ပြည်လမ်း Novotel ဟိုတယ် ပုသိမ်ခန်းမမှာ ပြုလုပ်ခဲ့တာတွေ့ရတယ်။ အဆိုပါရှင်းလင်းပွဲသို့ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရေးရာကော်မတီ အဖွဲ့ဝင်အချို့၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ စီးပွားရေး၊ လူမှုရေး၊ စာပေနှင့် အနုပညာနယ်ပယ်မှ ထင်ရှားသူများ၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ၊ မီဒီယာ လွတ်လပ်ခွင့် အတွက် ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်။ အခုလို အလွှာစုံ ထောင့်စုံက ပုဂ္ဂိုလ်တွေ ဒီ သတင်းစာရှင်းပွဲကို တက်လာကြတာက ထူးခြားပါ တယ်။ Eleven Media Group ကိစ္စ ဆိုပေမယ့် သတင်းမီဒီယာအားလုံးရဲ့ လွတ်လပ်ရေးနဲ့ သက်ဆိုင်နေတာကြောင့် သတင်းဂျာနယ် တွေအစ၊ နိုင်ငံရေးပါတီတွေအဆုံး ကဏ္ဍစုံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာ သတိပြုမိပါ တယ်။

ဒီတော့ အခြေအနေအားလုံးကို ခြုံငုံသုံးသပ်ကြည့်တဲ့အခါ ရွေးကောက်ပွဲအလွန်နီးနေတဲ့ အခုလို အချိန်ကာလမျိုးမှာ လက်ရှိ အာဏာရ ပါတီနဲ့ အစိုးရဟာ တိုင်းပြည်ကို အဖက်ဖက်က တည်ငြိမ်အောင် ကြိုးစားဆောင်ရွက်ပေးရမယ့် အစား၊ တည်ငြိမ်မှု ပျက်ပြားအောင်များ ဖန်တီးနေသလားလို့ ထင်မြင်စရာတွေဖြစ်လာတယ်။ အကြောင်းကတော့ ဒီမိုကရေစီ ရွေးကောက်ပွဲ ရဲ့ အဓိကမဏ္ဍိုင်က လွတ်လပ်စွာ ဖွင့်ဟထုတ်ဖေါ်ပြောဆိုခွင့် နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် (Freedom of Expression & Freedom of Press) အပြည့်အ၀ ရရှိဖို့လိုပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ်ရဲ့ အသက်ဝိဥာဉ်ပါပဲ။ သတင်းမီဒီယာ လွတ်လပ်ခွင့် မပေးတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဘယ်နည်းမှ မဖြစ်မြောက်နိုင်ပါဘူး။

တကယ်တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့သတင်းမီဒီယာသမားတွေ စောင့်ကြည့်ရမယ့် အခြေအနေ (၃)ရပ်ရှိပါတယ်။ (၁) ရွေးကောက်ပွဲမတိုင်မီ၊ (၂) ရွေးကောက်ပွဲနေ့၊(၃) ရွေးကောက်ပွဲ ပြီးနောက် ဆိုတဲ့ အခြေအနေတွေဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းကျဖို့ မဖြစ်နိုင်တာ က တော့  သေချာပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကာလ သတင်းအမှန်ကို သိရှိနှိုင်ရေးအတွက် သတင်းမီဒီယာသမား တွေရဲ့  အခန်းကဏ္ဍဟာ အလွန်အရေးပါလာတာတွေ့ရပါလိမ့်မယ်။ ဒီ အချက်ကို သတင်းသမားတွေကိုယ်တိုင် သဘောပေါက် ဖို့လိုပါတယ်။ ရွေးကောက်ပွဲ မတိုင်မီကာလမှာ မီဒီယာက လူထုကို သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ ပေးဖို့လိုပါတယ်။ ရွေးကောက်ပွဲဥပဒေများအကြောင်း၊ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီများနှင့် ကိုယ်စားလှယ်များအကြောင်း၊ သူတို့ရဲ့ စီးပွားရေးနဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအခြေအနေ၊ ပါတီမူဝါဒနှင့် ပါတီခေါင်းဆောင်များရဲ့ နောက်ခံ ကိုယ်ရေးသမိုင်း များ၊  သူတို့ရဲ့ သီးခြားပြောဆိုချက် အမြင်အယူအဆများ၊ စသဖြင့် လူထုစဉ်းစားချိန်ဆနိုင်ဖို့အတွက် မီဒီယာက သတင်း အချက်အလက်တွေပေးရမှာ ဖြစ်ပါတယ်။ ဂျာနယ်တစောင် မီဒီယာတခုဟာ အစိုးရရဲ့ လက်ဝေခံသော်၎င်း၊ အခြားပါတီ တခုခုရဲ့ လက်ကိုင်ဒုတ်သော်၎င်း၊ မဖြစ်ဖို့ အထူးသတိပြုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ရွေးကောက်ပွဲ ကော်မရှင်အကြောင်းလည်း လူထုသိအောင် မီဒီယာက သတင်းပေးဖို့လိုပါတယ်။ လွတ်လပ်တဲ့ ကော်မရှင် ဟုတ် မဟုတ်၊ ကော်မရှင် နောက်ကွယ်မှာ အစိုးရအာဏာပိုင်တို့ စွက်ဖက်မှုရှိ မရှိ၊ မဲဆန္ဒရှင်မှတ်ပုံတင်         စာရင်းများ၊ ကိုယ်စားလှယ်စာရင်းများ၊ စနစ်တကျပြုစု ဆောင်ရွက်ထားမှု ရှိ မရှိ၊ အဂတိလိုက်စားပြီး ပါတီတခု လူပုဂ္ဂိုလ် တဦးတယောက်ကို မျက်နှာသာပေးမှု ရှိ မရှိ၊ ကော်မရှင်ဝန်ထမ်းများ ကျွမ်းကျင်မှု ရှိ မရှိ။ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပုံစံ စာရွက်စာတမ်း ပစ္စည်းပစ္စယများ အချိန်မီ အလုံအလောက် ဖြန့်ဖြူးပေးနိုင်ခြင်း ရှိ မရှိ  စသည့် ကိစ္စရပ်တွေကိုလည်း မီဒီယာက စောင့်ကြည့် သတင်းပေးရမှာဖြစ်တယ်။

စစ်ဖက်သြဇာလွှမ်းမိုးမှု ရှိနေဆဲဖြစ်တဲ့ ရွေးကောက်ပွဲအတွင်း ဥပဒေချိုးဖောက်မှု၊ အာဏာအလွဲသုံးမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ သတင်းလွတ်လပ်ခွင့် ပိတ်ပင်တားမြစ်မှု၊ မဲလိမ် မဲခိုးမှု အစရှိတဲ့ ဖြစ်ရပ်တွေ ဖြစ်နေဆဲ ရှိနေဆဲ ဖြစ်ပါတယ်။ သမိုင်းမှာ အရေးကြီးတဲ့ ဖြစ်စဉ်တွေကို သတင်းမီဒီယာသမားများက အမိအရ မှတ်တမ်းတင်နိုင်အောင် ရွေးကောက်ပွဲနေ့ မှာ  မဲစတင်မပေးမီ မဲပုံးတွေ အလွတ်ဗလာ ဖြစ်နေရဲ့လား၊ မဲရုံထားရှိမှု စနစ်ကျရဲ့လား၊ မဲစာရွက် အလုံအလောက်ရှိ ရဲ့လား၊ မဲရုံတာဝန်ကျ ပုဂ္ဂိုလ်များ တာဝန်ကို မှန်မှန်ကန်ကန် ဆောင်ရွက်ရဲ့လား၊ မဲရုံပတ်ဝန်းကျင်မှာ မဲဆွယ်မှု၊ မဲဝယ်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ ခြိမ်းခြောက်မှု၊ နှောက်ယှက်မှု ရှိ မရှိ စတာတွေကို မီဒီယာက စောင့်ကြည့်ဖို့ တာဝန်ရှိပါတယ်။ အရေးအကြီးဆုံး အချိန်ကတော့ မဲရေတွက်ချိန်မှာ စည်းမျဉ်းဥပဒေနဲ့အညီ မှန်မှန်ကန်ကန် တိတိကျကျ ပွင့်လင်းမြင်သာမှု ရှိရှိ မဲရေတွက်မှု လုပ် မလုပ် မီဒီယာက အချိန်နဲ့တပြေးညီ စောင့်ကြည့် သတင်းပေးရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးတဲ့ နောက် ပါတီကိုယ်စားလှယ်တွေရဲ့ အနိုင်အရှုံးစာရင်း သတင်းကြေညာမှု၊ လွှတ်တော် မည်သည့်အချိန်တွင်ခေါ်မည်၊  အစိုးရ မည်သို့ဖွဲ့မည်၊  အာဏာမည်သို့ လွှဲမည် အစရှိတဲ့ သတင်းများ လူထုသိရှိအောင် ပို့ပေးရမှာ ဖြစ်တယ်။ အရေးကြီး တာက ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲနေ့ ဖြစ်စဉ်တွေကို သတင်းမီဒီယာသမားများ မိမိရရ မှတ်တမ်းတင်နိုင်ဖို့ အားထုတ် ကြိုးစားရမှာဖြစ်ပါတယ်။

ဒါကြောင့် လက်ငင်း အခြေအနေ အချိန်အခါအရ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာဟာ တာဝန်အကြီးဆုံး အရေး အပါ ဆုံး အခန်းကဏ္ဍမှာ ရောက်ရှိနေပါတယ်။ စတုတ္ထမဏ္ဍိုင်ရဲ့ တာဝန်က အခြား မဏ္ဍိုင်(၃)ရပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင် တော်တည့်မှန်ကန်မှုရှိရဲ့လား၊ ဖေါက်လွှဲဖေါက်ပြန်ဖြစ်နေသလား၊ တရားရေးမဏ္ဍိုင် ဖြောင့်မှန်ရဲ့လား၊ ကိုယ်ကျင့်ပျက်ပြားလျှက် တရားစီရင်နေသလား….ဆိုတာတွေကို ပြည်သူလူထုသိရှိ နိုင်အောင် စောင့်ကြည့်ဖေါ်ထုတ်ပြရမှာက စတုတ္ထမဏ္ဍိုင်ရဲ့ ပဓါနတာဝန်ပါပဲ။ ဒါမှသာ နိုင်ငံနဲ့ပြည်သူ့အကျိုးစီးပွားကို ကာကွယ်တဲ့ Professional Media လို့ခေါ်ဆိုနိုင်မှာလည်းဖြစ်ပါတယ်။ အစိုးရအာဘော် မီဒီယာများလို မင်းလိုလိုက် မင်းကြိုက် လုပ်နေသမျှ Professional Media, Independent Media လို့ မခေါ်နိုင်ပါ။ ဒီတော့ ဒီကနေ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေကို အစိုးရက ဖမ်းဆီး တရားစွဲ ထောင်ချ စသဖြင့် တိုးမြှင့်လုပ်ဆောင်လာတာဟာ အစိုးရ အကြိုက် မလိုက်လို့လား…လို့မေးစရာဖြစ်လာပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် မီဒီယာတွေကို အစိုးရက ခြိမ်းခြောက် လာတာလားလို့လည်း ထင်စရာဖြစ်လာပါတယ်။ သတင်းမီဒီယာသမားတွေ သတင်းအလုပ်လုပ်တာဟာ ရာဇ၀တ်မှုကျူး လွန်တာ မဟုတ်ဘဲ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) အပိုဒ် ၁၉ ကခွင့်ပြုတဲ့ အခွင့်အရေးနဲ့ အညီ လူထု သိသင့် သိထိုက်တဲ့ သတင်းတွေကို ဖေါ်ထုတ်တင်ပြခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲမတိုင်မီ ကာလမှာ သတင်းစာလွတ်လပ်ခွင့် တည်ငြိမ်မှုရှိဖို့ အစိုးရက တာဝန်ခံရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီလို့ ကြွေးကြော်ချင်ရင် သတင်းမီဒီယာ လွတ်လပ်ခွင့် မပေးချင်လို့မရ။ သတင်းစာကို ဖိနှိပ် ခြိမ်းခြောက်နေရင် ဘယ်လိုမှ ဒီမိုကရေစီ မဟုတ်နိုင်။

ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲကို တာဝန်ယူကျင်းပမယ့် ဦးသိန်းစိန်အစိုးရအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အင်္ဂါရပ်နဲ့ ပြည့်စုံစေဖို့ စတုတ္ထမဏ္ဍိုင်ကို သူ့တာဝန် သူ၊ လွတ်လပ်ပြီး ဘက်လိုက်မှုကင်းစွာ တာဝန်ထမ်းဆောင်ခွင့်ပြုစေလိုကြောင်းပါ။

((၂၀၁၅ ဇွန်လ (၂၉) တနင်္လာနေ့ထုတ် ဒီလှိုင်းဂျာနယ်))

ကိုအောင်မှိုင်း - လွှတ်တော်နိုင်ငံရေး ကျဆုံးသွားပြီလား

Image may be NSFW.
Clik here to view.
Aung San Suu Kyi (L) and Tin Aye (R), chairman of the Union Election Commission pose for the photo during the meeting at the Union Election Commission office in Naypyitaw, Myanmar, 23 December 2011 (EPA)

ကိုအောင်မှိုင်း - လွှတ်တော်နိုင်ငံရေး ကျဆုံးသွားပြီလား
(မိုးမခ) ဇူလိုင် ၂၊ ၂၀၁၅


၂၀၀၈ဖွဲ့ စည်းပုံပြင်ဆင်ရေးနဲ့ပါတ်သက်ပြီး အရပ်ဘက်ပါတီအဖွဲ့ အစည်းတွေရဲ့  သဘောထားကို ပက်ပက် စက်စက် ငြင်းပါယ်လိုက်တဲ့ စစ်တပ်ကိုယ်စားလှယ်တွေဟာ ကိုယ့်ကိုယ်ကို ငါဘာလဲဆိုတာ ပြန်လည်သုံး သပ်ဘို့ လိုပြီဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ဘို့ကို လွှတ်တော်မှာ ပြင်ဆင်မှုတွေ ကောင်းကောင်းကြီး လုပ်ခဲ့ကြတယ်လို့ဆိုတယ်။ ခုတော့လွှတ်တော်ရဲ့  ဖွဲ့ စည်းပုံပြင်ဆင်ရေးကော်မတီဆိုတာ ကြောင်ရေချိုးတဲ့ အလုပ်လုပ်တဲ့အဖွဲ့ မျိုးဖြစ်သွားပြီး၊လွှတ်တော်ဆိုတာကြီးကလဲ ဂတုံးသန်းရှာတဲ့အဖွဲ့ ကြီးဖြစ်သွားတော့တာ ပေါ့။ ပြောရရင် ဗမာပြည်လွှတ်တော်ဆိုတာ ရောင်စုံသောင်းကျန်းသူတွေ စုနေတဲ့ရပ်ကွက်ကြီးတခုလိုဖြစ်နေ တော့တာပေါ့ဗျာ။ အရေးအကြီးဆုံး ကနေ့ကျနော်တို့မေးချင်တဲ့ မေးခွန်းက လွှတ်တော်နိုင်ငံရေး ကျဆုံးသွား ပြီလားဆိုတာကို လက်တွေ့ ကျကျ အဖြေရှာကြရတော့မှာဖြစ်ကြောင်း အတိုက်အခံပါတီဆိုသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအပါအ၀င် လူထုတရပ်လုံး တပ်လှန့်ကြရတော့မဲ့ ကာလကို ရောက်ရှိ နေပြီဆိုတာပါဘဲ။

မြန်မာ့လွှတ်တော်ဆိုတာ အစိမ်းဝတ်တွေ၊ ခရိုနီမျိုးစုံတွေနဲ့  အလိုတော်ရိတွေ စုနေတဲ့ နေရာလိုဖြစ်နေတယ်။ အခြားနိုင်ငံတကာလွှတ်တော်တွေမှာဆို အဆိုတခုကို အသေအချာကိုဆွေးနွေးကြ အဖြေရှာကြလုပ်ကြလေ့ ရှိတယ်။ဗမာပြည်မှာကတော့ အဆိုတခုကို အခြေအတင် ကြောင်းကျိုးဆက်စပ်ဆွေးနွေးကြဘို့ မစဉ်းစားဘဲ အမြဲဆိုသလို အမြန်မဲခွဲလေ့ရှိတယ်။ဒါကလဲလွှတ်တော်မှာ အချောင်ဝင်ထိုင်နေတဲ့ စစ်တပ်ကိုယ်စားလှယ်ဆို တဲ့ အုပ်စုရဲ့  ကျန်တဲ့ဘက်တွေအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်ဖြစ်သလို အဓ္ဓမပြုကျင့်တဲ့ လုပ်ရပ်ဘဲဖြစ် ပါတယ်။ လွှတ်တော်ဆိုတာ အစိမ်းဝတ်တွေက အခြားအရောင်မျိုးစုံအပေါ် ဗြောင်အဓ္ဓမပြုကျင့်လို့ရတဲ့ ဌာန ကြီးလို ဖြစ်နေတာကိုတော့ ပြောဘို့လိုနေပြီဖြစ်ပါတယ်။အကြည့်ရ အတော့်ကို ရုပ်ဆိုးလို့ပါ။ cowboy ကား တကား ကြည့်နေရသလိုဖြစ်နေတယ်။

တကယ်ဆိုတော့စစ်တပ်ကိုယ်စားလှယ်တွေဆိုတာ တရားဝင်လွှတ်တော်ကိုယ်စားလှယ်တွေမဟုတ်ပါဘူး။ ၂၀၀၈ စစ်ဖွဲ့ စည်းပုံအောက်ကနေ မှောင်ခိုဝင်ရောက် ကုလားထိုင်လုထားတဲ့ တရားမ၀င် လူအုပ်စုတစုသာ ဖြစ်တယ်ဆိုတာမမေ့ဘို့လိုပါတယ်။ဒီအုပ်စုဟာ နိုင်ငံတကာမှာဖြစ်စေ မြန်မာပြည်တွင်းမှာဖြစ်စေ လွှတ်တော်  စနစ်ကို ဖျက်ဆီးနေကြတဲ့ ကိုယ်ကျိုးသမားတွေလို့ ပြောချင်တယ်။အလွန်ကို အရှက်ကင်းမဲ့ကြတဲ့ မျက်နှာ ပြောင်ပြောင်နဲ့  ၀င်ထိုင်နေကြတာပါ။ ထိုင်နေကြတာကလဲ အင်နဲ့ အားနဲ့ ပါ။ လွှတ်တော်ကိုယ်စားလှယ် အား လုံးရဲ့  ၂၅ ရာခိုင်နုန်းတိတိရှိပြီး ၂၀၀၈ဖွဲ့ စည်းပုံကို ပြင်ချင်ရင် ၇၅ ရာခိုင်နုန်းရမှ ပြင်လို့ရမယ်ဆိုတော့ ပွဲဖျက် မဲ့အဖွဲ့ တွေပေါ့ဗျာ။ လွှတ်တော်တလျှောက်လုံး ပြိုင်တူထိုင်ကြ ပြိုင်တူထကြနဲ့  ယိမ်းကနေကြသလိုပါဘဲ။ အတော်ကို လွှတ်တော်ကျက်သရေကို ကင်းမဲ့စေသလို လွှတ်တော်စနစ်ကြီးတခုလုံးရဲ့  ကောင်းမြတ်မှုတွေ ကို အနိုင်ကျင့်ဗိုလ်ကျ ဖျက်ဆီးနေကြသလိုပါဘဲ။ဒီကြားထဲ ခိုးကြောင်ခိုးဝှက် မဲခလုပ်တွေနှိပ်ကြ မဲခွဲကြတဲ့ အခါမှာသာ ပြိုင်တူထကြ ပြိုင်တူထိုင်ကြရှိပြီး လွှတ်တော်ရဲ့ အဆိုတွေမှာ စိတ်ဝင်တစားဆွေးနွေးကြတာလဲ မရှိသလောက်ပါဘဲ။ပြောရရင်တော့ဗျာ ၃နှစ်လုံးလုံး လွှတ်တော်လာရှုတ်နေတဲ့ လူရှုတ်အုပ်စုလို့ပြောရမလို ဖြစ်နေပြီ။ စက်ရုပ်အမတ်တွေပေါ့။ ကိုယ့်ကိုယ်ကိုလဲ မှန်လေးဘာလေးကြည့်ပါဦးလို့ အကြံပေးရမလိုဖြစ်နေ ပြီ။ လွှတ်တော်မှာတော့ ကြာလေရှုတ်လေ ယုတ်လေပါဘဲ။

ပွင့်ပွင့်လင်းလင်းပြောရရင် ဖွဲ့ စည်းပုံပြင်ဆင်ရေးဆိုတာ တတိုင်းတပြည်လုံးရဲ့  ဆန္ဒသဘောထားပါ။ စစ်တပ် ရဲ့ အခုလို လုပ်တဲ့လုပ်ရပ်အပေါ် ကျနော်တို့ပေါ်ပေါ်တင်တင် ရှုံ့ ချဘို့လိုတယ်။ရှုံ့ လဲ ရှုံ့ ချတယ်။ဒါဟာ စစ်တပ်  က လူထုကို ရန်သူလိုသဘောထားနေဆဲဆိုတာကို ပြတ်ပြတ်သားသား ဖေါ်ပြကြတာဘဲဖြစ်တယ်။ ဒီအတွက် စစ်တပ်က ခေါင်းဆောင်တွေမှာ လုံးဝတာဝန်ရှိပါတယ်။ ဒါဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်ပါတော့ မယ်လို့ ကိုယ့်ကိုယ်ကိုကြေငြာပြီးလုပ်ခဲ့တဲ့ ဂတိဂ၀တ်ကို ဖေါက်ဖျက်တာဘဲ ဖြစ်ပါတယ်။စစ်ဗိုလ်ချူပ်ဟောင်း တွေပြောနေကြ လက်သုံးစကားဖြစ်တဲ့ ဗမာပြည်အတွက်သီးသန့်ဒီမိုကရေစီဆိုတာဟာ ဦးနေ၀င်းလက်ထက် က မြန်မာ့ဆိုရှယ်လစ်ဆိုတာမျိုးဆိုရင်တော့ လိမ်တာလို့လဲပြောရတော့မှာပါ။ ဒီမိုကရေစီလို့ ပါးစပ်ကပြောပြီး လက်တွေ့ မှာ ဗိုလ်ကျအနိုင်ကျင့်နေတဲ့ စစ်အာဏာရှင်စနစ် အတိုင်းသွားနေမယ်ဆိုရင်တော့ စစ်အာဏာရှင် ဘီလူးခေါင်းကို ဒီမိုကရေစီမျက်နှာဖုံးစွတ်ထားတာလို့ဘဲ ပြောပါရစေ။

စစ်တပ်က ဘာကိုကြောက်နေတာလဲ။စစ်အုပ်စုရဲ့  ကိုယ်ကျိုးစီးပွါးတွေဆုံးရှုံးမှာ၊ လူတွေအပေါ် ဗိုလ်ကျ အနိုင်ကျင့်ခွင့် အခွင့်အရေးတွေ ဆုံးရှုံးမှာ၊ အခွင့်ထူးခံထားတဲ့ ငွေကြေး လုပ်ငန်း ပိုင်ဆိုင်မှုတွေဆုံးရှုံးမှာ တွေကို ကြောက်နေကြတာဆိုတာ ဒီလိုလုပ်ရပ်တွေက သေချာစေခဲ့တာဖြစ်ပါတယ်။ မတရားတာကို မတရားမှန်းမသိဘဲ အမှားကျူးလွန်မိရင်တောင် အပြစ်ရှိတယ်လို့ တရားဥပဒေမှာရှိနေတယ်ဆိုရင် မတရား မှန်းသိရက်နဲ့  အခုလိုအဓ္ဓမလုပ်ရပ်တွေဟာ  တရားဥပဒေအရ သိတ်ကို အပြစ်ကြီးတယ်လို့ဆိုပါရစေ။ လူ့အဖွဲ့ အစည်းအတွက်လဲ သိတ်ကို ဆိုးကျိုးတွေသက်ရောက်စေပါတယ်။ ဒါဟာသမိုင်းဆိုင်ရာ ဆိုးကျိုး တွေကို ဖြစ်စေမှာပါ။ စစ်ခေါင်းဆောင်တွေ တချိန်မှာတာဝန်ယူရမဲ့ကိစ္စလဲဖြစ်ပါတယ်။

NLD  ရဲ့ ၂၀၀၈ပြင်ဆင်ရေးကတော့ ပြောရရင် လက်တွေ့ မကျတဲ့ အပေါစားပျက်လုံးတခုလို့ခံစားမိပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးမှာ NLD ရှုံးနိမ့်သွားတယ်ဆိုတဲ့ အယူအဆကို ကျနော်တဦးချင်းအနေနဲ့ တော့ လက်မခံချင်ပါ။ NLD ဟာလွှတ်တော်မှာ မဲခွဲတိုင်းရှုံးနိမ့်ခဲ့ရတာကြီးဘဲဖြစ်ပါတယ်။ ဆိုလိုတာက လွှတ်တော် ထဲကို အရှုံးခံပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့ကထဲက မဲခွဲရင်ရှုံးနိမ့်မယ်ဆိုတာ သိပြီးသားဖြစ်လိမ့်မယ်ထင် တယ်။NLD ခေါင်းဆောင်ပြောတဲ့ မအံ့သြဘူးဆိုတာ အဲဒါကိုရည်ရွယ်တာလို့ ကျနော်ထင်တယ်။တခုတော့ ရှိပါတယ်။ NLD ဟာအကြိမ်ကြိမ် အလိမ်ခံနေရတယ်ဆိုတဲ့ အယူအဆသာမှန်မယ်ဆိုရင် လူထုဟာ NLD ရဲ့  လုပ်ရပ်တွေကြောင့် ဦးကျိုးသွားနိုင်တယ်ဆိုတာပါဘဲ။ ဒါကလဲ  NLD  ခေါင်းဆောင်တွေ တာဝန်ယူရမဲ့ ကိစ္စ ဖြစ်မှာပါ။

ကနေ့ဗမာပြည်မှာ အုပ်ချူပ်သူလူတန်းစားအတွင်း နိုင်ငံရေးတိုက်ပွဲအချို့  ဖြစ်နေသလိုအာဘော်တွေ တချို့  တွေ့ နေရတာဟာ အကြီးအကျယ် လိမ်လည်မှုတခုသာ ဖြစ်တယ်လို့ပြောရမှာ ဖြစ်ပါတယ်။ ကျနော်တို့အမြင် အရကတော့  အုပ်ချူပ်သူလူတန်းစားအတွင်း  နိုင်ငံရေးတို်က်ပွဲဆိုတာထက် ကိုယ်ကျိုးစီးပွါးတိုက်ပွဲလို့သာ ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်။ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီလမ်းစဉ်သွားချင်သူ အချင်းချင်းရဲ့  ကိုယ်ကျိုးစီးပွါးတိုက်ပွဲလို့ ရှင်းရှင်းလင်းလင်း မြင်ရင် ကျနော်တို့ဘာဆက်လုပ်ရမယ်ဆိုတာကို အခိုင်အမာ ဆုံးဖြတ်နိုင်ကြမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ကျနော်ဆိုလိုချင်တာက ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီချူပ်က နိုင်ရင်တောင် ဘာဖြစ်လာမလဲ ဆိုတဲ့မေးခွန်းပါ ။ ၂၀၀၈ ဖွဲ့ စည်းပုံအောက်မှာ လူထုအတွက် ဘာမှဖြစ်လာ မှာ မဟုတ်ဘူးလို့ဘဲ ဖြေရတော့မှာပါ။

လူထုအနေနဲ့  လွှတ်တော်နိုင်ငံရေးအစားရွေးချယ်စရာ များများသိပ်ရှိပါ။ နိုင်ငံရေးပါတီများ၊တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအပါအ၀င် လူထုအနေဖြင့်  စစ်တပ်ရဲ့  ဆင်ခြင်တုံမဲ့ ရမ်းကားလုပ်ဆောင်မှု တွေကို တားဆီးကြရပါမယ်။ စစ်တပ်ဟာ တိုင်းရင်းသားများအပါအ၀င် လုူထုအပေါ် အခုလိုမိုက်ရိုင်း ရမ်းကား နေသ၍ ဗမာပြည်မှာ ဒီမိုကရေစီမရှိနိုင်ပါ။ ဒါကို ဒီမိုကရေစီဟုပြောလျှင် မျက်နှာပြောင်ဖြင့် လိမ်လည်လှည့် ဖျားခြင်းသာ ဖြစ်ပါလိမ့်မယ်။လူထုအနေနဲ့  လွှတ်တော်နိုင်ငံရေးရှင်သန်စေလိုလျှင် လွှတ်တော်တွင်း မှောင်ခိုဝင်ရောက်ခါ  လွှတ်တော်ကို ဖျက်ဆီးနေကြတဲ့  အစိမ်းဝတ်လူရမ်းကားတစုကို လွှတ်တော်မှ ချက်ခြင်း မောင်းထုတ်ပြစ်ရန်မှတပါး အခြားမရှိတော့ပါကြောင်း တင်ပြလိုက်ရပါတယ်။

ကိုအောင်မှိုင်း

မောင်ရစ် - မြန်မာတိုင်းရင်းသား ကွန်မြူနီတီနဲ့ စိတ်ဝမ်းမကွဲ အတူလက်တွဲကြဖို့


မောင်ရစ် - မြန်မာတိုင်းရင်းသား ကွန်မြူနီတီနဲ့ စိတ်ဝမ်းမကွဲ အတူလက်တွဲကြဖို့
(အတွေးအမြင်မဂ္ဂဇင်း၊ ဇူလိုင်) ဇူလိုင် ၂၊ ၂၀၁၅


တပါတီ အာဏာရှင်တွေ၊ စစ်အာဏာရှင်တွေနဲ့ အလိုတော်ရိတွေ၊ ထောက်လှမ်းရေးတွေ၊ တန်ပြန်ထောက်လှမ်းရေးတွေ၊ အပေါင်းအပါတွေက အတိုက်အခံတွေ၊ သာမန်ပြည်သူတွေကို သွေးခွဲအုပ်ချူပ်တယ်၊ အကြောက်တရား၊ သံသယတွေ၊ သတင်းမှားတွေ သွတ်သွင်းထားတယ်။ မျှော်လင့်ချက်အလွဲတွေ၊ ကောလဟာလတွေကို အမြဲ ဖြန့်ချိလေ့ရှိတယ်။ အခြေခံ လူထု လူတန်းစားတွေဟာ အမြဲတစေမှာ တစုနဲ့ တစု တဦးနဲ့ တဦး မတူကွဲပြားတဲ့ အမြင်တွေ အထင်တွေနဲ့ နီးနီးစပ်စပ် မနေဖြစ်ကြဘဲ ခပ်ခွာခွာ သီးသန့်နေထိုင်ကြတဲ့ အလေ့က အရိုးစွဲနေတော့တာပဲ။

ဒါကို ဘာကြောင့် ပြောနေတာလဲဆိုတော့ ကိုယ်တွေ့၊ ကိုယ်တွေ့လို့ ပြောချင်လို့ ဖြစ်တယ်။ ၂၀၀၇ မှာ ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ ကျနော်နဲ့ အနီးဆုံးအရပ်ဒေသ ဆန်ဖရန်စစ္စကိုဘေးဧရိယာမှာ မြန်မာတိုင်းရင်းသားတွေ အားလုံးနီးပါး ကျောချင်းကပ်မိကြတော့တာပဲ။ မြန်မာပြည်က သံဃာတော်တွေကို ကူညီဖို့၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အားပေးဖို့ လှုပ်ရှားမှုတွေ တက်ကြွလှုပ်ရှားလာခဲ့တယ်။ သို့သော်လည်း စစ်အစိုးရရဲ့ အကြမ်းဖက် သတ်ဖြတ် ဖမ်းဆီးနှိမ်နှင်းမှုတွေအပြင် ပြည်တွင်း၊ ပြည်ပက အုံကြွလှုပ်ရှားသူတွေ၊ ကူညီအားပေးသူတွေကြားထဲမှာ ကောလဟာလတွေ၊ သတင်းမှား၊ အမြင်မှားတွေ ဖြန့်ချိသွတ်သွင်းမှုတွေနဲ့ လူထုနိုးကြားမှုတွေကို အားနည်းသွားစေခဲ့တယ်။

 အနီးဆုံး ကြုံတွေ့ရတဲ့ ဥပမာတွေကတော့ မြန်မာပြည်ကို ပြန်ကြမယ့်သူတွေကို လေဆိပ်မှာ ဖမ်းတယ်၊ ဆီးတယ်ဆိုတဲ့ ကောလဟာလ၊ မြန်မာပြည်တွင်းကို ကူညီလှူဒါန်းကြတဲ့ ငွေကြေး အလှူဒါနတွေ အလွဲသုံးစားလုပ်နေတယ်၊ အဟောသိကံဖြစ်နေတယ်ဆိုတဲ့ အတင်းအဖျင်းတွေ၊ မြန်မာတိုင်းရင်းသား ကွန်မြူနီတီတွေအချင်းချင်းထဲက တက်ကြွလှုပ်ရှားသူတွေနဲ့ နီးစပ်သူတွေကို ထောက်လှမ်းရေး၊ သတင်းပေးတွေအဖြစ် တံဆိပ်ကပ် သတင်းမှား ထုတ်လွှင့်တာတွေကို ကြုံတွေ့ခဲ့ရလို့ ဖြစ်ပါတယ်။

၂၀၀၈ နာဂစ်မုန်တိုင်းအလွန်ကာလ ပြည်သူလူထုရဲ့ တက်ကြွလှုပ်ရှားမှုတွေ၊ စေတနာ့ဝန်ထမ်းလှုပ်ရှားမှုတွေဟာလည်း အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး ဖြိုခွဲခြင်း ခံခဲ့ရသလို၊ တံဆိပ်ဆိုး အမျိုးမျိုးကပ်ပြီး စေတနာဝန်ထမ်းလှုပ်ရှားသူတွေ၊ ပြည်သူ့လူထုလှုပ်ရှားမှုတွေကို အရှိန်လျော့ အားပျော့သွားအောင် စစ်အာဏာပိုင်တွေဖက်က လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောချင်တယ်။

စစ်အာဏာရှင်တွေဟာ မျှော်လင့်ချက်တလွဲတွေကိုလည်း အမြဲ ထုတ်လုပ်နိုင်တယ်။ သူတို့ဖမ်းဆီးထောင်ချထားတဲ့ ခင်ညွန့်တို့ ထောက်လှမ်းရေးအသိုင်းအ၀ိုင်းသတင်းတွေကို လိုအပ်ရင် လိုအပ်သလို ထုတ်သုံးလေ့ရှိတယ်။ ဒေါ်စုနဲ့ တွေ့ဆုံတာကိုလည်း ဟန်ပြလုပ်လေ့ရှိတယ်။ တိုင်းရင်းသားပဋိပက္ခတွေကိုလည်း မီးထိုးလိုက်၊ ရေထိုးလိုက် လုပ်တယ်။ ကြားနေတဲ့ သဘောထားနဲ့ ရွှေပြည်အေးတရားဟောပြီး စစ်အစိုးရဘက်လိုက်သူများကို တဖက်စောင်းနင်း ပ,စားပေးပြီး လူတွေကို တွေဝေအောင် လုပ်နေခဲ့တာတွေ ပြန်စဉ်းစားရင်း တလုံးပြီး တလုံး ပေါ်လာကြလိမ့်မယ် ထင်တယ်။

နောက်တချက်က ကျနော်တို့ကိုယ်တိုင်ကလည်း အမြင်ကျဉ်းတာ၊ သဘောထားမကြီးတာတွေ၊ အရိုးစွဲနေတဲ့ အညံ့စိတ်တွေ၊ အငုံ့စိတ်တွေကလည်း တရားခံတွေပဲလို့ လက်ညိုးထိုးချင်ပါတယ်။ ၀န်ခံချင်ပါတယ်။ ဘယ်လိုသတင်းတွေ အတင်းတွေ ကြားလိုက် ကြားလိုက် ကျနော်တို့က ငါ့ဘက်၊ သူ့ဘက်ဆိုတဲ့ အတွေးနဲ့ ဘက်လိုက်ဖို့၊ သူများကို လက်ညှိုးထိုးဖို့ အတော်ကို ၀န်မလေးကြဘူး။ အဖွဲ့အစည်းတွေ၊ ကွန်မြူနီတီတွေ၊ မတူတဲ့သူတွေနဲ့ အတူတွဲအလုပ်လုပ်တာတွေကို အလေ့အကျင့်မရှိတော့ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းပြီး ဘုံတူညီတဲ့ ရပ်တည်ချက်တွေ၊ နည်းလမ်းတွေ၊ အလျော့အတင်းတွေကို ကိုယ့်မိသားစု ကွန်မြူနီတီထဲမှာ မကျင့်သုံးမိကြဘူး။

အဲသည်အခါကျတော့ ကျနော်တို့တတွေက တူရာတူရာ ကိုယ့်အရောင်အသွေးချင်း ရောနှောလက်ခံလို့ရတဲ့ ကိုယ့်ချည်တိုင်ဆီကိုယ် ပြန်ကြရတာနဲ့ ဂိတ်ဆုံးကြတော့တာပဲ။ တခုခု လုပ်တိုင်း မိတ်ဆွေတိုးတယ်၊ နယ်မြေကျယ်တယ်ဆိုတာ မရှိဘူး။ အရေးကိစ္စတခုပြီးစီးသွားတဲ့အခါ တရားသမားတွေကလည်း သူတို့ ကိုးကွယ်ရာ ဘုန်းကြီးကျောင်းထဲ ပြန်ဝင်ကုန်တယ်။ ခရစ်ယာန်တွေ၊ မွတ်ဆလင်တွေ၊ အသွေးအရောင် မတူတဲ့ တိုင်းရင်းသားတွေကလည်း သူတို့ လာခဲ့တဲ့ နေရာ အမိုးဌာနေတွေဆီ ပြန်လည် ဆုတ်ခွာကြတယ်။ လက်သီးလက်မောင်းတန်းသူ နိုင်ငံရေးသမားတွေကလည်း သူတို့နေရာဆီ သူတို့ပြန်ကြ၊ လူမှုရေးသမားတွေကလည်း အစက တို့မပြောလား ဆိုတဲ့ မျက်နှာပေးနဲ့ အချင်းချင်းလက်တို့ပြီး သူတို့ သန်ရာ သန်ရာ နယ်မြေတွေဆီ ပြန်လှည့်ကုန်တယ်။ ကျနော်တို့တတွေဟာ အမြဲတမ်း အရေးအကြောင်းကြုံတိုင်း အသစ်ကပြန်စ၊ အစကနေ ပြန်စ ကြတာနဲ့ အချိန်ကုန်ရတယ်။ ပြီးပြန်တော့လည်း အဆုံးမှာ တစဆီ ပြန်ကောက်ကြရ ပြန်တာပဲ။

၂၀၀၉ မှာ အဲသည် အခက်အခဲ အတားအဆီးတွေ ကျော်လွှားပြီး ကျော်သူ၊ သန်းမြင့်အောင်၊ ဖြူဖြူသင်း၊ သပိတ်အိုင် သီတဂူဆရာတော်၊ ဦးမြင့်အေး စတဲ့ လူမှုရေး စွန့်လွှတ် မြုပ်နှံသူတွေ ထင်ရှားပေါ်ထွန်းလာတယ်။ ၂၀၀၉ မှာ ဒေါ်စုကို အင်းစိန်ထောင်ပို့ပြီး အရေးယူဖို့ စစ်အစိုးရက ကြိုးစားတယ်။ လူမှုရေး စေတနာဝန်ထမ်းလုပ်ငန်းတွေကပဲ တိုင်းပြည်အတွက် ထွက်ပေါက်လိုလို ဖြစ်လာတော့ သူနဲ့ ထပ်တူ အရေးပါတဲ့ အမျိုးသားရေး၊ တိုင်းရင်းသားအရေးနဲ့ အထွေထွေ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ နောက်တန်းမှာ သွားရပ်ရမလိုလို ဖြစ်လာတယ်။ ကျနော်တို့တတွေကလည်း အများနဲ့ ကျယ်ပြန့်တဲ့ အမျိုးအစားစုံလင်တဲ့ လှုပ်ရှားမှုတွေ ဖြန့်ကျက်မလုပ်နိုင်တော့ဘဲ တခုကောင်း ၂ခုကောင်းလောက် စုပြုံလှုပ်ရှားမှုတွေဖက် အားသန်လာခဲ့တယ်လို့ ဆိုချင်တယ်။

လူထုနဲ့ နီးစပ်အောင် တသားတည်း မနေဘဲ အင်တာနက်တွေ၊ ဖေ့စ်ဘွတ်တွေ၊ ကွန်ပြူတာတွေ၊ နည်းပညာတွေနဲ့ ကိုယ်နဲ့ နီးစပ်သူတွေချည်းအချင်းချင်း ကျီးမြှောက်၊ ဘုတ်မြှောက်နဲ့ နေပြီး ကိုယ့်ဖာသာကိုယ် ကျေနပ်နေသူတွေဟာ လက်တွေ့ကျကျ မိမိမျက်မှောက်က ကွန်မြူနီတီထဲမှာ တကယ်တမ်း ၀င်ရောက် လှုပ်ရှားစည်းရုံးမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေ ကိုယ်တိုင်လုပ်ကြတော့မှပဲ ကို်ယ်ကိုယ်တိုင် အမြင်ကျဉ်းတာ၊ အထင်လွဲနေတာတွေကို မိမိဘာသာ ရိပ်စား သိရှိ ၀န်ခံမိကြပါလိမ့်မယ်။

ဘာသာရေးသမားတွေကလည်း လူမှုရေးသမားတွေကို သီးခြားသဘောထားတယ်။ လူမှုရေးသမားတွေကလည်း နိုင်ငံရေးသမားတွေကို မတူသူတွေလို ဆက်ဆံတယ်။ တိုင်းရင်းသားတွေ အချင်းချင်းမှာလည်း အကျိုးစီးပွားချင်း မတူညီသူတွေဆိုပြီး ခွဲခြားဆက်ဆံကြတယ်။ သတင်းသမားတွေ၊ အနုပညာသမားတွေကလည်း အမြင်ချင်း မတူသူတွေအဖြစ် အစုအဖွဲ့တွေနဲ့ တသီးတခြားနေကြတယ်။ သင်ခန်းစာ တခု ထုတ်ပြရရင် … ၂၀၁၀ မှာ အမေရိကန်ပြည်သန်းကောင်စာရင်းထုတ်ပြန်ဖို့အတွက် ၂၀၀၈ ကတည်းက စပြီး မြန်မာလူမျိုးစုတွေကို လှုပ်နိုး နှိုးဆော်တဲ့အခါ အဲသည် သီးခြားအကျိုးစီးပွားတွေက အစုအဖွဲ့တွေကြားထဲ ၀င်ခြားနားကုန်တော့ ကျနော်တို့တတွေမှာ အများအကျိုး (မြန်မာပြည်လူမျိုးစုအားလုံးအကျိုးစီးပွား) ဖြစ်တဲ့ အမေရိကန်မှာ Burmese လို့ တစုတစည်းတည်း စာရင်းကောက်ခံရမယ့်အဖြစ်က ဇာတ်ခေါင်းတွေ ကွဲခဲ့ကြလို့ သိန်းဂဏန်းရှိနိုင်တဲ့ ငဒို့ ဗမာတွေ (တိုင်းရင်းသားတွေ အပါအ၀င်) သောင်းကျော်နဲ့ မျက်နှာမလှ ဖြစ်ခဲ့ရတယ်။

၂၀၁၀ မှာ စစ်အစိုးရဟာ မြန်မာပြည်တွင်းမှာ နိုင်ငံရေးအစုအဖွဲ့တွေကို သွေးခွဲပြီး ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းနှိုးဆောင် စည်းရုံးခဲ့တယ်။ တိုင်းရင်းသားတွေကိုလည်း အကျိုးစီးပွားချင်း ခွဲခြားပြီး ဆွဲဆောင်ခဲ့တယ်။ ရွေးကောက်ပွဲ ကြုံခဲ့ဖူးသူနဲ့ မကြုံခဲ့ဖူးသူတွေကို ခွဲခြမ်းလိုက်တယ်။ နိုင်ငံရဲ့ အထွေထွေ အကြပ်အတည်းကြီးတွေအောက်မှာ နွမ်းနယ် ပင်ပန်းနေသူတွေ၊ မိမိ မိသားစုဝင်တွေ နယ်ဝေးအကျဉ်းထောင်တွေမှာ ရောက်ရှိနေလို့ သောကဖိဆီးနေသူတွေ၊ နိုင်ငံရေးကယ်တင်ရှင်ကြီးအဖြစ် စိတ်ကူးတွေယဉ်ပြီး နိုင်ငံရေးပြဒါးရှင်လုံး ဖြစ်နိုးနဲ့ ဖိုရ်ထိုးနေသူတွေ၊ လူမှုရေးသမား၊ ဘာသာရေးသမား၊ နိုင်ငံရေးသမား၊ အမျိုးအစား အဖုံဖုံ အစားစားကို ခွဲခြား ကန့်သတ်ထားပြီး ရွေးကောက်ပွဲကြီး ၀ှဲချီး ကျင်းပနိုင်ခဲ့တာကို ကျနော်တို့ ပြန်လည် စဉ်းစားသုံးသပ်ကြည့်သင့်လှပါတယ်။

၂၀၁၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် ပြည်တွင်း ပြည်ပက လူထု လူတန်းစားအသီးသီးဟာ ဒါတွေကို အတတ်နိုင်ဆုံး ကျော်လွှားခဲ့ပြီးပြီ၊ သင်ခန်းစာတွေ ရခဲ့ပြီးပြီ၊ ပညာတွေလည်း အတော်အသင့် ရခဲ့ပြီလို့ မျှော်လင့်ကြည့်ချင်တယ်။ လက်ရှိ  မြန်မာတိုင်းရင်းသား လူမျိုးစု လူထု လူတန်းစားအသီးသီးဟာ လွန်ခဲ့တဲ့ နှစ်တွေနဲ့ မတူ၊ ထူးခြားတဲ့ ကိုယ်ချင်းစာစိတ်၊ မုဒိတာစိတ်၊ ဂရုဏာစိတ်၊ ချစ်ခင်ညီညွတ်တဲ့ စိတ်တွေနဲ့ လှုပ်ရှားမှုတွေ၊ နားစွင့်မှုတွေ၊ နားလည်မှုတွေ ရှိလာတယ်လို့ ခံစားမိတယ်။

 နိုင်ငံရေးသမားတွေက သူတို့အလုပ် သူတို့လုပ်နေချိန်မှာ လူမှုရေး၊ ဘာသာရေးသမားတွေက ထိုသူတွေကို ရေတခွက် ခပ်တိုက်ဖို့  ၀န်မလေးပါဘူး။ ဘာသာရေးသမားတွေက ဆုတောင်းနေချိန်မှာ လူမှုရေးသမားတွေကလည်း သူတို့နဲ့ အတူ ကောင်းမှုတွေ ပြုနေနိုင်တာပဲ။ တိုင်းရင်းသားတွေက သူတို့နယ်မြေတွေက ဒုက္ခတွေအကြောင်း ထုတ်ဖော်နေချိန်မှာ ကျန်သူတွေက သူတို့တွေနဲ့အတူ လက်တွဲ အားပေးကြဖို့ အဆင်သင့် ဖြစ်နေကြပါတယ်။ သည်လိုပဲ ပြောချင်၊ မြင်ချင်တယ်။ သတင်းသမား၊ စာသမားတွေကလည်း ကိုယ့် ပတ်ဝန်းကျင် ကွန်မြူနီတီက သာရေး၊ နာရေး၊ ဘာအရေးပဲဖြစ်ဖြစ် ပေတံပေါင်းစုံ အဖုံဖုံ ထုတ်ပြီး တိုင်းတာနေတာထက် “လူစိတ်”ဆိုတဲ့ အခြေခံပေတံကလေးနဲ့ လူထုနဲ့ လက်တွဲပြီး ရယ်မောဖို့၊ ငိုကြွေးဖို့ အဆင်သင့် ပိုဖြစ်သင့်တယ်လို့ ယူဆမိတယ်။

စစ်အာဏာရှင်တွေ၊ အာဏာရှင်တွေ၊ လက်နက်အားကိုးနဲ့ အကြမ်းဖက် အနိုင်ကျင့်သူတွေ၊ ငွေကြေး ဥစ္စာဓနတွေ မတရားနည်းနဲ့ ရှာဖွေ စုဆောင်းသူတွေဟာ ၊ အဂတိလိုက်စားသူတွေ အဲသည်လူတွေက ကျနော်တို့ ပြည်သူလူထု လူတန်းစား အသီးသီး စည်းလုံးညီညွတ်တာကို လိုလားမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ အမှားတွေ၊ မတရားမှုတွေကို ဖုံးကွယ်ဖို့၊ ဟန်ဆောင်ဖို့၊ သူတို့တတွေ လက်ရှိ အနိုင်ရ အသာစီးရနေတဲ့ နေရာ ဌာန ဒေသတွေမှာ ဆက်လက် တည်မြဲနေဖို့က ကျနော်တို့တတွေ အကွဲကွဲ အပြားပြား တယောက် တပေါက် ပြန့်ကျဲနေမှပဲ ဖြစ်မှာပါ။ နည်းမျိုးစုံသုံးစွဲပြီးတော့လည်း သွေးခွဲနေဦးမှာ ဖြစ်တယ်။

အခုတလောမှာ မြန်မာတွေ ကျက်စားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ လူတွေ၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး သွေးခွဲ သွေးကွဲစေတဲ့ ပစ်စာတွေ တဖွဲဖွဲ မိုးတွေ ရွာနေသလိုပဲ။  သည်အတိုင်း ဖတ်ကြည့်လိုက်ရင် အတော်ဖတ်လို့ကောင်းတဲ့ စာတွေပါပဲ။ သို့သော်လည်း အဲသည်လို စာတစောင်ရဲ့ အဆိပ်အတောက်ဆိုတာ ကျနော်တို့အချင်းချင်းတွေကြားမှာ နားလည်မှု၊ စာနာမှု၊ ညှိနှိုင်းမှုတွေ ပေးဆပ်ပြီး တည်ဆောက်နေရတဲ့ ကွန်မြူနီတီတခုကို အချိန်မရွေး ပြိုကွဲ ဖျက်ဆီးပစ်လိုက်နိုင်တဲ့ ချိန်ကိုက်ဗုံးတွေဖြစ်တယ်လို့ မြင်မိပါတယ်။

တဦးနဲ့တဦးကြားမှာ သံသယတွေ မမွေးပါနဲ့၊ မယုံမကြည်နဲ့ မကောင်းမြင်တဲ့ သဘောထားတွေကို မသေချာ မရေရာဘဲနဲ့ တဖက်သတ် မဖြန့်နေကြပါနဲ့။ ကြိုတင်ပြီး တဖက်သတ် တန်ဖိုးဖြတ် ချိုးနှိမ်တာတွေလည်း မလုပ်ပါနဲ့။ နားလည်မှုလွဲတာကို ဖြေရှင်းနိုင်သလောက် ဖြေရှင်းပြီး ကွန်မြူနီတီမှာ ရိုးရှင်း မြင်သာမှုတွေနဲ့ နေထိုင်ကြဖို့ လိုအပ်နေပြီ ထင်ပါတယ်။

ကွန်မြူနီတီ ကွန်မြူနီတီ လို့ ကျနော်တို့ အာလုပ်ပြုပြောနေတာ မြန်မာလိုဆိုရင်တော့ မိသားစုပါ။ အစုအဝေးပါ။ သမဂ္ဂ သမဂ္ဂီ ပါ။ ကိုယ့်မြန်မာလူ့အဖွဲ့အစည်းနဲ့ မနေဘဲ ဘယ်နေရာမှာ သွားနေချင်လို့ ရမှာလဲ။

နန်းတော်ရှေ့ဆရာတင်၏ ဓမ္မသီချင်းများ မဟာမြတ်မုနိဘုရားကြီးသို့ ပေးအပ်လှူဒါန်း

နန်းတော်ရှေ့ဆရာတင်၏ ဓမ္မသီချင်းများ မဟာမြတ်မုနိဘုရားကြီးသို့ ပေးအပ်လှူဒါန်း
ရန်နောင်(ဗိုလ်တထောင်)  မိုးမခ  - ဇူလိုင် ၂  ၂၀၁၅
Image may be NSFW.
Clik here to view.
စည်သူရွှေနန်းတင်

Image may be NSFW.
Clik here to view.
နန်းခင်မွှေး

Image may be NSFW.
Clik here to view.
မန္တလေးသိန်းဇော်




Image may be NSFW.
Clik here to view.
ဦးမြတ်ခိုင်


Image may be NSFW.
Clik here to view.
ဦးတင်ဦးလေး၊ စည်သူရွှေနန်းတင်






          နန်းတော်ရှေ့ဆရာတင် ရေးသားစပ်ဆိုခဲ့သောဓမ္မသီချင်းများ အား မဟာမြတ်မုနိဘုရားကြီးသို့  နန်းတော်ရှေ့ဆရာတင် မိသားစုမှ ရာသက်ပန်ပေးအပ်လှူဒါန်းပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotel တွင် ဇူလိုင်လ ၂ ရက် (ကြာသပတေးနေ့)  နေ့လယ် ၁နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

          နန်းတော်ရှေ့ဆရာတင်၏  ဓမ္မသီချင်းများလှူဒါန်းပွဲတွင် အခမ်းအနားမှူး အဖြစ် ရုပ်ရှင်သရုပ်ဆောင် ချစ်ချစ်ဇော်မှ ဆောင်ရွက်ခဲ့ပြီး နန်းတော်ရှေ့ဆရာတင်၏ သားဖြစ်သူ စည်သူရွှေနန်းတင်မှ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဦးလေးမှ  မုဒိတာစကားပြောကြားခဲ့သည်။

          ဆက်လက်၍ နန်းတော်ရှေ့ဆရာတင်၏ သားမြေးများဖြစ်ကြသောမြစ်ဖြစ်သူ သဲနုဆည်းဆာက မြနန္ဒာ(ရက်ရွေးမနေပါနဲ့ကိုကိုရယ်) သီချင်းဖြင့်လည်းကောင်း၊မြေးဖြစ်သူ နန်းခင်မွှေးက  “ စွယ်တော်ချိုး ” သီချင်း၊ မြေးဖြစ်သူ နန်းဝင်းက “ မြန်မာ့ဂုဏ်ရည်” သီချင်း၊  မန္တလေးသိန်းဇော်က “ အောင်နိမိတ် ” ၊ မြေးဖြစ်သူ  နန်းခင်အေးက ဗိုလ်စံဖဲ ၊အဆိုတော်စိမ်းမို့မို့ က  “ ဓမ္မစကြာ ” သီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့သည်။
Image may be NSFW.
Clik here to view.
ဦးဝင်းငြိမ်း၊ ဦးတင်ဦးလေး၊စည်သူရွှေနန်းတင်၊ဦးမြတ်ခိုင်
          ထို့နောက် သီချင်းများမူပိုင်ခွင့်ကို  မဟာမုနိဘုရားကြီးဂေါပက အဖွဲ့အား လှူဒါန်းသော စာချုပ်ကို သားဖြစ်သူ ဘဘရွှေနန်းတင် မှ လက်မှတ်ရေးထိုးပြီး ဆရာဦးဝင်းငြိမ်းနှင့် ဆရာဦးမြတ်ခိုင်တို့မှ သက်သေအဖြစ်လက်မှတ်ရေးထိုးကာ ဂေါပက အဖွဲ့ကိုယ်စား မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဦးလေးမှ ကိုယ်စားလက်ခံရယူခဲ့သည်။

          လှူဒါန်းသောဓမ္မသီချင်းများမှာ အောင်နိမိတ်၊ဓမ္မစကြာ၊စွယ်တော်ချိုး၊မြန်မာ့ဂုဏ်ရည်၊မြနန္ဒာ စသောသီချင်းငါးပုဒ်ဖြစ်သည်။

          “ ဘဘ ဒီနေ့ အရမ်းပျော်တယ်ကွယ်။ ဘဘ ဒီလိုမရယ်ဖြစ်တာလည်းကြာပါပြီ။ ဘဘတို့ ငယ်ငယ်က ဘဘဖေဖေ ရေးခဲ့တဲ့ သီချင်းတွေကို ဒီလိုလှူရတယ်။ ခုဘဘ အသက် ၈၈ နှစ်ရှိပြီ။  ဘဘ ဒီနေ့တော့ လူဟောင်းတွေနဲ့ ပြန်တွေ့ရလို့ ပျော်တယ်ကွယ် ။ ဘဘ နောက်ထပ် သီချင်းများလည်း ထပ်လှူပါအုံးမယ်။ ဘဘ မချမ်းသာပါဘူး ။ ဘဘတို့ သဘင် မျက်နှာငယ်နေရပါတယ်ကွယ် ”ဟု ဘဘစည်သူရွှေနန်းတင်မှပြောကြားခဲ့သည်။

          ယနေ့ အခမ်းအနားပြုလုပ်ရန်အတွက် ကုန်ကျစရိတ်များကို မြို့ရွှေမန်းသားလေးဖိုးချစ်က တာဝန်ယူခဲ့ကြောင်းလည်း နန်းတော်ရှေ့ဆရာတင်၏ မြေးဖြစ်သူ ဦးနန်းဝင်းမှ ပြောကြားခဲ့သည်။
Image may be NSFW.
Clik here to view.
နန်းတော်ရှေ့ဆရာတင် မိသားစု နှင့် အနုပညာရှင်များ
Image may be NSFW.
Clik here to view.
ဦးဝင်းငြိမ်း

          ရွှေအမြုတေမဂ္ဂဇင်း  ထုတ်ဝေသူ ဆရာဦးဝင်းငြိမ်းမှလည်း  ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့ပြီး နန်းတော်ရှေ့ဆရာတင်မိသားစုများက “ ကျေးရွာဝါဒ” သီချင်း ဖြင့် သီဆို ဖျော်ဖြေကာအခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

တနေ့လုပ်ခ ၃၆၀၀မပေးနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များကန့်ကွက်



တနေ့လုပ်ခ ၃၆၀၀မပေးနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များကန့်ကွက်
ဟန်သစ်နိုင်၊ မိုးမခ၊ ဇူလိုင် ၃ ရက်
  
          အစိုးရကသတ်မှတ်ပေးမည့် အနည်းဆုံးတနေ့လုပ်ခကြေးငွေ ၃၆၀၀ကျပ်သည် အထည်ချုပ်လုပ်းငန်းရှင်များအနေဖြင့် မဖြစ်နိုင်ကြောင်းကို မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းရှင် ၃၀၀ကျော်ရှိသည့်အနက် (၁၄၅)ဦးတက်ရောက် ပူးပေါင်းပြီး ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ဇူလိုင် ၂ရက်နေ့ က အစည်းအဝးတစ်ခုပြုလုပ်ခဲ့သည်။
          အထည်ချုပ်လုပ်ငန်းရှင်ကြီးများနှင့် လုပ်ငန်းသေးများသည် အနည်းဆုံးတစ်နေ့လုပ်အားခကို ၂၅၀၀ကျပ်ထက် ပိုမပေးနိုင်ကြောင်းနှင့် အစိုးရမှ ၃၆၀၀ကျပ်သတ်မှတ်မည်ဆိုလျှင် အထည်ချုပ်လုပ်ငန်းများအားလုံးသည် စက်တင်ဘာလတွင် စက်ရုံများပိတ်သိမ်းသွားကြမည်ဖြစ်ကြောင်း၊ အစိုးရကသတ်မှတ်ပေးမည့်အနည်းဆုံးတနေ့လုပ်ခ ၃၆၀၀ကျပ်ကို အထည်ချုပ်လုပ်ငန်းရှင်များသည် ယခုအစည်းအဝေးမှစ၍ နှစ်ပတ်အတွင်း ကန့်ကွက်မှုအဆိုများပြုလုပ်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
          မြန်မာနိုင်ငံတွင် ကိုရီးယားအထည်ချုပ်စက်ရုံပေါင်း ၇၀နီးပါးရှိပြီး လုပ်သားပေါင်း တစ်သိန်းနှစ်သောင်းကျော်ရှိကြောင်း၊ တရုတ်အထည်ချုပ်စက်ရုံပေါင်း ၃၀ဝန်းကျင်ရှိပြီး လုပ်သားပေါင်း ခုနှစ်သောင်းကျော်လုပ်ကိုင်လျှက်ရှိနြေေ ကာင်း၊ စက်ရုံများပိတ်သိမ်းသွားကြလျှင် လုပ်သား နှစ်သိန်းကျော်သည် အခက်တွေ့နိုင်ကြောင်း၊ အစိုးရအနေဖြင့် လုပ်ငန်းရှင်များကို ပံ့ပိုးမှုများပြုလုပ်ပေးသွားမည်ဆိုလျှင် အသက်ရှူချောင်နိုင်ကြောင်း၊မြန်မာနိုင်ငံအစိုးရသည် လုပ်ငန်းရှင်များအားလုံးအတွက် စဉ်းစားပေးသင့်ကြောင်းများ ကိုအထည်ချုပ်လုပ်ငန်းရှင်တစ်ဦးမှ     တင်ပြဆွေးနွေးခဲ့သည်။
          စက်တင်ဘာလတွင် စက်ရုံများပိတ်သိမ်းခဲ့လျှင် အလုပ်သမားများအား  လျော်ကြေးငွေသည် ၃၆၀၀ကျပ်ဖြင့်လျော်နိုင်မည်မဟုတ်ကြောင်း၊ တချို့လုပ်ငန်းရှင်များကလည်း မိမိတို့ ပိတ်သိမ်းခြင်းသည် ပြဿနာဖြစ်၍မဟုတ်ပဲ အစိုးရ၏သတ်မှတ်နှုန်းနှင့် မပေးနိုင်သဖြင့် အလုပ်သမားလျော်ကြေးငွေလည်း ပေးစရာမလိုကြောင်းများ တင်ပြခဲ့သည်။
          တရုတ်နှင့် ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များသည် အနည်းဆုံးတနေ့လုပ်ခကြေးငွေကို ၂၅၀၀ကျပ်ထက် ပိုမပေးနိုင်ကြောင်းများကို လက်များထောင်၍ အဆိုပြုခဲ့ကြသည်။





         
         

ကာတွန်း ဇာနည်ဇော်ဝင်း - ရွေးကောက်ပွဲနီးလေ စွဲလေ


ကာတွန်း ဇာနည်ဇော်ဝင်း - ရွေးကောက်ပွဲနီးလေ စွဲလေ
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅

မောင်စွမ်းရည် - ဒုက္ခလွတ်မြောက်ရေးတရား

မောင်စွမ်းရည် - ဒုက္ခလွတ်မြောက်ရေးတရား
 

(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅

    နေ့စဉ် ကြားနေရတဲ့ စကားတလုံးရှိတယ်။ သတိထားလိုက်မိတယ်။ “သြော် …  ဒုက္ခ၊ ဒုက္ခ”တဲ့။ “ဒုက္ခပါပဲ”တဲ့။ “ဒုက္ခမပေးနဲ့”တဲ့။ ဒီလို စကားပြောနေတာကြတာက နေ့စဉ် ကြားနေကျ ဖြစ်နေပြီ၊ ရိုးနေပြီ၊ အမှတ်တမဲ့ ပြောနေကြတာဆိုတော့ ဒီစကားလုံးရဲ့ အတိမ်အနက်ကို သိပ်ပြီး မစဉ်းစား မိကြဘူးပေါ့။ ဒုက္ခ - ဒုက္ခ-တဲ့။

    ဒုက္ခ-ဆိုတာ ပါဠိ စကားပဲ။ ဗမာလိုတော့ “ဆင်းရဲခြင်း”တဲ့။ ဒါကို လူတိုင်း သိကြတယ်။ “ငါ့နှယ်, စိတ်ဆင်းရဲလိုက်တာ” ပြောတာလဲ ကြားနေကြတာပဲ။ “ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြ ဆောင်ပါမည်”ဆိုတဲ့ သီချင်းကိုလဲ နေ့စဉ်လို ကြားနေကြရတာ ရာစုနှစ်ဝက် မကတော့ဘူး။ ဗုဒ္ဓ ဘာသာ ဗမာတို့ရဲ့စကား “ဒုက္ခ”နဲ့ “    ဆင်းရဲ”ကို လက်ခုပ် လက်ဝါး ရေလဲထား သုံးစွဲနေကြလေရဲ့။

    “ဒုက္ခ”နဲ့ တွဲလျက် စကားလုံးက “သုခ”တဲ့။ ဒုက္ခနဲ့ တွဲနေပေမဲ့ ဆန့်ကျင်တဲ့စကား။ အနက် ဆန့်ကျင်ဘက် စကား မဟုတ်လား။ ဆင်းရဲခြင်းရဲ့  ဆန့်ကျင်ဘက် “ချမ်းသာ”ခြင်း။

    ဗုဒ္ဓဘာသာဟာ ဗမာပြည်ကို သရေခေတ္တရာ ခေတ်ကတည်းက ရောက်ကြောင်း အထောက် အထားများ ရှိပေမဲ့ ပုဂံခေတ်မှာမှ ဆိုက်ဆိုက်မြိုက်မြိုက် အသေအချာ ရောက်ပါတယ်။ ဘုရားတည် ကြ၊ ကျောင်းဆောက်ကြ၊ လှူကြ တန်းကြ၊ ကျောက်စာတွေ ရေးထိုးပြီး အလှူအတန်းကို မှတ်တမ်း တင်ကြနဲ့ ကုသိုလ်ပြုကြတာ ကမ္ဘာ့အံ့ဖွယ်ဖြစ်အောင် များပြားလှတယ်။ ဗုဒ္ဓဘာသာနဲ့အတူ ရောက်ရှိ လာတဲ့ ပါဠိစကားကိုလဲ သင်ယူလိုက်ကြတာ ဒီနေ့ထိပါပဲ။ ဗမာစကားထဲမှာလဲ ပါဠိစကားတွေ ဝင် ရောက်နေတာလဲ အများကြီးပါပဲ။ “ဒုက္ခ”ဆိုတာ ပါဠိစကားပဲ။ ပါဠိစကား။ ကျောက်စာပေါ်မှာ ဘာသာ ပြန်ပြီး ရေးထိုးထားကြလေရဲ့။ “ဆိုးငြဲ”တဲ့။ ဆိုးငြဲကမှ “ဆင်းရဲ” ဆိုတဲ့ စကားလုံး ပြောင်းလဲလာခဲ့ပါ သတဲ့။ အဲဒီ စကားလုံး ရောက်ပြီးကတည်းက ဗမာတွေဟာ “ဒုက္ခ”နဲ့ နပန်းလုံးနေကြရတာလဲ မနားရ ပါဘူး။ ဒါလဲ သဘာဝတရားပဲ ထင်ပါရဲ့။

    “ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်”ဆိုတဲ့ သီချင်းက နဂါးနီ စာအုပ်အသင်း ရဲ့ သီချင်းပါ။ နဂါးနီ စာအုပ်အသင်းကို တည်ထောင်သူက ဝန်ကြီးချုပ် ဦးနုပါ။ ဦးနုဟာ ဆင်းရဲခြင်း လွတ်ကင်းအောင် လောကီ - လောကုတ် နှစ်ဖက်လုံး အားထုတ်ခဲ့ရှာပေမဲ့ နှစ်ဖက်လုံး လွတ်မြောက် အောင် မစွမ်းဆောင်နိုင်ခဲ့ရှာဘူးလို့ သံဝေဂ ယူမိပါတယ်။

    ကျုပ်တို့လဲ ဒုက္ခ-ဒုက္ခနဲ့ ညည်းညူရင်းက အသက်ကြီးလာလိုက်တာ ဇရာပိုင်းကိုတောင် ရောက်လာခဲ့ပြီဆိုတော့ အမှတ်တမဲ့နေလို့ မရတော့ဘူး။ ဒုက္ခဆိုတဲ့ စကားလုံးကို နားကျပ်တပ်ပြီး နားဆင်နေရပြီ။ မျက်မှန်တပ်ပြီး ဖတ်ရှုနေရပါပြီ။ ဒုက္ခရဲ့ အနက်အဓိပ္ပာယ်ကို မဝံ့မရဲနဲ့ စူးစမ်းနေရပါပြီ။ အိမ်ခေါင်းထဲမှာပဲ ဒုက္ခ ဆင်းရဲကို ဆင်ခြင်နေရုံနဲ့ ပြီးမယ်မထင်လို့ ဘုန်းကြီးကျောင်းတို့၊ တရားရိပ်သာ တို့ကို ဝင်ရောက် စူးစမ်းနေရပါပြီ။

    ဘုန်းကြီးကျောင်းကို သင်္ကန်းဝတ်နဲ့ ဝင်ရောက်ရင်းက ကံကောင်း ထောက်မလို့ ပီနန်ဆရာတော်ကြီး ဦးပညာဝံသကို ဖူးမြော်ဆုံဆည်းခွင့် ကြုံရပါတယ်။ ဆရာတော်ကြီး က လောကီ လောကုတ် ဗဟုသုတ နှံ့စပ် ကြွယ်ဝသူ ဖြစ်ပါတယ်။ ဘာသာရေး ပြဿနာတွေကို လူပြိန်းနားလည်လွယ်အောင် ဘာသာမျိုးစုံနဲ့လဲ ရှင်းလင်းဟောကြားတော်မူနိုင်ပါတယ်။ ဒုက္ခအ ကြောင်း၊ ဒုက္ခက လွတ်မြောက်ရေးတရားအကြောင်းတို့ကို ဆရာတော်ကြီးထံက မေးမြန်းနာယူ မှတ် သားခွင့်တွေကို ကံကောင်းထောက်မစွာ ရရှိခဲ့ပါတယ်။
  
    “ဒုက္ခ”။ ဆင်းရဲခြင်း။ ဒုက္ခ ဆင်းရဲခြင်းက လွတ်မြောက်ချင်ရင် ဆင်းရဲခြင်းတရားရဲ့ အရင်းခံ အကြောင်းတရားကို သိရပါမယ်။ ဆင်းရဲခြင်း ဒုက္ခရဲ့ အကြောင်းတရားက ဘာလဲ။ ဘာတွေလဲ။
  
    ဒုက္ခဆိုတာ မနှစ်သက်စရာ၊ မလိုချင်စရာ တွေ့ကြုံ ခံစားမှုတွေပဲ။ မလိုချင်ဘူး၊ လိုချင်တယ် ဆို တာတွေဟာ ဘယ်တံခါးပေါက်တွေက ဝင်လာသလဲ။ တံခါးပေါက် (၆)ပေါက်ရှိတယ်။ “မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်”တဲ့။ အဲဒီတံခါးပေါက်တွေကို ပါဠိလို “ဒွါရ”လို့ ခေါ်တယ်။

    မျက်စိဆိုတဲ့ တံခါးပေါက်ထဲကို “အဆင်း”ရှိတဲ့အရာ ဝင်လာတယ်။ အဲဒီအခါမှာ “မြင်”တယ်။ “မြင်တယ်”လို့ ဆိုတဲ့ “အသိစိတ်”ဖြစ်ပေါ်လာတယ်။ အဲဒါကို “မြင်သိစိတ်”လို့ ခေါ်မယ်။

    “နား”ဆိုတဲ့ တံခါးပေါက်ထဲကို “အသံ”ဝင်လာရင် အကြားအာရုံနဲ့ အသံနဲ့ ထိတွေ့ပြီး ကြား သိစိတ် ဖြစ်ပေါ်တယ်။

    အလားတူပဲ နှာခေါင်းထဲကို အနံ့ဝင်လာလို့ အနံ့ခံယူတဲ့ နှာခေါင်းနဲ့ “အနံ့”နဲ့ ဆုံမိရင် “နံသိ စိတ်” ဖြစ်ပေါ်လာမယ်။ လျှာနဲ့ အရသာတခုခု- “ချို ချဉ် စပ် ငန်၊ ခါး အဖန်”ဆိုတဲ့ ခြောက်တန်သော အရသာတခုခုနဲ့ ဆုံမိရင် “နံသိစိတ်”။ ကိုယ်ကာယနဲ့ ကြမ်းနု၊ ပူအေး၊ မာပျော့ အတွေ့အထိ အာရုံ တခုခုနဲ့ ဆုံမိရင် “အတွေ့အာရုံ” ဖဿ အသိတခု ပေါ်လာမယ်။

    အဲဒီလို အဆင်းနဲ့ အသိ ဆုံမိ တွေ့မိတာကို ဖဿလို့ ခေါ်တယ်။ အင်္ဂလိပ်လို Impact ပေါ့။ အဲသလို အာရုံ တံခါးပေါက်ရယ်၊ ရုပ်တခုခုရယ်၊ ထိမိ ဆုံမိရာက သိစိတ်တခုခု ဖြစ်ပေါ်ပြီး ဖဿဆိုတဲ့  ခံစားမှု Feeling ဖြစ်ပေါ်လာမယ်။

    အဲဒါကို ဖဿပစ္စယာ ဝေဒနာလို့ ဆိုတယ်။ Feeling ကို Sensation လို့လဲ အင်္ဂလိပ်လို ခေါ် တယ်။ ဒါပေမဲ့ Feeling ဆိုတာ ပိုပြီး ဆီလျော်တယ်။ Feeling ဆိုတာ ခံစားမှု ဝေဒနာပေါ့။ “ဝေဒနာ” ဆိုတာ သုံးမျိုးသုံးစားရှိတယ်။ (၁) မနှစ်သက်တဲ့ ခံစားမှု၊ (၂) နှစ်သက်တဲ့ ခံစားမှု၊ (၃) မနှစ်သက် တာလဲ မဟုတ်၊ နှစ်သက်တာလဲ မဟုတ်၊ ဥပေက္ခာပြုတာလဲ ရှိတယ်။ အင်္ဂလိပ်လို ပြောရရင် Indifferent ပေါ့။ ဥပေက္ခာကို “ကြား”လို့ ပြောရင်လဲ ရတယ်။ မနှစ်သက်တာလဲ မဟုတ်၊ နှစ်သက်တာ လဲ မဟုတ်တဲ့ ကြားထဲ ခံစားမှု တခုပေါ့။

    အာရုံတခု ဒွါရတခု အသိတခုဆုံမိလို့ ဖဿ ဖြစ်ပေါ်ရင် ဝေဒနာ ဖြစ်ပေါ်တယ်။ ဝေဒနာကြောင့် တဏှာ ဖြစ်ပေါ်တယ်။ တဏှာဆိုတာ Craving or Attachment ပေါ့။ တဏှာကြောင့် ဒုက္ခ ဖြစ်ရ တာပဲ။ ဒုက္ခ မဖြစ်ချင်ရင်၊ ဒုက္ခဖြစ်စေတဲ့ အကြောင်းရင်းကို ပယ်ရ၊ ဖြတ်ရ၊ ရှင်းရမှာပဲ။

    မျက်စိနဲ့ အဆင်းနဲ့ ဆုံမိလို့ မြင်သိစိတ် ဖြစ်တယ်။ မြင်မိတဲ့အခါ နှစ်သက်ခြင်းလဲ မဖြစ်နဲ့၊ မနှစ် သက်ခြင်းလဲ မဖြစ်နဲ့၊ ချစ်ခြင်း မုန်းခြင်း မဖြစ်နဲ့၊ လိုချင်တာ မလိုချင်တာ မဖြစ်နဲ့ Indifferent ဆိုရင် (ဥပေက္ခာပြုလိုက်မယ်ဆိုရင်) ဆက်စရာ မရှိတော့။ ခံစားမှု ဝေဒနာ မဖြစ်တော့။ ဝေဒနာ မဖြစ်ပေါ်ရင် တဏှာဆိုတာ မဖြစ်တော့။ တဏှာမဖြစ်ရင် ဒုက္ခလဲ မဖြစ်တော့ဘူးပေါ့။

    ဝေဒနာတွေ ဖြစ်ရတာက တံခါးပေါက်တွေက ဝင်လာလို့။ ဒွါရပေါက်တွေက ဝင်လာလို့။ မဝင်စေချင်ရင် မဝင်အောင် တံခါးပိတ်ထားလိုက်ရမယ်။ တံခါးပိတ်ဖို့ တံခါးစောင့်လိုတယ်။ ဒွါရဆိုတဲ့ တံခါးပေါက်ကို စောင့်ကြည့်ရမယ်။ သတိလေးနဲ့ စောင့်ကြည့်ရမယ်။ ကောင်းတယ် ဆိုးတယ်ဆိုတဲ့ ခံစားမှု မဖြစ်အောင် သတိနဲ့ စောင့်ကြည့်ရပါမယ်။ အဲဒီ စောင့်ကြည့်တာကိုပဲ ဝိပဿနာ ခေါ်တာ ပေါ့လေ။ သတိနဲ့ စောင့်ကြည့်ပြီးတော့ မြင်ရင် မြင်တယ်လို့ပဲ မှတ်။ ကြားရင် ကြားတယ်လို့ပဲ မှတ်။ မြင်ရင် မြင်ကာမတ္တ၊ ကြားရင် ကြားကာမတ္တလို့ မှတ်။ အဲဒါကို “ဒိဋ္ဌေ ဒိဋ္ဌမတ္တံ” လို့ခေါ်တယ်။ အိမ် တံခါးကို သူခိုးမဝင်အောင် စောင့်ရသလိုပဲ။ လူ့ရဲ့ ဒွါရ တံခါးပေါက်တွေကိုလဲ ဆိုးတဲ့အာရုံ မဝင်အောင် သတိနဲ့ စောင့်ကြည့်ရတယ်။ “သတိ”ဆိုတာ ဂိတ်စောင့်နဲ့ တူတယ်။ ဂိတ်စောင့် မရှိရင် သူခိုးဝင်မယ် ဆိုတဲ့ သဘာဝအတိုင်းပဲ။ လူ့ရဲ့ အာရုံတံခါးတွေကို သတိနဲ့ မစောင့်ရင် ဆိုးတဲ့အာရုံ ဝင်မှာပဲပေါ့။

    အဲဒါကို မှတ်လို့ လွယ်အောင် လင်္ကာတိုလေး ဆရာတော်ကြီး လုပ်ထားတာ ရှိတယ်။ “မျက်, နား, နှာခေါင်း၊ လျှာကြောင်း,ကိုယ်,စိတ်၊ ဖွင့်ပိတ်တံခါး၊ ဤခြောက်ပါး၊ မှတ်သားအခြေခံ”တဲ့။

    မြင်တာ မြင်တယ်၊ ကြားတာ ကြားတယ်လို့ပဲ မှတ်။ See things as they realy are. အဲဒါ “ဒိဋ္ဌေ ဒိဋ္ဌမတ္တံ”ပဲ။ သတိနဲ့ အမြဲစောင့်ကြည့်ပြီး မှတ်ရလို့ သတိပဋ္ဌာန်လို့ ခေါ်တယ်။ အသိတရား ဦးဆောင် ပြဋ္ဌာန်းတဲ့ အလုပ်ပေါ့။

    ဘုရားဟောအတိုင်းပဲ။ သံယုတ်ပါဠိတော် “ဒုက္ခသုတ်”မှာ ပါတယ်။ ဒုက္ခသုတ်မှာ ဒုက္ခမှ လွတ်မြောက်ရေး တရားလို့ ခေါ်ထားတယ်။
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေး တရားရှိတယ်မဟုတ်လား။ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ချင်ရင် ကြောက်ရွံ့မှုကို ဖြစ်စေတဲ့ အကြောင်းတရား ဘာလဲဆိုတာ ရှာဖွေ ဖယ်ရှားပစ်ရမှာပေါ့။

    မြတ်စွာဘုရားရဲ့ သာသနာသုံးရပ်ရှိတယ်။

(၁)     ပရိယတ္တိသာသနာတဲ့။ “Learning,” “Study”ကို ခေါ်တာ။

(၂)     ပဋိပတ္တိသာသနာဆိုတာ - Practice ကို ခေါ်တာ။ တရားတော်အတိုင်း လုပ်ဆောင် တာကို ပြောတာ။

(၃)     ပဋိဝေဓသာသနာဆိုတာ - စာတွေ့ ကိုယ်တွေ့က ရတဲ့တရား။ Attainment ကို ပြော တာ။

    အချုပ်က စိတ်ကို သတိနဲ့ စောင့်ကြည့်ပြီး သန့်ရှင်း စင်ကြယ်အောင် လုပ်ဖို့ပဲ။ အဲဒါကတော့ Purification ပေါ့။

    ကျုပ်တို့ ဗမာဘုန်းကြီးတွေမှာ ခေတ်အကြောင်း ဗဟုသုတ ရှိဖို့လိုတယ်။ Traditional အတိုင်း - ရှေးရိုးကြီးအတိုင်း လုပ်နေကြလို့ မပြီးဘူး။

    ဘုန်းကြီးက သန္တိသုခတက္ကသိုလ် ဖွင့်ချင်တာက သာသနာပြုဖို့ ခေတ်အမြင်ရှိတဲ့ ရဟန်း သံဃာတွေ မွေးထုတ်ဖို့ပဲ။ အင်္ဂလိပ်စာ သင်ပေးပြီး ခေတ်မီအောင် လုပ်ပြီး သာသနာပြုရမှာ။

    ဆရာတော်ကြီးရဲ့ ဒုက္ခလွတ်မြောက်ရေးတရားကို မောင်ပဉ္စင်း ဝိသုဒ္ဓဝံသ ကြားနာမှတ်သားပြီး မှတ်မိသမျှ ပြန်လည် ရေးသား မှတ်တမ်းတင်လိုက်ပါတယ်။

၃၀၊ ဇွန်၊ ၂၀၁၅
မောင်စွမ်းရည် (အရှင်သိသုဒ္ဓ၀ံသ)

ငြိမ်းချမ်းအေး - တစိတ်တည်းထား နှစ်များစွာ ရှင်သန်စေသား


ငြိမ်းချမ်းအေး - တစိတ်တည်းထား နှစ်များစွာ ရှင်သန်စေသား
(မိုးမခ)  ဇူလိုင် ၀၃ ၊ ၂၀၁၅


‘လိစ္ဆဝီ’ တို့သည် စည်းလုံးကြ၏၊ ညီညွတ်ကြ၏
မြတ်စွာဘုရားစကား
ဂီတနဲ့ပူဇော်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် (၃၀) ကျော်
‘အဉ္ဇလီအတွက်ဂီတဉ္ဇလီ’ နဲ့အတူ တိုင်တည်ခဲ့သူတွေ
ဒီကနေ့ အထိလည်း
ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်
တယောက်ကို တယောက် ဖေးမ
ကြည်နူးပီတိ ဖြစ်ရတယ်။

ဝေသာလီတိုင်းသား လိစ္ဆဝီတွေ
ဒီမိုကရေစီကို ချစ်မြတ်နိုးလှသလို
ရဲရင့်မှန်ကန်တဲ့ ဂီတလိစ္ဆဝီများလည်း
ဒီမိုကရေစီဘက်တော်သားတွေအဖြစ်
ခေါင်းဖြူပေမဲ့ အစွယ်မကျိုး
မာမာ ထန်ထန် ရပ်တည်နေတာ မြင်ရတော့
ဝမ်းသာ ကျေးဇူးတင်ရတယ်။

တချို့တွေ နေနိုင်လွန်းတယ်လို့
နာနာကြည်းကြည်းအော်ဟစ်ပြီး
ငြိမ်းချမ်းရေးတိုက်ပွဲ ဦးဆောင်ခေါ်ခဲ့သူက
ဘယ်ဗေဒင်မှ မေးစရာမလို
ဒီမိုကရေစီရ.. ရမယ်.. သီချင်းသစ်တပိုင်းတစ
ကြုံးဝါးဆိုညည်းပြတော့
ကြက်သီးဖျန်းဖျန်း ထရတယ်။

မဇ္ဈိမ ပဋိပဒါ အလယ်အလတ် ‘လှိုင်း’ တွေပေမဲ့
ဓမ္မနဲ့ အဓမ္မကွဲ ပြည်သူဘက်က အမြဲရပ်ခဲ့တဲ့..
ဒီလူကြီးတွေရဲ့ ကျေးဇူးကြောင့်
ငါ လောကမှာ အနေမှန်ခဲ့ရတယ်၊
ဘီလူးစည်း လူ့စည်း ကွဲခဲ့တယ်၊
ရန်သူ မိတ်ဆွေ ခွဲနိုင်ခဲ့တယ်..။

အရှုံးမပေးနဲ့.. ပန်းခရမ်းပြာရေ..
ငြိမ်းချမ်းရေးအတွက် တိုက်ပွဲတွေနွှဲဖို့
ဘီလူးစည်းလူ့စည်းတွေခြားဖို့
ဒီမိုကရေစီ ရှင်နေမင်းလင်းစေဖို့
နောက်ဆုံးအိပ်မက်ကို အောင်မြင်ပြီးဆုံး
အကောင်းဆုံးမက်နိုင်ဖို့
လောကကောင်းကျိုး သမိုင်းသီချင်းတွေ
လက်ဆင့်ကမ်းဖို့..
ဒီမိုကရေစီ သဇင်နီနဲ့အတူ

သဇင်ညပေါင်းများစွာ သင်းပျံ့..
တစိတ်တည်းထားရင်း
နှစ်များစွာ.. ရှင်သန်စေသား..။

ငြိမ်းချမ်းအေး
ဇူလိုင် ၀၂၊ ၂၀၁၅

[ပြဿနာ အုပ်စု၊ E Machine၊ လိစ္ဆဝီများ၊ The Wizards တေးဝိဇ္ဇါဿ၊ Usher၊ မဇ္ဈိမလှိုင်း၊ Vertical Vibration၊ ပန်းရဲ့လမ်း အစရှိသည့် ဂီတ အဖွဲ့များ ဖြင့် စတီရီခေတ်ဦးမှသည် ယနေ့ မျက်မှောက်ခေတ်တိုင် နှစ်ပေါင်း (၄၀) ကျော် ဂီတ ဖြင့် တိုင်းပြည် အား အလုပ်အကျွေးပြုပေးသူ၊ လွတ်လပ် ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုရေး ဂီတ အဖွဲ့ ကို ဦးဆောင်ပြီး တိုင်းပြည် ရဲ့ ငြိမ်းချမ်းရေး ကို ဖော်ဆောင်နေသူ၊ လူမှုရေး တာဝန်များ ကို စွမ်းစွမ်းတမံ ထမ်းဆောင်နေသူ ဂီတပညာရှင် ဂီတစာဆို ကိုရဲလွင် (မဇ္ဈိမလှိုင်း) အမြန်ဆုံး ပြန်လည် ကျန်းမာပါစေ။]

ဖိုးထက် - ဆော်ဒီမင်းသားကို မုန်းတဲ့ ကိုသောင်းမြင့်


ဖိုးထက် - ဆော်ဒီမင်းသားကို မုန်းတဲ့ ကိုသောင်းမြင့်
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅


Reputation ဆိုသည့် အင်္ဂလိပ်စကားလုံးကို တိုက်ရိုက်ဘာသာပြန်ရသော် ဂုဏ်သတင်း။ ဒါကိုမှ “ဒီလူတွေက Reputation ကောင်းတာ မဟုတ်ဘူးကွ” ဟု အင်္ဂလိပ် တစ်ဝက် မြန်မာတစ်ဝက် တွဲစပ်ပြောသောအခါ အဓိပ္ပါယ်က အီလည်လည်ကြီး ဖြစ်သွားသည်။ ဂုဏ်သတင်း ကောင်းတာ မဟုတ်ဘူးလို့ ပြောရသော် အပြောခံရသူက ဂုဏ်တစ်ခုခုတော့ ရှိနေခဲ့သလိုလို။ ကောင်းကွက် တစ်ခုခုတော့ ရှိနေခဲ့သလိုလို။

    ထို ရက်ပြူတေးရှင်းဆိုသော အင်္ဂလိပ်စကားအတွက် လူနှစ်ယောက် (၀ါ) လင်မယားနှစ်ယောက် ကြက်ခေါင်းဆိတ်မခံတမ်း စကားများကြသည်ဟု ဆိုလျှင် ပိုသည်ဟု မထင်စေလို။ အမှန်ရှိ၏။ အဘယ်လင်မယားရှိရမည်နည်း။ ကိုသောင်းမြင့် နှင့် မသူဇာတို့ စုံတွဲတည်း။

    လွှတ်တော်အတွင်း အပြတ်ဆော်ပလော်တင်း ၍ စစ်သား အစိတ်သားက ကန့်ကွက်တော် မူသောကြောင့် မြန်မာနိုင်ငံ အနာဂတ်လမ်း တိမ်ဖုံးသွားသည့်အတွက် အနှီလင်မယားနှစ်ယောက် အတူတူ ဒေါသထွက်ကြသည်။ စိတ်ဆိုးကြသည်။ အပ်နဲ့ ထွင်းလို့ရတဲ့ ကိစ္စ အမြှောက်နဲ့ ထုရအောင် လုပ်နေတယ်လို့ စိတ်တူ ကိုယ်တူ ဝေဖန်ကြ၏။ ဒီအထိ အကောင်း။ ဘယ်ကြတော့ မကောင်းတော့ဘူးလဲဟု အမေးရှိသော် အထက်က “ဒီလူတွေက Reputation ကောင်းတာ မဟုတ်ဘူးကွ” ကိုသောင်းမြင့်၏ နှုတ်ထွက်စကားကြောင့် ဖြစ်သည်။

    မသူဇာက အင်္ဂလိပ်စာမှာ ခေသူမဟုတ်။ အင်္ဂလိပ်ဆောင်းပါးများ၊ ၀တ္ထုများကို ခပ်သွက်သွက်ကြီး မဖတ်နိုင်သော်လည်း ခပ်ဖြည်းဖြည်းမှန်မှန် ဖတ်နိုင်သူ ဖြစ်သည်။ “အင်္ဂလိပ်စာဆိုတာ ကြောက်ဖို့ မဖတ်လေ ပိုဆိုးလေဖြစ်မှာတော့ ကိုသောင်းရဲ့” ဟု သူ့ယောင်္ကျားကို တိုင်တည်ကာ အင်္ဂလိပ်ဝတ္ထုစာအုပ်များကို ဖတ်တတ်သူ ဖြစ်သည်။ ထို့ကြောင့် ကိုသောင်းမြင့်ပြောသော ရက်ပြူတေးရှင်း၊ ဂုဏ်သတင်းဆိုတာကို သည်။ ထို့ကြောင့် မြန်မာစစ်တပ်အား ဂုဏ်သတင်း မကောင်းဘူးလို့ ပြောတာကို မခံနိုင်။ မသူဇာ ဆိုလိုချင်တာက မြန်မာစစ်တပ်သည် ဂုဏ်သတင်းဆိုသည့် စကားလုံးနှင့် မတန်တော့၊ မဆိုင်တော့ ဆိုသည့် သဘောဖြင့် ကိုသောင်းမြင့်ကို ကပ်ဖဲ့ပြီး ဖနှောင့်ကို ဖင်ခုထိုင်ကာ ငြင်းနေခြင်း ဖြစ်သည်။

    “မင်းကလဲကွာ မြန်မာစစ်တပ်ကြီး တစ်ခုလုံး မကောင်းတာတော့ မဟုတ်ပါဘူး။ ရောင်စုံသူပုန်တွေခေတ်က တိုင်းပြည်ကို ပြန်ပြီး စည်းစည်းလုံးလုံး ဖြစ်အောင် ဒီစစ်တပ်ဘဲ လုပ်ပေးထားတာ မဟုတ်ဘူးလား။ တရုတ်ဖြူတွေ ကျူးကျော်တော့လဲ ဒီစစ်တပ်ဘဲ ကာကွယ်ပေးတာ မဟုတ်ဘူးလား။ ၈၈ အရေး အခင်းကြီးမှာ တိုင်းပြည်ကို စုတ်ပြတ်မသွားအောင် ဒီစစ်တပ်ဘဲ ၀င်ထိန်းပေးခဲ့တာ မဟုတ်ဘူးလား”

    ကိုသောင်းမြင့်ကတော့ သူ့မိန်းမဖြစ်သူက စစ်တပ်ကြီး တစ်ခုလုံးအား ၀ါးလုံး ငါးပိသုတ်ရမ်းနေတာကို မဖြစ်စေချင်။ မမုန်းစေချင်။ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တွေကြောင့် မြန်မာစစ်တပ် နာမည်ပျက်ရတာကို မြင်စေချင်သည်။ သိစေချင်သည်။ အရင်မသူဇာက  စစ်တပ်ကို ဒီလောက် ခါးခါးသီးသီး ရှိတာ မဟုတ်။ အခု လွှတ်တော်ထဲမှာ မအောင့်နိုင် မအီးနိုင် လက်ခုပ်တွေ ဘာတွေတီး၊ လက်ပမ်းတွေ ဘာတွေ ပေါက်သည်ဟု ကြားရတော့ ခေါင်းဆောင်တွေ၊ နောက်လိုက်တွေ ခွဲမနေတော့ဘဲ ဂုဏ်သတင်းဆိုသည့် စကားနဲ့ မတူ၊ မတန်သည့် စစ်တပ်ဆိုပြီး အမုန်းကြီး မုန်းသွားခြင်း ဖြစ်သည်။ ထို့ကြောင့်လဲ…

    “ကိုသောင်း..ရှင်ပြောတာတွေ အမှန်တွေချည်းဘဲ ထားပါတော့။ ဒါပေမယ့် ၈၈မှာ စစ်တပ် ကယ်လို့ ဆိုတဲ့ အချိုးတော့ လာရောမချနဲ့။ ဟုတ်တယ်။ ၈၈မှာ အာဏာသိမ်းတယ်။ တိုင်းပြည်ဆူနေလို့ ထားတော့။ ပြီးရင် ၉၀ ရွေးကောက်ပွဲပြီးတော့ အာဏာလွှဲလေ။ ဒါဆိုရင် ရှင်ပြောတဲ့ ၈၈မှာ စစ်တပ်က ၀င်ကူထိန်းပေးတယ်ဆိုတဲ့ အပြောကို ကျွန်မ လက်ခံတယ်။ အခုတော့ ရှင့် ပထွေးတွေက အရင်ကလဲ အာဏာလက်မလွှတ်ဘူး။ အခုလဲ လက်မလွှတ်ဘူး။ နောက်လဲ လက်မလွှတ်ဘူးဆိုတဲ့ သောက်ချိုးနဲ့တော့။ တောက်…လက်နက်သာ လွယ်လွယ်ဝယ်လို့ရရင် ရှင်နဲ့ သမီးကို ရွာပို့ပြီး သူသေ ကိုယ်သေ ဒီသောက်ကောင်တွေနဲ့ ချပြစ်ချင်တယ်”

    မသူဇာ အမုန်းကြီး မုန်းလေပြီ။ စိတ်အနာကြီး နာလေပြီ။ သူ့ဘာသာ နာတာ သူ့ကိစ္စ။ အခုတော့ ကိုသောင်းမြင့် အမေခမျာ ကြားထဲက မဆီမဆိုင် နောက်ယောင်္ကျားဘဲ ယူရမလို လို။

    “တော်ကွာ…ဒီမိန်းမ။ မင်းဘာသာ ဒေါသထွက်တာ ထွက်။ အမေ့ကို မထိနဲ့”

    “အော..ကန်တော့..ကန်တော့…အန်တီ့ကို စော်ကားချင်တာ မဟုတ်ပါဘူးတော်။ ဒီစစ်တပ် လူဝါးဝတာ မခံချင်လွန်းလို့ပါ။ သူတို့ ကြောက်ကန် ကန်တာ အရေးမကြီးဘူး။ ဒီနိုင်ငံက ဘယ်တော့မှ လူမွှေး လူရောင် ပြောင်တော့မှာ မဟုတ်ဘူး။ အခု နှစ်ခြောက်ဆယ်အတွင်းလေးကိုဘဲ ကြည့်စမ်းပါအုံး။ ဘယ်လောက် ပြတ်ကျန်ခဲ့သလဲ။ ဘယ်လောက် စုတ်ပြတ်သွားသလဲ။ တစ်ချိန်ကျရင် ရှင်လဲ သေမှာ။ ကျွန်မလဲ သေမှာ။ ဒီ သောက်ကောင်တွေလဲ မာလကီးယားမှာ။ ရှင့်သမီးတို့၊ ကျွန်မတို့ မြေးတွေနဲ့ သူတို့ သား၊ သမီး မြေးတွေဘဲ ကျန်ခဲ့မှာ။ အခုကောင်းကောင်းမွန်မွန် သွားလို့ရတဲ့ ကိစ္စမှာ သူတို့ အာဃာတတွေကြောင့် ဘာတွေ ဖြစ်ကြအုံးမယ် မသိဘူး။ တိုင်းပြည်စုတ်ပြတ်နေတာကို လက်ခံပြီး ပြင်သင့်တာကို ပြင်ကို ပြင်ရမှာ။ ပြည်သူလူထုကို အာဏာပြန်ပေးကိုပေးရမှာ။ ပြည်သူလူထုရဲ့ အသုံးတော်ခံ စစ်တပ် ဖြစ်ကို ဖြစ်ရမှာ။ အခုတော့ သူတို့က ပြည်သူလူထု ပုခုံးပေါ်မှာ ဆက်ပြီး ထိုင်နေချင်သေးတာ။ စီးနေချင်သေးတာ။”

    လူဆိုသည်မှာ ဒေါသထွက်စရာရှိလျှင် အလွန်အကျွံ စည်းမရှိ ကမ်းမရှိ ဒေါသကို လွှတ်မထားသင့်။ သတိလေး တစ်ချက်ကပ်ပြီး ငါ ဒေါသတွေ ထွက်နေပါလား။ ငါ အကုသိုလ်များနေပါလားဟု တစ်ချက် စိတ်က ထင့်လိုက်သော် ဒေါသ အရှိန်တန့်သွားသည်။ ရပ်သွားသည်။ သို့သော်လည်း တစ်ဖက်က ဒေါသကို ပြန်ဆွသော် ပြန်ပြီး ထွက်လာသော ဒေါသသည် ပိုပြီး အရှိန်အဟုတ်ကြီးတတ်သည်။ ပမာဏ ပိုကြီးတတ်သည်။ အခုလဲ မသူဇာက သူဒေါသထွက်နေတာကို သူ့ဘာသာ ပြန်မြင်ပြီး အရှိန်သတ်လိုက်သည်။ စိတ်ကို ပြန်ထိန်းလိုက်သည်။ ခက်တာက ကိုသောင်းမြင့်။ မသူဇာ၏ ဒေါသတာတမံကြီးကို ဒိုင်းနမိုက်ကပ်ပြီး ဖောက်ခွဲသူက ကိုသောင်းမြင့်။

    “ဟင်း..ဟင်း..မင်းက အိမ်ထဲမှာစွာမနေပါနဲ့ကွာ။ ဒီလူတွေမှာ သေနတ်ရှိတယ်ကွ။ အခု မင်း အမေစုတောင် မသေခင် သမ္မတဖြစ်ရ ပါအုံးတော့မလား။ ဟဲ ဟဲ။ မင်းစွာနေ ပြောနေလဲ အလကား။ ဒီလူတွေက သူတို့ ထိုင်ခုံကနေ ဘယ်တော့မှ ထမှာမဟုတ်ဘူး။ သားစဉ်မြေးဆက် လက်ဆင့်ကမ်းကြမယ့် သဘောကွ။ ဟား …ဟား”

    မသူဇာ၏ ဒေါသများက တောင်ကျ ချောင်းရေလို ၀ါးလုံးထိုး စီးလာသည်။ ကမ်းပါး နှစ်ဖက်ရှိ သစ်ပင်များ၊ အိမ်များ၊ ကမ်းပါးများကို မာန်ဟုန်အပြည့်ဖြင့် တိုက်စားသလို ကိုသောင်းမြင့်ရှေ့မှာ မားမားကြီး ရပ်ကာ ဒေါသ စကားလုံးများဖြင့် တိုက်စားလေတော့သည်။ ရင့်သီးသော စကားလုံး ရေလှိုင်းများဖြင့် ကိုသောင်းမြင့်ဆိုသော ကမ်းပါးကို တိုက်ချိုး၊ ၀င်ဆောင့်လေတော့သည်။

    “ရှင်တို့ အဲဒီသောက်ချိုးတွေ ပြင်။ ၀ဋ်ဆိုတာ ဘ၀မကူးဘူး။ လည်ကို လည်တယ်။ အဲဒါ မသေမချင်း မှတ်ထား ကိုသောင်းမြင့်။ အခု မြန်မာစစ်တပ်ကို အခွင့်အရေးရမလားလို့ ၀င်တဲ့ စစ်ဗိုလ်မဟုတ်ဘဲ ဘယ်သူကများ ဗိုလ်ချုပ်တို့ ခေတ်ကလို တိုင်းပြည်ကြီး ကာကွယ်ချင်လို့ပါဆိုပြီး စစ်ထဲ ၀င်သူ ရှိသလဲ။ ငါတို့မှာ သေနတ်ရှိတယ်ဆိုပြီး ပြည်သူလူထုအပေါ်မှာ ဗိုလ်ကျသမျှ သူတို့ ပထွေး တရုတ်ဆိုရင် xင်ခံ (ဆင်ဆာ ဖြတ်ပါရစေ) နေရတယ် မဟုတ်ဘူးလား။ နိုင်ငံတစ်နိုင်ငံရဲ့ စစ်တပ်လုပ်နေပြီး ဘယ်မှာ ခပ်တင်းတင်း၊ မှန်မှန် ဆက်ဆံရဲသလဲ။ ပြောသမျှ ခေါင်းငြိမ့်၊ xင်ပေးပေါင်း (ထပ်ပြီး ဆင်ဆာ ဖြတ်ပါရစေ) နေရတာ ပြည်သူလူထုတွေ အကုန်လုံး သိတယ်။ အဲဒီလို မဖြစ်စေချင်လို့။ ပြည်သူလူထုရဲ့ မဿထာရေစာ မစားဘဲ ပြည်သူလူထု စေတနာရှိရှိ ထောက်ပံ့တဲ့ လစာ၊ ရိက္ခာနဲ့ နေစေချင်လို့ လက်ကမ်းတော့လဲ ပြန်ကိုက်တယ်။ အိမ်က ခွေးတောင် အဲဒီလို မလုပ်ဘူး။ အခု သူတို့ လုပ်ပုံ ကောင်းသလား။ မေစု သမ္မတ ဖြစ်တာ မဖြစ်တာက နောက်။ ကျွန်မတို့က သူ့အသက်အရွယ်နဲ့ သူ့ပညာအရည်အချင်းနဲ့ နိုင်ငံတစ်ကာက သိတဲ့၊ ချီးကျူးတဲ့ သူ့ကို သမ္မတ ဖြစ်စေချင်တာ။ နိုင်ငံ ခေါင်းဆောင် ဖြစ်စေချင်တာ။ ရှင် ထမင်းစားတယ် မို့လား။ ချီးစားတဲ့ ခေါင်းနဲ့ မစဉ်းစားနဲ့။ ရိုင်းရိုင်းပြောရရင် အဲဒါ ကျွန်မတို့က သူ့ကို မသေခင် ခိုင်းစားချင်တာ။ နှစ် နှစ်ဆယ် သွားရမယ့်ခရီးကို ခေါင်းဆောင်ကောင်းနဲ့ ငါးနှစ်လောက်နဲ့ အရောက်သွားချင်တာ။ ဒါကို ရှင်သိ။ သူလို တော်တဲ့ ခေါင်းဆောင်ကြောင့် နိုင်ငံတိုးတက်လာရင် ရေမြင့်ရင် ကြာတင့်သလို ကျွန်မတို့လဲ အဆင်ပြေမယ်၊ စစ်တပ်လဲ အဆင်ပြေလာမှာ။ ဒါကို မမြင်ဘဲ အမေစုကို မုန်းတာနဲ့ဘဲ ဒီမိန်းမကြီး အသက်ရှင်နေစဉ်တော့ ဘယ်တော့မှ သမ္မတမဖြစ်စေရဘူးဆိုတဲ့ သောက်ကျင့်ယုတ်နေတာတော့။ ရှင်သိလား။”

    သူ့မိန်းမ ဒေါသရေချိန်အမှတ်က ဂိတ်ဆုံးနေပြီဆိုတာ ကိုသောင်းမြင့် နောက်ကျမှ သဘောပေါက်လိုက်သည်။ သူ့စကားက မသူဇာကို ရန်စသလို ဖြစ်သွားသည်ဆိုတာလဲ နောင်မှ နောင်တရသည်။ ထို့ကြောင့် ထိပ်တိုက် မတိုးတော့ဘဲ..

    “အေးပါကွာ..ထားပါတော့…ငါ လမ်းထိပ် သွားလိုက်အုံးမယ်” ဟု ထအရပ် မသူဇာက သူ့ရှေ့မှ လာပိတ်ရပ်သည်။ “နေအုံး ကျွန်မပြောတာ မပြီးသေးဘူး။ ရှင်ဆုံးအောင်နားထောင်ရမယ်” ဟု ဆိုလာ၏။ ကိုသောင်းမြင့် ထိုင်ခုံပေါ်သို့ သက်ပြင်းချပြီး ပြန်အထိုင်ကို မစောင့်တော့ဘဲ မသူဇာ စကားဆက်သည်။

“သူတို့ အခု ရနေတဲ့ ငွေကြေး၊ လုပ်ပိုင်ခွင့်၊ စီးပွားရေးတွေ မရတော့မှာ စိုးလို့။ သူတို့ စည်းစိမ်တွေ ပြန်သိမ်းမှာ ကြောက်လို့ ဆိုရင်လဲ ပြည်သူလူထု မျက်နှာကို ကြည့်ပါအုံးလား။ နောက်ပြီး ဆက်ခိုးလို့ရလို့ ခိုးနေတယ်ဘဲ ထားပါတော့။ သူတို့ ပိုက်ဆံတွေ ဘယ်မှာများ သိက္ခာရှိရှိ သုံးရလို့လဲ။ ကိုယ့်မှာ ရှိလို့ ကိုယ်ဝတ်ရင်တောင် ခိုးထား၊ ၀ှက်ထားတယ်လို့ အထင်ခံနေကြရတဲ့ ဘ၀။ နိုင်ငံခြားထွက်ပြီး ကိုယ့်ဘာသာ ပညာတော်လို့ ကျောင်းသွားတက်ရရင်တောင် ခိုးထား၊ ၀ှက်ထားတဲ့ ပိုက်ဆံတွေနဲ့ သွားတာပါလို့ အပြောခံရ။ စင်္ကာပူမှာ တိုက်ခန်းတွေ ၀ယ်ထားတာတောင် လူသိမှာ ကြောက်ရနဲ့။ ဘယ်မှာလဲ သိက္ခာရှိတဲ့ စည်းစိမ်ဥစ္စာ။ ဒါကို နားမလည်ဘူး။ ပြည်သူလူထုက ပဲပြုတ်စားနေချိန်မှာ ဒင်းတို့က ၀က်သားဖတ်ကြီး သွားဖုံးမြုပ်အောင် စားချင်နေမှတော့ ကျွန်မက စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို ခွဲခြားပြီး မမုန်းချင်တော့ဘူး။ အကုန်လုံးကို မုန်းချင်လာပြီ။ ကျွန်မသိတယ်။ အောက်ခြေစစ်သားလေးတွေ ဘယ်လိုနေရတယ်။ ဘယ်လိုမျိုး ဘ၀တွေကို ရုန်းကန်ရတယ်ဆိုတာ။ ကျွန်မလို အရပ်သူတောင် သိသေးတာဘဲ။ သူတို့ ခေါင်းဆောင်ပိုင်းက ပိုတောင်သိအုံးမယ်။ အခုတော့ ဇာတ်တူသားလဲ စားတာဘဲ။ တကယ်ပြောတာ ကိုသောင်းမြင့်။ ကျွန်မကိုသာ ဟို ဆော်ဒီမင်းသားက ကြိုက်လို့ ယူမယ်ဆိုရင် သူ့ပိုက်ဆံ ဒေါ်လာ ၃၁ ဘီလျှံလဲ ပေးမယ်ဆိုရင် ရှင်နဲ့ သမီးကို ထားပြစ်ခဲ့တယ်။ အဲဒီပိုက်ဆံတွေနဲ့ အဲဒီ မြန်မာစစ်တပ်ကို ပုံပေးပြီး တော်ကြပါတော့ရှင်၊ ရပ်ကြပါတော့လို့ကို ကျွန်မက တောင်းပန်ပြစ်ချင်တာ”

    ကိုသောင်းမြင့် ပြူးရလေပြီ။ မျက်လုံး။ ဆော်ဒီမင်းသားကို ယူမှာတွေလဲ ပါ၏။ သူတို့ သားအဖကို ထားပြစ်ခဲ့မှာတွေလဲ ပါ၏။ ဒီလောက် စိတ်ဓာတ်ခိုင်မာတဲ့ မိန်းမက မျက်ရည်တွေ ၀ဲလာတာကိုလဲ အံ့သြ၏။

    “ကိုင်း..ကိုင်း…တော်ပါကွာ။ ငါတို့ ဒီမိုကရေစီတိုက်ပွဲက မပြီးသေးဘူးလို့ဘဲမှတ်ပါ။ သမီးလဲ ကျောင်းက ပြန်လာတော့မယ်။ မင်း ဒေါသထွက်နေတာ ရပ်ပါတော့နော်။ ငါလဲ လမ်းထိပ်မှာ လ္ဘက်ရည် သွားသောက်အုံးမယ်” ဟု ပြောလဲ ပြော၊ ပြေးလဲ ပြေး ထွက်လာခဲ့ရသည်။ မသူဇာကတော့ ငူငူငေါင်ငေါင်ကြီး ကျန်နေခဲ့သည်။

    ကိုသောင်းမြင့်တစ်ယောက် လမ်းထိပ် လ္ဘက်ရည်ဆိုင်ရောက်တော့ သူ့လို နိုင်ငံရေးလိုလို၊ ဘာလိုလို၊ ဟိုစပ်စပ် ဒီစပ်စပ် အကုန်ပါချင်သည့် သူ့အသိတွေ ၀ိုင်းမှာ ၀င်ထိုင်သည်။ လ္ဘက်ရည်မှ မမှာရသေးခင် တစ်ယောက်က “ကိုသောင်းကြီး သိပြီးပြီလား။ ဆော်ဒီမင်းသား သူ့ပိုက်ဆံတွေ အကုန်လှူမယ်ဆိုတာ။ သူ့ပိုက်ဆံတွေက ကျုပ်တို့ နိုင်ငံ အကြွေးတွေ အကုန်ဆပ်လို့ရတယ်ဗျ။ ချမ်းသာလိုက်တာဗျာ။”

    ထိုလူ၏ စကားမှ မဆုံးခင် ကိုသောင်းမြင့်တစ်ယောက် ဆတ်ခနဲ့ ထရပ်သည်။ ဆွဲဘဲ ထိုးတော့မည့် ပုံစံဖြင့် ထိုလူကို ကြည့်သည်။ ပြီးတော့ တောက်တစ်ချက် ခေါက်ကာ ချာခနဲ့ လှည့်ထွက်လာသည်။ ထိုဝိုင်းမှာ ကျန်ခဲ့တဲ့ လူတွေကတော့ ဒီလူ ဘာဖြစ်သွားတာပါလိမ့်လို့ တွေးလို့ကို မရ။ ဒီလောက် သဘောကောင်း၊ ဆရာကြီး လုပ်ရေလျှင် ကျေနပ်နေသည့် လူက ဒီ ဆော်ဒီ မင်းသား အကြောင်း ပြောကာမှ ဘာကြောင့် ဒီလောက် စိတ်ဆိုးသွားရသနည်း။ မေးခွန်းပေါင်းများစွာဖြင့် ကျန်နေခဲ့သည့် သူတို့ကို ကျောခိုင်းထွက်သွားသည့် ကိုသောင်းမြင့်၏ ကျောပြင်ကြီးကို ပါးစပ် အဟောင်းသားဖြင့် ငေးနေမိကြတော့ သတည်း။

ဖိုးထက်

related news - https://www.facebook.com/bbcburmese/photos/a.266174993438393.67270.166580710064489/859847290737824/?type=1&theater

ဂျူနီယာဝင်း - စစ်၏ တန်ဆာခံ သားကောင်များ


ဂျူနီယာဝင်း - စစ်၏ တန်ဆာခံ သားကောင်များ
(အတွေးအမြင် အမှတ် ၂၇၇ ။ ၂၀၁၅ ဇွန်လ) ဇူလိုင် ၃၊ ၂၀၁၅


အင်္ဂလိပ်စာတန်းထိုး အီတလီရုပ်ရှင်ကား Roma cita aperta (Rome, Open City) အမည်ရတဲ့ စစ်ဆန့်ကျင်ရေး ရုပ်၇ှင်ကား ဇာတ်ညွန်းကိုကောက်ဖတ်မိရင်း ရေးဖို့အကြောင်းဖန်လာတာပါ။ ရုပ်ရှင်တော့ ရှာဖွေကြည့်ဖို့တော့ စိတ်ကူးမရှိပါ။ အနိဌာရုံတွေ မြင်ရတာ စိတ်မသက်သာလွန်းလို့ပါ။ အဲသည်ရုပ်ရှင်ကားက ၁၉၄၅ ထုတ်ဖြစ်ပါတယ်။ မူရင်းဝတ္ထုက Rome, Open City ဟုဆိုသောလည်း အင်္ဂလိပ်စာတန်းထိုးချိန်မှာ Open City လို့ပဲထိုးခဲ့တယ် လို့ထောက်ပြထားပါတယ်။

ခေတ်ကာလက အီတလီနိုင်ငံ ရောမမြို့ကို နာဇီတွေ သိမ်းပိုက်ထားချိန် ၁၉ ၄၀ ပတ်ဝန်းကျင် - နာဇီတွေခေတ်မကုန်ဆုံးခင် ကာလလို့ ဆိုရမည် ဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။ ရောမမြို့ကလေးဟာ နာဇီတွေ လက်အောက်မှာ နေနေရတယ်ဆိုသောလည်း ရုပ်ရှင်ရဲ့ ခေါင်းစဉ်အရ ရောမမြို့သူမြို့သားများရဲ့ ဘ၀ဟာ တံခါးမရှိဓါးမရှိ အကြောက်အရွံ့မရှိ သွားလာလှူပ်ရှားနေကြပြီး ဗုံးကျလို့တောင် သေဘေးမစိုးရိမ်ရတဲ့ အနေအထား ပါ။ သို့သော် နာဇီလက်အောက်မှာဆိုတော့ နာဇီစစ်သားများက မယုံသင်္ကာဖြစ်တဲ့ အိမ်တွေကို ၀င်ရောက်စစ်ဆေး ဖမ်းဆီးတာ၊ အစားအသောက်များကိုလဲ ရာရှင်နဲ့ စားသောက်နေကြရတာ၊ တော်လှန်ရေးသမားများနဲ့ အချိပ်အဆက်ရှိတဲ့ သူတွေကို ရသ၍ ဖမ်းချူပ်နှိပ်စက်တာ စတဲ့ အဖြစ်အပျက်တွေကို ရင်ဆိုင်နေရပါတယ်။

အဓိက ဇာတ်ကောင် ဂျော်ဂျီရို က ဂျာမန်ဂတ်စ်တာပို တွေလက်က ပုန်းရှောင်ထွက်ပြေး နေရသူပါ။သူက တော်လှန်ရေးသမားတစ်ယောက်။ သူ့သူငယ်ချင်း ဖရန်စစ်စကို ကလည်း သူနဲ့ပူးပေါင်းသူ။ တစ်နေ့တော့ ဂျာမန်တွေလက်က ဂျော်ဂျီရို ကထွက်ပြေးရင်းနဲ့ ဖရန်စစ်စကိုရဲ့ ဇနီးလောင်း ကိုယ်ဝန်လွယ်ထားရသူ ပီနာ့ ဆီရောက်သွားတယ်။ ပီနာက ခရစ်ယာန်ဘုန်းတော်ကြီး ဒွန် ပီထရို ထံမှာ ဖရန်စစ်စကိုနဲ့လက်ထပ်ဖို့ ခရစ်ယာန်ကျောင်းမှာ စောင့်နေတာ။ ဂျော်ဂျီရိုက ရောက်လာတော့ ဘုန်းတော်ကြီး ဒွန်ပီထရို ထံပီနာက ထပ်အကုအညီတောင်းရတယ်။ သည်တော့ ဒွန်ပီထရို့စိတ်ထဲ တိုင်းပြည်အတွက် တစ်ခုခု လုပ်ပေးချင်တယ် ဘုရားသခင်အလိုကျပေါ့။ ဂျောင်္ဂျီရို့ကို ဘုရားကျောင်းမှာ ဖွက်ပေးထားတယ်။ အဲသည်အချိန်မှာ ဂျာမန်တွေရောက်လာ။ အဲဒီအချိန်မှာ ဇနီးလောင်းဆီ ရောက်လာတဲ့ ဖရန်စစ်စကို ကိုတွေ့တော့ သူ့နောက်လိုက်ဖမ်း၊ ပီနာက နောက်က ပြေးလိုက်တော့ အပစ်ခံရပြီး လမ်းပေါ်မှာ သေသွားတယ်။ ဖရန်စစ်စကိုလည်းမိသွားတယ်။ ဒါပေမယ့် တော်လှန်ရေးသမားများက အကျဉ်းသားတွေ ဖမ်းထားတဲ့ ကားကို ၀င်တိုက်ကြတော့ ဖရန်စစ်စကို ကလွတ်သွားတယ်။ တဖန် ဂျော်ဂျီရို့ ချစ်သူဟောင်း မာရီနာကိုလည်း နာဇီတွေက အလွတ်မပေးပဲ စစ်ဆေးမေးမြန်းတော့ မာရီနာသစ္စာမဲ့မူကြောင့် ခရစ်ယာန်ဘုန်းကြေီး ဒွန်ပီထရိုရော ဂျော်ဂျီရိုပါ အဖမ်းခံရတယ်။ ကြားထဲက နှိတ်စက်ခန်းတွေ ဖယ်လိုက်ရင်တော့နောက်ဆုံး ဂျော်ဂျီရို ဟာတော်လှန်ရေးသမားများအတွက် သစ္စာစောင့်သိမူနဲ့ပဲ အနှိတ်စက်ခံရင်း သေဆုံးသွားတယ်။ ဘုန်းတော်ကြီး ဒွန်ပီထရို မှာတော့ လယ်ကွင်းထဲခေါ်ဆောင်ကာ အီတလီလူသတ်ကွင်းပြင်ထဲ  ၀ိုင်းပြီး သေနပ်နဲ့ ပစ်သတ်တာခံရတယ်။ ဒီအခန်းမှာ  ဒွန်ပီထရို ဘုန်းတော်ကြီးကို သေနပ်နဲ့ဝိုင်း ပစ်တာ မထိဘူး။ ဒါကို ခေါင်းဆောင်  ဂျာမန်စစ်ဗိုလ်က စစ်ဆေးကြည့်တော့ အီတလီစစ်သားများက ဘယ်ဘုန်းတော်ကြီးကိုမှ သေနတ်နဲ့မပစ်ဖူးဆိုတာ ကို သိလိုက်ရတယ်။ ဒါကြောင့် ဂျာမန်ခေါင်းဆောင် စစ်ဗိုလ်က နောက်ဆုံး ဒွန်ပီထရိုကို သူ့လက်နဲ့ပဲ အဆုံးစီရင် လိုက်ရပါတယ်။

ဒါကို ဒီမြင်ကွင်းကို လယ်ကွင်းထဲက ခြံစည်းရိုးတွေနောက်မှာ ပုန်းနေတဲ့ကလေးတစ်စု ကချောင်းကြည့်နေကြတယ်။ ဒါဟာ ဒီရုပ်ရှင်ရဲ့ နောက်ဆုံးခန်းပါ။ အဲသည် နောက်ဆုံးခန်းမှာ အီတလီရဲ့ အနာဂတ်ပုံရိပ်များ - သို့မဟုတ် အနာဂတ်ကလေးငယ်များ - ထိုကလေးတွေက တောတောင်တွေကိုဖြတ်သန်းလို့ သူတို့ရဲ့ မြို့ကလေးဆီကို တိတ်ဆိတ်စွာ (သည်နေရာမှာ တိတ်တဆိတ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး… လေးနက်ခြင်း၊ တည်ငြိမ်ခြင်း၊ အတွေးများနဲ့ ဆိုတဲ့ သဘောတရားတွေ စီးဝင်နေတယ်) ထွက်ခွာ သွားကြပုံ ဟာ သည်ကားရဲ့နောက်ဆုံးခန်း ပါတဲ့။

ဒီကားမှာ ပရိသတ်ရဲ့ သြဘာသံထက်ကို ဇာတ်ကောင်များ သေဆုံးသွားခြင်းကို မကျေမနပ်ဝေဖန်သံ တွေထွက်ပေါ်လာပါတယ်။ တကယ်ဆို ဘုန်းတော်ကြီး ဒွန်ပီထရိုကို ကြိုတင်ထွက်ပြေးဖို့ သတိပေးသင့်တယ်…. ပီနာနဲ့ဖရန်စစ်စကိုဟာ မှတ်ပုံတင်အတုနဲ့နိုင်ငံခြာ်းကို သွားလိုက်ရင် ပီနာ သေစရာမလိုဘူး… မာရီနာက သစ္စာဖောက်လဲ ဂျော်ဂျီရို ဟာ ဘုန်းတော်ကြီး ဒွန်ပီထရို နဲ့အတူ ထွက်ပြေးလို့လွတ်နိုင်တယ် စသည်ဖြင့် အသံတွေ ထွက်လာတယ်။

ဝေဖန်သူတချို့ကတော့ သည်ကားမှာ ဂျာမန်တွေ သူတပါးကို နှိတ်စက်တာတွေပြသမူဟာ အလွန်အကျူးဖြစ်နေတယ် ဆိုတယ်။ ဥပမာ သတင်ပေးတဲ့ မာရီနာ့ကို ပဲမဲပြီး သတင်းလိုက် တာမျိုးတွေက တဇာတ်လုံးပြကွက်တွေ ဖြစ်နေတယ်။ သို့သော်လဲ ပီနာ သေဆုံးတဲ့အခန်းကိုတော့ ချီးကျူးတာတွေများကြတယ်။ ပီနာဟာ ဘာမှမဆိုင်ပဲ အသတ်ခံလိုက်ရတယ်။ ပီနာ့သေဆုံးခြင်းဟာ မီးလောင်နေတဲ့ကြားထဲက ထွက်ပေါ်လာတဲ့ သတ္တိပါပဲ ဟုဆိုကြတယ်။ သူမက ဖရန်စစ်စကို့နောက်ကို နာဇီတွေ မလိုက်အောင် တားဆီးရင်း သေဆုံးရသူ ဖြစ်တယ်။

ရုပ်ရှင်တစ်ခုလုံးနဲ့ပတ်သက်လို့ ဒါရိုက်တာရိုဘက်တို ကပြောတာမှာ “ကျွန်တော် အဓိက ဆိုလိုချင်တာ တစ်ခုပဲ။ အဲဒါကတော့ စစ်ပွဲတွေ ဖြစ်ကြရင် အများဆုံးကံဆိုးမိုးမှောင်ကျသူ များက  ကျွန်တော်တို့ ပြည်သူပြည်သားတွေ ပဲဖြစ်တယ်။ ကျွန်တော်တို့ဟာ စစ်ရဲ့ တန်ဆာခံ ဖြစ်နေတာပါပဲ။ ဒီအချက်ကို အဓိက ချယ်မှူန်းတာပါ။ တော်လှန်ရေးလုပ်နေတဲ့သူတွေ နဲ့အတူတူ သူတို့နဲ့ ပတ်သက်မိလို့ အနှိတ်စက်ခံရခြင်း၊ အသတ်ဖြတ်ခံရခြင်း များကို တွေ့မြင် သိစေမြင်စေချင်ပါတယ်။ ဒါကို ခံစားစေချင်တယ်။ နာဇီရယ်တွေဟာ သူတို့ ဖမ်းဆီးချင်တဲ့သူများသာမက နဘေးက သူတွေကို ပိုလို့တောင် ဒုက္ခပေးနိုင်တယ် ဆိုတာပါပဲ။ ဒီအချက်ကို ရင်မှာပိုက်ပြီး ဒီရုပ်ရှင်ကို ရိုက်ခဲ့ပါတယ် ဆိုတာ ဖြစ်ပါတယ်။”

တော်လှန်ရေး စစ်ကားတစ်ကားပီပီ ဂျော်ဂျီရို ကိုဖွက်ပေးထားတယ်ဆိုတဲ့ မယုံသကာင်္မူနဲ့ အဖမ်းခံရ အနှိတ်စက်ခံရ တဲ့သူတွေလဲ တစ်ဒါဇင်မကဘူး။ ကိုယ်ဝန်သည်ဟာ လမ်းပေါ်မှာ လဲကျသေဆုံးသွားတဲ့အခန်းကို ပြကွက်ဟာ တုန်လှူပ်စရာပဲ။ လမ်းပေါ်မှာ ပီနာဟာလဲကျလို့၊ သူ့ရဲ့ လွင့်နေတဲ့ စကပ်စနဲ့ စွပ်ထားတဲ့ ခြေအိတ် ကိုပြကွက်ဟာ ရောမနိုင်ငံသားများရဲ့ သတ္တိရှိခြင်းနဲ့  ဆုံးရူံးခြင်းကို ဖော်ညွန်းတာဖြစ်တယ် လို့ကြွေးကျော်လိုက်ကြပါတယ်။ ကိုယ့်နိုင်ငံသားတစ်ယောက် မတရားသဖြင့် အသတ်ခံရတာဟာ ရောမနိင်ငံသားများအတွက် ဆုံးရူံးမူ။ ဆုံးရူံးခြင်းကို လက်ခံတဲ့ ရောမနိုင်ငံ။ ပီနာဟာ သူချစ်တဲ့သူအတွက် စဉ်းစားပြီး အရဲစွန့်ကာ ကာဆည်းဖို့ကြိုးစားခြင်းဟာ ရောမနိုင်ငံသားများ အတွက် သတ္တိကိုဖော်ပြခြင်း ဖြစ်တယ် လို့အဓိပ္ဗါယ်ဖော်ပါတယ်။

အဆုံးသတ်ဆိုရရင် သည်ကားမှာ ပါဝင်သရုပ်ဆောင်သူများက နံမယ်ကြီးများမဟုတ်ကြတာ၊ ၁၉၄၅ စစ်ပြီးကာလမှာ ထွက်လာတဲ့သည်ကားက စီးပွားရေးအရ အောင်မြင်ခဲ့တာ၊ ခရစ်ယာန်ဘုန်းကြီးက ဂျာမန်တွေကို ဆန့်ကျင်ပြီး တော်လှန်ရေးသမားတွေနဲ့ပူးပေါင်းခဲ့တာ၊ လမ်းပေါ်လဲကျနေတဲ့ ပီနာ့အလောင်းဖော်ပြမူက အီတလီနိုင်ငံ ရောမမြို့ရဲ့ သတ္တိကိုဖော်ပြခြင်းနဲ့ ဆုံးရူံးခြင်းကို ဖော်ကျူးတဲ့ မြင်ကွင်း ဆိုတာတွေက သည်ကားတစ်ခုလုံးမှာ စီးဝင်နေတဲ့ အချက်များ ဖြစ်ပါကြောင်း။
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>