Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ဖိုးစီ (ရုံးတော) - ကိုစိန်တို့ ဘယ်လိုမဲပေးရပါ့

$
0
0
Cartoon Saw Ngo (2011)
ဖိုးစီ (ရုံးတော) - ကိုစိန်တို့ ဘယ်လိုမဲပေးရပါ့
(မိုးမခ) ဇွန် ၂၈၊ ၂၀၁၅

တနေ့ညက ဖြစ်သည်။  မက်ဆင်ဂျာဘောက်စ်က တုံခနဲ မြည်ကာတက်လာသည်။

ကိုဖိုးစီ အိပ်ပြီလားဗျာ..။

မအိပ်သေးပါဘူးဗျာ .. ဘာကိတ် ..။

ကျုပ်တို့ အိုတွေ ဘယ်လိုမဲပေးရမလဲဗျာ။  အခွင့်အရေး ရှိ / မရှိ သိချင်လို့ပါ။

အမ် ....။ ကျုပ်လည်း မလျှောက်တတ်ဘူး ဆရာ ..။ မေးမြန်းကြည့်ပါဦးမယ်။

သူ့ အမည်ကို ကိုစိန်လို့ သာ အကြမ်းဖျင်း မှတ်ကြပါတော့။  သူက မလေးရှားက ဂျိုဟိုးပြည်နယ်မှာ သောင်တင်နေသော မြန်မာ နိုင်ငံသား  တရားမ၀င် အခြေချနေထိုင်နေသူဖြစ်သည်။  မလေးရှားမှာ သောင်တင်နေတာ ၁၅ နှစ်ကျော်ပြီ။  ကျနော်က ၂၀၀၅ ခုနှစ်ခန့်က ဂျိုဟိုးမှာ သူငယ်ချင်းများနှင့်အတူ အလုပ်လုပ်ခဲ့ဖူးရာ မြန်မာဆိုင်များ၌ သူနှင့် မျက်မှန်းတန်းခဲ့ဖူးသည်။  လူချင်းတော့ မခင်ခဲ့ပါလေ။

ထိုစဉ်က သူ့ကို မြင်ရ အကဲခတ်ရသည်မှာ အတော်ပင် ပြေလည်နေဟန်ရှိသည်။  ယမဟာ ဆိုင်ကယ် အနက်ကြီး တစင်းဖြင့် အင်ဒိုနီးရှားဟု ထင်ရသည့် အမျိုးသမီးတစ်ယောက်ကို တင်ကာ ကျနော်နေထိုင်ရာ အိမ်ရှေ့မှ မြန်မာဆိုင်သို့ ရောက်ရောက်လာတတ်သည်။  လာတိုင်းလည်း တွေ့သမျှ လူကို ဒကာခံကာ ကျွေးမွေးသွားတတ်သည်။  သူ့ကို ကျနော်က မလေးရောက် မြန်မာလူလည်  ပွဲစားတယောက်ဟုသာ ထင်ထားခဲ့သည်။

++++++++++++++++

လွန်ခဲ့သော ၂ နှစ်ခန့်က သူနှင့်ပြန်တွေ့ခဲ့ရသည်။  တွေ့ပုံကလည်း အဆန်း။ ကျနော့် လက်ရှိ အလုပ်၏ မလေးရှား စက်ရုံခွဲမှ လူငယ်များကို စင်ကာပူ သို့ ခေါ်၍ သင်တန်းပေးရာ မြန်မာ ၁၄ ယောက်ခန့် ပါဝင်သည် ။ သင်တန်းကာလ ပြီး၍ အသုတ်လိုက် မလေးရှားသို့ ပြန်ကြစဉ် တရက် မြန်မာကောင်လေးတယောက်က ဂျိုဟိုး အဝေးပြေးကားဂိတ်တွင် ထွက်ပြေး ပျောက်ဆုံးသွားသည်။  ပြန်လည်ပို့ဆောင်သော စင်္ကာပူ အင်ဂျင်နီယာက ခေါင်းမီးတောက်ကာ ကျနော့် အားလှမ်းခေါ်၍ လိုက်သွားစဉ် ကိုစိန့်အား လာ့ကင်း (Lar Kin) အဝေးပြေးကားဂိတ်မှာ ပြန်တွေ့ရခြင်းဖြစ်သည် ။

"ဟေ့လူ.."သူက ကျနော့် နံမည် မမှတ်မိ။  ကျနော်ကလည်း သူ့ကို ကျောလည်ထိ ရှည်သော ဆံပင်တွေနှင့် ကိုဆံရှည် အဖြစ်သာ မြင်ခဲ့ဖူးရာ ယခုလို မလေးဆံပင်ကုပ်ထောက်နဲ့ ဆိုတော့ ချက်ချင်း မသိပါ။

"ကျတော် ကိုစိန်လေ ၊ အရင် တမန်မ၀ါ (Taman Mawar - နှင်းဆီ ရပ်ကွက် ဟု အဓိပ္ပာယ်ရ၏ ) မှာ ခဏခဏ တွေ့ဖူးတာရော ..။"

"သြော်.. ဟုတ်ပြီ.."  သူ့ကြည့်ရတာ အရင်ကထက်ပင် သားနားနေသယောင်ယောင်။  သူကျနော့် ကိစ္စမေးတော့ ကျနော်က ရှင်းပြရသည်။  ချက်ချင်းပင် သူက

"အာ.. ဒါဆို လိုက်မနေနဲ့တော့၊ ဒီကောင် KL တောင် ရောက်ကာနီးလောက်ပြီ ..။"

“ခင်ဗျား.. ဘယ်နှယ့်လုပ်သိ ..။"

"သိဆို ကျွန်နော် ကိုယ်တိုင် ကေအယ်လ် ကားပေါ် တင်ပေးလိုက်တာ၊ အေရိုးလေး၊ မခုတ်တတ်တဲ့ ကြောင်လေးလို ဒုက္ခ ရောက်နေလို့ပါ ဆိုတာနဲ့ ကားလက်မှတ်တောင် ၀ယ်ပေးလိုက်ရသေး၊ အကြောင်းရှိဆက်ဖို့ ဖုံးနံပါတ်တောင်ပေးလိုက်သေးတယ်၊ နေနှင့်ဦး ဆက်လာမှ ပျစ်ကော နှစ်ေကာ ဆဲလိုက်ဦးမယ် ..။"

"အား.. ကောင်းရောဗျာ..။   ကိုစိန်တို့ ဂျဟိုးမှာ လူလည်လုပ်လာတာ၊ အညာသားချင်း လုပ်စားသွားပြီ ...။"

ကျနော်က အလုပ်ကို ပြန်သတင်းပို့အပြီး သူနှင့် စားပွဲဝိုင်းဖွဲ့ကာ စကားအမျှင် မဖြတ်နိုင်တော့။  သူ့အကြောင်းက စိတ်ဝင်စားစရာလည်း ကောင်းလှသည်။

သူက ကျနော့်ဇာတိနှင့် နယ်ချင်းမဝေးသော အညာသားတယောက် ဖြစ်သည်။   ရန်ကုန်တက် အလုပ်လုပ်ကာ ကားစပယ်ယာဘ၀ကနေ အဆွယ်ကောင်းတော့ မလေးရှားရောက်လာသည်။  ရောက်ပြီး မကြာမီ အလုပ်မကောင်းသဖြင့် အိုဗာစတေး (Over Stay) နေရာမှ အစပြု၍ သူ့ဘ၀ လှိုင်းက ထန်ခဲ့ရသည်။  ငံပြာရည် စက်ရုံ လုပ်သား၊ လူသေအလောင်း ဆေးကြောသူ၊ သူဋ္ဌေး သက်တော်စောင့် လူမိုက်၊ ငါးအရောင်း (မူးယစ်ဆေးငါးကို ဆိုလိုတာဗျ) ၊ တရုတ်သင်္ချိုင်းမှာ မြေယာပြုပြင်သူ အလုပ်သမားခေါင်း ... နောက်ဆုံး ကျနော်နှင့်တွေ့တော့ ကုန်ကားကြီးတွေ နောက်လိုက်လုပ်နေသည်ဟုပြောပြသည်။

"ခင်ဗျား မိန်းမကော .."ကျနော်က သူနှင့် တွဲနေသည့် အင်ဒိုနီးရှားအမျိုးသမီးကို ရည်ရွယ်၍ မေးဖြစ်ပါသည်။

"သူပြန်သွားပြီ .. အဆက်အသွယ်တော့  ရှိပါတယ် ...။

“ခင်ဗျား သိလား၊ သူ့ကို ကျွန်တော် ရွာခေါ် သွားသေးတယ် ..။"

"ရွာ .. ဗမာပြည်အထိလား..။"

"အေးပေါ့ဗျ၊ တောင်ကျော် ခေါ်သွားတာ..။  ကျွန်တော်ရာ သူရော ပတ်စပို့မှ မရှိတာ၊ နေမထူးတွေပဲ။  ကျွန်တော်က ပြန်ချင်နေတာ၊ သူကလည်းလိုက်မယ်ပြောတာနဲ့ စွတ်ရွတ်ပြီး ခေါ်ချသွားတာပဲ..။”

"မိုက်ပါ့ဗျာ.. ကိုစိန့်နှယ် .. ။"

"ထူး မမိုက်ရပါဘူးဗျာ၊ ဒီကနေ ၂ ယောက်လုံးစာ မှတ်ပုံတင်ရမှ ၀င်သွားတာပါ ဟဲ ဟဲ..။"

ကိုစိန် ညာနေသည်ဟု ကျနော် မထင်ပါ။  သို့သော် သူဆက်ပြောသည်က စိတ်မကောင်းစရာပါ ။

ကိုစိန်ပြန်လာသည်ကြားတော့ ရွာကအမျိုးတွေ ၀မ်းသာအယ်လဲပေါ့။  နိုင်ငံခြားသူမကြီး ရအောင်ယူလာသည့် သတင်းကလည်း ဖုံးဖိ၍ ရစကောင်းသော အရာမျိုးမဟုတ်ချေရကား တောမီးလိုပြန့်နှံ့လေ၏။  သို့သော် ၃ ရက်မြောက်နေ့မှာပင် ရွာသားချင်း ရဲသတင်းပေးက မတန်တဆသော ပမာဏဖြင့် ငွေညှစ်လာသဖြင့် ပြန်ပြေးလာခဲ့ရပါသည်တဲ့။

"ကျွန်တော့်ဗျာ .. အမေ့အိမ်မှာ ၂ ညပဲ အိပ်ခဲ့ရပါတယ် .."  ပြောရင်း သူက အဝေးသို့ မျှော်ကာငေးနေပြန်သည်။

''ခင်ဗျားကလည်း မစဉ်းမစား၊ ၂ ယောက်လုံး ထောင်ကျပေါက်ကြီး လုပ်တာကိုးဗျ..။"

"ဘယ့်နှယ် လုပ်မတုံး၊ ကျွန်တော်ကလည်း အိမ်တခေါက်ပြန်ချင်၊ သူကလဲ ပြန်မလာမှာ စိုးပြီး စိတ်မချသာနဲ့ ခေါ်ချသွားတာပဲ"။

"ကိုယ့်စိတ်မချဘဲ သူကကျတော့ ပြန်သွားပြီလား"  ကျနော့် အမေးဆုံးတော့ ကိုစိန်က အသံလေးလေးဆဆ ကြီးဖြင့်

"ကျွန်တော်တို့ သားဦးလေး ဆုံးသွားတယ်ဗျ၊ အဲဒီကတည်းက တငိုင်ငိုင်နဲ့၊ သူလည်း စိတ်ပြေလက်ပျောက် ဆိုပြီး ပြန်ပါစေ သဘောထားလိုက်တာ၊ ပြန်လာမလာကတော့ သူ့သဘောပဲ ..။"

ကောင်းကြပါရောခင်ဗျာ။ နိုင်ငံကိုစွန့်ခွာလာကာ တရားမ၀င် နေထိုင်ကြသူ အချင်းချင်း ချစ်ကြိုက် ပေါင်းသင်းရုံမျှမက ကလေးတောင် မွေး လိုက်ကြသေးသတဲ့။ ဘ၀-ဇာတိ - အစဖြစ်ရခြင်းဟူသည် သူတို့ အတွက် လွယ်ကူလွန်းလှသယောင်တကား။ သို့မဟုတ် ဒုက္ခဟူသည် ဂျိုနဲ့လား မေးရလောက်အောင်ပင် ယဉ်ပါးလွန်းလေကြကုန်သလော မဆိုနိုင်။

++++++++++++++++

ယခုတော့ အဝေးရောက် ကိုစိန်က မြန်မာနိုင်ငံအတွင်းမှ နိုင်ငံရေး အချိုးအကွေ့ ဖြစ်သော ရွေးကောက်ပွဲတွင် မဲ ဘယ်လိုပေးရပါ့လဲ မေးလာနေပြီ။  ပြည်ပသို့တရားဝင် ရောက်ရှိနေသော သူများသာ မဲပေးပိုင်ခွင့် ရှိလိမ့်မည် ထင်ကြောင်း ကျနော် ပြန်ပြောတော့ ကိုစိန် စိတ်ဓာတ်ကျလေ၏ ။

“ကိုဖိုးစီ၊ ကျွန်တော်တို့လို လူတွေ အများကြီးနော။  ဒီမလေးရှားမှာတင် သိန်းချီပြီး ရှိတယ်။  ထိုင်းနဲ့ များပေါင်းလိုက်ရင် သန်းဂဏန်း ကိုကျော်ဦးမှာ၊ အားလုံးက မဲပေးနိုင်တဲ့ အရွယ်တွေချည်းပဲ”။

“အေးဗျာ..၊ တိုင်းပြည်ထဲမှာတောင် မဲစာရင်းတွေ မှားလွန်းလို့ ဒေါ်စု ကိုယ်တိုင် တအိမ်တက်ဆင်း လိုက်ဆော်သြနေရတဲ့အချိန်မှာ .. ခင်ဗျားတို့လို အိုသမားတွေ အတွက် မဲပေးစာရင်းထဲ ၀င်ဖို့ရာက ဗိုလ်ချုပ်ကိုယ်တိုင် အသက်ပြန်ရှင်လာရင်တောင် မလွယ်လှဘူး ထင်တယ် ကိုရင်စိန်ရယ် ..။”

“အခြေအနေ မပေးလို့ အဝေးရောက်နေရပေမဲ့ ကျုပ်တို့လည်း နိုင်ငံချစ်စိတ်အပြည့်နဲ့ နိုင်ငံသားတွေပါဗျာ.. မဲပေးချင်တာပေါ့ ..။”

အမယ်၊ ကိုစိန်တယောက်အားတွေပါကာ သူ့မယား အင်ဒိုမကိုပင်မေ့ကာ ပြည်ချစ်စိတ်ကိုပြနေလေပြီ။

“အေးဗျာ ..ကျနော်တို့ ခင်ဗျားတို့လည်း တစ်သက်မှာ တခါခုမှ စပြီး ပေးရမဲ့ မဲဆိုတော့လည်း ပေးဖူးတယ်ရှိအောင် ပေးကြည့်ချင်တာပေါ့ ဟုတ်ဖူးလား..။”

အဲလိုတော့ မဟုတ်ဘူး  ကိုဖိုးစီ၊ ကျနော် တမြန်မနှစ်က မလေးရှားရွေးကောက်ပွဲမှာ မဲပေးခဲ့ဖူးပြီ။

“ဗုဒ္ဓေါနဲ့ မြတ်စွာ၊ ခင်ဗျားက မလေးရှားနိုင်ငံသား ဖြစ်နေပလာ..။”

“မဲရက်တုန်းက ကျုပ်တို့လို လူရည်တဲ့ကောင်တွေ တော်တော်များများ အလုပ်ရှင်သူဋ္ဌေးတွေနဲ့ နယ်မြေ ရဲတွေ ကောင်းမှုနဲ့ IC ကဒ်တွေ ရကြတယ်ဗျ ..၊ မဲပေးတော့ ကားကြီးတွေနဲ့ လာခေါ်တာပဲ ဟဟ.. ဟဟ..။”

“အဲသာ ..ကဒ်အစစ်တွေလား..။”

 “ဘယ်ဟုတ်မှာတုံး၊ အဖိန့် သက်သက်တွေ၊ ခုနေခါ ကျုပ်ဆေးရုံတက်တာတို့ ဘာတို့ ကဒ်ထိုးပေးလိုက်ရင် တန်းပေါ်သွားမှာ ..၊ ဒါပေမဲ့ စကားလည်အောင်ပြောနိုင်ရင် သွားရင်းလာရင်းပြစားလို့ တော့ ရတာပေါ့ဗျာ။” 
သူ့စကားဆုံးတော့ အာရှဒီမိုကရေစီစံနှုန်းဟု နှိမ့်ချသုံးနှုန်းခံရခြင်းအကြောင်းကို ရေးရေးမြင်လာမိသလိုရှိ၏။  ကျနော်တို့ဆီမှာက အရပ်သားတပိုင်း လွှတ်တော်နှင့် အခြေခံဥပဒေမှာကတည်းက ပြည်သူတို့မှာမဲ ဓားပြ တိုက်ထားခြင်း ခံရပြီးသော ဒီမိုကရေစီ။  သူတို့ဆီမှာက မဲလိမ် မဲညစ်  ကပျစ်ကညစ် ဒီမိုကရေစီ။  ပြောရင်တော့ စားအုန်းဆီ အစိုးရနှင့် ပြန်ကြော်ဆီ အစိုးရ  ၂ ခုလုံး၊ ပြည်သူ့ အတွက်တော့ ဘယ်ဒင်းမှ မကောင်း။

ကျနော် ကိုစိန်တို့ အကြောင်းတွေ ကို စဉ်းစားရင်း ရင်မောလာမိသည်။  သန်းနှင့်ချီသော တရားမ၀င်ပြောင်းရွှေ့ နေထိုင်သူတွေအတွက် မဲပေးပိုင်ခွင့်ကို အစိုးရ ရော အတိုက်အခံရော ဖြေရှင်း နိုင်လိမ့်မည်မထင်ပါ။

“ကိုစိန်၊ ခင်ဗျားအကြောင်းတွေ ကျနော် ရေးခွင့်ပေးပါလား …။”

“ရေးချင်လည်းရေး၊ မရေးချင်လည်း နေ၊ လူတွေဖတ်လို့ သိလည်း ဘာမှ ထူးလာမှာ မဟုတ်ပါဘူးဗျာ၊ ကျွန်တော်တို့ အားလုံး က အမေ့ခံဘ၀တွေပါ..။”

ကိုစိန်ကတော့ သူတို့တတွေဟာ အမေ့ခံ လူသားတွေဟု ဆို၏။  တိုင်းပြည်အတွင်း၌ပင်လျှင် ရှင်းမကုန်နိုင်သည့် ပြဿနာပေါင်း သောင်းခြောက်ထောင်ကြားဝယ် တရားမ၀င် ပြည်ပရောက်ရှိနေသည့် သန်းဂဏန်းမျှသော နိုင်ငံသားတွေအား မေ့လျော့နေပြီဟု ပြောလာခဲ့သော် မှန်သလိုလိုလည်းရှိ၏။  သို့သော် မျက်နှာလွှဲခဲပစ်တော့ မလုပ်သင့်ကောင်းဟုသာ ယူဆမိပါသည်။

လက်ရှိအာဏာရအစိုးရနှင့် နောင်တက်လာမည့် အစိုးရမင်းအပေါင်း ကိုစိန်တို့အား မေ့မထားပါရန် နိုင်ငံသား တစ်ယောက်အနေဖြင့် ပန်ကြားချင်မိ၏။

ကိုစိန်တို့ လိုချင်သည့်၊ ကိုစိန်တို့ မဲပေးချင်သည့် ပါတီ၊ အစိုးရ အဖွဲ့အစည်းနှင့် ကိုစိန်တို့ မဲဆန္ဒကတဆင့်  ပြောင်းလဲလိုသည့် စနစ် တစ်ခုသည်သာ နိုင်ငံရပ်ခြားက ဤရေမျောကမ်းတင် မျှော်လင့်ချက်မဲ့ အမေ့ခံဘဝများအရေး ဖြေရှင်းနိုင်မည် ယူဆမိသည်။

ယခုလောလောဆယ်မူကား ကိုစိန်တို့ မဲ ဘယ်လို ပေးရပါ့ အတွေးပွားရင်း နိုင်ငံတကာရောက် ဇာတိ၊ လူမျိုး၊ နိုင်ငံ ပျောက်သလိုဖြစ်နေရသည့်အမေ့ခံဘဝများအရေး ရတက်မအေးဖြစ်နေမိပါကြောင်း..။

ဖိုးစီ (ရုံးတော)
ဇွန် ၂၇၊ ၂၀၁၅

××××××××××

မိုးမခ တွင် ဖော်ပြခဲ့ပြီးသော ဖိုးစီ (ရုံးတော) ၏ စာများ --

၁) ကပ္ပိယဖိုးစီ - မဟန နှင့် နိုင်သြ ဆိုသည်

၂) ဦးဇောတိက နှင့် (၃) နာရီ

၃) ကုလားရှဖီး၊ ဘုန်းကြီးတူမ နဲ့ ကျနော်ကြုံခဲ့ ဖူးသော လုပ်ကြံပွဲများ

၎) အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကြိယာ တမျိုးတည်းနဲ့ ကျနော်တို့ တိုင်းပြည်

၅) ဗလသေန တော့ မလိုချင်ပါ
http://moemaka.com/archives/40072
http://www.moemaka.blogspot.com.au/2014/09/blog-post_807.html

၆) မိနီကတော့ သေတာ သေတာပါပဲ

၇) ဘောင်ဘင်ခတ်သူ

၈) ခါချဉ် တစ်ကောင် တင်းတဲ့မာန်

၉) ပိုးဟပ် တောင်ပံ ခတ်သံ

၁၀) အမေ၏ နိုင်ငံရေး

၁၁) မန်းကျည်းတန်း ပုံပြင်

၁၂) Sorry ပုံပြင်

၁၃) “ဟဲ့…” အမည်မှည့်

၁၄) ဘုန်းကြီးတွေ လူလိုမသိဘူး

၁၅) စနစ်ဆိုး ၏ အသုံးချခံ သား (၃) သား

၁၆) ကျနော်တို့ သာသနာတော် ဝမ်းယောင်နေပြီလား

၁၇) တန်ရာတန်ကြေး

၁၈) မင်းစဉ် မင်းဆက် ယတြာ ကွက်များ

၁၉) ဋ္ဌာပနာအတွင်းသို့ ၀င်ကြည့်ခြင်း


မောင်တူး ။ ဒီဗီဘီ - ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၃၉ နှစ်

$
0
0

Invitation to the 35th Commemoration of Salai Ko Tin Maung Oo-front
ချေဂွေဗားရား
စပါတာကပ်ကို သတိရ
ချင်းအမျိုးသား
ဆလိုင်းတင်မောင်ဦးကိုတော့
မေ့နေကြလေရဲ့။
(လင်းခါး၏ ဆလိုင်းတင်မောင်ဦး သို့မဟုတ် ကြိုးစင်ပေါ်က ဥဒါန်း ကဗျာမှ)
Ko_tin_maung_oo_sဟုတ်ပါတယ်။ ကျနော်တို့ မေ့နေခဲ့ကြပါတယ်။ ပွင့်လင်းမြင်သာမှု မရှိအောင် ပိတ်ပင်ထားတာရယ်၊ သူ့အကြောင်း တစွန်းတစ ပြောဆို ရေးသား ထုတ်ဝေ ဖွင့်ဟမိသူတွေဆိုရင် ဖမ်းဆီးချုပ်နှောင်ခံရတတ်တာမို့ ဖုံးနေ ကွယ်နေ ပျောက်နေ မေ့နေကြရတာပါ။ ဆလိုင်းတင်မောင်ဦးကို မဆိုထားနဲ့ တပ်မတော်ဖခင်၊ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်နဲ့ ရင်ထိုးတွေ ၀တ်ဆင်ထားမိရင်တောင် ပြဿနာတွေ တက်ခဲ့ကြတယ် မဟုတ်လား။ ဒါပေမယ့် မမေ့နိုင်သေးသူတွေကတော့ တိုးတိုးတိတ်တိတ် ဖော်ထုတ်နေခဲ့ကြတာပါ။ အခုတော့ မေ့နေကြရာက သတိလည်လာခဲ့ကြပါပြီ။ ဆလိုင်းတင်မောင်ဦး အမှတ်တရပွဲတွေတောင် တရားဝင် ပြောင်ပြောင်တင်းတင်း လုပ်နေနိုင်ကြပါပြီ။ ဒီကနေ့ ၂၀၁၅ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့ဆိုရင် ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင် ချင်းအမျိုးသား ဆလိုင်း ကိုတင်မောင်ဦးကို ကြိုးပေး ကွပ်မျက်ခဲ့ကြတာ  “၃၉ နှစ်” တင်းတင်းပြည့်တဲ့နေ့ ဖြစ်ပါတယ်။
ဗြိတိသျှကိုလိုနီ အစ
ဒီမိုကရေစီနှစ်အနည်းငယ် အလယ်
စစ်အာဏာရှင်အဆုံး
တဦးတည်းသော ကြိုးပေးကွပ်မျက်ခံ
ကျောင်းသားခေါင်းဆောင်။
(လင်းခါး၏ ဆလိုင်းတင်မောင်ဦး သို့မဟုတ် ကြိုးစင်ပေါ်က ဥဒါန်း ကဗျာမှ)
လက်ရှိ သမ္မတကြီး ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း) ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ စစ်တပိုင်းအစိုးရလက်ထက် ၂၀၁၅ ခုနှစ် မတ် ၁၀ ရက်နေ့က လက်ပံတန်း ကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွဲခဲ့သလိုပဲ သမ္မတကြီး ဦးနေ၀င်း (ဗိုလ်ချုပ်ကြီးဟောင်း) ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) စစ်တပိုင်းအစိုးရ လက်ထက် ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့တုန်းကလည်း ဦးသန့်ဈာပန အရေးတော်ပုံကြီး အတွင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေကို အကြမ်းဖက် သတ်ဖြတ်ခဲ့ကြဖူးပါတယ်။ နောက်ပိုင်းမှာ ဦးသန့်အရေးတော်ပုံ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ဖမ်းဆီးလိုက်တယ်။ ၁၉၇၆ ခုနှစ် ဇွန် ၂၆ ရက် စနေနေ့မှာတော့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေး ကွပ်မျက်ခံခဲ့ရပါတယ်။ အခု ၂၀၁၅ ခုနှစ် ဇွန် ၂၆ ရက်မှာ သူကျဆုံးခဲ့တာ ၃၉ နှစ်ပြည့်ပါပြီ။ ဒါကြောင့်လည်း ဆလိုင်းတင်မောင်ဦးအကြောင်း ပြောရင် ဦးသန့်ဈာပန အရေးတော်ပုံကြီးက စရမှာပါ။ ဒီစာကို ရေးနေရင်းကပဲ ဦးသန့်အရေးတော်ပုံအကြောင်း ဂုဏ်ပြုစပ်ဆိုထားတဲ့  “ဦးသန့်သပိတ်” သီချင်းကို နားဆင်နေမိတဲ့အခါ ဒီသီချင်း စာသားတွေကပဲ ကျောင်းသားသပိတ်တိုက်ပွဲဝင် သမိုင်းကြောင်းကို ပြန်မြင်လာရပါတယ်။
(  x  ဒို့ကျောင်းသားများ စောင့်မျှော်ခဲ့သည် x  အခွင့်အရေးကို ရရှိခဲ့သည် x တကမ္ဘာလုံးလေးစားရတဲ့ x ဦးသန့် ဈာပန အကြောင်းပြလို့အတည် x ၇၄ ဒီဇင်ဘာ မဖြေသာအကြောင်းတရားက ဇာတ်လမ်း စလေပြီ x ငြိမ်းချမ်းရေးကို ဖက်တွယ်ခဲ့သူ x စစ်အုပ်စုကို ဆန့်ကျင်ခဲ့သူ x ဦးသန့်လိုလူ ရာဇ၀င်ထူးလို့ အာဏာရူးတို့ ရန်စ မီးပျိုး အငြိုးထားခဲ့သည် x ) (ဦးသန့်သပိတ်သီချင်းမှ)
ဦးသန့် ဈာပနအရေးတော်ပုံ
မြန်မာပြည်ရဲ့ ထူးချွန်ထင်ရှားတဲ့ တဦးတည်းသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဟာ အသက် ၆၅ နှစ်အရွယ် ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့က အမေရိကန်နိုင်ငံမှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ရုပ်ကလာပ်ကို မြန်မာပြည် ပြန်သယ်လာရာမှာ မဆလ တပါတီ အာဏာရှင်တွေက ထိုက်တန်စွာ ဂုဏ်ပြုမပေးခဲ့တာမို့ ဆလိုင်းတင်မောင်ဦးနဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက ဦးဆောင်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဦးသန့်အလောင်းပါ အခေါင်းတလားကို ကျိုက္ကဆံကွင်းကနေ ရန်ကုန်တက္ကသိုလ်ဆီ ယူငင် သယ်ဆောင်သွားခဲ့ကြပါတယ်။ အဲ့သည်နောက် တက္ကသိုလ်မြေမှာ ကမ္ဘာ့ ခေါင်းဆောင်ကြီးကို လေးစားစွာ ဂူဗိမာန်ကြီး ပြုလုပ်ထည့်သွင်း ဈာပနပွဲ ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။ ဒါကို မဆလစစ်တပ်က ဦးသန့်ဈာပနအတွက် စီစဉ်နေကြတဲ့ ကျောင်းသားတွေနဲ့ ရဟန်းရှင်လူ ပြည်သူတွေကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်ပြီး ဖြိုခွင်းခဲ့ပါတယ်။ ကျောင်းသားတွေ၊ ရဟန်းတော်တွေနဲ့ ၀န်းရံပြည်သူတွေ သေခဲ့ကြတယ်။ မဆလ စစ်တပိုင်းအစိုးရကတောင် ၃၀ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ခဲ့ပါရဲ့။ နောက်ထပ် လူဦးရေ ထောင်နဲ့ချီ ဖမ်းဆီးခံခဲ့ရပြီး နှစ်တို၊ နှစ်ရှည် ထောင်ချ ချုပ်နှောင်ထားခဲ့လို့ ပညာသင်ကြားမှု နှောင့်နှေးခဲ့ရပါတယ်။
ဦးသန့်ဈာပန အရေးတော်ပုံနဲ့ ဆလိုင်းတင်မောင်ဦး
ခရစ်ယာန်ဘာသာဝင် အရှိုချင်းအမျိုးသားတဦးဖြစ်သူ ဆလိုင်းတင်မောင်ဦးကို ၁၉၅၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်မှာ အဖ ဦးလှဒင်၊ အမိ ဒေါ်နှင်းမြိုင်တို့က ပဲခူးတိုင်း တောင်ငူမြို့မှာ မွေးဖွားခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့မိသားစုဟာ ရန်ကုန်ကို ပြောင်းခဲ့ကြပြီး ၁၉၇၁ ခုနှစ်ကစ  ရန်ကုန် ၀ိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်မှာ သတ္တဗေဒ အဓိကနဲ့ ပညာသင်ကြားနေခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်မှာ ပထမအကြိမ် မြေအောက်ကျောင်းသားလှုပ်ရှားမှုနဲ့ သူ အဖမ်းခံခဲ့ရတယ်။  ၁၉၇၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်မှာ ပြန်လွတ်ပြီိး ဒုတိယနှစ် တက်ခဲ့တယ်။ ၁၉၇၄ ခုနှစ် ဇွန် ၆ အလုပ်သမား သပိတ်မှာလည်း အလုပ်သမားတွေကို ပါဝင်ကူညီခဲ့ပြီး ဒီဇင်ဘာလ ဦးသန့်အရေးအခင်းမှာ ဦးဆောင်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်၊ Salai 44(1)ဒီဇင်ဘာ ၁၁ ရက် ညမှာ စစ်တပ်က ဦးသန့်ဈာပနသပိတ်ကို ၀င်ရောက် ပစ်ခတ်ဖြိုခွဲခဲ့လို့ ကျောင်းသား၊ သံဃာနဲ့ ပြည်သူတွေ သေဆုံးခဲ့ပြီး ထောင်နဲ့ချီ အဖမ်းခံခဲ့ရတယ်။ အဲဒီနောက် ကိုတင်မောင်ဦးဟာ နယ်စပ်ကို တိမ်းရှောင်သွားပြီး ၁၉၇၆ ခုနှစ် မတ်လ ၂၂ ရက်နေ့ကျမှ မှိုင်းရာပြည့်အရေးတော်ပုံအတွက် ပြင်ဆင်နေတုန်း ပြန်အဖမ်းခံခဲ့ရတယ်။ ဇွန်လ ၂၆ ရက်နေ့မှာ ကြိုးပေး ကွပ်မျက်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဆလိုင်းတင်မောင်ဦးဟာ တိုက်ပွဲဝင် ခွပ်ဒေါင်း ကျောင်းသားခေါင်းဆောင် ပီသစွာ ကြိုးစင်ပေါ်မှာ စစ်အာဏာရှင်တွေကို မကြောက်မရွံ့ ပြုမူပြောဆို ရင်ဆိုင်သွားခဲ့တယ်လို့ သူ့ရဲဘော်ကျောင်းသားဟောင်းတွေက ပြန်ပြောပြခဲ့ပါတယ်။
“မင်းတို့ ငါ့ရဲ့ ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်၊ ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့မရ၊ မင်းတို့ စစ်ဖိနပ်အောက် ငါဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ။” လို့ ဆလိုင်းတင်မောင်ဦးက ပြောခဲ့တယ်လို့ ဆိုပါတယ်။
၁၉၇၄ ခုနှစ် တိုက်ပွဲဝင် ကျောင်းသားဟောင်း ဦးဂါမဏိကတော့ “ကိုတင်မောင်ဦးရဲ့ အခန်းကဏ္ဍက ချင်းတိုင်းရင်းသား ဖြစ်ပေမယ့် ချင်းလူမျိုးတွေ၊ ချင်းကျောင်းသားတွေအတွက်တင်မက ဗမာတပြည်လုံးရဲ့ ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးကို ဦးဆောင်သွားခဲ့တဲ့သူ ဖြစ်တယ်။ အဲ့သလို အားလုံးအတွက်လုပ်တဲ့ စိတ်ဓာတ်ကို အားလုံးအတုယူရမယ်။” လို့ ဆိုပါတယ်။ ဆလိုင်းတင်မောင်ဦးဟာ ၁၉၇၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ချင်းစာပေနဲ့ ယဉ်ကျေးမှုအသင်း အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။
“ဒီ ချင်းအမျိုးသားဟာ
တိုင်းရင်းသားလူငယ်တွေရဲ့
သန့်စင်သော မီးရှူးတန်ဆောင်ပါပဲ။
လောက်တဖွားဖွားခေတ်ထဲက
မကြောက်တရားပြသူ ယောက်ျားမြတ်ပါပဲ။
အာဏာရှင်ကုပ်ပိုးကို ပုတ်နှိုးလိုက်တဲ့
စူးစူးဝါးဝါး တောက်ပတဲ့ နေအလင်းရောင်ပါပဲ။”
(လင်းခါး၏ ဆလိုင်းတင်မောင်ဦး သို့မဟုတ် ကြိုးစင်ပေါ်က ဥဒါန်း ကဗျာမှ)
Salai33ဆလိုင်းတင်မောင်ဦးနဲ့ ကျဉ်းနှောင်အိမ် တခုတည်းမှာ အတူနေခဲ့သူ ကဗျာဆရာ မောင်လွမ်းဏီကလည်း အခုလို ပြောခဲ့ပါတယ်။
“သူဟာ လူငယ်ကျောင်းသားတွေရဲ့ အိုင်ကွန်ပါ။ သင်္ကေတတခုပါ။ သူ့ရဲ့ ရဲရင့်မှုတွေ၊ သမိုင်းဂုဏ်ရောင်ပြောင်တဲ့ ဦးဆောင်ခဲ့မှုတွေက ကျနော်တို့အတွက် အတုယူစရာလည်း ကောင်းပါတယ်။ အထူးသဖြင့် ကိုတင်မောင်ဦးရဲ့ စစ်အာဏာရှင်အပေါ် ဦးမညွှတ် ဒူးမထောက် လက်မမြှောက်တဲ့ စိတ်ဓာတ်ပါပဲ။”
၁၉၇၄ ခုနှစ် ဦးသန့်အရေးတော်ပုံ ကျောင်းသားဟောင်း ကဗျာဆရာ ဇော်ငြိမ်းလတ်ကတော့ “ဦးသန့်ဈာပန ဖြစ်လာတဲ့အခါ ကိုတင်မောင်ဦးက ဈာပနကို ခမ်းခမ်းနားနား ဖြစ်စေချင်တယ်လို့ ခဏခဏ ပြောတယ်ဗျ။ ဈာပနကို ကြီးကြီးကျယ်ကျယ်လုပ်ဖို့ ကျောင်းသားထုထဲမှာ လှုံ့ဆော်တယ်။ ကျောင်းသားတွေကလည်း ထောက်ခံကြတယ်။ ကျောင်းသားကြီးတယောက်အနေနဲ့ လေးစားကြတယ်။ ဆိုလိုချင်တာက သူဟာ နဂိုတည်းက နိုင်ငံတော်ပုန်ကန်တဲ့ ကျောင်းသားလည်း မဟုတ်ခဲ့ဘူး။ သူဟာ စာတော်တဲ့ ထူးချွန်ကျောင်းသားလည်း ဖြစ်တယ်။ ကျောင်းသားအရေးသက်သက် လုပ်ခဲ့တာဖြစ်တယ်။ မဆလ ထုံးစံအတိုင်း မနေနိုင်အောင် ကျောင်းသားတချို့ကို ထောင်ထဲထည့်မယ်။ တချို့ကို ပြည်တွင်းမှာ မနေနိုင်အောင် မောင်းထုတ်မယ်။ ပြီးမှ သူပုန်ဆက်သွယ်မှုနဲ့ တရားဝင် သေဒဏ်ပေးမယ်။ ဒီလိုဖန်တီးပြီး ကိုတင်မောင်ဦးကို သတ်ခဲ့တာ။” လို့ ပြောခဲ့ပါတယ်။
ဆလိုင်းတင်မောင်ဦးကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးက အကျဉ်းနည်းနဲ့ သေဒဏ်အမိန့် ချခဲ့တာပါ။ သူ့ကို သေဒဏ်ပေးရက်ကိုလည်း မိဘတွေကို အသိမပေးဘဲ စီရင်ခဲ့ပါတယ်။ တိတ်တဆိတ် သတ်ခဲ့ကြတာပါ။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ “မြန်မာပြည်သူတရပ်လုံး သာယာဝပြောတဲ့ဘ၀ကို ရရဖို့အတွက် ရည်ရွယ်ပြီး ဆလိုင်းတင်မောင်ဦးက စွန့်လွှတ် ပေးဆပ်သွားခဲ့တာ ဖြစ်တယ်။” လို့ ၃၅ နှစ်မြောက် ဆလိုင်းတင်မောင်ဦး ဂုဏ်ပြု အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
Salai 22(TIN MAUNG OO) A FORGOTTEN HERO OF ASIA ဆလိုင်းကိုတင်မောင်ဦး မေ့လျော့နေခဲ့သော အာရှတိုက်၏ သူရဲကောင်းစာအုပ် ရေးသားသူ ဦးအောင်ထူးကတော့ “ကိုတင်မောင်ဦးဟာ စပါတာကတ်လို သူရဲကောင်းဖြစ်တယ်။ ကျေးကျွန်စံနစ် တိုက်ဖျက်ရေး သူရဲကောင်း စပါတာကတ်လို ကျောင်းသားသူရဲကောင်း ကိုတင်မောင်ဦးကလည်း ယုံကြည်ချက်ကို အခြေခံတယ်။ မေတ္တာတရားက ပံ့ပိုးပေးတယ်။ သတ္တိရှိတယ်။ အသက်ကို စွန့်လွှတ်ရဲတယ်။ ကျေးပိုင်ကျွန်ပိုင်စနစ်က လူ့အဖွဲ့အစည်းအတွက် အကျိုးမရှိလို့ စပါတာကတ်က အသက်စွန့် တိုက်ပွဲဝင်တယ်။ အာဏာရှင်စနစ်က မြန်မာ့လူ့အဖွဲ့အစည်းအတွက် အကျိုးမပြုလို့ ကိုတင်မောင်ဦးက အသေခံတိုက်ခဲ့တာဖြစ်တယ်။” လို့ ၃၆ နှစ်မြောက် ဆလိုင်း်တင်မောင်ဦး ကျဆုံးခြင်း အခမ်းအနားမှာ ပြောဆိုထားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၃၉ နှစ် ဇွန် ၂၆ ရက် စနေနေ့မနက် ဆလိုင်းတင်မောင်ဦးကို သတ်ခဲ့တဲ့ ကြေကွဲစရာ၊ ခံပြင်းနာကြည်းစရာ အဖြစ်ဆိုးကိုတော့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဦးသန့်အရေးတော်ပုံ ကျောင်းသားဟောင်း ဦးမောင်မောင်တိတ် (ကွယ်လွန်) က အခုလို ပြောပြခဲ့ဖူးပါတယ်။
“အဲဒီ ကြိုးပေးမယ့်မနက်မှာ ကျနော်တို့က ဒီ ရင်ကွဲတိုက်လို့ခေါ်တဲ့ ကြိုးတိုက်ပေါ့နော်။ အသံတွေ ကြားရတာ ထူးတယ်ဗျ။ ဟိုဗျာ အင်းစိန်ထောင်မှာ တခုခုလုပ်တော့မယ်ဆိုရင် တွံတေးသိန်းတန် သီချင်းတွေ အကျယ်ကြီး ဖွင့်တတ်တယ်။ အဲ့ဒီနေ့က လော်စပီကာကြီးနဲ့ သီချင်းတွေ အကျယ်ကြီးဖွင့်တယ်ဗျ။ ကိုတင်မောင်ဦးကို ခေါ်ထုတ်လာချိန်မှာ သူက ရဲဘော်တို့ ငါ့ကို ခိုးသတ်ဖို့ ခေါ်ထုတ်လာပြီဆိုပြီး အော်တယ်။ ဒါကို သူ့အသံကိုဖုံးအောင် ထောင်ဝါဒါတွေက ဟေးဟေးဟေးဟေးဆိုပြီး အုပ်စုလိုက် ၀ိုင်းအော်တယ်။ ဒါနဲ့ ကိုတင်မောင်ဦးအသံ ပျောက်သွားပြန်တယ်။ သူထပ်အော်တဲ့ အသံကို မကြားနိုင်တော့ဘူး။ နောက်တခါ ကိုတင်မောင်ဦးက ရဲဘော်တို့လို့ ထပ်အော်လိုက်တာနဲ့ ၀ါဒါတွေက ၀ိုင်းအော်ပြန်ရော။ သူ့အသံကို ဖုံးသွားအောင် ၀ိုင်းအော်ကြတာလေ။ နောက်တခါ ဝေးသွားတဲ့အခါ ကြားလိုက်တာကတော့ ငါတော့သွားပြီ၊ မင်းတို့ဆက်တိုက်ကြ ဆိုတာကို နောက်ဆုံး ကြားလိုက်ရတယ်။ နောက် မိနစ် ၂၀ လောက်မှာ ကြိုးပေးတဲ့ သံတံခါးကြီးပိတ်သံ ဂျိမ်းဆိုတဲ့ အသံကြီးကို ကြားလိုက်ရတယ်။”
“သူ့ညီမလေး မလှမြိုင်အတွက်
ဂုဏ်ယူသွားခဲ့တဲ့
ဆလိုင်းတင်မောင်ဦးတဲ့ဟေ့
ကမ္ဘာက သိစေ
ဆလိုင်းတင်မောင်ဦး တဲ့ဟေ့
ကမ္ဘာက ကြားစေ
သူရဲကောင်းတွေရဲ့ ကမ္ပည်းနံရံပေါ်
သူရဲကောင်းတွေရဲ့ မော်ကွန်းကျောက်သားပေါ်
သူ့ကို ထည့်မှတ်ကြ
သူ့နာမည်ကို ရေးထိုးကြ
စိတ်ဓာတ်ခွန်အားကသာ ရုပ်ကမ္ဘာကို ပြောင်းလဲစေတယ်
တရားမျှတမှု မေတ္တာ လူ့ဂုဏ်သိက္ခာ လွတ်လပ်မှု အကြောင်း
ဆလိုင်းတင်မောင်ဦး ပို့ချချက်
ကမ္ဘာသူ ကမ္ဘာသား အောက်မေ့ကြစေမယ်။
ဆလိုင်းတင်မောင်ဦး သေမယ်ထင်လို့
ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်
သတ်ဖြတ်ခဲ့တယ်
ငါတို့ နှလုံးသားထဲမှာတော့
ဆလိုင်းတင်မောင်ဦး
ဘယ်တော့မှ မသေ. . .။ ။ (လင်းခါး၏ ဆလိုင်းတင်မောင်ဦး သို့မဟုတ် ကြိုးစင်ပေါ်က ဥဒါန်း ကဗျာမှ)
ဒီနေ့ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်ဆိုရင် ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်ခဲ့တာ ၃၉ နှစ် ရှိခဲ့ပါပြီ။ ဒါပေမယ့် သူ မသေပါ။ အားလုံးရင်ထဲ သူရှိနေဆဲပါ။ “မင်းတို့ ငါ့ရဲ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်၊ ငါ့ရဲ့ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့မရ၊ မင်းတို့ စစ်ဖိနပ်အောက် ငါ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ။” လို့ ဆလိုင်းတင်မောင်ဦးက ပြောခဲ့သလို သူဟာ ရှင်သန်နေဆဲပါ။ နှစ်စဉ် သူကွယ်လွန်ခဲ့တဲ့ ဇွန်လ ၂၆ ရက်တိုင်းမှာ အမှတ်တရ အခမ်းအနားတွေ ကျင်းပကြမြဲပါ။ ၂၀၁၄ ခုနှစ် မနှစ်က ကျင်းပခဲ့တဲ့ ဆလိုင်းတင်မောင်ဦး ကြိုးပေးခံခဲ့ရတဲ့ ၃၈ နှစ်မြောက် အောက်မေ့ဘွယ် အခမ်းအနားကစတင်ပြီး ဆလိုင်းတင်မောင်ဦး စာပေဆုပေးပွဲ ပြုလုပ်ခဲ့ပါတယ်။ နှစ်စဉ်လည်း ဒီ ဆုပေးပွဲ ကျင်းပသွားမှာပါ။ အထူးခြားဆုံးကတော့ ကျင်းပရေးကော်မတီက ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းနေရင်း အသက်စွန့်ခဲ့တဲ့ ဆလိုင်းတင်မောင်ဦးကို အာဇာနည်အဖြစ် သတ်မှတ်ပြီး အာဇာနည် ဆလိုင်း ဗိုလ်တင်မောင်ဦးလို့ ခေါ်တွင်ကြမှာဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။      ။
မောင်တူး


အောင်သဇင် - ခေါင်းလောင်းရှင်မင်းအောင်လှိုင်အတွက် ဒုတိယမ္ပိခေါင်းလောင်းသံ

$
0
0

အောင်သဇင် -  ခေါင်းလောင်းရှင်မင်းအောင်လှိုင်အတွက် ဒုတိယမ္ပိခေါင်းလောင်းသံ
(မိုးမခ) ဇွန် ၂၉ ၊ ၂၀၁၅

အမေရိကန်နိုင်ငံဟာ သူ့ရဲ့ တရုတ်ပြည်ဝိုင်းပတ်ရေးမဟာဗျူဟာအရ တရုတ်ပြည်ရဲ့ အနောက်တံခါးဖြစ်နေတဲ့ ဗမာ ပြည်ကို အိတ်ထဲထည့်ချင်နေပါတယ်။ ဗမာစစ်တပ်ကို ထိုင်းစစ်တပ်၊ ဖိလိပိုင်စစ်တပ်၊ အင်ဒိုနီးရှားစစ်တပ်တွေလို အပိုင် လုပ်ထားချင်တယ်။ ဒါပေမဲ့ ၂၀၁၀ နောက်ပိုင်း ဗမာပြည်ကစစ်ပွဲတွေကိုကြည့်ပြီး ဗမာစစ်တပ်ကိုတပည့်မွေးဖို့ စိတ်ပျက် သွားပုံရပါတယ်။ အထူးသဖြင့် ကိုးကန့်စစ်ပွဲဟာ ဗမာစစ်တပ်ကို လုံးဝအထင်သေးသွားစေခဲ့ပါတယ်။ ဗမာပြည်အပေါ် ဆက်လက်အရေးယူဖို့ အမေရိကန်ရဲ့သဘောထားဟာ သမတသိန်းစိန်တို့ရဲ့လုပ်ရပ်တွေအပြင် မင်းအောင်လှိုင် စစ်တပ်ရဲ့ ညံ့ဖျင်းမှုတွေကိုပါ ထည့်တွက်ပုံရတယ်။

ယိုးဒယားစစ်တပ်ဟာ စစ်ရေးအရအညံ့စားဖြစ်ပေမဲ့ တရုတ်နဲ့အလှမ်းဝေးနေတော့ ညံ့တာ သိတ်အရေးမကြီးခဲ့ပါဘူး။ ဗီယက်နမ်စစ်တုံးကဆိုရင် ထိုင်းနိုင်ငံကို အမေရိကန်စစ်တပ်တွေအတွက် ကြားထောက်စခန်းအဖြစ်သုံးဖို့၊ အမေရိကန် စစ်သားတွေ ခွင့်ယူပြီး အကြောလျှော့ဖို့ဘဲ သုံးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ မိုင်ထောင်ကျော် နယ်စပ်ချင်း ဆက်နေတဲ့ ဗမာပြည်ကိုတော့ တရုတ်နဲ့တိုက်ရိုက်ရင်ဆိုင်ရာမှာ အသုံးဝင်မယ်လို့ မျှော်မှန်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဗမာစစ်တပ်ဟာ စစ်ရေးစွမ်းရည်ပြည့်ဝတယ်၊ အရှေ့တောင်အာရှမှာ ကွန်မြူနစ်တိုက်ဖျက်ရေးပထမတန်းစားတပ် (Anti-Communist First Class Army) ဖြစ်တယ်လို့ အတိတ်သမိုင်းတွေအရ ကောက်ချက်ချထားခဲ့တာ ဖြစ်တယ်။ အခုတော့ အမေရိကန်အတွက် ဗမာစစ်တပ်ဟာ ဖွတ်အကြီးကြီးထွက်တဲ့ တောင်ပို့မှန်းသိသွားပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံအတွက်လည်း သူ့ရဲ့ ပုလဲသွယ်မဟာဗျူဟာအရ ခေတ်မှီရေး ၄ ရပ်အတွက် ဥရောပနဲ့ အရှေ့အလယ်ပိုင်း က ကုန်ကြမ်းတွေ၊ လောင်စာတွေ၊ အရင်းအနှီးတွေ စီးဝင်တဲ့လမ်းကြောင်း၊ မိမိထွက်ကုန်တွေ ဈေးကွက်ပို့ရာလမ်း ကြောင်းတွေကိုထိန်းဖို့ ဗမာပြည်ကို အိတ်ထဲထည့်ချင်တာဖြစ်တယ်။ အမေရိကန်ကို တင်းတင်းမာမာတုန့်ပြန်တွန်း လှန်နိုင်မယ့် နိုင်ငံရေး-စစ်ရေးအစွမ်းအစရှိမယ်လို့လဲ အထင်ကြီးခဲ့တယ်။ ဒါကြောင့်လည်း ၁၉၈၉ ကတည်းက ဗမာ ပြည်စစ်ခေါင်းဆောင်တွေကို သိမ်းသွင်းပြီး ဗမာစစ်တပ်ကို တပည့်မွေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကချင်စစ်ပွဲမှာ ပကတိအခြေအနေကို ပထမအကြိမ်မြင်သွားခဲ့ပြီး ကိုးကန့်စစ်ပွဲကျတော့ ဗမာစစ်တပ်ဟာ လုံးဝမွေးရကျိုးမနပ်တာ တွေ့သွားပါတယ်။ 

ကိုးကန့်တပ်ဟာ မနေ့တနေ့ကမှပေါ်လာပြီး တပ်သားအများစုဟာ စစ်အတွေ့အကြုံရှိကြပါဘူး။ ဗကပခေတ်တုံးက တိုက်ခဲ့ဖူးတဲ့ တပ်မှူးဟောင်းတွေက အိုနေပြီဖြစ်လို့ ဝင်မပါနိုင်တဲ့အတွက် တပ်တခုလုံးအနေနဲ့ဆိုရင် အစိမ်းသက်သက် ဖြစ်ပါတယ်။ အင်အားကလဲ ဝ တပ်မပြောနဲ့၊ ကချင်၊ ကရင်၊ ရှမ်းတပ်တွေလောက်တောင် မရှိပါဘူး။ လက်နက်ဆိုရင် လဲ ၆၀မမ၊ RPG နဲ့ ပွိုင်ဖိုက်စက်သေနတ်ကြီးလောက်ဘဲ အဆင့်အမြင့်ဆုံးကိုင်နိုင်ရှာတယ်။ အဓိကက စိတ်ဓာတ် အင်အားနဲ့ တိုက်နေတာဖြစ်တယ်။ ၂၀၀၉ တုံးက ဗမာစစ်တပ်ရဲ့ ရက်စက်မှု၊ အခု ၂၀၁၅ စစ်ပွဲအစမှာလဲ ဗမာ စစ်တပ်တွေရဲ့ ရမ်းကားရက်စက်ယုတ်မာမှုတွေကို နာကျည်းမုန်းတီးစိတ်နဲ့ အပြင်းအထန်တိုက်ပွဲဝင်ခဲ့တာ ဖြစ်တယ်။ 

အဲဒါကို ဗမာစစ်တပ်မှာရှိသမျှ ခေတ်မှီလက်နက် အကုန်လုံးနီးပါး ထုတ်သုံးပြီး၊ အရံတပ်မအားလုံးနီးပါးနဲ့ ၄ လလောက် တိုက်မှ တောင်ကုန်းလေး ၂ ကုန်းနဲ့ အလောင်းဆယ်ဂဏန်းဘဲရတော့ တရုတ်သခင်ကြီးတွေ အံ့အားသင့်သွားပါတော့ တယ်။ ဗမာစစ်တပ် ထုတ်မသုံးတာဆိုရင်တော့ လေယာဉ်ပစ်ဒုံးတွေနဲ့ ရေတပ်သင်္ဘောတွေဘဲ ကျန်နိုင်ပါတယ်။ ဒါ တောင် နောက်ဆုံးရလိုက်တဲ့ကုန်းကို ကြည်း-ရေ-လေ-တင့်-အမြောက် ပူးပေါင်းစစ်ဆင်ရေးနဲ့ သိမ်းနိုင်ခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ထားတာတွေ့တော့ ရေတပ်က ဘယ်လိုနည်းနဲ့ပါသလဲ မစဉ်းစားတတ်တော့ပါ။

ကိုးကန့်စစ်ပွဲတိုက်ခဲ့တာ ၄ လကြာပြီဖြစ်ပေမဲ့ အဓိကကျလှတဲ့ မန္တလေး-လားရှိုး-ကွန်လုံ ထောက်ပို့လမ်းကြောင်းကြီး ကို ဘယ်လိုမှမထိန်းနိုင်တာလဲ ကာချုပ်မင်းအောင်လှိုင်ရဲ့ အရည်အချင်းကို ပြနေပါတယ်။ ကျောက်မဲကနေ ကွန်လုံ အထိလမ်းတလျှောက် စစ်ယာဉ်တန်းတွေ အကြိမ်ကြိမ်ဖြတ်တိုက်တာ ခံရရုံမက အခြေချစစ်ဗျူဟာနဲ့ တပ်ရင်း ၃ ရင်း ရဲ့ နောက်တန်းဌာနချုပ်တွေ ထိုင်ထားတဲ့ ကွတ်ခိုင်မြို့ကိုပါ အထပ်ထပ်အတိုက်ခံနေရတာ တွေ့ရပါတယ်။ ရှမ်းပြည် မြောက်ပိုင်းမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့ နောက်တန်းဌာနချုပ်တွေ တခုမှ လုံခြုံရေးမကောင်းတော့ဘူးဆိုတာ လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ သီပေါက ခလရ ၂၃ နောက်တန်းဌာနချုပ်၊ ကွတ်ခိုင်က ဗျူဟာရုံးနဲ့ ခလရ ၂၄၁၊ ၂၄၂၊ ၄၅ နောက်တန်းဌာနချုပ်တွေ၊ ကျောက်မဲနဲ့ သိန္နီမြို့တွင်းမြို့ဘေးလိုနေရာတွေ ရက်သိတ်မခြားဘဲ တခုပြီးတခု မကြုံ စဖူးအတိုက်ခံရတာတွေ၊ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ သူပုန်တွေ အကြိမ်ကြိမ်အခါခါ အေး အေးဆေးဆေး အခွန်ကောက်သွားတာတွေက သက်သေပြနေတယ်။ 

လောက်ကိုင်ဒေသကို ၁၅၅မမ ဟောင်ဝစ်ဇာ၊ ၁၂၂မမ ဟောင်ဝစ်ဇာ၊ ၁၀၅မမ ဟောင်ဝစ်ဇာ၊ ၇၆မမ တောင်ပေါ်ပစ် အမြောက်၊ ၁၂၂မမ အတွဲလိုက်ဒုံး နဲ့ PTL-02 တင့်ကားတွေ၊ BTR-3U နဲ့ EE-9 အားမတ်ကားတွေ သုံးတာလဲ မနိုင်လို့ ဘယ်လာရုစ်ကဝယ်လာတဲ့ ချိန်းတပ်ယာဉ်တင် ၂၀၃မမ ဟောင်ဝစ်ဇာ (၈ လက္မအမြောက်) ပါသုံးဖို့ ကြံခဲ့ပေမဲ့ ရှေ့တန်းမှာ ပစ်တတ်တဲ့လူမရှိ၊ ပစ်ဖူးသူမရှိ ဖြစ်နေတော့ နိုင်ငံခြားပြန်သင်တန်းဆရာတွေကို မိတ္ထီလာကနေ ခေါ်တင် ခဲ့ရတယ်။ ဒါပေမဲ့ မေလ ၁၀ ရက်နေ့က လားရှိုး-ကွန်လုံလမ်းမှာ TNLA က ယာဉ်တန်းကို ဖြတ်တိုက်တော့ အဲဒီ တရုတ်ပြန်-ရုရှားပြန်-မြောက်ကိုးရီးယားပြန်တွေ ပါသွားကြပြန်တယ်။ အခုတော့ ဒီလမ်းကြောင်းကို စကခ ၁၀ က ကလေးမှာချန်ထားတဲ့ နောက်ချန် ၅ ရင်းခေါ်ပြီး စောင့်ခိုင်းနေပြီလို့ ဆိုတယ်။ ဘယ်လောက်အလုပ်ဖြစ်မလဲ မသိ သေး။

တဖက်မှာတော့ လောက်ကိုင်မှာ အထိနာ တပ်လုံးပြုတ်သွားတဲ့ တပ်မ ၃၃ က ခမရ ၁၁၁၊ ၁၁၉ နဲ့ ၁၂၀ တပ်ရင်း ၃ ရင်းကိုဘဲ နောက်တန်းပြန်ပို့ပြီး တပ်သားသစ် ၃၀ စီပို့ စုဖွဲ့လေ့ကျင့်ခိုင်းထားတယ်။ ကျန်တဲ့တပ်မတွေ စကခတွေကို တော့ အနားမပေးသေးဘဲ ဆက်ခေါ်ထားလို့ တပ်တွေလဲမကျေမလည်ဖြစ်နေတယ်။ ကိုးကန့်ရောက်တပ်မတွေထဲက ရှေ့တန်းမှာ ၂ နှစ်နီးပါးကြာနေတဲ့ တပ်မ ၁၁ ဘဲ တပ်မတခုလုံး နောက်တန်းပြန်ရတယ်။ ဒါကြောင့် ကိုးကန့်မှာ တပ်မ ၁၀၁၊ ၉၉၊ ၆၆ နဲ့ ကျောက်မဲဘက်က စကခ ၁၊ ကလေးဘက်က စကခ ၁၀၊ သိန္နီက စကခ ၁၆ နဲ့ ဒေသခံ ဒကစ (လောက်ကိုင်း) တို့ စုစုပေါင်း တပ်ရင်း ၆၀-၇၀ ရှိနေသေးတယ်။ သထုံ-ဘီးလင်းဘက်က တပ်မ ၄၄ လဲ ရောက်လာ တယ်လို့ ကြားရသေးတယ်။ 

နောက်တန်းမှာ ရက် ၂၀ ပြည့်အောင်မနားရဘဲ လောက်ကိုင်းကို စစ်ဆင်ရေးပြန်ဝင်ရတဲ့ တပ်မ ၆၆ က တပ်မမှူးဖြစ်စ စောမင်း အရမ်းတက်ကြွပြလို့ ရဲဘော်တွေနဲ့အရာရှိတွေ အသက်တွေစတေးခဲ့ရပြီး ၃-၄ ရင်း ဖွဲ့စည်းပုံပျက်ခဲ့တာကို တိုင်းမှူးရာထူး တိုးပေးမလိုလိုနဲ့ ချွေးသိပ်ထားတယ်။ မကြာခင် ယူနီဖောင်းအသစ်တွေဆင်ပြီး နေပြည်တော်မှာ 'အောင်ပွဲရရှေ့တန်းပြန်ကြိုဆိုပွဲ'ကြီးကြီးကျယ်ကျယ်လုပ်ပေးမယ်လို့လဲ လေသံလွှင့်ပေးထားတယ်။ ဒါပေမဲ့ တပ်မ ၆၆ ထဲက ကရင်လူမျိုးဗျူဟာမှူး ဗိုလ်မှူးကြီးစောမြင့်ဝင်းအောင်ကိုတော့ ကျောက်စိမ်းမှု၊ ရွှေချောင်းမှုတွေနဲ့ ဖြုတ်ပစ်လိုက် တယ်။ တကယ်တော့ ဗမာတပ်အားလုံးဟာ တွေ့သမျှရွာတိုင်းက ကြက်ဝက်တင်မက ငါးကန်ထဲ ကငါးပါမကျန် အသကုန်လုယက်နေကြလို့ ရွာတွေမှာ အိမ်တွေဟာ အခွံနဲ့ ဟောင်းလောင်းဖြစ်သွားပြီး ထမင်းစားခွက် နဲ့ တူတောင် မကျန်တဲ့အခြေအနေဖြစ်နေတယ်။

ကိုးကန့်စစ်ပွဲဟာ ဗမာစစ်တပ်လေ့ကျင့်ခန်းဆင်းတာလို့လဲ အရှက်ပြေပြောနေသေးတယ်။ တကယ်တော့ စစ်ထောင် ကျနေတဲ့ စစ်သားတွေအပါအဝင် ဆွဲလို့ရသမျှ ခြေလျင်တပ် အကုန်ဆွဲတင်ပြီး အသဲအသန်လုပ်ခဲ့ရတာ အားလုံးအသိ ပါဘဲ။ တပ်မတပ်တွေတင် မဟုတ်တော့ဘဲ နမခ (အနောက်မြောက်တိုင်း) က တိုင်းတပ် ၂ ရင်း၊ တပခ (တောင်ပိုင်း တိုင်း) က တိုင်းတပ် ၃ ရင်း၊ ရလခ (အရှေ့ အလယ်ပိုင်းတိုင်း) က တိုင်းတပ် ၂ ရင်းကိုပါ ခေါ်တင်ခဲ့ရတယ်။ 

အဲဒါတောင် အထိနာတာများလာတော့ မခံချင်စိတ်နဲ့ မစခ(အမြောက်တပ်မ) ၉၀၂၊ သစခ(သံချပ်ကာတပ်မ) ၇၁ တွေ ပါဆွဲတင်တော့ ကျည်အစစ်နဲ့အမြောက်ပစ်လေ့ကျင့်သလို ဖြစ်သွားတယ်။ ဒါပေမဲ့ ခြေလျင်တပ်တွေဟာ ဒါမျိုး အရင်က မလေ့ကျင့်ခဲ့ဖူးတော့ မလုပ်တတ်မကိုင်တတ်၊ မပေါင်းစပ်တတ်နဲ့ အများကြီးထပ်သေကြပြန်ရော။ ၄ လကြာတိုက်တာ ၇၀၀ နဲ့ ၈၀၀ ကြားသေပြီး စုစုပေါင်း သေ+ဒဏ်ရာ ၁၈၀၀-၂၀၀၀ ရှိသွားတယ်။ MI-35 တစီး၊ BTR-3U သုံးစီး၊ ၁၂၀မမ မော်တာအမြောက်နှစ်လက် ထိသွားခဲ့တယ်။ နောက်ဆုံးအကြီးအကျယ်တိုက်တဲ့ ပွိုင့် ၂၂၀၂ ပွဲမှာတင် တပ်မ ၉၉ က ခွဲမှူးဗိုလ်ကြီးတဦး အပါအဝင် တခွဲကျော်ကျော်ပြုတ်သွားသေးတယ်။

တကယ်လို့သာ ကိုးကန့်စစ်ပွဲကို ဖုံကျားဖူးကဦးစီးခဲ့ရင် မင်းအောင်လှိုင်တပ် ဒီထက်အများကြီးပိုပြီး နာနိုင်တယ်။ ဖုံကျားရှင်းရဲ့ညီ ဖုံကျားဖူးဟာ အရင်ကဗကပတပ်မှာ အတော်ဆုံးတပ်မှူးအဖြစ် နာမယ်ကျော်ခဲ့ပြီး အခုတော့ ကျန်းမာ ရေးကြောင့် နားနေရလို့ ဘယ်လိုမှမပါနိုင်ဖြစ်သွားတယ်။ 

ကိုးကန့် တပ်မဟာ ၂၁၁၊ ၃၁၁ တို့တပ်စွဲခဲ့တဲ့ကုန်းတွေ၊ အစိုးရတပ် တပ်ရင်းလိုက်ပြုတ်ပြီးမှ ရခဲ့တဲ့ကုန်းတွေကို အခု တဖန် တရင်းလုံး တဗျူဟာလုံး စခန်းထိုင်ထားရတယ်။ အခုခေတ်မှာ စိတ်စခန်း၊ စုစခန်း မပြောနဲ့၊ တပ်ခွဲစခန်းတောင် မထားရဲတဲ့အခြေအနေဖြစ်နေတယ်။ ဒီလိုနဲ့ တိုက်အားတွေ ထပ်လျော့ကုန်တယ်။ စနိုက်ပါကြောက်လို့ ကွန်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်တို့မှာရှိတဲ့ ဗမာစစ်ဗိုလ်တွေဟာ Field Bar (ပုခုံးအပွင့်အမည်း) တောင် မတပ်ဘဲနေကြ တယ်။ အဲ့ဒါကို နိုင်တယ်လို့ ပြောနေတာလား။

ဒါကြောင့် ဘယ်လောက်နိုင်တယ် ရှုံးတယ် ဆိုတာ ရှေ့တန်းတပ်တွေက အသိဆုံးပါဘဲ။ ဒီတကုန်းရရင် ၆၆ နဲ့ ၃၃ အိမ် ပြန်နားရမယ်လို့ ပြောခဲ့ပေမဲ့ ကုန်းရတာဟာ စစ်နိုင်တာမဟုတ်ဘူးဖြစ်နေတော့ တပ်တွေ အိမ်မပြန်ရ ဖြစ်နေတယ်။ စစ် မပြီးသေးပါဘူး။

(ဒီနေ့ တပ်တွင်းအခြေအနေကို အပိုင်း-၂ မှာ ဆက်ဖတ်ပါ။)

အောင်သဇင်

မောင်မောင်စိုး - တရုတ်ပေါ်လစီအရွေ့နှင့် မြန်မာ့ပြည်တွင်းရေး - အပိုင်း (၈)

$
0
0
မောင်မောင်စိုး - တရုတ်ပေါ်လစီအရွေ့နှင့် မြန်မာ့ပြည်တွင်းရေး - အပိုင်း (၈)
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၅

(ဇ) နိဂုံး
သို့သော် အချို့ကလည်း တရုတ်သည် နိုင်ငံကြီးဖြစ်သည့်အားလျော်စွာ မည့်သူတက်တက် ဆက်ဆံမည့် ဗျူဟာများချပြီးဟု ဆိုကြသည်။ နိုင်ငံကြီးတခုအနေနှင့် plan A မအောင်မြင်လျှင် ကျင့်သုံးမည့် plan B ဆိုသည်မှာ ရှိစမြဲဖြစ်ပါသည်။ သို့သော် လက်ရှိ တရုတ်၏ အာဘော်ခြေလှမ်းများအရကြည့်လျှင် တရုတ်တွင်တက်ကြွသောရည်ရွယ်ချက်ရှိသော ခြေလှမ်းများ မြင် နေရသည်။ ဒေါ်အောင်ဆန်းကြည်နှင့် မတွေ့မှီဂလိုဘယ်တိုင်းတွင်ဖော်ပြသော မြန်မာပြည်၏ ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်မည့်ခေါင်းဆောင်ဟု ညွှန်းဆိုခြင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် သူတို့၏ အာဘော်ကိုဖော်ပြထားခြင်း ဖြစ်သည်။

တရုတ်တို့သည် သူတို့ရည်မှန်းချက်ကို ပေါက်မြောက်ခြင်း ရှိ/မရှိထိုင်စောင့်နေမည့်သူများ မဟုတ်ကြ။ သူတို့အကျိုးစီးပွား အတွက် ရသည့်နည်းနှင့် အကောင်ထည်ဖော်တတ်သူများဖြစ်သည်။ သို့ဖြစ်ရာ လက်ရှိ တွေ့ရှိသည့် အချက်အလက်များအရ တရုတ်တို့ဘက်ပြောင်းမည့် အလားအလာကပိုများနေသည်ဟု ဆိုရမည်။ ဤသို့ဆိုလျှင် မြန်မာပြည်တွင်းရေးနှင့် နိုင်ငံရေး အရွေ့ ပြင်းထန်စွာ လှုပ်ခတ်လိမ့်မည်ဟု ယူဆရသည်။

ဤသို့ဆိုလျင် ဇတ်လမ်းတလျှောက်လုံး လူကြမ်းတို့၏ အထိုးအကြိတ်ခံနေရသော ကိုရွှေဘ မကြာမှီ ပြန်ထပြီး ရင်ဆိုင်အနိုင် ယူနိုင်ပါလိမ့်မည်။ သို့သော် လက်သည်ချည်းအားကိုးနေ၍ မရနိုင်။ ကိုယ်တိုင်လည်း အားစိုက်ညှစ်ဘို့လိုပေလိမ့်မည်။

၁၉၆၈ ဗကပ အားတရုတ်တို့အား ထောက်ပံ့ပေးစဉ်က မြန်မာစစ်ခေါင်းဆောင်များအား အမေရိကန် ဂျပန်နှင့် အနောက် အုပ်စုက ကူညီပေးခဲ့ရာ မည်သည့်သံတမန်အကြပ်အတည်းမှ မရှိချေ။သို့သော် ယခုအခါတစ်ဦးတည်းအားကိုးအားထားရာဖြစ်သောတရုတ်တို့၏ ထောက်ခံမှုရုပ်သိမ်းသွားပါက မြန်မာစစ်ခေါင်းဆောင်များအတွက် သံတမန် အကြပ်တည်း ကြီးပေလိမ့်မည်။ သို့သော် လုံးဝထွက်ပေါက်မရှိသည်တော့ မဟုတ်ချေ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းခြင်းသည် သူတို့အတွက် အကောင်းဆုံးထွက်ပေါက် ဖြစ်ဘွယ်ရာရှိပေသည်။

• နောက်ဆက်တွဲ ၁
သံခင်းတမန်ခင်း သုံးသပ်ရာတွင် ရုရှားနိုင်ငံကျန်ခဲ့သည်။ ဗီတိုအာဏာပိုင်ဆိုင်သကဲ့သို့ အနုမြူလက်နက်ပိုင်သော ရုရှား သည် အင်အားကြီးနိုင်ငံတခုဖြစ်သကဲ့သို့ မြန်မာစစ်ခေါင်းဆောင်များနှင့် အဆက်အဆံရှိသောနိုင်ငံဖြစ်သည်။ နျူကလီယား ဓါတ်ပေါင်းဖိုအပါ စစ်လက်နက်ပစ္စည်းများ ရုရှားမှဝယ်ယူဘူးသည့်ပြင် မြန်မာစစ်ဖက်အရာရှိများ စေလွှတ် သင်တန်းတက် စေခဲ့သည့်နိုင်ငံဖြစ်သည်။ ထို့ပြင် လောလောဆယ် ဒုသမတဦးဉာဏ်ထွန်းနှင့်အဖွဲ့ရောက်ရှိနေသည်။

လက်ရှိရုရှား၏ စီးပွားရေးအခြေအနေမှာမကောင်းပေ။ အမေရိကနှင့် ဥရောပ၏ စီးပွားရေးပိတ်ဆို့မှုကို ခံနေရသည်။ ပိတ်ဆို့ မှုသက်တမ်းကို ၂၀၁၆ ထိ တိုးထားသည်။ ပြည်တွင်း၌ စီးပွားရေးအကြပ်အတည်းရှိသည်။ ထို့ပြင် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံရေးသြဇာ မရှိလှ။ နိုင်ငံရေးသြဇာကို ထောက်ကူပေးသည့် စစ်ရေးတည်ဆောက်မှုလည်း ဒေသတွင်း၌မရှိချေ။ ထို့ ကြောင့်ရုရှားထံမှ စစ်လက်နက်ဝယ်ယူရေးမှအပ ကျန်တာအားကိုးအားထားပြု၍ မရနိုင်ပေ။

• နောက်ဆက်တွဲ ၂

စင်္ကာပူသည် ကုန်သည်နိုင်ငံဖြစ်သည်ဟုဆိုကြသည်။ အကျိုးအမြတ် အလွန်တွက်ချက်တတ်သည်ဟု ဆိုသည်။ နဝတ ခေတ်တလျှောက်လုံး စင်္ကာပူတို့သည် မြန်မာစစ်ခေါင်းဆောင်တို့နှင့်သာ ဆက်ဆံ၍ စီးပွားရှာခဲ့သူများဖြစ်သည်။ အနောက်၏ ပိတ်ဆို့မှုခံနေရသော မြန်မာစစ်အစိုးရ၏ နိုင်ငံခြားငွေကြေးအားလုံးသည် စင်္ကာပူရှိဘဏ်များမှဖြတ်သန်းသည်။ မြန်မာနိုင်ငံ ခြား ငွေကြေးအခြေအနေကို အသိဆုံးနိုင်ငံဟု ဆိုရပေမည်။

ထိုစင်္ကာပူသည် ပြီးခဲ့သောနှစ်များအတွင်း ဒီမိုကရေစီရေးတခွန်းမဟခဲ့။ ဒေါ်အောင်ဆန်းစုကြည်အကြောင်း တလုံးတပါဒမှ ပြောခြင်းမရှိခဲ့။ သို့သော် ထိုစင်္ကာပူသည် ဒေါ်အောင်ဆန်းစုကြည်အား လေယာဉ်စီးလုံးဖြင့် အကြိုအပို့လုပ်ပြီး စင်္ကာပူသို့  ဖိတ်ကြားခဲ့သည်။ အတွက်အချက်တော်သော စင်္ကာပူတို့ မည်သို့တွက်ချက်ထားသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

စင်္ကာပူသည် အကောင်သေးပေမဲ့ လျော့တွက်မရ။ တရုတ်ပြည်မကြီးနှင့် ဆက်ဆံရေးကောင်းသည်။ တရုတ်ပြည်မကြီး တွင်လည်း စင်္ကာပူလိုဖြစ်ချင်သောမြို့များသည်။ ဟန်တရုတ်လူမျိုးချင်းလည်းဖြစ်၍ နီးစပ်မှုများသည်။ တရုတ် ဗီယက်နမ် စစ်ပွဲသည် တိန့်ရှောက်ဖိန်နှင့် လီကွမ်ယူးတို့တွေ့ဆုံအပြီး ရလဒ်တခုလည်းဖြစ်သည်။

• နောက်ဆက်တွဲ ၃

၂၀၁၅ ဇွန်လဆန်း လော်ခီးလားညီလာခံက နော်စီဖိုးရာစိန်ခေါင်းဆောင်သော ၁၅ ဦးပါ အဆင့်မြင့်ကိုယ်စားလည်အဖွဲ့တခုဖွဲ့စည်းပြီးအစိုးရနှင့် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် NCCT နှင့် သဘောတူထားသည့်အထဲမှ အချက် ၁၅ ချက်အား ပြင်ဆင်ဖြည့်စွက်ဆွေးနွေးရန်ရှိသည်ဟု ဆိုသည်။ အစိုးရဘက်မှ ယခုထိလက်မခံ၍ NCA လက်မှတ်ထိုးရေး အစီ အစဉ်မှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွင်ရှိနေသည်ဟု ဆိုရပေမည်။ ထို့ပြင် အစိုးရကလက်မခံသော အဖွဲ့ ၃ ဖွဲ့ပါ NCA လက်မှတ်ထိုးရေးတောင်းဆိုထားရာ သဘောတူညီမှုရရန် ခက်ခဲဘွယ်ရှိသည်။

လော်ခီးလာညီလာခံအစတွင် KNU ဥက္ကဌ စောမူတူးစေးက ဘာဘဲဖြစ်ဖြစ် လက်မှတ်ထိုးလိုက်ဘို့ ပြောဆိုနေသော်လည်း လက်တွေ့တွင် NCA စာချုပ်ပါအချက်များ ပြင်ဆင်ညှိနှိုင်းဘို့လိုသည်ဟု ဆုံးဖြတ်ချက်ထွက်လာသည့်ပြင် KNU ဒုဥက္ကဌ နော်စီဖိုးရာစိန်က ဆွေးနွေးမည့် အဖွဲ့သစ် ခေါင်းဆောင်ဖြစ်လာသည်။

NCA လက်မှတ်ထိုးဘို့ ဝေးနေဆဲဖြစ်နေသည့်ပြင် ကချင်ပြည်နယ် ဖားကန့်ဒေသနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် KIA နှင့်တိုက်ပွဲငယ်များဖြစ်ပွားခြင်း မိုင်းဆတ် ပုံပါကျင်ဘက်မှအစပြု၍ UWSA နှင့် တင်းမာမှုများဖြစ်နေသည်ကို တွေ့ရသည်။

ကိုးကန့်ဒေသတွင် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ရန်အစိုးရမှ ဝန်ကြီး ဦးလှထွန်းလာရောက်ကမ်းလှမ်းသည်ဟုဆိုသည်တရုတ်၏ဖိအားကြောင့် ဖြစ်မည်ဟုသုံးသပ်ရသည်။ MNDAA က တဖက်သတ်အပစ်ရပ်ကြေငြာခြင်းကို အစိုးရက လက်နက် ချရန်ကမ်းလှမ်းခြင်းဖြင့် တုန့်ပြန်လိုက်သည်။ ဤကိစ္စကို UPWC က ဦးအောင်မင်းက မကိုင်တွယ်ဘဲ သမတရုံးဝန်ကြီးက ကိုင်တွယ်ပုံထောက်လျှင် ဆွေးနွေးဘို့သဘောထားမရှိဟု တွက်ဆ၍ရသည်သို့ဖြစ်ရာ ကိုးကန့်အခြေအနေ ပြေလည်ဘွယ်ရာ မရှိသေးဟု ဆိုရပေမည်။ သို့သော်နှစ်ဖက်စလုံးမှ လောလောဆယ် တိုက်ပွဲများလျော့ချသွားမည့်ပုံပေါ်သည်။

• နိဂုံး၏ နိဂုံး

တကယ်တမ်းဆိုလျှင် ကျနော်အနေနှင့် အချက်အလက်များပေးနိုင်ရန်သာ အဓိကရည်ရွယ်ပါသည်။ စာဖတ်သူများအနေနှင့် ကိုယ်တိုင်သုံးသပ်ကောက်ချက်ချနိုင်ရန် အချက်အလက်များ မျှဝေခြင်းကို ပို၍အလေးထားပါသည်။
ပြီး ပါ ပြီ ။

ကာတွန်း မောင်မောင်ဖောင်တိန် - ရောင်းမည်

$
0
0

ကာတွန်း မောင်မောင်ဖောင်တိန် - ရောင်းမည်
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၅

မောင်စိုးချိန် - ကျောင်းသားသပိတ် အရေးတော်ပုံ (၁၃)

$
0
0
 
 မောင်စိုးချိန် - ကျောင်းသားသပိတ် အရေးတော်ပုံ (၁၃)
(လရောင်မွှေးသော သပိတ်စခန်း)
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၅

ဒါတိုက်ပွဲပဲဟေ့
(က)
ရန်သူ့ခါးပိုက်ဆောင်
ပုလိပ်တပ်
ပိတ်ညှပ်ထား
ဝါးမြိုဘို့ကြိုးစားနေတယ်
ဘယ်လိုဖြိုမလဲ
ဘယ်လိုခုခံမလဲ
ဒါတိုက်ပွဲပဲ။

သွေးကြောထဲအရောက်
ထိုးဖောက်ဝင်စူးဖို့
ကင်းခြေများတွေလို
ချွန်ထက်သံဆူးကြိုးတွေက
အသင့်စောင့်နေကြ။

ဖြတ်လေးဖြတ် သပိတ်စခန်းမှာ
နေ့မှာ ပူလောင်ကြွက်
ည မှာ လရောင်
ကြယ်ရောင်ပြိုးပြက်
အေးစက် မှိုင်းယှက်။

လရောင်မွှေးသော ည
(ခ)
သေဘေးတွေ့မလား
သေမင်းနဲ့ စစ်ခင်းရမလား
ဘယ်မှာလဲ ဘယ်တော့လဲ
ရှေ့ရေးမှန်းဆ
သောက တောထ
နှလုံးမြေ
ခြောက်သွေ့ ပတ်ကြားအက်ကွဲနေ။

လာမဲ့ဘေး ပြေးတွေ့
လာဟေ့ ၀ိုင်းဖွဲ့
သွေးနဲ့ ဆွေးနွေးကြ
ဝိုင်းဖွဲ့ သီဆိုကြ
လရောင်ထဲက သီချင်းသံ
သီးချင်းထဲက လရောင်
သံစဉ်တွေနဲ့ ယက်လုပ်ထား
ကြယ်တွေဝင်းပြက်
ကောင်းကင် မြေပြင်ဝင်းလက်
ခွန်အားတိုးတက် လာခဲ့ကြ။

တေးသံ နဲ့ လရောင်     
ရောထပ်စွဲကပ်
စိတ်ဓါတ်ဟာ
သီချင်းတွေလွှမ်းတဲ့ညလိုပဲ
ညံ့သက်ပျော့ပြောင်းလို့
မိုးမှုန်တွေထဲက ကြာပန်းလို
လတ်ဆတ်လို့  သန်စွမ်းလို့။

သပိတ်မှောက် တယ်ဆိုတာ
စနစ်ဟောင်းကို သင်္ဂြိုလ်တာပဲ
ချော့သိတ် တာမဟုတ်ဘူး
ကြူးရင့် သီချင်းသံ
စိတ်ဓါတ် သန်မာလာစေခဲ့ပေါ့
ခိုင်ခန့်စေခဲ့ပေါ့။

တပေါင်းပန်းခင်း
(ဂ)
ဖေဖေါ်ဝါရီရဲ့
လခြမ်းတံစဉ်ကွေးအောက်မှာ
ဝတ်မှုန်တသင်းသင်း
(သပိတ်သားတို့)
ပန်းတခင်းဖြစ်ခဲ့တယ်။

ပန်းသတင်း
လေညှင်းဆောင်သွား
စကြာဝဠာအနှံ့
ပန်းရနံ့များ
မွှေးပျံ့သွားစေသား

မောင်စိုးချိန်
ဖေဖေါ်ဝါရီ ၂၆ -၂၀၁၅
(၁၃၇၆ တပေါင်းလဆန်း ၇။ ၈။ ၉ ၀န်းကျင် လတစင်ကွေး ချိတ်ဆွဲသောညများသို့)

သရုပ်ဖော်ပန်းချီ သန်းဌေးမောင်

ထင်အောင် - မိုးမှာပျော်တဲ့ကျွန်တော်

$
0
0
ထင်အောင် - မိုးမှာပျော်တဲ့ကျွန်တော်
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၅

ငယ်ငယ်တုန်းကျောင်းမှာ သိပ္ပံဘာသာရပ်အချိန်မှာ ဆရာမက မြန်မာနိုင်ငံ၏ရာသီဥတုအကြောင်း သင်ကြားပေးပါတယ်။ ပူပြင်းခြောက်သွေ့သော နွေဥတု၊ စွတ်စိုထိုင်းမှိုင်း သောမိုးဥတုနှင့် အေးမြသော ဆောင်းဥတုအကြောင်း ဖြစ်ပါတယ်။ ရာသီတွေအကြောင်းနှင့်အတူ ရာသီအလိုက်ပွင့်သော သစ်သီးရယ်ပန်းတွေအကြောင်းပါ သင်ကြားခဲ့ရပါတယ်။ ကျောင်း သားတွေကတော့ နွေရာသီကို ပျော်စရာအကောင်းဆုံးအချိန်ကာလလို့ သတ်မှတ်ထားကြပါတယ်။ အတန်းတင်စာမေး ပွဲကြီးဖြေပြီးတာနဲ့ ရက်ရှည်ကျောင်းပိတ်တာကြောင့် သဘောကျကြတာပါ။ နှစ်လတောင် ဆော့ကစားခွင့်ရတာဆိုတော့ ကျောင်းသားတိုင်း ပျော်ကြတာဖြစ်ပါတယ်။ ကျောင်းပိတ်ရက်အတွင်းမှာ သင်္ကြန်ကာလလည်းပါနေတော့ပို ပျော်ကြတာ ဖြစ်ပါတယ်။ နွေအပူကိုမမှုပဲ ကျောင်းမတက်ရ စာမကျက်ရ တနေကုန် လွတ်လွတ်လပ်လပ် ဆော့ကစားခွင့်ရတဲ့ကာလရှည်ကြီးဖြစ်ပါတယ်။ အခုခေတ်ကာလကလေးတွေလို စာမေးပွဲပြီးတာနဲ့ နောက်အတန်းစာကို ကြိုလေ့လာရမယ်ဆိုတဲ့အတွေး ကို ဘယ်မိဘကမှ တွေးထားခြင်းမရှိသေးပါဘူး။ အောင်စာရင်းထွက်ပြီး ကျောင်းပြန်ဖွင့်တဲ့ရက်အထိ အပျော်ကြီးပျော်ခွင့်ရထားကြပါတယ်။

ကျောင်းပြန်ဖွင့်ပီဆိုမှကိုယ်နဲ့ ဆိုင်ရာသင်ခန်းစာတွေကို ဖတ်ကြတာပါ။ ဘယ်သူမှ စာတွေကို ကြိုသင် ကြိုဖတ် မလုပ်ထားပါ ဘူး။ ကျောင်းပြန်ဖွင့်ချိန်ဟာ မိုးရာသီရဲ့အစပိုင်း မိုးဦးကာလဖြစ်နေပါတယ်။ ကျောင်းသွားရင် မိုးကာအိမ်င်္ကျီကိုယူ သွားရပါတယ်။ မိုးကာအင်္ကျီက မာမာတောင့်တောင့်ကြီးပါ။ မိုးကာဝတ်တာနဲ့ မလုံသေးပါဘူး။ ထီးကို ဆောင်းရပါသေးတယ်။ ကျောင်းဆင်းချိန် အိမ်အပြန်မှာ မိုးရွာနေရင် အင်မတန်ပျော်ကျပါတယ်။ မိုးကာဝတ်၊ ထီးကိုဆောင်း ရေအိုင်တွေထဲကိုဖြတ် လျှောက်ရတာ ကလေးတိုင်းနှစ်သက်ကျပါတယ်။ မိုးမရွာတဲ့နေ့ဆိုရင်တော့ မိုးကာကိုကျောင်းမှာ မေ့ကျန်တတ်ပါတယ်။   အိမ်ကျတော့ အဆူခံရတာပေါ့။ အမေက မိုးကာပျောက်တာများလာတော့ ကလေးဆောင်း ထီးလေးဝယ်ပေးပါတယ်။ နာ မည်ကြီးကြက်ဆင်ဖဲထီးပေါ့ဗျာ။ မိုးကာအထူကြီးတောင် ပျောက်သေးတာ ထီးသေးသေးလေးက ဘယ်ခံနိုင်ပါ့မလဲ။ ပျောက် ပြီး ရင်းပျောက်ပေါ့။

အတန်းလေးနဲနဲရလာတော့ကျောင်းမှာဘောလုံးကစားတတ်လာပါတယ်။ ပထမတော့ အမိုးအကာအောက်မှာ ကစားပါ တယ်။ နောက်အတန်းကြီးလာတော့ ဘောလုံးကွင်းမှာဆင်းကစားတတ်လာပါတယ်။ မိုးရွာနေတဲ့အခါ ကွင်းထဲမှာကစားရ ရင် အလွန်ပျော်ကြပါတယ်။ ညစ်ပတ်ပေရေပြီး အိမ်ပြန်လာတဲ့ကျောင်းသားတယောက် အိမ်မှာအမေနဲ့ကြုံရမဲ့အခြေအနေကို တွေးသာကြည့်ပါတော့။ တခါတလေ ကျောင်းကို ထီးမပါပဲသွားတဲ့နေ့မျိုးမှာ ကျောင်းဆင်းချိန်မှာ မိုးရွာလို့ကတော့ ကျွန် တော်တို့အကြိုက်ပေါ့။ ထီးမပါတာကို အကြောင်းပြပြီး မိုးရေထဲပျော်ပျော်ပါးပါး လျှောက်ပြန်ကျပါတယ်။ အိမ်ပြန်ရောက် တော့ လူရော လွယ်အိတ်ရော ရွဲရွဲစိုနေပါပြီ။ လူက အဆူခံပြီး အဝတ်အစားလဲ ဆေးသောက်လိုက်ရင်ပြီးသွားပေမယ့် ရေစို နေတဲ့လွယ်အိတ်အတွင်းက စာအုပ်တွေက ဘယ်ခံနိုင်ပါမလဲ။ အားလုံးစိုကုန်တော့ စာတွေပျက်စီးကုန်တာပေါ့။ အိမ်မှာ ဆော့ကစားရမဲ့အချိန်မှာ စာပြန်ကူးရတဲ့အလုပ် လုပ်နေရပါတယ်။

ထီးမိုးကာတွေ ခဏ ခဏပျောက်စာတွေ၊ ခဏခဏပြန်ပြန်ကူးရလွန်းတော့ မိုးရွာရင် မိုးစိုခံတဲ့အလုပ်ကို မလုပ်တော့ပါဘူး။ မိုးရွာရင် မိုးပွားလေးတွေကျလာတာကို အိမ်ထဲကနေထိုင်ကြည့်တတ်လာပါတယ်။ အဘွားနားထောင်နေတဲ့ ရေဒီယိုက မိုးတွင်းကျရင် မလှရွှေဆိုတဲ့ မိုးဒေဝါသီချင်းကို မကြာ မကြာ လွှင့်ပေးတယ်။ ဒေါ်စောမြအေးကြည်ကလည်း အရေးအဖွဲ့ ကောင်း၊ သီဆိုတဲ့မလှရွှေကလည်း ကရုဏာသံလေးနဲ့ စာသားတွေကိုနားထောင်နေတဲ့သောတရှင်တွေမျက်စိထဲ သရုပ်ပေါ် လာအောင် သီဆိုသွားနိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ တေးဘုံမ္မာတို့၊ မိုးဒေဝါတို့ကို မခံစားတတ်သေးပါ။ ဒါပေမယ့် ကြားရဖန်များလာတော့ မျက်မာန်တော်ငြိုးပါနဲ့ ခိုကိုးသူပါ ... မိုးနတ်ဒေဝါ အော်မိုးနတ်ဒေဝါ ရွာတော်ရေးကိုလေးတွေးချင့် လိုက်ပါ ... ဆိုတဲ့စာသားလေးတွေကိုတောင် လိုက်ဆိုနိုင်နေပါပြီ။ ကိုဘိုခင်ရေးဖွဲ့တဲ့ မိုးကိုမျှော်သည်ကတော့ မြူးမြူးကြွကြွ သံစဉ်တွေကြောင့်သဘောကျကာ “မိုးလုံးပတ်လည် အုံ့မှိုင်းဝေရီတိမ်ညိုယှက်သန်းလို့တိမ်ပြာယှက်သန်းတော့သည်အပိုဒ် လေးကို မိုးအုံ့တိုင်း ဆိုမိနေပါတယ်။

မိုးအေးအေးမှာ ရေဒီယိုလေးနားထောင်လိုက် စာအုပ်လေးဖတ်လိုက်နဲ့ အင်မတန်ဇိမ်ကျနေပါတော့တယ်။ စာလေးနဲနဲဖတ်မိတော့မှ မိုးရာသီဟာ တိုင်းပြည်အတွက် အင်မတန် အငုံးဝင်တဲ့ရာသီဆိုတာကို သိလာရပါတယ်။ ကျောင်း စာမှာလည်း မိုးဥတုတွင် တောင်သူလယ်သမားကြီးများသည် စပါးပျိုးပင်များကိုပျိုးထောင်နေကျပါပြီဆိုတာမျိုးတွေကို သင် လာရပါတယ်။ တိုင်းပြည်ရဲ့ အဓိကအစားအစာ ဆန်စပါးကို မိုးဥတုမှာမှစိုက်ပျိုးရတယ်ဆိုတာကို သိလာရပါတယ်။ ရွာပါစေ လေ အေးအေးချမ်းချမ်းရွာပါစေ ... စာသားလှလှလေးတွေပါတဲ့ တိမ်တမန်သီချင်းကိုတောင် ဆိုတတ်လာပါပြီ။ ဒါတောင်မှ သီချင်းထဲက ဒို့မြေသည်ကား ဆန်စပါးအခက်ဝေဆိုတဲ့စာသားကို မကြိုက်ပါဘူး။ ဒီလောက်ဆန်စပါးပေါတဲ့တိုင်းပြည်မှာ အခက်ဝေတယ်ဆိုတော့ ဘယ်သူကြိုက်ပါ့မလဲ။ နောင်မှ စပါးပင်ရဲ့အခက်အလက်တွေဝေဆာနေတာကိုရေးဖွဲ့ထားတာလို့သိလာရပါတယ်။

သီချင်းတွေကြောင့် မိုးတွင်းမှာ ကျွန်တော်ပျော်တတ်လာပါပြီ။ သီချင်းနဲ့အတူ မိုးကိုလွမ်းလို့လည်းရတယ် ပျော်လို့လည်းရ တယ်ဆိုတာတွေကို ခံစားတတ်လာပါတယ်။ ရုပ်ရှင်မှာလည်း ကျော်ဆွေ-ဗိုလ်ဗကိုနဲ့ မြင့်မြင့်ခင်တို့ပါဝင်သရုပ်ဆောင် ထား တဲ့ မိုးနဲ့မျက်ရည်ကို  သဘောကျကြည့်တတ်လာပါပြီ။ နိုင်ငံခြားစစ်ကားတွေမှာ မိုးရွာထဲမှာသေနတ်တွေနဲ့စစ်တိုက်တဲ့အ ခန်းတွေကို ကြိုက်တတ် ကြည့်တတ်လာပါပြီ။ အရပ်ပုတုတုနဲ့ မင်းသား အော်ဒီမာဖီ မိုးကာကြီးချုံပြီး ကင်းစောင့်နေရတာတွေ၊ မြေကြီးပေါ်မှာလှိမ့်ပြီး ရန်သူတွေရဲ့ပစ်ကွင်းကနေ လွတ်အောင်ရှောင်ရတဲ့အခန်းတွေက မမေ့နိုင်တဲ့အခန်းတွေဖြစ်နေပါပြီ။ ဂျပန်ကားတွေမှာ မျက်မမြင် ဇာတိုအိချိက မိန်းမဓါးသမား အိုအိချိကိုမိုးရေထဲမှာစိန်ခေါ်ယှဉ်ပြိုင်ကြတာ ပရိတ်သတ်က လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ အားပေးကြပါတယ်။ တရုတ်မင်းသား ဒေဗစ်ချမ်း လက်တဘက်ပြတ်သွားချိန်မှာလည်း ဒါ ရိုက်တာက မိုးတွေရွာချလိုက်ပါတော့တယ်။ မြန်မာရုပ်ရှင်ကော နိုင်ငံခြားရုပ်ရှင်ကားတွေမှာပါ တူညီနေတာက မိုးရွာထဲမှာ လွမ်းကြပါတယ်။ မိုးရွာရင် အလွမ်းအဆွေးသီချင်းကို ဆိုကြပါတယ်။ အန္တရာယ်တခုခုနဲ့ တွေ့ကြုံတော့မယ်ဆိုရင် မိုးတွေခြိမ်း လျှပ်စီးတွေလက်ပါတော့တယ်။ အာရာဒနား အိန္ဒိယကားထဲမှာ မင်းသားရာဂျေခနန်းနဲ့ မင်းသမီး ရှာမီလာတဂိုးတို့ စချစ်ကြ တာ မိုးရေထဲမှာပါ။ ဒီကားထဲမှာပဲ လူကြမ်းက မင်းသမီးကိုမတရားကြံနေချိန်မှာ မိုးတွေခြိမ်းလာပါတော့တယ်။ ပရိတ်သတ် က မိုးကိုကြည့်ပြီး ပျော်စရာလား လွမ်းရမှာလားဆိုတာကို သိနေကျပါပြီ။

ရုပ်ရှင်ရုံတွေ ကူးကြည့်နေရင်းက တက္ကသိုလ်ကျောင်းသားဘဝကို ရောက်လာပါတယ်။ ဥသြလေးတွေရဲ့တွန်သံကို ကံ့ကော် တောမှာကြားရပြီဆိုရင် စာမေးပွဲနီးလာပြီ။ ဆရာတွေကလည်း ဥသြတွန်နေပြီလို့ သတိပေးတတ်ပါတယ်။ ကံ့ကော်ရနံ့လေး ကိုရှုကြရင်း စာမေးပွဲဖြေကြရပါတယ်။ စာမေးပွဲဖြေပြီးတာနဲ့ ကျောင်းပိတ်ရက်က လာတော့မှာပါ။ “လွမ်းဥသြတွန်ပြီ။ အိမ်ပြန် ချိန်ရောက်ပြီ။ နွေကလေးကျောင်းပိတ်ချိန်” စာသားပါတဲ့သီချင်းကို အကြိမ်ပေါင်းများစွာဆိုနေရာက ကျောင်းဖွင့်ရက်ကို ပြန်လာပြန်ပါတယ်။ ကျောင်းပြန်တက်ချိန်နဲ့ မိုးကလေးစွေချိန်က အံကျကွက်တိဖြစ်နေတတ်ပါတယ်။ မိုးရေတွေ စိုရွဲနေတဲ့ ပြောင် ချောတောက်ပနေတဲ့ကတ္တရာလမ်းမဲမဲပေါ်မှာ အနီရဲရဲ စိန်ပန်းပွင့်လေးတွေ ကြွေကျနေတာကြောင့် မနင်းရက်အောင် ဖြစ်နေတာကို ကျောင်းလမ်းမှာလျှောက်ဘူးခဲ့သူတိုင်း သတိပြန်ရနေကြမှာပါ။ အဲဒီကာလမှာ အမြဲဆိုနေကြကို သန်းလှိုင်ရဲ ကံ့ကော်မြိုင်တန်းအစား တွံတေးသိန်းတန်ရဲ့ ချစ်ရက်ရှည်ရှည် အင်းယားမြေကို အော်ဆိုလာကြပါတယ်။ မြန်မာအသံက လည်း ချစ်မိုးကြီးသီချင်းကို မကြာမကြာ လွှင့်ထုတ်ပေးနေပါတယ်။ သောတရှင်တို့ လိုရာကဏ္ဍမှာလည်း အကော်ဒီယံအုန်း ကျော်ဆိုတဲ့ မိုးလုံးပတ်လည်သီချင်းကို မကြာခဏ တောင်းဆိုနေသံကိုကြားနေရပါတယ်။ မိုးရာသီနဲ့ကိုက်ညီတဲ့သီချင်းတွေ လေ။

မိုးတွင်းကာလမှာ ရုပ်ရှင်ရုံတွေမဂ္ဂဇင်းတွေ သတင်းစာတွေမှာ အမြဲလိုလိုတွေ့ နေရတဲ့ သတိပေးချက်ရှိပါတယ်။ ဝမ်းနူးစာကို သတိထားပါဆိုတဲ့သတိပေးချက်ပါ။ မိုးရာသီမှာ ဝမ်းနူးစာကို စားသောက်မိရာကနေ ဝမ်းလျော ဝမ်းပျက်ဖြစ်တတ်ပါတယ်။အမှည့်လွန်အသီးအနှံတွေ မသန့်ရှင်းတဲ့အစားအစာကနေ ဝမ်းရောဂါဖြစ်တတ်ပါတယ်။ အသိပညာနည်းလို့ ဗဟုသုတနည်း လို့ ပေါ့ဆလို့ အသက်ဆုံးရတဲ့သူတွေတောင်ရှိခဲ့ရတဲ့ မိုးရာသီဖြစ်ပါတယ်။ လူ့သဘာဝက အသီးတွေ့ရင်စားဘို့ပြင်တော့တာပါပဲ။ မှည့်နေရင်စားလို့ရတယ်လို့ သိထားကြတာပါ။ အမှည့်လွန်အသီး ရက်လွန်အသီးဆိုတာကို လူတော်တော်များများက မတွေးမိကြပါဘူး။ ဝမ်းနူးစာဆိုတာကလည်း လူတိုင်းကြိုက်ကြတဲ့ သရက်သီး မရမ်းသီး ဒူရင်းသီးတွေဖြစ်နေပါတယ်။ အရသာ သိပ်ကောင်းတဲ့ ဘာအသီးပဲဖြစ်ဖြစ် အမှည့်လွန်ရင် အန္တရာယ်ဖြစ်တယ်ဆိုတာကို မိုးရာသီမှ သိရပါတော့တယ်။

တပြိုင်ထဲမှာ ခြင်ကျားအန္တရာယ်ကလည်း ရှိနေပါသေးတယ်။ ရေဆိုးအိုင်တွေမြောင်းတွေကို မရှင်းလင်းထားတော့ ခြင်ကျား တွေပေါက်ဖွားလာပြီး လူတွေကို သွေးလွန်တုပ်ကွေးရောဂါဖြစ်လာနိုင်ပါတယ်။ ဒီရောဂါကကလေးလေးတွေမှာ အဖြစ်များ ပါတယ်။ မိုးရာသီမှာပျော်နေတတ်တဲ့ ကျွန်တော်ဟာ မိုးကာလဆေးရုံတွေကိုရောက်သွားရင် မပျော်နိုင်တော့ပါဘူး။ တက္က သိုလ်ကျောင်းသားဘဝကနေ ဝန်ထမ်းဘဝကိုကူးပြောင်းသွားချိန်မှာတော့ ရန်ကုန်နဲ့မန္တလေးကို မီးရထားစီးသွားရတဲ့သူဖြစ်လာပါတယ်။ ရန်ကုန်နဲ့မန္တလေးက မော်တော်ကား လေယာဉ်ပျံ သင်္ဘောစတာတွေနဲ့လည်း စုန်ဆန်သွားနိုင်ပေမဲ့ ကျွန် တော်ကတော့ ရထားနဲ့သွားရတာကိုပဲကြိုက်ပါတယ်။ အထူးသဖြင့် မိုးရွာနေချိန်မှာ ရထားခေါင်မိုးအပေါ်ကို မိုးရေစက်တွေတဖေါက်ဖေါက်ကျလာတဲ့အသံကိုနားထောက်ရတာကို အင်မတန်မှသဘောကျမိပါတယ်။

ရထားပြူတင်းပေါက်ကနေလှမ်းကြည့်လိုက် လမ်းဘေးက စိမ်းလဲ့မေးမြနေတဲ့လယ်ကွင်းတွေမှာ လယ်သမားတွေ ကောက် စိုက်နေကြတဲ့ ရှုခင်းဟာ အင်မတန်လှပတဲ့ ရှုခင်းကလေးလို့ ခံစားမိပါတယ်။ ကန်သင်းရိုးတလျှောက် အဖေက ပေါက်တူးကို ထမ်းကာ လမ်းလျှောက်နေချိန်မှာ ကလေးငယ်လေးတွေက မိုးကာကိုဝတ်၊ ထီးကိုဆောင်းပြီး လွယ်အိတ်ကိုယ်စီလွယ်က စာသင်ကျောင်းကိုသွားဖို့ နောက်ကနေ တန်းစီလိုက်လာကြတဲ့ မြင်ကွင်းလှလှလေးတွေက မိုးတွင်းကာလမှာ ရထားစီးခရီး သည်တွေသာ ခံစားနိုင်တဲ့ ရသလေးပါ။ ဒီအချိန်မှာ အေးဝမ်းက စန်းသော်တာရေးဖွဲ့ထားပြီး အဆိုတော်မေရှင်က သံတိုင်သီ ဆိုကာ မောင်တင်မောင်ရယ် တက္ကသိုလ်ဖေစန်းရယ် ပြည်လှဖေတို့က သံပြိုင်သီဆိုထားသော တို့မြေစီ သီချင်းလေးကို ဆိုမိပါတယ်။ လယ်ယာတွေရေတင်ပြီ တောင်သူတွေပီပီ အပိုဒ်လေးက ရထားလမ်းဘေး ရေးဖွေးဖွေးကို ငေးကြည့်ရင်း ဆိုလို့ကောင်းတဲ့ သံပြိုင်အပိုဒ်လေးပေါ့။ သံလမ်းဘေးကစီးဆင်းနေတဲ့ ချောင်းငယ်လေးတွေမှာ လှေကလေးတွေ သွားလာ နေတာကိုတွေ့ရင် ပြည်လှဖေဆိုထားတဲ့ ရွှေတံငါသီချင်းကို ညည်းဆိုလေး ဆိုမိပါသေးတယ်။ နာဝါလှေးလေးစီးလို့ကွယ် ကွန်ပက်ရှာတယ် ..အိုလှေလေးမျှောကာရယ် စတဲ့ လှေပါတဲ့ စာသားလေးတွေကို ဆိုမိပါတယ်။ သီချင်းဆိုတယ်ဆိုလို့ အထင်ကြီးနေပါလိမ့်မယ်။ အကျယ်ကြီး မဆိုပါဘူး။ ပါးစပ်လှုပ်ရုံလေး ဆိုတာပါ။ ကိုယ့်အသံကို ကိုယ်အသိဆုံးပါ။ သူငယ် ချင်းတွေက မင်းဒီနေ့သီချင်းမဆိုရင် ကြိုက်တာကိုကျွေးမယ်လို့အပြောခံရတဲ့အသံပိုင်ရှင်ပါ။ ဒါပမေယ့် ပိုးလေးကသေးတော့ မိုးရွာရင် မေရှင်ရဲ့ ရွှေဝါဖူးသီချင်းလေးကို လူတွေမကြားအောင် ဆိုမိပါသေးတယ်။



လမ်းတလျှောက်လုံးရွာလာတဲ့ရွှေမိုးက မန္တလေးဘူတာကို ရထားဝင်တော့ တိတ်သွားပါတယ်။ အိမ်ပြန်ရောက်တော့ မိန်းမ က သူထည့်ပေးလိုက်တဲ့ ထီးလှလှလေးကိုမေးပါတော့တယ်။ ထုံးစံအတိုင်း ရထားပေါ်မှာမေ့ကျန်ခဲ့ပါပြီ။ ငယ်ငယ်တုံးက အဆော့မက်လို့ ထီးပျောက်သွားတော့ အမေဆူတာကိုခံခဲ့ရပါတယ်။ အခုတော့ မိုးသီချင်းတွေကို အဆိုကောင်းနေ တာနဲ့ ထီးပျောက်မှုက မဟေသီ အကြိမ်းအမောင်းခံရပြန်ပါတယ်။ ကျွန်တော်လို မေ့တတ်တဲ့သူတွေကြောင့်သာ ထီးတွေရောင်း နေရတာပါ။ အခုတော့ ထီးမပါပဲ မိုးရွာထဲမှာလျှောက်မသွားရဲတော့ပါဘူး။ ဇရာကစကားပြောလာပြီလေ။ ခေါင်းကို မိုးရေ လေးတပေါက်ကျလိုက်တာနဲ့ ခေါင်းကိုက်သလိုလို ချမ်းတုန်သလိုလိုဖြစ်လာပါတယ်။ ငယ်ငယ်တုန်းကလို မိုးရွာတာနဲ့ မိုးရွာ ရင်မိုးရေချိုးမယ်လို့ အော်ပြီးမပြေးနိုင်တော့ပါ။ မိုးရွာတာနဲ့ လက်မှာကိုင်လာတဲ့ထီးကလေးကိုဖွင့်ဆောင်း နားခိုစရာနေ ရာ ကိုရောက်ရင် လွယ်အိတ်ထဲမှာအသင့်ပါလာတဲ့ ဆေးကိုထုတ်သောက်ရတဲ့အခြေအနေဖြစ်နေပါပြီ။

ဒါပေမယ့် မိုးရွာရင်ပျော်နေတုန်းပါပဲ။ လူငယ်လေးတွေ မိုးရွာထဲပြေးနေတာကို မိုးခိုတဲ့နေရာကနေကြည့်ပြီး ပျော်နေတုန်းပါ။ ကလေးတွေလမ်းမမှာ ဘောလုံးကန်နေတာကိုလည်း ထီးလေးဆောင်းရင်း ရပ်ကြည့်နေမိဆဲပါ။ မိုးရွာထဲမှာ ပျော်နေတဲ့သူ တွေကိုကြည့်ရင်း ကျွန်တော်လည်း ပျော်လာမိပါတယ်။ စိတ်ရဲ့အပျော်ကို ခန္ဓာကိုယ်က လိုက်မပျော်နိုင်တော့ပါဘူး။ လေးလာပြီလေ။ အိမ်ကနေ မြို့ထဲကို သွားစရာကိစ္စပေါ်လာရင် ရေဒီယိုက မိုးလေ၀သသတင်းကို ညကတည်းက နားထောင် ထားရပါတယ်။ မနက်ဖြန် မိုးအားအေကာင်းမယ်ဆိုရင် ထီးကိုလွယ်အိတ်နားမှာ ချိန်ထားရတာပေါ့။ ထီးမပါလို့ မဖြစ်ဘူးလေ။ ညအိပ်ချိန်မှာ မိုးရွာရင် အိမ်ခေါင်မိုးပေါ်ကို မိုးရေစက်တွေကျသံက သယာသံလေးပါ။ မိုးရေကျသံလေးကိုနားထောင်နေရင်း အိပ်ပျော်သွားတဲ့ စည်းစိမ်ကို သဘောကျကြမှာပါ။ ညဆိုရင် မိုးသဲသဲမဲမဲရွာပါစေလို့ ဆုတောင်းမိတယ်။ အိမ်ထဲမှာနေတဲ့ သူတွေကသာ စည်းစိမ်ရှိတာပါ။ ညဘက်လမ်းပေါ်အလုပ်လုပ်ရတဲ့သူတွေ၊ ခရီးသွားနေရတဲ့သူတွေကတော့ မိုးရွာမှာကို စိတ်ပူနေကြမှာပါ။ လူ့အလိုက နတ်မလိုက်နိုင်ဘူးလေ။ ငယ်ငယ်တုန်းက မိုးရွာထဲမှာ ထီးမပါပဲ လမ်းလျှောက်ရတာကို သဘောကျတဲ့ ကျွန်တော် ကားစီးစီး၊ ရထားစီးစီး၊ မိုးရွာပေါစေလို့ ဆုတောင်းတတ်တဲ့ ကျွန်တော်ဟာ ရုပ်မြင်သံကြားက လွှင့်ပေးနေတဲ့ မိုးဒေ၀ါကို အရသာခံနားထောင်တတ်လာပါပြီ။ ရေဒီယိုမှာလည်း ကိုစောညိမ်းရဲ့ မိုးသက်လေနှင် မလာသေး ရင် ရေဒီယိုလိုင်းတွေကို တကျီကျီနဲ့ အသံဖမ်းရင်း မိုးနဲ့ဆိုင်တဲ့သီချင်းတွေကို နားထောင်မိပါတယ်။ ရေဒီယိုဖမ်းနေတာကို သားအငယ်ဆုံးက ဘေးနားကနေ ငေးကြည့်နေတတ်ပါတယ်။ မိုးဒေ၀ါကို သူဘယ်ကြိုက်ပါ့မလဲ။ ဒါပေမယ့် မကြာခင်ကာလ မှာ အဖေလိုပဲ မိုးရွာရင် ပျော်လာပြီး မိုးနဲ့ပတ်သက်တာတွေကို ခံစားတတ်လာမှာ သေချာပါတယ်လို့ တွေးနေမိပါတော့တယ်။

ထင်အောင်
၂၈/၆/၂၀၁၅


ဓာတ်ပုံ / အောင်ထက်

ကာတွန်း ညီထွေး - ပြည်သူနှင့် ပြည်သူ့

$
0
0
ကာတွန်း ညီထွေး - ပြည်သူနှင့် ပြည်သူ့
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၅

ငြိမ်းချမ်းအေး - နိုင်ငံအမည်၊ လူမျိုးကြီးဝါဒနဲ့ တိုင်းရင်းသားပြဿနာ

$
0
0
ငြိမ်းချမ်းအေး - နိုင်ငံအမည်၊ လူမျိုးကြီးဝါဒနဲ့ တိုင်းရင်းသားပြဿနာ
(Friday Times / မိုးမခ) ဇွန် ၂၉၊ ၂၀၁၅

• ဘောလုံးပွဲတွေမှာ ကြားရလေ့ရှိတဲ့ ‘မြန်မာ (Myanmar) ဟေ့’ က တိုင်းပြည်တခုလုံးကို ကိုယ်စားပြုပါရဲ့လား
အသက် ၂၀ နှစ်အောက် ဖီဖာကမ္ဘာ့ဖလားဘောလုံးပွဲ (နယူးဇီလန်) နဲ့ ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲ (စင်ကာပူ) အသက် ၂၃ နှစ်အောက် ဘောလုံးပွဲတွေမှာ မြန်မာလူငယ်ဘောလုံးအသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ထိုက်သင့်တဲ့ ခြေစွမ်းတွေ ပြနိုင်၊ အောင်မြင်မှုတွေရကာ ဘောလုံးဝါသနာကြီးလှတဲ့ မြန်မာပရိသတ်တွေကြားမှာ သည်းခြေ ကြိုက် ရေပန်းစားခဲ့တယ်။  ဒီလိုဘောလုံးအားကစားကို သဲကြီးမဲကြီးအားပေးမှုနဲ့အတူ Myanmar (မြန်မာ) ဆိုတဲ့ တရားဝင် ပြဋ္ဌာန်းထားတဲ့ နာမည်ဟာလည်း ဒေသတွင်းနဲ့ နိုင်ငံတကာ ရုပ်သံသတင်းမီဒီယာတွေမှာ ကြိမ်ဖန်များစွာ မြင်ခဲ့ရသလို တိုင်းပြည်းနာမည်လည်း လူသိများ၊ နိုင်ငံဂုဏ်လည်း ပိုတက်လာခဲ့ပါတယ်။  ဒါပေမဲ့ မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာစုံ ရာစုနှစ်တွေချီ မှီတင်းနေထိုင်လာခဲ့တဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့လက်ရှိနာမည်ဟာ ပြည်ထောင်စုအတွင်းက လူမျိုးစုစုံကို ဘယ်လောက် ကိုယ်စားပြုနိုင်ပါသလဲ။  ဒီအပတ် တိုင်းပြည်နဲ့လူမျိုးအမည် ဝေါဟာရဇစ်မြစ်များနဲ့ နောက် ဆက်တွဲ တိုင်းရင်းသား လူမျိုးစုပြဿနာအကြောင်း ဆွေးနွေးချင်ပါတယ်။

• ‘မြန်မာ (Myanmar) နှင့် ဗမာ (Burma) ဆိုတာ

နိုင်ငံရဲ့အမည်နာမမှာ နိုင်ငံရေးသဘောအရ အဓိက အလေးနက်ထား စဉ်းစားရမယ့်အချက်က တိုင်းပြည်မှာ ဆယ်စုနှစ် များစွာ စွဲကပ်နေတဲ့ ပြည်တွင်းစစ်ပြဿနာနဲ့ သက်ဆိုင်နေပါတယ်။  အကြောင်းက နိုင်ငံကို ခေါ်ဝေါ်ညွှန်းဆိုတဲ့ အင်္ဂလိပ်၊ မြန်မာ မူကွဲနှစ်မျိုးစလုံး၊ မြန်မာ (Myanmar) နဲ့ ဗမာ (Burma) ဟာ နိုင်ငံမှာ ရှေးပဝေသဏီကတည်းက ဓားမဦးချအခြေချ နေထိုင်လာခဲ့တဲ့ မြန်မာ မဟုတ်တဲ့ အခြားတိုင်းရင်းသား လူမျိုးစုအားလုံးရဲ့ ဖြစ်တည်တည်ရှိမှု (Idenity ) ကို ဖော်ဆောင်နိုင်မှု အားနည်းနေလို့ဖြစ်ပါတယ်။  သမိုင်းကြောင်းကို အကျယ် တင်ပြပါမယ်။

လွတ်လပ်ရေးခေတ်ဦး ပါလီမန် ဒီမိုကရေစီခေတ်၊ စစ်တပ်ကြီးစိုးတဲ့ တော်လှန်ရေးကောင်စီ၊ မဆလ တပါတီ အာဏာရှင် ခေတ်တွေမှာ ခေါ်ဝေါ်ခဲ့တဲ့ နိုင်ငံနာမည် မြန်မာလို ‘မြန်မာ’၊ အင်္ဂလိပ်လို ‘Burma’ နဲ့ နဝတ၊ နအဖ စစ်အစိုးရခေတ်တလျှောက်နဲ့ လက်ရှိအချိန်ထိ သတ်မှတ်ထားတဲ့ မြန်မာလို ‘မြန်မာ’၊ အင်္ဂလိပ်လို ‘Myanmar’ နှစ်ခုစလုံးဟာ နိုင်ငံမှာရှိတဲ့ မြန်မာလူမျိုး တမျိုးတည်းကိုသာ အဓိက ညွှန်းဆိုနိုင်တဲ့အတွက် ရှေးပဒေသရာဇ် သက်ဦးဆံပိုင် စစ်ဘုရင်ခေတ်တွေလို အင်အားကြီး၊ အရေအတွေက်များသူ ဦးဆောင်ခြယ်လှယ်စတမ်း လူမျိုးကြီးဝါဒ (Chauvinism) ပုံဆောင်၊ တိုင်းပြည်ကို မြန်မာလူမျိုး တစုတည်းကသာ ပိုင်သလို ဖြစ်နေပါတယ်။  ဒီသဘောဟာ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ တကယ့် ပြည်ထောင်စုစနစ် ပီပီပြင်ပြင် တည်ဆောက်လိုရင် အလေးအနက်ထား စဉ်းစားရမယ့် အချက်တခုပါပဲ။

တကယ်တော့ မူကွဲနှစ်ခုစလုံး ရဲ့ နိုင်ငံနာမည် မြန်မာလိုအခါ် ‘မြန်မာ’ ဟာ မြန်မာ မဟုတ်တဲ့ တိုင်းရင်းသား အားလုံးနဲ့ သမိုင်း အစဉ်အဆက် ဘယ်လို့မှ ဆက်နွယ်မှု မရှိခဲ့ဘူး။  ဗြိတိသျှကိုလိုနီမဖြစ်ခင်အထိ လက်ရှိနိုင်ငံနယ်နမိတ်အတွင်း နေထိုင်နေတဲ့ မြန်မာ အပါအဝင် တိုင်းရင်းသားတွေဟာ အပြန်အလှန် ပဒေသရာဇ်ခေတ် အင်ပါယာ ချဲ့ထွင်မှုသဘောအရ အတူယှဉ်တွဲနေထိုင်ရတဲ့ ကာလတွေရှိသော်ငြားလည်း တကယ့်သဘောအနေနဲ့က သီးသန့်ပဒေသရာဇ် မြို့ပြနိုင်ငံလေး များအသွင် ကိုယ့်ထီး၊ ကိုယ့်နန်းနဲ့နေခဲ့ကြတဲ့ အတွက် ‘မြန်မာနိုင်ငံ’ ဆိုတဲ့ အခေါ်ဟာ အခြားတိုင်းရင်းသား အားလုံးနဲ့ ပတ်သက်စရာအကြောင်းလည်းမရှိပါဘူး။  ဥပမာ - ပဒေသရာဇ်ခေတ်တလျှောက် မြန်မာက အင်အားသာတဲ့အချိန်မှာ မွန်နိုင်ငံ ဟာ မြန်မာနိုင်ငံလက်အောက်မှာရောက်နေပြီး မွန်အင်အားသာတဲ့ အခါမှာ မြန်မာနိုင်ငံဟာ မွန်နိုင်ငံလက်အောက်မှာ ရောက်နေခြင်း သဘောဖြစ်ပါတယ်။

• ကနဦး လူမျိုးနဲ့တိုင်းပြည် အမည်

မြန်မာစကား အရေး/အပြော နှစ်ခုစလုံးမှာ မြန်မာလူမျိုးကို ခေါ်တဲ့ အခေါ်အဝေါ်ဟာ ‘မြန်မာ’ နဲ့ ‘ဗမာ’ ဆိုပြီး နှစ်မျိုးစလုံးရော ရောနေပါတယ်။ ယေဘုယျသဘောအရ ‘မြန်မာ’ ကို အရေးမှာသုံးလေ့ရှိပြီး အပြောမှာတော့ ‘ဗမာ’ လို့သုံးကြတယ်။  ဒါဟာ အခြားသော အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဘာသာစကားများမှာလည်းတွေ့နိုင်တဲ့ အရေးနဲ့အဖတ် အဓိပ္ပါယ်တူ စကားလုံး တချို့ကို ‘ရေးတော့အမှန်၊ ဖတ်တော့ အသံ’ ဆိုတဲ့ သဘောကွဲနေခြင်းပါ။  ခုအခေါ် မြန်မာ (ဗမာ) ဖြစ်လာမယ့် သူတွေဟာ လက်ရှိနိုင်ငံနယ်နိမိတ် အရှေ့ဘက်တောင်ပေါ်ဒေသမှ အလယ်ပိုင်း မြေပြန့်ကို ၉ ရာစုဝန်းကျင်မှာ ဝင်ခဲ့တယ်၊ ပုဂံမှာ အခြေပြုကြတယ်။  အသစ်ဝင်လာသူတွေကို မြေပြန့်မှာ ရှေးဦးရှိနေပြီးဖြစ်တဲ့ မွန်တွေက မရမာ/မိုင်းရ်မာ (Mirma/Mranma) လို့ခေါ်ခဲ့တယ်။  ဒီအချက်ကို လက်ရှိအချိန်အထိ ကျန်ရှိနေသေးတဲ့အထဲက ရှေးအကျဆုံး မွန်ဘာသာနဲ့ ရေးထားတဲ့ မွန်ကျောက်စာ (၁၁၀၂) မှာတွေ့နိုင်ပါတယ်။

ရှေးမြန်မာတွေ အလယ်ပိုင်းကို အခြေချနေထိုင်ပြီးနောက် ပျူ၊ မွန်တွေထံကတဆင့် အိန္ဒိယအက္ခရာကို အခြေခံတဲ့ စာပေကို မွေးစားယူ ရလာလို့ ကိုယ်တိုင်မှတ်တမ်းတွေ ရေးလာနိုင်ရာမှာလည်း လူမျိုးနာမည်ကို မွန်တွေခေါ်တဲ့နာမည်အတိုင်း မရမာ/မိုင်းရ်မာ (Mirma/Mranma) လို့ပဲ သုံးခဲ့ပါတယ်။  ဒါကိုလက်ရှိရှာဖွေတွေ့ရှိလို့ရတဲ့ အထဲက (နာမည်အခေါ်နဲ့သက် ဆိုင်တဲ့) ရှေးအကျဆုံး မြန်မာဘာသာနဲ့ ရေးထိုးထားတဲ့ မြန်မာကျောက်စာ (၁၁၉၀) မှာ တွေ့နိုင်ပါတယ်။  နောက်ပိုင်း မြန်မာဘာသာစကားမှာ ရကောက်သံ ‘ရ (Ra )’ သံ ထည့်ရွတ်တာ ပျောက်ကွယ်သွားတဲ့ အတွက် ‘မရမာ/မိုင်းရ်မာ (Mirma/Mranma)’ ကနေ ‘မြမ္မာ/မြန်မာ (Myanmar)’  ဆိုပြီး လက်ရှိသိတဲ့ လူမျိုးနာမည် “မြန်မာ” အဖြစ် ပြောင်းသွားခဲ့ပါတယ်။

ရှေးမြန်မာတွေဟာ ပျူ၊ မွန်၊ အိန္ဒိယတို့ဆီကနေ ယဉ်ကျေးမှု၊ စာပေ တင်သာမက ကိုးကွယ်ယုံကြည်မှု ဘာသာတရားပါ ရရှိခဲ့တဲ့အတွက် ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်နွယ်တဲ့ ‘ဗြဟ္မာ’ က ဆင်းသက်တဲ့သဘော ‘ဗြဟ္မာ’ လူမျိုး၊ အဲဒီကတဆင့် ‘ဗမာ’ လူမျိုးဆိုပြီး လူမျိုး နာမည် အသစ် မူကွဲ တမျိုးအနေနဲ့လည်း ထပ်ပေါ်လာခဲ့ပါတယ်။  ဒီ ‘ဗမာ’ ဆိုတဲ့ လူမျိုးအခေါ်အသစ် ထပ်ပေါ်လာခြင်းက ဘာသာဗေဒ သဘော၊ အသံထွက် စနစ် ပြောင်းလဲပုံနဲ့ ဆက်စပ်ဟန်ရှိပါတယ်။  မည်သို့ဆိုစေ လောလောဆယ် တွေ့ရှိရတဲ့ သမိုင်း ကျောက်စာအထောက်အထား၊ သုတေသနများအရ ရှေးမြန်မာတွေ မြေပြန့်ကို စဝင် လာခဲ့တဲ့ သမိုင်းမှတ်တမ်းရှိချိန်ကတည်းက ‘မြန်မာ’ လို့သာ ခေါ်တဲ့အတွက် လူမျိုးနာမည် အနေနဲ့ ‘မြန်မာ’ က မူလ၊ ‘ဗမာ’ က ဆင့်ပွားဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။

ရှေးမြန်မာတွေ မြေပြန့်ကို စဝင်လာတဲ့အချိန်မှာ နိုင်ငံမရှိသေးဘူးဆိုတာကိုလည်းထည့်စဉ်းစားရပါမယ်။  နောက်ပိုင်း အင်အားကြီးမားလာပြီး ပုဂံ ပဒေသရာဇ် စစ်လက်နက်နိုင်ငံတော် အင်ပါယာကို ချဲ့ထွင်ရင်းနဲ့ ပုဂံလက်နက်နိုင်ငံတော်ကြီး ပထမ မြန်မာနိုင်ငံတော် ပေါ်လာခဲ့ပါတယ်။  ကျန်ရှိနေသေးတဲ့ ကျောက်စာမှတ်တမ်းများမှာ နိုင်ငံကို ‘မြန်မာပြည်’ လို့ တိုက်ရိုက်တပ်ခေါ်တာကို နရပတိစည်သူ/ဒုတိယစည်သူ (၁၁၆၅-၁၂၁၁) ရဲ့ မြေး၊ ဇေယျသိင်္ခခေါ် နန်းတောင်းများမင်း (ထီးလိုမင်းလို မင်း) ရဲ့ သား၊ ကျစွာမင်း (၁၂၃၄-၁၂၅၀) လက်ထက်က မြန်မာဘာသာနဲ့ ရေးထိုးခဲ့တဲ့ ကျောက်စာ မှတ်တမ်း (တွဲလျက် ဓာတ်ပုံတွင် ရှု) မှာ အထင်အရှားတွေ့နိုင်တယ်။



[မြန်မာဘာသာနဲ့ ရေးထိုးခဲ့တဲ့ ပုဂံခေတ်ကျောက်စာမှတ်တမ်း၊ ဓာတ်ပုံ - ဆရာမ မသိင်္ဂီ စာအုပ် “Defiled on the Ayeyarwaddy: One Woman’s Mid-Life Travel Adventures on Myanmar’s Great River by Ma Thanegi”, (2011)]


နောက်ပိုင်း ခေတ်တွေမှာလည်း နိုင်ငံနာမည်ကို ဒီသဘောမျိုး ပဲခေါ်ခဲ့ကြောင်း သမိုင်းအထောက်အထားတွေရှိပါတယ်။  ဥပမာ - ကုန်းဘောင်မင်းဆက် မင်းတုန်းမင်း (၁၈၀၈-၁၈၇၈) က သူဟာ မြန်မာလူမျိုးတို့ရဲ့ ဘုရင်ဆိုပြီး ညွှန်းဆိုခဲ့တယ်။

ဒါပေမဲ့ မင်းတုန်းခေတ် မြန်မာကုန်းဘောင်အင်ပါယာဟာ မြန်မာလူမျိုး တမျိုးတည်းနေထိုင်တဲ့ နေရာများထက် ကျော်လွန်ပြီး ဖြစ်တဲ့အတွက် ဒီအခေါ်အဝေါ်ဟာ အခြားတိုင်းရင်းလူမျိုးစုတွေရဲ့ အခွင့်အရေးနဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ မြန်မာ လူမျိုကြီးဝါဒ သဘော ပဒေသရာဇ်အခေါ် သက်သက်သာ ဖြစ်ကြောင်း သတိပြုပါ။  အဲဒီခေတ်အခြေအနေ၊ စနစ်နဲ့ အတွေး အခေါ်အရ နိုင်ငံနာမည်ကို လူအများစု အခြေပြု ‘မြန်မာ’ တပ်ခေါ်ခဲ့ခြင်းဟာ မျက်မှောက်ခေတ်လို တိုင်းရင်းသားလူမျိုးစုအားလုံး မူရင်း ရရှိခဲ့တဲ့ အခွင့်အရေးတွေအတိုင်း သာတူညီမျှ ဖြစ်အောင် ကြိုးစားနေတဲ့ အချိန်မှာ လုံးလုံး မသင့်လျော်တော့ပါ။

• ဒို့ဗမာ အမျိုးသားရေးလှုပ်ရှားမှုကြီးရဲ့ မူဝါဒ

ဒါကြောင့် ဌာနေတိုင်းရင်းသားအားလုံး (မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း၊ ပအို့၊ ကရင်၊ ကချင်၊ ချင်း အစရှိတဲ့) နဲ့ နိုင်ငံခြားမှလာရောက် အခြေချနေထိုင်သူ တရုတ်၊ အိန္ဒိယ စတဲ့ လူမျိုးစုံ ပူးပေါင်းပါဝင်ခဲ့တဲ့ ကိုလိုနီကျွန်ဘဝ လွတ်မြောက်ရေးကြိုးပမ်းမှုခေတ်မှာ သခင်ဘသောင်း (၁၉၀၂-၁၉၈၀) ဦးဆောင်တဲ့ လူမျိုးစုံ ပါဝင်တဲ့ ရှေးသခင်ကြီးတွေရဲ့ ‘ဒို့ဗမာအစည်းအရုံးကြီး’ က တနိုင်လုံးမှာ ရှိတဲ့ လူမျိုးအသီးသီးရဲ့ အမျိုးသားရေးစိတ်နိုးကြားလာစေဖို့ နှိုးဆော်ရာမှာ ဒီနိုင်ငံဟာ ‘မြန်မာ’ နိုင်ငံမဟုတ်၊ ‘မြန်မာ’ တမျိုးတည်းမပိုင်၊ ‘မြန်မာ’ အပါအဝင် တိုင်းရင်းသား အားလုံးနဲ့ လူနည်းစု လူမျိုးစုများ ပိုင်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ‘ဗမာ’ နိုင်ငံ လို့သာ ခေါ်ဆိုရမယ် ဆိုပြီး ‘ဒို့ဗမာအစည်းအရုံး ကြေညာစာတမ်း’ မှာ အတိအလင်း ရေးသား တိုက်တွန်းခဲ့ပါတယ်။

အဖွဲ့အမည်ကိုလည်း အားလုံးကို ကိုယ်စားပြုနိုင်တဲ့ သဘော ‘ဒို့ဗမာအစည်းအရုံး’ လို့သာ ပေးခဲ့ပြီး၊ ‘ဒို့မြန်မာအစည်းအရုံး’ လို့ မခေါ်တွင်စေခဲ့ပါဘူး။  ဒါဟာ မြန်မာအပါဝင် အခြား လူမျိုးစုများ မှီတင်းနေထိုင်နေတဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံနာမည်ကို  (သမိုင်းအထောက်အထားနဲ့ ဘာသာဗေဒ သဘောအရလည်း ဆီလျော်တဲ့) မြန်မာ လူမျိုးနာမည် အစမူလ ဖြစ်တဲ့ ‘မြန်မာ’ ကို မသုံးဘဲ ဆင့်ပွားမူ ‘ဗမာ’ ကိုသာ ‘ဒို့ဗမာအစည်းအရုံးကြီး’ က သုံးဖို့ညွှန်းဆိုခဲ့ခြင်း၊ တကယ် သုံးခဲ့ခြင်းဟာ မြန်မာ မဟုတ်တဲ့ အခြားလူမျိုးစုများ အတွက်လည်း (အဲဒီခေတ်အခြေအနေအရ) ကျေနပ်လက်ခံစရာ ဖြစ်ခဲ့ရပါတယ်။  ‘ဒို့ဗမာ အစည်းအရုံး’ က မွေးထုတ်လိုက်တဲ့ သခင်ကြီးတွင် နိုင်ငံမှာ ပထမဆုံး အာဏာစရတဲ့ ဂျပန်ခေတ်မှာလည်း နိုင်ငံရဲ့ တရားဝင် နာမည်ဟာ ‘ဗမာနိုင်ငံတော်’ ဖြစ်ခဲ့ပါတယ်။


[ဂျပန်တော်လှန်ရေးအတွင်း ကျဆုံးခဲ့သော ဗိုလ်မှူးဗထူး အမှတ်တရ ကျောက်စာ၊ အောင်ပန်းမြို့၊ ဓာတ်ပုံ - ရဲရင့်ကျော်]
 
• လွတ်လပ်ပြီးခေတ်မှာ ပြန်အသက်ဝင်လာတဲ့ ပဒေသရာဇ် လူမျိုးကြီးဝါဒ အသုံးအနှုန်း

ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှကိုလိုနီဘဝက လွတ်မြောက်၊ အပြည့်အဝလွတ်လပ်ရေးယူတဲ့ အချိန်မှာတော့ ‘ဒို့ဗမာအစည်း အရုံး’ ခေတ်က တည်ဆောက်ထားနိုင်ခဲ့တဲ့ မြန်မာနဲ့ အခြား လူမျိုးစုတိုင်းရင်းသားများ ရဲ့ စည်းလုံးညီညွတ်၊ သာတူညီမျှ၊ ဥမကွဲသိုက်မပျက် စိတ်ဓာတ်နဲ့အနှစ်သဘောတွေဟာ နယ်ချဲ့ရဲ့ သွေးထိုးမှု၊ ဘက်နှစ်ဖက်စလုံးရဲ့ လူမျိုးရေး သူငယ်နာမစင် မှုနဲ့ နိုင်ငံရေး သဘောတွေကြောင့် မှေးမှိန်သွားခဲ့ပါတယ်။  လွတ်လပ်တဲ့နိုင်ငံရဲ့ အခြေခံအုတ်မြစ် ပထမဆုံး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) မှာကိုက ပြည်ထောင်စုစစ်စစ်မူ မျှတတဲ့ ပြည်နယ်၊ အာဏာ၊ ခွဲဝေမှု အုပ်ချုပ်ရေး သဘောနဲ့ အကြိုသဘောတူညီထားခဲ့တဲ့ ပင်လုံကတိကဝတ်တွေကို အပြည့်အဝ မဖော်ဆောင်နိုင်ဖြစ်ခဲ့ရပြီး ရှေးယခင် ပဒေသရာဇ် ခေတ်မှာကတည်းက အပြန်အလှန် အင်ပါယာချဲ့ထွင်မှုကြောင့် အရင်းတည်ခဲ့တဲ့ လူမျိုးစုချင်း မယုံကြည်နိုင်မှု သံသယနဲ့ အမုန်းဟာ ပြန်လည် အသက်ဝင်လာခဲ့ပါတယ်။

လွတ်လပ်ရေး ရရချင်းမှာ မြန်မာအမျာစုနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရနဲ့ တချို့လူမျိုးစုတွေနဲ့လည်း စတင် ပြည်တွင်းစစ်ပွဲ ဖြစ်ခဲ့တယ်။  ဥပမာ - ကရင်။  ကရင်နဲ့က ဒုတိယကမ္ဘာစစ်အတွင်း ပထမအကြိမ် အင်္ဂလိပ် အဆုတ်မှာကတည်းက လူမျိုးရေး ပဋိပက္ခတွေ ရှိခဲ့တယ်။  တကယ် လွတ်လပ်ရေးရတဲ့ အချိန်မှာတော့ နှစ်ဖက်စလုံး လူမျိုးရေး အမြင်ကျဉ်းမြောင်းမှု တွေအပြင် အထက်ကဆိုခဲ့တဲ့  နိုင်ငံရေးသဘာနဲ့ ပြည်ထောင်စုစစ်စစ် မတည်ထောင်နိုင်ခြင်းသဘော တွေကြောင့် စစ်ပွဲအသွင်ထိဖြစ်ခဲ့ ရပါတယ်။  ဒီလို လွတ်လပ်ရေးခေတ်ဦး ဝါဒရေးရာ စစ်ပွဲ၊ နိုင်ငံရေး/လူမျိုးရေးရာ သဘောဆောင်တဲ့ စစ်ပွဲတွေကြောင့် ‘တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်’  ဖြစ်နေတဲ့ကာလ၊ မြန်မာနဲ့အခြား တိုင်းရင်းသာများအကြား နိုင်ငံရေး သဘောမတူညီမှု အပြည့်အဝ ညှိမရသေးတဲ့ အချိန်မှာ လူမျိုးကြီး ဝါဒသဘောဆောင်တဲ့၊ အများစု မြန်မာတွေကိုသာ ကိုယ်စားပြုတဲ့ နိုင်ငံနာမည် ‘မြန်မာ’ ဟာလည်း ပြည်လည် အသက်ဝင် နိုင်ငံရဲ့ တရားဝင်ပြဋ္ဌာန်းခံ အမည်ဖြစ်လာပါတော့တယ်။

လွတ်လပ်တဲ့ နိုင်ငံရဲ့ခေတ်ဦး ပါလီမန်ဒီမိုကရေစီအစိုးရဟာ တိုင်းရင်းသားတွေကို အထိုက်အလျောက် နေရာပေးပါတယ်။  အခြေခံဥပဒေအရ နိုင်ငံ့အုပ်ချုပ်ရေးမှာ အာဏာမရှိတဲ့ သမ္မတရာထူးတွေဟာ တိုင်းရင်းသားတွေချည်း ရခဲ့တယ်။  တိုင်းရင်းသားအခွင့်အရေးကို လေးစားတယ်လို့ဆိုနိုင်ပေမဲ့ အထက်မှာဆိုခဲ့သလို ရှုပ်ထွေးနေတဲ့ မွေးကင်းစတိုင်းပြည်မှာ ပြည်ထောင်စုစစ်စစ် ပင်လုံ အနှစ်သာရဟာ အပြည့်အဝ မဖော်ဆောင်နိုင်ခဲ့တဲ့အပြင် လူမျိုးကြီးဝါဒ သဘောဆောင်တဲ့ တိုင်းရင်းသားလူမျိုးစု ရဲ့ အာဏာနဲ့လုပ်ပိုင်ခွင့်ကို ဝင်ရောက်ခြယ်လှယ်လိုခြင်း၊ တိုင်းပြည်ရဲ့အရင်းအမြစ်များကို မျှတစွာ မခွဲဝေခြင်း သဘောတွေဟာ တဖြည်းဖြည်းနဲ့ အခြေတည်လာခဲ့ပါတယ်။  မြန်မာလူမျိုးကြီးဝါဒဟာ ခေတ်ဦး ပါလီမန်ဒီမိုကရေစီစနစ်မှာ အဓိက မကျင့်သုံး၊ မရှင်သန်ခဲ့ပေမဲ့ အာဏာရပါတီရဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ အစိတ်အပိုင်း တချို့မှာတော့ လူမျိုးကြီးအတွေးအခေါ်တွေကို စတင်တွေ့ခဲ့ရကြောင်း သမိုင်းမှန်ပြန်လှန်လေ့လာနိုင်ပါတယ်။

• စစ်ဝါဒီများရဲ့ သမိုင်းလိမ်

တိုင်းပြည်ကို ချောက်ထဲလုံးလုံးကျစေခဲ့တဲ့ စစ်အာဏာရှင်စနစ် စတင်ကျင့်သုံးတဲ့ ကာလမှာတော့ စစ်အာဏာရှင် အဆက်ဆက်ဟာ လူအများစုထောက်ခံမှုကို ရနိုင်ဖို့အတွက် အမျိုးသားရေးစိတ်ကို အလွဲသုံးစားလုပ်ကာ တမျိုး၊ တဘာသာ ဗဟိုပြု လူမျိုးကြီးဝါဒ သဘောတရားတွေကို စိတ်ကြိုက်ဖန်တီးထားတဲ့ စာပေ၊ ရုပ်ရှင်၊ သမိုင်း၊ ပညာရေးစနစ် စတဲ့ လူထုဝါဒဖြန့်ချိရေး ကြားခံတွေမှာ အကြီးအကျယ် သွတ်သွင်းတော့တာပါပဲ။  ဒါကြောင့် တိုင်းရင်းသား ပြဿနာ ပိုမို အမြစ်တွယ် ဖြေရှင်းမရ ဖြစ်ခဲ့မှုနဲ့အတူ အကျိုးဆက်များစွာထဲက တခုကတော့ နိုင်ငံ နဲ့အများစုရှိတဲ့ လူမျိုးရဲ့နာမည်ဟာ မူရင်းအမှန်နဲ့ပြောင်းပြန် ဖြစ်ခဲ့ရပါတယ်။  နိုင်ငံကို ‘မြန်မာ’၊ လူမျိုးကို ‘ဗမာ’ ဆိုပြီး နိုင်ငံကို ‘မြန်မာ’ လူမျိုးသာသီးသန့် ကိုယ်စားပြုတဲ့ နာမည် သုံးသလို၊ လူမျိုးနာမည်ကိုလည်း ဒုတိယမူကွဲ ‘ဗမာ’ အဖြစ်သတ်မှတ်ခြင်းဖြင့် အမှန်တရားဟာ ပြောင်းပြန်လုပ်၊ လူမျိုးကြီးဝါဒ ဇာတ်သွင်းခြင်းခံခဲ့ရပါတယ်။  ဒါဟာ စစ်ဝါဒီတွေလက်ရှိအချိန်အထိ ကြောက်ရွံ့ထိတ်လန့်၊ မှားကြောင်းဝန်မခံနိုင်သေးဘဲ မျိုးဆက်သစ်ကို ဆက်မှိုင်းတိုက် အယုံသွင်းထားတဲ့ နိုင်ငံနာမည်နဲ့ လူမျိုး နာမည် မြန်မာလို အခေါ်ရဲ့ သမိုင်းမှန်ပါပဲ။

နိုင်ငံနာမည် အင်္ဂလိပ်လို အခေါ်ကို ‘Burma’ ကနေ ‘Myanmar’ လို့လည်း စစ်ဗိုလ်ချုပ်များပဲ ပြောင်းလဲခဲ့ပါတယ်။ ဒါကတော့ ၁၉၈၉ နဝတ စစ်အစိုးရခေတ်မှာပါ။  ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေ အကြေား အဖွဲ့တည်ထောင်မှုအကွဲ (ဗကသ/မကသ အကွဲ) ကို ပိုမို သပ်သျှိုသွေးထိုးလိုစိတ် တခုတည်းနဲ့ အာဏာရှင်ဟောင်း ဗိုလ်နေဝင်း အမွေခံ ဗိုလ်ခင်ညွန့်ဟာ ပညာရှင်တွေပါတဲ့ ကော်မရှင်တခုဖွဲ့ပြီး ဇွတ်အတင်း ပြောင်းစေခဲ့ပါတယ်။  အဲဒီကော်မရှင်က နိုင်ငံနာမည်ကို အင်္ဂလိပ်လို ‘Myanmar’ လို့သာ ခေါ်သင့်ကြောင်း အခြေအမြစ်မရှိ၊ မခိုင်လုံတဲ့ အကြောင်းပြချက် (၃) ချက်ပေးခဲ့ပါတယ်။  ဒီထဲက မခိုင်လုံဆုံးအချက်က တော့ မြန်မာလို နိုင်ငံနာမည် ‘မြန်မာ’ ဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်၊ ဒါကြောင့် အင်္ဂလိပ်လိုမှာလည်း မြန်မာအသံထွက်ကို တိုက်ရိုက် အင်္ဂလိပ် စာလုံးပေါင်းတဲ့ ‘Myanmar’ လို့သာ သုံးမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။  တကယ်တော့ အထက်မှာ ဆွေးနွေးခဲ့သလို မြန်မာလို ‘မြန်မာ’ ရဲ့ အဓိပ္ပာယ်ဟာ တိုင်းရင်းသားအားလုံးကို ဘယ်လိုနည်းနဲ့မှ ကိုယ်စားမပြုနိုင်တဲ့အတွက် အင်္ဂလိပ်လို ‘Myanmar’ ဟာလည်း တိုင်းရင်းသားအားလုံးကို ညွှန်းဆိုနိုင်စရာ အကြောင်းမရှိပါဘူး။  အစဉ်အဆက် နိုင်ငံနာမည်ကို ‘Burma’ လို့ပဲ သုံးစွဲလာခဲ့တယ်။  ဗမာနိုင်ငံသားအားလုံးပါဝင်တဲ့ အဖွဲ့အစည်းတွေကိုလည်း အင်္ဂလိပ်လို ‘Burma’ လို့ပဲ တပ်ခေါ်ခဲ့ပါတယ်။  ဥပမာ - တော်လှန်ရေးတပ်တွေရဲ့ အင်္ဂလိပ်အမည်ဟာ BIA, BDA ပါ၊ MIA, MDA မဟုတ်ပါ။  စစ်အစိုးရ တည်ထောင်ခဲ့တဲ့ ‘မဆလ’ ပါတီ ကိုယ်တိုင်လည်း အင်္ဂလိပ်အမည်ကို ‘BSPP’ လို့သာ ‘Burma’ နာမည် သုံးခဲ့ပါတယ်။

• Burma နာမည်ရဲ့ နောက်ခံသမိုင်း

နိုင်ငံနာမည် အင်္ဂလိပ်လို ‘Burma’ ဖြစ်ခဲ့ရခြင်းဟာ ကိုလိုနီ ဖြစ်ခဲ့ခြင်းက အစပြုခဲ့ပါတယ်။  စကားလုံးရဲ့ မူရင်းနဲ့ရှေ့ကွင်း ဆက်သဘောကတော့ နိုင်ငံခြားတိုင်းပြည်က လူမျိုးတွေနဲ့ စတင်ထိစပ်တဲ့ အချိန်တွေကတည်းက ဖြစ်ပါတယ်။  အိန္ဒိယက လူမျိုးတွေက မြန်မာ (ဗမာ) တွေကို ဗရမာ/ဗြဟ္မာ (စာကို ဘာရမီ) လို့ခေါ်ကြတယ်။  ဒါဟာ မြန်မာ (ဗမာ) တွေ ကိုယ့်ဘာသာ ညွှန်းဆိုတဲ့ စကား (စာပေ မဟုတ်) ကို နိုင်ငံခြားသားတွေက သူတို့နဲ့ နီးစပ်တဲ့ အသံထွက်နဲ့ ခေါ်ဆိုခြင်း ဖြစ်နိုင်သလို၊ ဗြဟ္မာအယူအဆကို လက်ခံတဲ့ လူမျိုးတွေလို့ ညွှန်းဆို ခေါ်ဝေါ်ခြင်းလည်းဖြစ်နိုင်ပါတယ်။  ဒီ အိန္ဒိယ အခေါ်ကို ၁၆/၁၇ ရာစုလောက်မှာ ပူတကေ (ပေါ်တူဂီ) လူမျိုးတွေက မွေးစားပြီး မြန်မာ (ဗမာ) တွေကို သူတို့ အသံထွက်နဲ့ဘာမင်နီယား (Birmania) လို့ခေါ်ခဲ့ပါတယ်။  ဒီအခေါ်ကိုပဲ အင်္ဂလိပ်တွေက ၁၈ ရာစုလောက်မှာ ထပ်မံမွေးစားပြီး မြန်မာ (ဗမာ) တွေ နေထိုင်တဲ့ နေရာဟာ ဗမာ/ဘားမား (Burma) ဖြစ်လာပါတော့တယ်။  မူလအင်္ဂလိပ်စာလုံးပေါင်းမှာ ‘Burma’ ဆိုတာအပြင် မူကွဲတွေ အမျိုးမျိုးရှိခဲ့တယ်။  (ဥပမာ - Bermah, Birmah, Brama, Burmah။)၊

နောက်ပိုင်းကျမှ ‘Burma’ က အတည်ဖြစ်လာခဲ့ပြီး ကိုလိုနီဖြစ်တဲ့ အချိန်မှာလည်း နိုင်ငံနာမည်ဟာ ‘Burma’ အဖြစ် တရားဝင် ရုံးသုံး အခေါ်ဖြစ်လာခဲ့ပါတယ်။ မြန်မာ လူမျိုးကိုတော့ ‘Burman’ လို့ သုံးပါတယ်။  ‘Burmese’ ဆိုရင် ဗမာပြည်က မြန်မာအပါအဝင် လူမျိုးစု အားလုံးလို့ ရည်ညွှန်းကြပါတယ်။  ဒါတွေကို ကိုလိုနီခေတ် အင်္ဂလိပ်လိုရေး ခေတ်ပြိုင် မှတ်တမ်းတွေ၊ ဝတ္ထုတွေ၊ အစိုးရ ပြန်တမ်းတွေမှာ တွေ့နိုင်ပါတယ်။  နိုင်ငံခြားသားတိုင်းက မြန်မာ (ဗမာ) လူမျိုးတွေကို ခေါ်ရင် သူတို့ကြားရတဲ့ စကားသံ ‘ဗမာ’ ကို သူတို့လျှာနဲ့နီးစပ်တဲ့ အသံထွက်နဲ့ခေါ်ဆိုမှာသာဖြစ်ပါတယ်။  ဒီနေရာမှာ သူတို့မဖတ်တတ်တဲ့ စာပေအရေးအသားမှာ အများစုသုံးတဲ့ ‘မြန်မာ’ ကို အခြေပြုပြီး မခေါ်ဆိုနိုင်တာကို သတိပြုရပါမယ်။  ဒါကြောင့် လူမျိုးခြားအားလုံးက မြန်မာ (ဗမာ) တွေကို ခေါ်တဲ့ နေရာမှာ စကားသံ ‘ဗမာ’ ကိုပဲ အခြေပြုခေါ်တတ်ကြပါတယ်။  ဥပမာ - ထိုင်းတွေက မြန်မာ (ဗမာ) တွေကို “ဖမာ” လို့ခေါ်ပါတယ်။

နိုင်ငံ နာမည် ‘Burma’ ဖြစ်ခဲ့ခြင်းသဘောက ကိုလိုနီစဖြစ်ခဲ့တဲ့အချိန်နဲ့လည်း သက်ဆိုင်ပါတယ်။  ကိုလိုနီစဖြစ်ချိန်မှာ မြန်မာကုန်းဘောင်နိုင်ငံတော်ရဲ့ အာဏာဟာ မျက်မှောက်ခေတ်နိုင်ငံနယ်နိမိတ်က နေရာအများစုလို့ဆိုနိုင်တဲ့အထိ သက်ရောက်နေပြီ ဖြစ်ပါတယ်။  ရခိုင်နဲ့မွန်နိုင်ငံတွေက မြန်မာကုန်းဘောင်မင်း နိုင်ငံရဲ့ လက်အောက်ကို လုံးလုံးရောက်နေပြီ၊ ရှမ်း၊ ကရင်နီဒေသတွေကိုလည်း တစုံတခုသော အတိုင်းအတာအထိ ကုန်းဘောင် အာဏာစက်ရောက်နေပြီ။  ဒီအနေအထားမှာ ဗြိတိသျှအင်ပါယာနဲ့ မြန်မာကုန်ဘောင်ဘုရင်အင်ပါယာတို့ အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄-၁၈၂၆) ဖြစ်ခဲ့တယ်။  မြန်မာစစ်ရှုံးလို့ စစ်ပြေငြိမ်းရာမှာ ကုန်းဘောင်အင်ပါယာအောက်မှာ သိမ်းပိုက်ထားတဲ့ နယ်မြေတချို့ (ရခိုင်၊ တနင်္သာရီ) ကို စစ်နိုင်သူ အင်္ဂလိပ်ထံ လွှဲလိုက်ရတယ်။  နောက် ဒုတိယစစ် (၁၈၅၂) ဖြစ်တယ်။  ရှုံးလို့ အင်္ဂလိပ်ကို အောက်ပိုင်းဒေသတခုလုံး ပေးလိုက်ရတယ်။  အင်္ဂလိပ်ကလည်း သူတို့နဲ့ စစ်တိုက်ခဲ့တဲ့ မြန်မာ (ဗမာ) ကုန်းဘောင်ဘုရင်တွေဆီက ရတဲ့ အတွက် အဲဒီနယ်မြေတွေအားလုံးကို အောက်ဗမာပြည် (Lower Burma) ဆိုပြီး နာမည်ပေးကာ ဗြိတိသျှ-အိန္ဒိယ အင်ပါယာအောက်ထဲ ထည့်အုပ်ချုပ်ခဲ့ပါတယ်။   နောက် တတိယစစ် (၁၈၈၅) ဖြစ်ပြီး အင်္ဂလိပ်က မြန်မာကုန်ဘောင်မင်းနန်းစိုက်ရာ နေရာအထိ သိမ်းပြီးတဲ့အချိန်မှာတော့ ကုန်ဘောင်မင်းဆက် အာဏာစက် ရောက်ခဲ့တဲ့ လက်ရှိနိုင်ငံနယ်နမိတ်နေရာအများစုကို ဗမာနိုင်ငံ ‘Burma’ လို့သတ်မှတ်လိုက်ပါတော့တယ်။

• မတူကွဲပြား လူမျိုးများနဲ့ ‘Burma’
ဒီနေရာမှာ သတိပြုရာမှာက မြန်မာကုန်ဘောင်မင်းဆက် အာဏာအပြည့်အဝ မသက်ရောက်ခဲ့တဲ့ နေရာတချို့ (ဥပမာ - ရှမ်းပြည်လို) ကို အင်္ဂလိပ်က တိုက်ရိုက်ကိုလိုနီအဖြစ် မသိမ်းပိုက်ဘဲ၊ အစောင့်အရှောက်ခံ နယ်မြေ အဖြစ်သတ်မှတ်ကာ ဒေသခံ ပဒေသရာဇ် စော်ဘွားတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးခဲ့ခြင်းပါ။   ဒီလို အင်္ဂလိပ်တွေအနေနဲ့သူတိုနဲ့စစ်ဖြစ်ခဲ့ရတဲ့ မြန်မာ (ဗမာ) လူမျိုးတမျိုးတည်းသာ ဒီနိုင်ငံမှာ မနေထိုင်တဲ့ သဘောကို သိတယ် ဆိုတာကို (ပိုသွေးကွဲစေချင်တဲ့အတွက် သုံးခဲ့တဲ့) Divide and Rule မတူကွဲပြားတဲ့ အုပ်ချုပ်ပုံစနစ်တွေကျင့်သုံးခဲ့ခြင်းက သက်သေပြုပါတယ်။  ဒါဟာ တနည်းအားဖြင့် အင်္ဂလိပ်တွေသုံးခဲ့တဲ့ ‘Burma’ ဟာ မြန်မာ မဟုတ်တဲ့ အခြား တိုင်းရင်းသား လူမျိုးစုတွေကိုပါ အနည်းအပါး ညွှန်းဆိုသက်ရောက်တယ်လိုလည်း ဆိုနိုင်ပါတယ်။  အကြောင်းက နိုင်ငံအမည် အင်္ဂလိပ် ‘Burma’ ဟာ မြန်မာ (ဗမာ) လူမျိုးကိုသာ အခြေခံပြီးဖြစ်ခဲ့တာ မှန်ပေမဲ့ မြန်မာ (ဗမာ) လူမျိုးတွေရဲ့ အခေါ် မူရင်းနဲ့ အမှန်အခေါ် ‘မြန်မာ’ ကို တိုက်ရိုက် အင်္ဂလိပ် စကားလုံးဖလှယ် သုံးထားတဲ့ ‘Myanmar’ ထက်တော့ ‘Burma’ က  နိုင်ငံမှာ အတူယှဉ်တွဲ နေထိုင်နေရတဲ့ အခြားမြန်မာ မဟုတ်တဲ့ တိုင်းရင်းသား လူမျိုးစုတွေ ကို ကိုယ်စားပြုရာ ရောက်တယ်လို ကောက်ချက်ဆွဲရမှာ ဖြစ်တာမို့ပါ။

• နိုင်ငံနာမည် ဘာဖြစ်သင့်သလဲ
မြန်မာလူမျိုးအခေါ် မူရင်းက ‘မြန်မာ(Myanmar)’ ဖြစ်နေခြင်းကြောင့် နိုင်ငံအမည်အမှန်ဖြစ်သင့်တာက မြန်မာကို တိုက်ရိုက် မယူတဲ့ ဗမာနိုင်ငံတော် (Burma) ပဲဖြစ်သင့်ပါတယ်။ ဒါဟာ တင်ပြခဲ့သလို သမိုင်းအထောက်အထား အချက်အလက်များ၊ ကိုလိုနီဖြစ်စဉ်သဘော၊ ဒို့ဗမာအစည်းအရုံးကြီး ချမှတ်ခဲ့တဲ့ ပဒေသရာဇ်ခေတ်စနစ် မြန်မာလူမျိုးကြီးဝါဒ တိုက်ဖျက်စေလိုတဲ့ မူ အားလုံးနဲ့ ကိုက်ညီပါတယ်။  ဒါပေမဲ့ ဒီ ဗမာနိုင်ငံ (Burma) ဆိုတဲ့ နိုင်ငံအမည်အခေါ်ဟာလည်း မြန်မာလူမျိုးအပေါ်မှာသာ အခြေပြု ဆင့်ပွားပေါ်လာခဲ့တာသာဖြစ်တဲ့ အတွက် မြန်မာလူမျိုးတမျိုးတည်းသာ ကိုယ်စားပြုသလို ဖြစ်နေနိုင်သေးတာပါပဲ။   နောင်တိုင်းပြည်မှာ မြန်မာ မဟုတ်တဲ့ အခြား လူမျိုးစုအသီးသီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပီပီပြင်ပြင် သီးသီးသန့်သန့်ဖော်ဆောင်ခွင့်ရတဲ့ ဖယ်ဒရယ်ပြည်ထောင်စု စစ်စစ် ဖော်ဆောင်နိုင်တဲ့ အချိန်ကျရင် ဖြစ်သင့်တဲ့ ဗမာနိုင်ငံ (Burma) ဆိုတဲ့ သဘောကိုလည်း ပြည်သူလူထုဆန္ဒ (အထူးသဖြင့် လူနည်းစု လူမျိုးစု တွေရဲ့ဆန္ဒ) သဘော တောင်းခံကာ ပညာရှင်များရဲ့ အကြံပြုချက်များနဲ့အညီ ပြုပြင်ပြောင်းလဲဖို့၊ သို့မဟုတ် ထပ်မံ ဖြည့်စွက်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

•  နိဂုံး
နိဂုံးချုပ်ရရင် အမည်နာမဆိုတာ အပေါ်ယံသဘော သညာတွေသာ ဖြစ်တယ်ဆိုတာ မှန်ပေသိ ခုလောလောဆယ် တရားဝင်သုံးနေတဲ့ နဝတ စစ်အစိုးရမူ နိုင်ငံအမည် ‘မြန်မာ (Myanmar)’ ၊ လူအများစု လူမျိုးအမည် ‘ဗမာ (Bamar)’ ဆိုတာဟာ ဘာသာဗေဒ၊ သမိုင်း အချက်အလက်များအရ မမှန်ပါဘူး။  မြန်မာလူမျိုးကြီးဝါဒကို အားပေးရာလည်း ရောက်နေပြန်တယ်။  ပြည်တွင်းစစ်နဲ့ တိုင်းရင်းပြဿနာ မဖြေရှင်းနိုင်ခြင်းရဲ့ မူဝါဒပိုင်းဆိုင်ရာ ထည့်သွင်းစဉ်းစားရမယ့် နောက်ခံ အကြောင်းလည်း ဖြစ်ပါတယ်။  ဒါကြောင့် အခု ‘မြန်မာ (Myanmar) ဟေ့’ ဆိုပြီး ဘောလုံးပွဲတွေမှာ ကြွေးကြော်နေကြခြင်းဟာ တဖက်က ကြည့်ရင် တိုင်းပြည်ရဲ့ လူမျိုးစုံ၊ ဘာသာစုံကို ကိုယ်စားမပြုနိုင်ကြောင်း စာဖတ်သူ၊ အထူးသဖြင့် စစ်အစိုးရခေတ် မွေးဖွားကြီးပြင်းခဲ့တဲ့ သမိုင်းမှန်ကို အစွဲကင်းကင်း စနစ်တကျ လေ့လာသင်ယူခွင့်မရခဲ့ကြတဲ့ မျိုးဆက်သစ်လူငယ်များကို သိစေအပ်ပါတယ်။  ဒီမြန်မာ-ဗမာ နိုင်ငံအမည်ဟာ တိုင်းပြည်ရဲ့ အဓိက နိုင်ငံရေး ပြဿနာ တိုင်းရင်းသား လူမျိုးစု အချင်ချင်း သတ်ဖြတ်နေရတဲ့ ပဋိပက္ခနဲ့ ဆက်စပ်နေတာကြောင့် အားလုံးအလေးထား ဆင်ခြင်သင့်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး

References:
• Hall, DGE,  “Pre-Pagan Burma”, (3rd Edition), (1960).
• Ammon, Ulrich, “Sociolinguistics: An International Handbook of the Science of Language and Society”, Volume 3/3, (2nd Edition), (2004).
• Houtman, Gustaaf, “Mental culture in Burmese crisis politics”, ILCAA Study of Languages and Cultures of Asia and Africa Monograph Series No. 33, Institute for the Study of Languages and Cultures of Asia and Africa, (1999).
• Dittmer, Lowell, “Burma Or Myanmar? The Struggle for National Identity”, World Scientific, (2010).
• Thant Myint-U, “The River of Lost Footsteps--Histories of Burma”, (2006).
• Thant Myint-U, “The Making of Modern Burma”, (2001).
• Ma Thanegi, “Defiled on the Ayeyarwaddy: One Woman’s Mid-Life Travel Adventures on Myanmar’s Great River”, (2011).
• တင်မောင်သန်း၊ “သခင်နိုင်ငံတော်”၊ (၂၀၀၂).

(၂၀၁၂ ဇွန်လ ဧရာဝတီ အွန်လိုင်းတွင် ရေးသားခဲ့သည့် “မြန်မာလား၊ ဗမာလားနှင့် တိုင်းရင်းသား ပြဿနာ” ဆောင်းပါးကို အသစ်ပြင်ဆင်ဖြည့်စွက် တည်းဖြတ်၍ မန္တလေး Friday Times News Journal အတွဲ (၁)၊ အမှတ် (၁၆)၊ (၂၀၁၅) ခုနှစ် ဇွန်လ (၁၉) ရက် သောကြာနေ့ထုတ်တွင် ပုံနှိပ်ခဲ့သည်။  ယခု မိုးမခတွင် အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

တစ်ကိုယ်တော် သရုပ်ဆောင်ထားသည့် “ ရဲရင့် ” ၏ နေတတ်တယ် တစ်ယောက်တည်းငါ ဗီဒီယိုဇာတ်ကား စာနယ်ဇင်းမိတ်ဆက်

$
0
0
 တစ်ကိုယ်တော် သရုပ်ဆောင်ထားသည့်  “ ရဲရင့် ”  ၏ နေတတ်တယ် တစ်ယောက်တည်းငါ ဗီဒီယိုဇာတ်ကား စာနယ်ဇင်းမိတ်ဆက်
ရန်နောင်(ဗိုလ်တထောင်)    မိုးမခ    ဇွန်  ၂၉  ၂၀၁၅
ဒါရိုက်တာ ဒီအေးလွင်

သရုပ်ဆောင်  “ ရဲရင့် ”




                   သရုပ်ဆောင်  “ ရဲရင့် ” တစ်ကိုယ်တည်း ပါဝင်သရုပ်ဆောင်ထားသော နေတတ်တယ် တစ်ယောက်တည်းငါ ဗီဒီယိုဇာတ်ကား စာနယ်ဇင်း မိတ်ဆက်ပွဲ ကို ရန်ကုန်မြို့ စီးတီးစတားဟိုတယ်တွင် ၂၉-၆-၂၀၁၅ နေ့က ကျင်းပပြုလုပ်ခဲ့သည်။

                   အဆိုပါ  သရုပ်ဆောင် ရဲရင့် စာနယ်ဇင်းမိတ်ဆက်ပွဲတွင် အခမ်းအနားမှူးအဖြစ် ဆရာ ဦးအောင်သျှံဝိုင်းမှ ဆောင်ရွက်ခဲ့ပြီး ဓါတ်ပုံ အကယ်ဒမီ ဦးထွန်းလှိုင်၊ ဒါရိုက်တာရဲဝန်ထမ်းဟောင်းတဦး ၊ ဒါရိုက်တာ ဦးမောင်မောင်မြင့်တို့ က အမှတ်တရစကားများ ပြောကြားခဲ့ပြီး စာနယ်ဇင်းမီဒီယာများကိုယ်စားဒါရိုက်တာမောင်ယဉ်ကျော် က မုဒိတာစကားပြောကြားပေးခဲ့သည်။ ထို့နောက် နေတတ်တယ် တစ်ယောက်တည်းငါ ဗီဒီယို ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာဒီအေးလွင် မှ ဇာတ်ကားရိုက်ကူးဖြစ်ပုံအား ရှင်းလင်းပြောကြားခဲ့ပြီး  သရုပ်ဆောင် ရဲရင့် က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

                   ဆက်လက်၍ သရုပ်ဆောင်ရဲရင့် မှ ဆရာသမားများဖြစ်ကြသော ဒါရိုက်တာ ဓါတ်ပုံဦးထွန်းလှိုင်၊ ဒါရိုက်တာ ရဲဝန်ထမ်းဟောင်းတဦး၊ ဒါရိုက်တာ မောင်မောင်မြင့် ၊ ဒါရိုက်တာ ဒီအေးလွင် ၊ထုတ်လုပ်သူ ဒေါ်စန်းစန်းမော် တို့အား ဂါရဝတရားရှေ့ထားကာ လက်အုပ်ချီ၍ ကန်တော့ခဲ့ပြီး ကန်တော့ပစ္စည်းများပေးအပ်ခဲ့သည်။


                   အဆိုပါ ဗီဒီယို ဇာတ်ကားသည် သရုပ်ဆောင် တယောက်တည်း သရုပ်ဆောင်ထားခြင်းဖြစ်ပြီး အခြား မည်သူတစ်ဦးတစ်ယောက်မျှ ပါဝင်ခြင်းမရှိသော ထူးခြားသည့် ဇာတ်ကားဖြစ်သဖြင့် မြန်မာဗီဒီယိုလောက တခေတ်ဆန်းစေသော ဇာတ်ကားတစ်ကားဖြစ်သည်။

အောင်မြိုင်သင်း - လူငယ်တွေသိပ်ချစ်ကြတဲ့ ဆရာဦးအောင်သင်း (၁+၂+၃)

$
0
0
စာရေးဆရာ အောင်သင်း (၁၉၂၇-၂၀၁၄)

အောင်မြိုင်သင်း - လူငယ်တွေသိပ်ချစ်ကြတဲ့ ဆရာဦးအောင်သင်း  (၁+၂+၃)
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၅

အပိုင်း (၁)
June 20, 2015

ဒီစာဟာ ကျွန်တော် မရေးချင်ဆုံးစာပါ။  ဒါပေမဲ့ ဒါဟာ သူ့ကို သိပ်ချစ်တဲ့၊ သူ့ကို သိပ်တန်ဖိုးထားတဲ့သူတွေအတွက် သိသင့် တယ် သိချင်ကြမယ်ထင်လို့ ပြန်ပြောပြမိတာပါဗျာ။ နားလည်နိုင်ကြလိမ့်မယ်ထင်ပါရဲ့။

၁၉၇၈ ခုနှစ်ရဲ့ ညတည ၁၀ နာရီခွဲလောက်မှာ ကျွန်တော်တို့ အိမ်ရှေ့မှာ လေးဘီးကားလေးတစင်း လာရပ်ပါတယ်။

“ဒေါ်တင်ကြိုင်ရေ… ဒေါ်တင်ကြိုင်ရေ.. လာကူပါဦးဗျ..” ဆိုတဲ့ ကျွန်တော်တို့ရင်းနှီးနေတဲ့ ဖေဖေ့အချစ်ဆုံးသူငယ်ချင်း ဦး လေး ကိုထွန်းမြင့် (တက္ကသိုလ်မင်းမော်) ရဲ့ အသံကို ကြားရပါတယ်။  (အဲဒီ့ခေတ်ရဲ့ ည ၁၀ နာရီခွဲဆိုတာ တိတ်ဆိတ်လွန်း လှပါတယ်။)

အမေလည်း ဘာဖြစ်မှန်းမသိဘဲ ထိတ်ဟန့်ဖြစ်ပြီး အိမ်ပြင် ပြေးထွက်သွားပါတယ်။  ခဏနေတော့ အမေရယ် ဦးလေး ကို ထွန်းမြင့်ရယ် ဇက်ကျိုးကျနေအောင်မူးနေတဲ့ အဖေ့ကို တွဲခေါ်လာပြီး မီးမှိန်မှိန်ရှိနေတဲ့ အိမ်ရှေ့ဧည့်ခန်းက ပက်လက် ကု လားထိုင်မှာ ထိုင်ခိုင်းလိုက်ပါတယ်။  အမေက အဖေ့ကပ်ရက်ဘေးက ခွေးခြေခုံလေးပေါ်မှာထိုင်ပြီး အဖေ့ကို ဖေးထားပါ တယ်။  ကျွန်တော်တို့ မောင်နှမ ၃ ယောက်က အိမ်အလည်ခန်းကနေ အဖေ့ကို အံသြစွာလှမ်းကြည့်နေကြပါတယ်။  ဒီလိုမျိုး အဖေ တခါမှဖြစ်တာ မတွေ့ဖူးခဲ့လို့ပါ။  စိတ်ထဲမှာ ကြောက်သလိုလို ရှိပါတယ်။  အဖေ့ပါးစပ်က ဗလုံးပထွေးနဲ့ ဘာမှန်းမသိတဲ့ စကားတွေ ဆက်ပြောနေပါတယ်။

အမေက “ကိုအောင်သင်း.. ရှင်ဘာဖြစ်လာတာလဲ၊ ဘယ်လိုဖြစ်တာလဲ” ဆိုတာ အကြိမ်ကြိမ်မေးတော့မှ၊ အဖေ့ပါးစပ်က လျှာလေး အာလေးကြီးနဲ့ “မတင်ကြိုင်ရေ၊ ကျုပ်တော့ အလုပ်ပြုတ်ခဲ့ပြီ မတင်ကြိုင်ရယ်၊ ကျုပ် အလုပ်ပြုတ်ခဲ့ပြီဗျ..” ဆိုပြီး တခါထဲ ဆက်တိုက်ချုံးပွဲချ ငိုပါတော့တယ်။

ခင်ဗျားတို့ ယောက်ျားကြီးတယောက် ရိုက်ကြီးတငင်ငိုတာ မြင်ဖူးလား။  မြင်ဖူးခဲ့ရင် ဘယ်လောက် စိတ်ထိခိုက်စရာကောင်း တယ်ဆိုတာဟာ ကျွန်တော်ရေးပြနိုင်တဲ့ စကားလုံးထက်ကျော်လွန်ပြီး စိတ်ထိခိုက်စရာ ကောင်းလှတယ်ဆိုတာလောက်ပဲ ပြောပြပါရစေတော့ဗျာ။

ကျွန်တော်တို့အတွက်တော့ အားကိုးယုံကြည်ရဆုံး အခိုင်မာဆုံး ကမ္ဘာမြေ သွက်သွက်ခါအောင် လှုပ်ရမ်းသွားသလိုပါပဲ။  ခို ကိုးရာမဲ့ဖြစ်ပြီး ကျွန်တော် စငိုပါတယ်။  (ကျွန်တော့် အသက် ၁၂ ပါ။)   ပြီးတော့ အမ ကျွန်တော့်အကို ၃ ယောက်လုံး ငိုပါ တယ်။

အားကိုးအယုံကြည်ရဆုံး၊ အခိုင်မာဆုံးလို့ ယုံကြည်ထားတဲ့အဖေက ချုံးပွဲချငိုတဲ့နောက်တော့ သူ့ကို မှီခိုနေတဲ့ကလေးတွေ လန့်ပြီး ခိုကိုးရာမဲ့ ဆက်ပြီးငိုတာ ဆန်းသလားဗျာ။  ကျွန်တော်တို့ မိသားစုရဲ့ ကမ္ဘာပျက်တဲ့ညအစပါ။

ဦးလေးကိုထွန်းမြင့်က အမေ့ကို ဆက်ပြီးရှင်းပြနေပေမဲ့ ဘာတွေမှန်းသေချာနားမလည်ခဲ့ပါ။  သိပ်သတ္တိကောင်းတဲ့အမေဟာ (နောက်မှပြန်စဉ်းစားမိတာနော်) “ကိုအောင်သင်းရယ်… ကျွန်မတို့အစက ပြန်စကြတာပေါ့၊ ဘာကြောက်စရာလိုသလဲ၊ ဘာ မှ စိတ်ဓာတ်မကျနဲ့..” စကားတွေတွင်တွင်ပြောပြီး. မျက်ရည်စတွေနဲ့ အဖေ့ကို သူ့ရင်ခွင်ထဲမှာပွေ့ထားပါတယ်။ အဖေ အ ရမ်းမူးလို့ငြိမ်သွားပြီး ခဏကြာတော့မှ ဦးလေးကိုထွန်းမြင့်က နှုတ်ဆက်ပြီး လာခဲ့တဲ့ လေးဘီးကားလေးနဲ့ ပြန်သွားပါတယ်။

အမေကတော့ အဖေ့ကိုပွေ့လျက်ပါ။
±±±±±±±±±

အပိုင်း (၂)
ဇွန် ၂၀၊ ၂၀၁၅

ကျွန်တော် နောင်တချိန်မှာ နားလည်နိုင်ခဲ့ပါတယ်။  သူကျခဲ့တဲ့မျက်ရည်ဟာ သူအချစ်ဆုံး တက္ကသိုလ်ကျောင်းဆရာဘဝကို စွန့်လွှတ်လိုက်ရခြင်းနဲ့ သူ့ကို မှီခိုနေတဲ့ကလေး ၃ ယောက်အတွက် ယူကျုံးမရဖြစ်ခြင်းတို့ ရောယှက်ပြီး အရမ်းစိတ်ထိခိုက်သွားခဲ့တာဖြစ်မယ်လို့ ကျွန်တော် ယူဆမိပါတယ်။  အဲ့ဒီ့နောက်ပိုင်း ၁ လလောက်ထိ အိမ်ရှေ့ဧည့်ခန်းမှာ ငူငူကြီး ထိုင်နေ တတ်တဲ့ အဖေ့ကိုမြင်ရပါတယ်။  မိသားစု ၅ ယောက်နေတဲ့အိမ်ကလေးဟာ လပိုင်းအတန်ကြာထိ ရယ်မောသံတွေ တိတ် ဆိတ်သွားပါတယ်။  အပြင်ကနေ ပြေးလွှားဆော့ပြီးပြန်လာတတ်တဲ့ကျွန်တော်ဟာ အိမ်အဝက အဖေ့ကိုမြင်ရင် သနားသ လိုလို အားနာသလိုလို ဖြစ်ခဲ့ဖူးတာကို မှတ်မိပါတယ်။

သူသိပ်ချစ်တဲ့ နေ့တိုင်း သူကျောင်းအပြန်မှာ အိမ်ကိုလိုက်လာတဲ့ သူ့တပည့်တွေလည်း အဲဒီနေ့ကစပြီး ပျောက်သွားပါတော့ တယ်။ တကယ်ပျောက်သွားတာပါဗျာ။ တယောက်မှကို မလာကြတော့တာ။ (လာနေကျ တပည့် ၂ ယောက်ကနေ ၇ ယောက်လောက်အထိ ရှိပါတယ်။ ကျမ်းပြုဖို့ ဖေဖေ့ဆီကို အကူညီတောင်းနေကြသူတွေပါ။  အမေက ညနေဆို အဲဒီကလေး တွေအတွက် ထမင်းတဇလုံကြီးနယ်ပြီး အမြဲကျွေးတာကို မှတ်မိပါတယ်။)
  
ကျွန်တော်က အဲဒီ့ သူတပည့်အထဲက  ဦးလေး တယောာက်ကို အရမ်းချစ်တော့ “အဖေ ဒီနေ့ ဦလေး ကို--တို့လာမှာလားဟင်..” လို့ ရက်တော်တော်ကြာကြာထိ မေးဖြစ်ပါတယ်။  အဖေဆီကတော့ “မလာဘူးသားရဲ့ .. သူတို့လည်း မအားကြလို့နေမှာပေါ့ လူလေးရယ်” ဆိုတဲ့၏အဖြေကို ပုံမှန်ရခဲ့ပါတယ်။

(အခု ဒီစာကို သူတို့ဖတ်မိနိုင်ပါတယ်။ အကုန်လုံး သက်ရှိ ထင်ရှားရှိကြပါသေးတယ်။) အိမ်ကို အရင်က ဝင်ထွက်နေတဲ့သူ တယောက်မှ မလာကြတော့တာကိုတော့ ကျွန်တော် ကောင်းကောင်းမှတ်မိပါတယ်။ (သူ့ရင်ထဲမှာ ဘယ်လောက်ထိ စိတ် နာသွားသလဲဆိုတာ အလျဉ်းသင့်ရင် ရေးပါဦးမယ်။)

ကျွန်တော်တို့အိမ်ရဲ့စီးပွားရေးဟာ ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတယ်။  အဖေ့ရဲ့ဝင်ငွေ လုံးဝမရှိတော့ပါ။  အမေ့ရဲ့ အလယ် တန်းပြ ဆရာမလစာ ၂၅၀ လောက်ထဲနဲ့ ရပ်တည်ဖို့ လုံးဝမဖြစ်နိုင်တော့တဲ့အချိန်မှာ အမေက သူ့အတန်းက စာညံ့တဲ့ က လေးတွေကို အင်္ဂလိပ်စာနဲ့ သင်္ချာသင်ချင်ရင် အိမ်မှာ ကျူရှင်ဖွင့်ထားတယ်ဆိုတဲ့အကြောင်း စ ကြေညာပါတယ်။

(အမေက စိန့်ဂျွန်း ယောက်ျားလေးကျောင်းမှာ ၆ တန်း G ရဲ့ အတန်းပိုင်ဆရာမပါ။ သမိုင်းသင်ပါတယ်။  တကယ့် ဆိုးပေ့ ဆိုတဲ့ ကျောင်းသား၊ စာအညံ့ဆုံးကျောင်းသားတွေချည်းပါပဲ။  ဒါပေမဲ့ အမေ့ကို အရမ်းချစ်ကြတယ်ဆိုတာကိုတော့ မှတ်မိပါ တယ်။)

ရှိတဲ့ ရွှေငွေလေးထုခွဲပြီး ကျွန်တော်တို့အိမ်ဧည့်ခန်းကို ကျုရှင်ခန်းလုပ်၊ စာသင်ခုံတွေထည့်လိုက်ပါတယ်။  အဖေက အင်္ဂလိပ် စာသင်ပြီး အဲဒီနှစ်မှာ ၁၀ တန်းအောင်တဲ့ ကျွန်တော့်အမက သင်္ချာသင်ပါတယ်။

(သိပ်သနားစရာကောင်းတဲ့ ကျွန်တော့်အမပါ။  သူ့ရဲ့ တက္ကသိုလ်ကျောင်းသူဘဝဟာ ရင်မောခြင်းတွေနဲ့ ပြည့်နေခဲ့မှာ သိပ် သေချာပါတယ်။ သူ့ရဲ့တက္ကသိုလ်သက်တမ်းဟာ ကျွန်တော်တို့အိမ်ရဲ့စီးပွားရေးကို ပေးဆပ်လိုက်ရတာမို့ပါ။ ကြုံမှ ကျွန် တော် သူ့အကြောင်းလည်း ပြောပြပါ့မယ်။)

တက္ကသိုလ်ဆရာတယောက်က ရုတ်တရက် ၆-၇-၈ တန်းတွေရဲ့ စာအညံ့ဆုံးသူတွေကို စာသင်ရတဲ့အခါ အဆင်မပြေမှုတွေ အများကြီးဖြစ်ခဲ့ပါတယ်။  သူသိပ်စိတ်ပျက်သွားတဲ့မျက်နှာမျိုးတွေကို အကြိမ်ကြိမ် မြင်ခဲ့ဖူးပါတယ်။  ဒါပေမဲ့ သူ့ရဲ့ ဆရာစိတ်နဲ့ ပညာမတတ်တဲ့ ကလေးတွေကို သနားခြင်း၊ စာနာခြင်း၊ စိုးရိမ် ခြင်းစိတ်တွေဟာ အဲ့ဒီ့ အချိန်ကစပြီး အာရုံစိုက်မိလာစေတယ်လို့ ကျွန်တော်ထင်ပါတယ်။
±±±±±±±±±

အပိုင်း (၃)
ဇွန် ၂၁၊ ၂၀၁၅ 
သူ့အကြောင်းကို ဆက်မရေးခင် အလုပ်ပြုတ်တဲ့အကြောင်းကို သိပ်စိတ်ဝင်စားနေလို့ လာမေးသူတွေ အရမ်းများနေပါတယ်။  အဲ့ဒီ့အကြောင်း အရင်ပြောပြပါမယ်။

တောင်ငူဆောင်မှာ ဆရာဦးအောင်သင်းရဲ့အခန်းဟာ ကျောင်းသားတွေ တရုန်းရုန်းနဲ့ အမြဲရှိနေတဲ့အခန်းလို့ ဆိုစမှတ် ရှိ ကြပါတယ်။ ဟုတ်လောက်ပါတယ်။  သူက သူ့ကျောင်းသားတွေနဲ့လည်း သူငယ်ချင်းလိုပဲ ပေါင်းတာ။  သူနဲ့ အနီးကပ်နေခဲ့ဖူးတဲ့ တပည့်တိုင်းလိုလို သိပါတယ်။  သူစာသင်တဲ့အတန်းတိုင်း ကျောင်းသားတွေ ပြည့်နေခဲ့တာဟာ။ ကျန်တဲ့သူတွေအတွက် အတော်မျက်မုန်းကျိုးစရာ ဖြစ်နေခဲ့ဟန်တူပါတယ်။ သူကတော့ လူတိုင်းကို သူ့စိတ်လိုပဲ သဘောထားလေ့ရှိတဲ့အတွက် သိခဲ့ဟန်မတူပါ။

(အဲဒီ့အတွက်ကြောင့်လည်း သူအကြိမ်ကြိမ် ဒုက္ခရောက်ခဲ့ဖူးပါတယ်။ ဆုံးသာသွားရော မှတ်ဟန်မတူပါ။  လူတိုင်းကို သူ့လို ရိုးသားတယ်လို့ပဲ ထင်လေ့ရှိပါတယ်။  သူ့တပည့်တွေရဲ့ အလိမ်ခံရတာလည်း အကြိမ်ကြိမ်ပါ။)

သူ့တပည့်တွေ ကျောင်းသားလေးတွေကို သိပ်ထွန်းပေါက်စေချင်တာ သူ့ရဲ့ စိတ်ရင်းအမှန်ပါ။ ကလေးတယောက်မေးတဲ့ မေးခွန်းကို သူလေးစားစွာ အာရုံစိုက်နားထောင်ပြီးမှ စိတ်ကျေနပ်စရာဖြစ်လောက်မယ့်အဖြေ၊ သူမသိခဲ့ရင်တောင်မှ ဖြစ် နိုင်ခြေရှိခြင်း၊ မရှိခြင်းတို့ကို အကျိုးသင့် အကြောင်းသင့် ပြန်ရှင်းပြတတ်ပါတယ်။  ဒါ ဆရာအောင်သင်းပါပဲ။

စခဲ့တဲ့ ဇာတ်လမ်းကတော့ နံရံကပ်စာစောင်က စတယ်လို့ပဲဆိုရပါမယ်။  မြန်မာစာကျောင်းသားတွေရဲ့ နံရံကပ်စာစောင်ကို သူက အောင်မြင်စေချင်လွန်းလို့ ကိုယ်တိုင်ဦးစီးတယ်လို့သိရပါတယ်။  ကလေးတွေပေးတဲ့ ကဗျာတွေ၊ စာတို အပိုင်းအစ လေးတွေကို ကိုယ်တိုင်ဦးစီးပေး၊ တည်းဖြတ်ပေးပြီး အရမ်းအားထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကိုယ်တိုင်က ပန်းချီဆွဲတတ်တော့ (သူ ပန်းချီကို ကောင်းစွာဆွဲတတ်ပါတယ်) ကလေးတွေလိုတဲ့ ရုပ်ပုံတွေ၊ မဆွဲတတ်တဲ့ ရုပ်ပုံတွေကို ကိုယ်တိုင်ဝင်ဆွဲပေးခဲ့တယ်လို့ ဆိုပါတယ်။ နံရံကပ်စာစောင်ပြတဲ့အချိန်မှာ ကျောင်းသား၊ ကျောင်းသူတွေ တ ဝုန်ဝုန်းနဲ့ အအောင်မြင်ဆုံး နံရံကပ်စာစောင် ဖြစ်သွားပါသတဲ့။  သို့သော် နံရံကပ်စာစောင်မဖွင့်မီ ကလေးတယောက်က “ဆရာ ဖားပုံမဆွဲတတ်လို့ ဆွဲပေးပါ” ဆိုပြီး အဖေ့အခန်းထဲအထိ လာအကူညီတောင်းတော့ အဖေက ဖားပုံလေးတပုံ ဆွဲ ပေးလိုက်ပါသတဲ့။ ဆေးယူတဲ့အချိန်မှာ ဆေးအနက်စက်ကလေးတစက်က ဖားပုံလေးရဲ့ ဘေးမှာကျသွားပါသတဲ့။  အဖေက ပုံဆွဲပေးပြီး၊ အဲ့ဒီ့ ကျောင်းသားကို ဒီဆေးစက်ကလေးဖျက်လိုက်ဦးဆိုတော့ ဟိုကလေးကလည်း “ဟုတ်ကဲ့ဆရာ” ဆိုပြီး အချိန်မရလို့ မဖျက်ဘဲ နံရံမှာကပ်လိုက်ပါသတဲ့။  အဲ့ဒီ့ပြစ်မှုကတော့ ဆရာဦးအောင်သင်းက မြန်မာနိုင်ငံကြီး အမှောင်ကျနေပြီ ဆိုပြီး နိမိတ်ပြခဲ့တာမဟုတ်လားဆိုတဲ့ ပြစ်မှုတစ် ဖြစ်သွားခဲ့ပါတယ်။

ဒုတိယပြစ်မှုကတော့ ကလေးတွေရေးထားတဲ့ ကဗျာတပုဒ်ရဲ့ ရှေ့ဆုံးစာလုံးတွေချည်းပဲဖတ်ရင် ၇ ရက် ဇူလိုင် ဖြစ်နေပါ သတဲ့။  အဲ့ဒီ့ ပြစ်မှု ၂ ခုကို ဆရာအချင်းချင်း ဝိုင်းကြပ်ပြီး အရောက်ပို့လိုက်ကြတာပါပဲခင်ဗျား။

(ကျွန်တော် အဲ့ဒီ့ဆရာတော်တော်များများရဲ့ နာမည်တွေ အခုထိမှတ်မိပါသေးတယ်။ ဘဝမှာ ဘာမှလည်း ဖြစ်မသွားရှာကြ တော့ပါ၊ သင်ခန်းစာယူစရာကောင်းလှပါတယ်။)

နောက်ဆုံး အကြီးဆုံးပြစ်မှုကတော့ ဒီကိစ္စအတွက် အထူးစုံစမ်းစစ်ဆေးဖို့ ပညာရေးဒုဝန်ကြီးက ခေါ်ပြီးစစ်တဲ့အချိန်မှာ ကျန်တဲ့ဆရာတွေ (အကုန်လုံး အဖေ့ထက်ကြီးတဲ့ ရာထူးတွေနဲ့ပါ) လည်းရှိပါသတဲ့။ စားပွဲ ဟိုဘက်ထိပ် ဒီဘက်ထိပ် ဝန်ကြီး နဲ့ သူတို့ တရားခံလို့ယူဆထားတဲ့ ဦးအောင်သင်းနဲ့ စကားပြောကြပါသတဲ့။

ဦးအောင်သင်း “ဒါဟာ ခင်ဗျား အဓိပ္ပာယ်ရှိရှိလုပ်တာ မဟုတ်လား” ဆိုပြီး ငါ့ကို ဒါပဲ အမှုစစ်သလို စစ်လာတော့၊ ကြာတော့ ငါလည်း အရမ်းဒေါသထွက်လာပြီး ထ မတ်တပ်ရပ်၊ စားပွဲကို လက်ဝါးနဲ့ ရိုက်လိုက်ပါသတဲ့။ ပြောလိုက်တဲ့စကားကတော့ “ဒီမှာ ဝန်ကြီး ကျုပ်အောင်သင်းက ယောက်ျားဗျ၊ ယောက်ျားစကားပဲ ပြောတယ်၊ ဒါတွေကို ကျုပ် တကယ် သိဘူးဆိုတာ အ မှန်ပဲ၊  မတော်တဆဖြစ်ခဲ့တယ်ဆိုတာလည်း အမှန်ပဲ၊ ကြိုက်သလို လုပ်လိုက်ကြတော့” လို့ ဆိုပြီး ထတွယ်ပစ်လိုက်ပါသတဲ့။

“ငါ့ကွာ.. ရယ်ရတာ ပြောဦးမယ်၊ အာ့လို ငါက မတ်တပ်ထပြီး ဒေါသတကြီးပြောလိုက်တဲ့အချိန်မှာ ဝန်ကြီးကလည်း သူ့ကို ဒီလိုမျိုးပြောခဲ့ဖူးတာ တယောက်မှရှိခဲ့ဖူးပုံမရတော့ ပါစပ်အဟောင်းသားကြီးဖြစ်သွားတာကိုးကွ..”  တဲ့။  ဘေးက ဆရာကြီး တွေကလည်း “ဦးအောင်သင်း.. ဦးအောင်သင်း ဒီလိုမပြောရဘူးလေဆိုပြီး ငါ့ကို အတင်းဝင်တားကြပါလေရော၊ ငါလည်း ပြောပြီး ငုတ်ကနဲ ပြန်ထိုင်ချလိုက်ပါရောတဲ့။

ဝန်ကြီးလည်း ဘာပြောရမှန်းမသိ၊ အကုန်လုံး ကြောင်စီစီတွေဖြစ်ပြီး ငြိမ်ကုန်ကြရောတဲ့..။  ခဏနေတော့ ဦးအောင်သင်း ပြန်နိုင်ပါပြီဆိုတော့ ငါလည်း လွယ်အိတ်ကလေးယူပြီး ဘောက်ဆတ်ဘောက်ဆတ်နဲ့ ပြန်ထွက်လာရင်း ငါတော့ ပြုတ်ပြီ ဆိုတာ သိလိုက်ပါရဲ့ကွာတဲ။ ရယ်ရင်းနဲ့ ကျွန်တော့်ကို ဆရာအောင်သင်းဆိုပြီး ဖြစ်လာတဲ့အချိန်မှာမှ ပြန်ပြောပြခဲ့တာပါ ခင် ဗျား။  အဲ့ဒီ့နောက် ၅ ရက်လောက်အကြာမှာ “Dismiss” ဆိုတဲ့ အော်ဒါထွက်ပြီး အာမထိ လျှာမထိပြုတ်ခဲ့တာပဲ လူလေးရေတဲ့။

ထွန်းမြင့် (တက္ကသိုလ် မင်းမော်) ကတော့ ငါ့ကို “ခင်ဗျား အသနားခံစာတင်ကြည့်ပါ့လား၊ ပင်စင်လေး ဘာလေး ရလိုရငြား” ဆိုပြီး အကြံပေးသေးတယ်ကွ၊ ငါလည်း. “ရီးတောင် မတင်ဘူးကွာ” ဆြိုပီးနေလိုက်တာ မြန်မာစာဌာနနဲ့ ရေစက်ကုန်သွားတာ ခုထိပဲတဲ့။ ၁၉၉၀ နောက်ပိုင်း ကျွန်တော်လူလားမြောက်ပြီးမှ အဖေပြောပြခဲ့တာလေးပါ။

အောင်မြိုင်သင်း

[မိုးမခ၏ ကျေးဇူးတင်စကား - မနှစ် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့က ကွယ်လွန်အနိစ္စရောက်ခဲ့သည့် ဆရာ ဦးအောင်သင်း အမှတ်တရအဖြစ် ဆရာ့သား ကိုအောင်မြိုင်သင်း သူ၏လူမှုကွန်ရက် Facebook တွင် ရေးနေသည့် ဆရာ့ အကြောင်း အပိုင်းဆက်များကို စုစည်းတက်ဆက်ခြင်းဖြစ်ပါသည်။ ကိုအောင်မြိုင်သင်းကို အထူးကျေးဇူးတင်ရှိကြောင်း မိုးမခက မှတ်တမ်းပြုပါသည်။  အပိုင်းဆက်များကိုလည်း ဆက်လက်စုစည်းဖော်ပြပါမည်။]

မိုးမခ၏ ဆရာအောင်သင်း အမှတ်တရစာစုများ


မောင်စွမ်းရည် – စာဟောဆရာ၊ စာရေးဆရာ ဦးအောင်သင်း (ရန်သူကို မိတ်ဆွေဖွဲ့ခြင်း)
http://moemaka.com/archives/40514
http://blog.moemaka.com/2014/10/blog-post_638.html

ဒေါက်တာ ခင်မောင်ဝင်း (သချာင်္) – ကျောင်းနေဘက် သူငယ်ချင်း ဦးအောင်သင်း
http://moemaka.com/archives/40538
http://blog.moemaka.com/2014/10/blog-post_632.html

မောင်အောင်မွန် – သူသေသွားမှ လေးစားလိုက်ရသော ဆရာဦးအောင်သင်း
http://moemaka.com/archives/40594
http://blog.moemaka.com/2014/11/blog-post_99.html

ဖိုးထက် - မျိုးဆက်သစ် ထားရစ်ခဲ့ပြီလား ဆရာ
http://moemaka.com/archives/40483
http://blog.moemaka.com/2014/10/blog-post_950.html

ငြိမ်းချမ်းအေး - တောင်တွင်း က အောင်သင်း က ဘဝ သန်းခေါင်ချဉ်းသည် အထိ အနေ မှန်ခဲ့တယ်
http://moemaka.com/archives/40479
http://www.moemaka.blogspot.com.au/2014/10/blog-post_499.html

ကာတွန်းမောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - Lying through his teeth

$
0
0
 
ကာတွန်းမောင်ရစ် - ရွှေမိနဲ့ အင်္ဂလိပ်စာ - Lying through his teeth
(မိုးမခ၊ အကယ်ဒမစ်ဝိကလီဂျာနယ်၊ ရန်ကုန်) ဇွန် ၃၀၊ ၂၀၁၅

ဝင်းအောင်ကြီး - ကိုအောင်သင်း ကံဇာတာတက်လို့ ကျနော် မိန်းမအဆူ မခံလိုက်ရ

$
0
0
Saya U Aung Thin (1927 - 2014)

ဝင်းအောင်ကြီး - ကိုအောင်သင်း ကံဇာတာတက်လို့ ကျနော်မိန်းမအဆူ မခံလိုက်ရ
ကျနော်တွေးမိသလို ရေးပါမည် (၄၄)
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၅


၁၉၇၀ နိုင်ငံတကာ စာအုပ်နှစ်စာပဟောပြောပွဲမှာ “ စာဖတ်သူခံစားရသော စာပေ့သြဇာ” စာတမ်းရှင် ဦးအောင်သင်းနဲ့ “ စစ်ပြီးခေတ် ၀တ္ထုတိုများ” စာတမ်းဖတ်တဲ့ကျနော် ဆုံတွေ့ကြခင်မင်လာကြသောအခါ၊ ကျနော့ထက် အသက် ၁၀ နှစ်ကြီးပေမယ့် ဦးအောင်သင်းလို့ ဆရာလို့မခေါ်ရ ဆိုတာနဲ့ ကိုအောင်သင်းလို့ခေါ်ရင်း ပြောမနာဆိုနာ ဖြစ်ခဲ့ရတာပါ။

သူ့အိမ်ကိုသွားတိုင်း ခွေးကြီးကဟောင်၊ မဟောင်တဲ့ တနေ့  ...
“ ခင်ဗျား လူဖြစ်ပြီးညံ့လိုက်တာ၊ ကိုအောင်သင်း ဒီအချိန်အိမ်မကပ် ဆိုတာမသိဘူးလား “ လို့ပြောနေသလိုပဲ၊
 “ ခင်ဗျားတို့ချင်း နားလည်တယ်နော်”
“ ဘယ်ကလာ၊ ပညာရှိတွေး တွေးကြည့်လို့သိရတာ” အဲဒီလို ပြောမနာဆိုမနာကနေ တဆင့်တက်ကာ၊ သူ့အမြင်ကိုယ့်အမြင် လေးစား၊ လွတ်လပ်ပေါ့ပါးစွာ ၂ ယောက်သားစကားပြောရတဲ့ အရသာခံတွင်းတွေ့ကြတာ သူသေတဲ့အထိ။

အသုဘပို့ရင်း ဆုံမိကြလည်း၊ သင်္ချိုင်းမှာ လူရှင်းတဲ့အထိစောင့်၊ ဥပမာ ... သိကြားမင်းက သုဇီတာနဲ့ သုမာလာကို ဘယ်လောက်အချိန်ကွာပြီးယူတာလဲ၊ သာမန်နတ်သားလေးတွေတောင် နတ်သမီးတဘက် ၅၀၀ စီ ဆိုတော့ သူ့နောက်ကွယ်မှာ လူမသိ နတ်မသိ ဇာတ်လမ်းတွေ တွေးကြည့်ကြတာဟာ မိုးကြိုးပစ်လောက်တယ်။ စာပေ၊ ရုပ်ရှင်၊ ဂီတ ကြုံရင်ကြုံသလို ကပ်သီးကပ်သပ်တွေး လွတ်လပ်လပ်ပြောနဲ့ နိုင်ငံရေး၊ ဦးနေ၀င်း အကြောင်းဆို အဆီတ၀င်းဝင်း ဘယ်ပြန်ညာပြန်နဲ့ မြိန်လိုက်တာ၊ ကြားသွားတဲ့ တာဝန်သိ သရဲတကောင်ကောင်က သတင်ပို့လိုက်ရင် သေဒဏ်ထိမှာလည်း အသေအချာ။

 တကြိမ်မှာတော့၊ ကျနော့ဝတ္ထုတပုဒ်က ဇာတ်ကောင်ကို အပင်ပန်းခံတွေးမနေဘဲ သူ့ကိုကြည့်ရေးလိုက်တာ မဂ္ဂဇင်းထွက်လာတော့ မကြေညာဘဲ သံတမန်အဆက်အသွယ် ဖြတ်တောက်လိုက်တယ်။ ဇာတ်လမ်းက သူနဲ့ဘာမှမဆိုင်၊ အထပ်ထပ်ပြန်ဖတ်ကြည့်တော့မှ တနေရာမှာ ရေးတေးတေးလေး သွားငြိနေသလိုလို၊ ၀တ္ထုပဲဗျာ၊ ဘယ့်နှယ် ဒေသစွဲကင်း ၀ါဒစွဲကင်းတဲ့ ဧရာမစာပေဝေဖန်ဆရာကြီးဆီကို သွားရင်တောင်းပန်ရာ ရောက်မှာမို့ မာနတင်းထားလိုက်ပေမယ့် ၃ ၄ ၅ ရက်လောက်ကြာတော့မနေနိုင်။ သူလည်းတင်းထားရာက ပြန်လျှော့ဖို့ခက်နေမှာ ကျနော်သိတယ်။

ဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲသဲကာလ ဟံသာဝတီအ၀ိုင်းနားမှာ ဘွားကနဲတွေ့ကြတော့ မျက်နှာကိုတင်းထား၊ ခြေထောက်တွေ မသိမသာကပ်လာ အနားရောက်တော့ "လူတွေသိပ်များတယ်နော်၊""ဟုတ်တယ်ဗျ ..."ဆိုကာ ပြီးသွားတဲ့ ၂ ယောက်သား စကားမပြော မနေနိုင်တဲ့ ဆက်ဆံရေးပါ။

သူ့အကြောင်း သားငယ်အောင်မြိုင်သင်း ရေးတာတွေ ဖတ်ရင်း ကိုအောင်သင်း ကံဇာတာတက်တဲ့နေ့ ပြေးသတိရမိတယ်။ ကျနော် ကံနိမ့်နေတဲ့ကာလ၊ နိုင်ငံခြားအလုပ်သွားလုပ်ချင် ထွက်ဆိုတာနဲ့ အပြင်ရောက်၊ အလုပ်ရပါရဲ့ မသွားရလို့ ဇရပ်ဟောင်း ၇ ပေအခန်းကျဉ်းလေးမှာ၊ စာမူခရပါက ပဲနီလေးဟင်း အာပြဲခြောက်ကြော်၊မရရင် ပဲဝါလေးနဲ့ အာပြဲခြောက်ဖုတ်။ ခင်မင်သူများက အ၀င်အထွက်မပျက်၊ ကိုအောင်သင်းက ပိုလာ၊ အဲဒီနေ့က ပဲလိမ္မော်မရှိလို့ ပဲနီလေးလား ပဲဝါလေးလား မသေချာ၊အာပြဲခြောက်ဝယ်ဖို့ မနက် ၁၀ နာရီလောက်မှာ ဂွဈေးကိုထွက်ခဲ့တယ်။ လာဗျာ ဆိုကာလက်ဖက်ရည်တခွက်မှာ ရင်း “ အောင်သင်း ကံဇာတာ ပြန်တက်လာပြီ” ဆိုတော့ ၀မ်းသာလိုက်တာ၊ ကျောင်းစာသက်သက် အလွတ်မကျက်ဘဲ လောကကြီးကို ကြည့်တတ်မြင်တတ်ဖို့ သင်ပေးမိလို့ ကထိကရာထူးက ပြုတ်ခဲ့သူကြီးမို့ပါ။

စကားကောင်းနေလိုက်ကြတာ ရေနွေး ၃ ခရားကုန်၊ အပေါ့ ၃ ကြိမ်သွား၊ ညနေ ၃ နာရီထိုး၊ သတင်းကောင်းရောက် မလာနိုင်လို့ မေးယူတော့မှ

“ ဒီမနက်ဗျာ၊ စာရေးရတာ အပေါက်အလမ်းမတည့်၊ စာဖတ်ဖို့လည်း စိတ်မပါ၊ စကားပြောရအောင် လက်ဖက်ရည်ဆိုင်လာထိုင်တော့လည်း အသိမတွေ့နဲ့-- ရောက်မယ့်ရောက်လာတော့ ခင်ဗျားလေ၊ အောင်သင်း ကံဇာတာ ဒီ့ထက် တက်ရဦးမှာလား? ”

လက်ဝှေ့စကားနဲ့ဆို ကျနော် ကြမ်းပြင်ပေါ် မှောက်လျက်ကျသွားပြီ။ ကျနော် မနက်စာအတွက် အာပြဲခြောက်လာဝယ်ကြောင်း ပြောပြတော့ မျက်စိပျက် မျက်နှာပျက်၊ ပြာပြာသလဲငွေရှင်း မြန်မြန်လာ၊ ခင်ဗျားအမျိုးသမီးကို လိုက်တောင်းပန်ပေးမှဖြစ်မှာ ဆိုကာထွက်လာလိုက်တာ၊ အိမ်ရောက်ဝ စောင့်နေသူက နှစ်ယောက်သားကြည့်ရင်း "ထင်သားပဲ"လို့ ပြုံးပြီးပြောတယ်။

"အောင်သင်း ကံဇာတာတက်လာ ယုံပြီလား၊ ကြည့် တောင်းပန်ဖို့ ပါးစပ်တောင်မဟရသေးဘူး၊ ပြေလည်သွားပြီ ..."လို့ မထိုင်ရသေး ပြောဖြစ်အောင် ပြောလိုက်သေး။

ဟုတ်ပါလိမ်မယ်၊ သူ့ကံဇာအတက် ဂယက်ရိုက်လို့ ကျနော်လည်း မိန်းမရဲ့ အဆူမခံရလိုက်တာလို့ ခုမှတွေးမိကြောင်းပါ။

၂၀၁၅ ခု၊ ဇွန်လ ၂၈ ရက်နေ့

ကာတွန်း ဘီရုမာ - ၂၀၀၈ နဲ့ တမတ်

$
0
0
 
ကာတွန်း ဘီရုမာ - ၂၀၀၈ နဲ့ တမတ်
(ဒီဗီဘီ) (မိုးမခ) ဇွန် ၃၀၊ ၂၀၁၅

ဆောင်းဖြူ - မြေစာပင်ရဲ့တေး

$
0
0

 ဆောင်းဖြူ - မြေစာပင်ရဲ့တေး
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၅

ကျွန်တော်တို့
ခေါင်းလောင်းထိုးသံ ကြားချင်တယ်
သေနတ်သံတွေ တိတ်ပေးပါ။

ကျွန်တော်တို့
လွတ်လပ်လွင်ပြင်မှာ ကစားချင်တယ်
ကတုတ်ကျင်းတွေ ဖယ်ပေးပါ ။

ကျွန်တော်တို့
အမိုးအကာအောက်မှာ အိပ်ချင်တယ်
မေတ္တာတရားတွေ ပြန်ပေးပါ။

ကျွန်တော်တို့
မိစုံဖစုံ နေချင်တယ်
အာဃာတတွေကို ရပ်ပေးပါ။

ကျွန်တော်တို့
ချိုးဖြူငှက်နဲ့အတူ
ကျွန်တော်တို့
ငြိမ်းချမ်းတေးနဲ့အတူ
ဖြူစင် လွတ်လပ် ပေါ့ပါး
လူသားဘ၀ကိုရချင်တယ် ။

ဆောင်းဖြူ
××××××××××××

မိုးမခတွင် ဖော်ပြထားသည့် ဆောင်းဖြူ၏ ကဗျာများ

၁) မေတ္တာစာ

http://moemaka.com/archives/44201
http://blog.moemaka.com/2015/06/blog-post_734.html

၂) အစ်ကို
http://moemaka.com/archives/44227
http://blog.moemaka.com/2015/06/blog-post_231.html

အုန်းနိုင် - ၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ထုတ်ပယ်ခြင်း (၉)

$
0
0
အုန်းနိုင် - ၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ထုတ်ပယ်ခြင်း (၉)
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၅
• ဥပဒေနောက်ထပ်တိုးပြန်တော့
န၀တကတော့ လက်ရဲဇက်ရဲနိုင်လာပါပြီ..။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားတဲ့ မူလဥပဒေ “နိုင်ငံ တော် အား  နှောင့်ယှက်ဖျက်ဆီးလိုသူများဧ။် ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ” ကို  ထပ်ပြီး  ပြင်ဆင် တိုးမြှင့်လိုက်ပြန်ပါတယ်..။

မူလဥပဒေ  အခန်း (၄) ပုဒ်မ (၁၄) မှာပါဝင်တဲ့ “တကြိမ်လျှင်  ရက်ပေါင်း ၁၈၀ ထက်မပိုစေပဲ  (၃) နှစ်အထိ” ဆိုတဲ့ စကား ရပ်အစား “တကြိမ်လျှင်  တနှစ်ထက်မပိုစေပဲ စုစုပေါင်း (၅) နှစ်အထိ” ဆိုတဲ့ စကားရပ်နဲ့ အစားထိုးရမယ်လို့ ပြင်ဆင်ပါတယ်..။

ဒေါ်အောင်ဆန်းစုကြည်ကို  စဖမ်းတာ ၁၉၈၉ခု  ဇူလိုင်လကဆိုတော့  ၁၉၉၂ ခု ဇူလိုင်လဆိုရင်  (၃) နှစ်ပြည့်တော့မယ်..။ မူလဥပဒေအရ (၃) နှစ်ဆိုရင် လွှတ်ပေးရတော့မယ်..။ မလွှတ်သေးဘူး..။ ဒါကြောင့် (၃) နှစ်အစား  (၅) နှစ်လို့ ပြင်တယ်..။ နောက်ထပ် (၂) နှစ် ထပ်ချုပ်ထားဦးမယ်ဆိုတဲ့သဘောနဲ့ ဥပဒေပြင်တာပါ။

မူလဥပဒေဟောင်းရဲ့ ပုဒ်မ (၂၀) မှာ အယူခံပိုင်ခွင့်ရှိသည်ဆိုတဲ့ စကားကိုလည်း ပယ်ဖျက်လိုက်တယ်..။ အယူခံခွင့် မရှိ တော့ဘူးပေါ့..။ အဲဒီလောက် ညစ်ပတ်တာပါ..။

ဒါတွေဟာ ဘာကိုညွှန်းနေလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ လက်ရှိဗဟို အလုပ်အမှုဆောင်ကို   ဒေါ်အောင်ဆန်း စုကြည်အပေါ် ပိုပြီးလျစ်လျှူရှုအောင် တဖြည်းဖြည်း ညစ်နေတာပါပဲ။ ခုတော့  တဖြေးဖြေးမျိုလာလိုက်တာ မထွေးလေးနဲ့ မြွေမင်းသားပုံပြင်ထဲကလို လည်ပင်းရောက်နေပါပြီ..။ ဒါတောင် အဖွဲ့ချုပ် ဗဟိုခေါင်းဆောင်တွေက ချစ်လို့ ကျီစားတယ် ထင်နေတုန်းလား  မသိပါဘူး..။

ဒီအချိန်မှာပဲ  “အဖွဲ့ ခေါင်းဆောင် ဘယ်သူလဲ” ဆိုတဲ့ မေးခွန်းကို  အာဏာပိုင်တွေဘက်က အလုပ်မရှိ ကြောင်မရေချိုးသလို  မေးလာပါတယ်။ အစိုးရပိုင်  သတင်းစာထဲက ဆောင်းပါးတွေကနေ   ရေလာမြောင်းပေး    စရေးလာကြပါတယ်..။ မသိမသာ
မေးခွန်းထုတ်လာကြတယ်..။ နောက်တော့ မ၀တ (မြို့ နယ်အာဏာပိုင်) တွေက မြို့ပေါ်ရှိ နိုင်ငံရေးအဖွဲ့အစည်းတိုင်းရဲ့ အ မှုဆောင်တွေကို  ဖိတ်ခေါ်ပြီး မေးပါတယ်။ မိမိတို့နိုင်ငံရေးပါတီရဲ့ခေါင်းဆောင်ဘယ်သူလဲ..တဲ့။ အချက်အလက် အချို့ပါ တဲ့ပုံစံတွေကိုပေးပြီး ဖြေခိုင်းတယ်။ အဲဒီပုံစံထဲမှာပဲ  အဖွဲ့ခေါင်းဆောင် ဘယ်သူလဲလို့မေးပါတယ်။ အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးတည်ပြီးမေးတာပါ။ လက်ရှိအနေအထားအရ အဖွဲ့ချုပ်မှာ ခေတ္တယာယီဥက္ကဌက ဦးအောင်ရွှေ ဖြစ်နေတော့ တချို့ကလည်း  ဇဝေဇ၀ါပေါ့။ ကျနော်တို့မြို့နယ်မှာတော့  ကျနော်တို့အဖွဲ့ရဲ့ ဒုဥက္ကဌ ဦးမြင့်သိန်းနဲ့ တွေ့ တော့တာကိုး။ သူက လူဝင်မှုကြီးကြပ်ရေးမြို့နယ်မှူးကနေ အငြိမ်းစားယူလာတဲ့သူ။ ဌာနဆိုင်ရာဝန်ထမ်းဘ၀မှာကတည်းက မဟုတ်မခံ။ ဂွတိုက်တတ်သူမို့ အသက်မပြည့်ခင်စောပြီး အငြိမ်းစားယူခဲ့ရသူပါ။ သူ့ကိုပေးထားတဲ့ပုံစံရဲ့  အဖွဲ့ခေါင်းဆောင် နေရာမှာ  ဒေါ်အောင်ဆန်းစုကြည်လို့ ရေးရုံမက  စာရွက်ရဲ့လွတ်နေတဲ့နေရာ ကွက်လပ်မှန်သမျှမှာ ကျနော်တို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ခေါင်းဆောင်မှာ  အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီး  ဒေါ်အောင်ဆန်းစုကြည်ဖြစ် ပါသည်.. လို့  ကွက်လပ်တွေ မပြည့်မချင်း  အကြိမ်ကြိမ်ထပ်ရေးပါတယ်..။

ဒီတော့  မ၀တအတွင်းရေးမှူးက  ဒါ..တမင်ရွဲ့ပြီးလုပ်တာလားလို့  မေးပါတယ်..။ ဦးမြင့်သိန်းက ခင်ဗျားတို့  ဘယ်သူခေါင်း ဆောင်လဲလို့မေးတာကရော အလုပ်ပိုတွေလုပ်နေတာမဟုတ်ဖူးလားလို့ ပြန်မေးပါတယ်..။ နဲနဲတော့အခြေအတင်ဖြစ်သွား တာပေါ့..။ ဒီတော့ ရုံးအဖွဲ့ မှူးက“နေပါစေ..ထားလိုက်ပါ။ ထားလိုက်ပါ” လို့ပြောမှ ပြီးသွားပါတယ်..။

မြို့နယ်စည်းရုံးရေးကော်မတီဝင်များကို  မ၀တရုံးမှာခေါ်မေးရုံတင်မကဘူး..။ နောက်တဆင့် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို  ပြည်မြို့မင်းကြီးတောင်ပေါ်က စစ်ဘက်ထောက်လှမ်းရေးရုံးမှာခေါ်ပြီး  မေးပြန်ပါတယ်..။ ဒီလိုခေါ်မေးတဲ့ မြင်ကွင်းကလေးနဲ့ မေးပုံကလေးကို  ဖော်ပြချင်ပါတယ်..။

အခန်းတခန်းမှာ   စားပွဲတလုံးရှေ့ မှာကုလားထိုင်ချထားပြီး  ကျနော့်ကိုထိုင်စေပါတယ်..။ မျက်နှာချင်းဆိုင်မှာတော့  ထောက် လှမ်းရေးအရာခံဗိုလ်က  ထိုင်နေပြီးစောင့်ကြည်နေပါတယ်။ စားပွဲပေါ်မှာ စာရွက်အတိုအစတွေ    ဖြန့်ကျဲထားပြီး ..စာရွက် တွေပေါ်မှာတော့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးကြည်မောင်၊ စတဲ့နာမည်တွေ.. အမျိုးမျိုးရေးထားပါတယ်..။ ဒေါ်အောင်ဆန်း စုကြည်လို့ရေးထားတဲ့ စာရွက်အတိုအစမျိုးတော့ လုံးဝမတွေ့ ရပါ။

ကျနော်က သူတို့ပေးထားတဲ့   ပုံစံစာရွက်ထဲက ခေါင်းဆောင်အမည်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်လို့ရေးလိုက်တော့…ရှေ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ထောက်လှမ်းရေးအရာခံဗိုလ်က လှမ်းဖတ်ပြီး “ဒေါ်အောင်ဆန်းစုကြည်က  နိုင်ငံသားမှ  မဟုတ်ပဲ” လို့ပြောတယ်။

“သူနိုင်ငံသားမဟုတ်ဘူးလို့  ခင်ဗျားက  ဘာအထောက်အထားနဲ့ပြောတာလဲ..” လို့ကျနော်က ပြန်မေးတော့“သူရွေးကောက်ပွဲတုန်းက အရွေးခံခွင့်မရဘူးလေ” ပြောပြန်ပါတယ်..။

“ရွေးကောက်ပွဲတုန်းက သူ့ကို မြို့နယ်စုကော်မရှင်က အရွေးခံခွင့်ပြုခဲ့တယ်လေ..။ တိုင်းကော်မရှင်ကျတော့မှ  အရွေးခံခွင့် ပယ်လိုက်တာ..။ တရားဥပဒေသဘောအရပြောရရင်  အမှုတခုမှာ မူလမှု၊ အယူခံမှု၊ ဗဟိုရုံးအယူခံမှုဆိုပြီး  သုံးဆင့်ရှိတယ်..။ အခု  မြို့နယ်စုရဲ့ မူလအမှုမှာ ဒေါ်စုအရွေးခံခွင့်ရတယ်လေ။

ရန်ကုန်တိုင်းအယူခံကျမှ  ဒေါ်စုကို  အရွေးခံခွင့်ပယ်ခံရတာ။ ဒါဆိုတော့ ၀မ်း-၀မ်း (one- 0ne) ပဲ  ရှိသေးတယ်..။ ဗဟိုက  အဆုံးအဖြတ်မှမပေးသေးတာ..။ဒီတော့ သရေပဲ ဗျ..။ဖိုင်နယ်မဟုတ်သေးဘူး..။ပြီးတော့  ဒေါ်အောင်ဆန်းစုကြည်   ရွေးကောက်ပွဲဝင်ခွင့်မရတာနဲ့နိုင်ငံသားမဟုတ်ဘူးလို့လည်း  မပြောနိုင်ဘူး။

သူ့အဖေအရင်းခေါက်ခေါက်ကြီးက  ခင်ဗျားတို့ ကျနော်တို့တိုင်းပြည်လွတ်လပ်ရေးအတွက်   အသက်စွန့်သွားတဲ့  အာဇာနည် ခေါင်းဆောင်ကြီးလေ..” လို့  ရှည်ရှည်ဝေးဝေးပဲ  ရှင်းလိုက်တယ်..။ “ဒါတော့  ဥပဒေကိစ္စတွေနဲ့ နိုင်ငံရေးကိစ္စတွေ..ကျနော် နား လည်ဘူး” လို့ ပြောပြန်တယ်..။ “နားမလည်လည်း  ကျနော်ရေးထားတာ လက်ခံထားလိုက်ရင်ပြီးတာပဲ”လို့ ဆိုတော့ ဘာမှပြန်မပြောဘူး..။

ကျန်တဲ့ကိုယ်စားလှယ်တယောက်ကိုလည်း အခြားအခန်းတခန်းမှာ ဒီလိုပဲပြောတယ်..။ သူဖြေတာတွေနဲ့ သူနဲ့ ဘာတွေ  အပြန်အလှန်ပြောဖြစ်ကြသေးလဲတော့ ကျနော်မမေးတော့ပါ..။ ဒါ.. သူ့ကိစ္စလို့ သဘောထားပါတယ်..။

ဒီလိုနဲ့အဆင့်တဆင့်  ပြီးသွားပြန်ပါတယ်..။ သူတို့ကသာ ဒီလိုလုပ်နေတာ..။ နိုင်ငံတကာသတင်းဌာနတွေမှာတော့  ဒေါ် အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုကြီးတောင် ချီးမြှင့်ဖို့ရည်ရွယ်နေတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။

လှကျော်ဇော - သမိုင်းမှေးမှိန်ခြင်းခံနေရဆဲ ဗိုလ်ဇေယျ

$
0
0
ရှေ့ဆုံးတန်း ဘယ်အစွန်မျက်မှန်နဲ့ဗိုလ်ဇေယျ၊ အလယ်တန်း ညာအစွန် ဗိုလ်မှူးချုပ် ကျော်ဇော

လှကျော်ဇော - သမိုင်းမှေးမှိန်ခြင်းခံနေရဆဲ ဗိုလ်ဇေယျ
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၅

ကျွန်မဆောင်းပါးအမှတ် (၂၇) ဗိုလ်လကျာ်အကြောင်းရေးပြီးတော့ ရဲဘော်တချို့က ဗိုလ်လကျာ်နဲ့တတွဲတည်းအဖြစ် ဗိုလ် ဇေယျအကြောင်းလည်း ရေးပါဦးလို့ တိုက်တွန်းလာကြပါတယ်။ ကျွန်မက ဗိုလ်ဇေယျအကြောင်း ဖေဖေပြောပြဖူးတဲ့ နည်း နည်းပါးပါးပဲသိတယ်။ ဗိုလ်လကျာ်ကြီးလို သိပ်ရင်းရင်းနှီးနှီးမဟုတ်ခဲ့လို့ ရေးရတာ မဝံ့မရဲဖြစ်မိပါတယ်။ ဒါပေမဲ့ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးတယောက်အကြောင်း မိမိတို့နဲ့ပတ်သက်ခဲ့တဲ့ အဖြစ်အပျက်လေးတွေကို တဒေါင့်တနေရာက ရေးကြည့်ချင်လာ ပါတယ်။

ကျွန်မ ဗိုလ်ဇေယျအကြောင်းရေးဖို့ပြင်တော့ ဒီဆောင်းပါးနဲ့အတူ ထည့်ဖော်ပြချင်တဲ့ ဓာတ်ပုံနှစ်ပုံကို အသည်းအသန် ရှာမိပါ တယ်။ တပုံကတော့ ၁၉၆၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က ဗမာပြည်ကွန်မြူနစ်ပါတီက ပြည်တွင်းငြိမ်းချမ်း ရေးဆွေးနွေးဖို့ ပဏာမကိုယ်စားလှယ် အဖွဲ့အဖြစ်လာကြတဲ့ ရဲဘော်ဌေးနဲ့ ဗိုလ်ဇေယျတို့အဖွဲ့ စမ်းချောင်း ချမ်းသာလမ်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းအိမ်ကို ဂါရဝပြုဖို့လာတုံးက ဖေဖေနဲ့ဗိုလ်ဇေယျ တယောက်နဲ့တယောက်ဖက်ပြီး မျက်ရည်တွေစီးကျ နေတဲ့ပုံဖြစ်ပါတယ်။ အဲဒီဓာတ်ပုံဟာ ဆွေးနွေးပွဲတွေပျက်ပြီးနောက် အဲဒီကာလက ဓာတ်ပုံများအတွက် ပြိုင်ပွဲပြုလုပ်ရာမှာ ‘တတိယဆု’ရရှိခဲ့ပါတယ်။ (ပထမရတဲ့ပုံကတော့ အဲဒီကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီးနောက် ပေါက် ခေါင်းချောင်း (နဝင်းချောင်း) ကိုဖြတ်နေတဲ့ပုံ။ ရှုဒေါင့်ဂျာနယ်က ‘ပြည်သူကိုသူတို့ ကျောခိုင်းကြလေပြီ’ ဆိုတဲ့ခေါင်းစဉ်နဲ့ မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့တဲ့ပုံဖြစ်ပါတယ်။)

နောက်တပုံကတော့ ၁၉၆၃ စက်တင်ဘာလ ၁၂ ရက်နေ့က အဲဒီကိုယ်စားလှယ်အဖွဲ့ ကျွန်မတို့ ဆီဆုံလမ်းအိမ်ကို လာလည် စဉ်ကရိုက်ထားတဲ့ပုံဖြစ်ပါတယ်။ အဲဒီကာလ သတင်းစာတွေထဲမှာတော့ အထင်ကရ ဖော်ပြခံရတဲ့ဓာတ်ပုံတွေ ဖြစ်ခဲ့ပါ တယ်။ အဲဒီပုံတွေရမရ မသေချာပါဘူး။ (သတင်းစာဖြတ်ပိုင်းဟောင်းတခုရလို့ ထည့်ထားပါတယ်။) ကျွန်မဆီမှာတော့ ၁၉၄၁ ဂျပန်ရောက် ရဲဘော်သုံးကျိပ်ဝင်တချို့ကို ရိုက်ကူးထားတဲ့ပုံတပုံတော့ ရှိပါတယ်။ အဲဒီထဲမှာတော့ ဖေဖေရော ဗိုလ်ဇေ ယျရော ပါပါတယ်။ (ရှေ့ကဆောင်းပါးတစောင်မှာ ဖော်ပြထားပြီးဖြစ်ပါတယ်။)

တကယ်တော့ ဗိုလ်ဇေယျဟာ အစဉ်အလာကြီးပါတယ်။ ရဲဘော်သုံးကျိပ် မသွားခင်ကတည်းက ကျောင်းသားခေါင်းဆောင် တဦး ၁၃၀ဝ ပြည့်အရေးတော်ပုံအတွင်း မန္တလေးအရေးတော်ပုံကို သွားပြီးခေါင်းဆောင်ခဲ့ပါတယ်။ ရန်ကုန်မှာ ဆန္ဒပြကျောင်း သူကျောင်းသား ၂၀ဝ ကျော် ဒဏ်ရာရခြင်းနှင့် ဗိုလ်အောင်ကျော်ကျဆုံးရခြင်းတို့နှင့်ပတ်သက်၍ အရေးယူပေးရန် စီတန်း လှည့်လည်ဆန္ဒပြရာမှာ အင်္ဂလိပ်အစိုးရကပစ်ခတ်လို့ အာဇာနည် ၁၇ ဦးကျဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူများအထဲမှာ ဗိုလ်ဇေယျပါပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ သမဂ္ဂခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ အဲဒီ ကမှ ရဲဘော်သုံးကျိပ်အဖြစ်ပါသွားတာပါ။ အဲဒီမှာလည်း သူဟာ ခေါင်းဆောင်တဦးပါပဲ။ အထူးသဖြင့် ဖေဖေတို့ ဆရာကြီး မှိုင်းအဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်လကျာ်ပြီးရင် ဗိုလ်ဇေယျက တတိယခေါင်းဆောင်ပါ။ (ဗိုလ်နေဝင်းကတော့ ကံ ကောင်းထောက်မစွာနဲ့ သခင်ထွန်းအုပ် သခင်ဗစိန်ဂိုဏ်းရဲ့ခေါင်းဆောင်နေရာကို ရခဲ့တာပါ။ ဒီအကြောင်း ကျွန်မရေးပြီးပါ ပြီ။)

ဂိုဏ်းနှစ်ဂိုဏ်း ညီညွတ်စေလိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့စေတနာကြောင့်သာ ဗိုလ်နေဝင်း ဒီနေရာတွေရလာတာပါ။ ဗိုလ် ဇေယျနဲ့ တန်းတူနေရာမျိုးပါ။ တခါတရံ ဗိုလ်ဇေယျကို အထက်မှာထားပြီး တခါတရံ ဗိုလ်နေဝင်းကို အထက်မှာထားပါတယ်။

ဂျပန်တော်လှန်ရေးအပြီးဖွဲ့တဲ့ မျိုးချစ်ဗမာ့တပ်မတော်မှာ ဗိုလ်ဇေယျကို စစ်ဦးစီးချုပ်ပေးပြီး ဗိုလ်နေဝင်းကိုတော့ ရှေ့တန်း စစ် ဌာနချုပ်မှူးပဲ ပေးထားပါတယ်။

၁၉၄၅ စက်တင်ဘာမှာ ချုပ်ဆိုတဲ့ ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းက အရပ်ဘက်ကူးပြောင်းတော့မယ်လို့ ဆုံးဖြတ်ပြီး ကျန်လူများကို ကိုယ်ပိုင်အမှတ်စဉ်တွေ ထုတ်ပေးရာမှာ ..



ဗိုလ်လကျာ်   - BC ၃၅၀၁
ဗိုလ်နေဝင်း   - BC ၃၅၀၂
ဗိုလ်ဇေယျ       - BC ၃၅၀၃
ဗိုလ်ကျော်ဇော - BC ၃၅၀၄
ဗိုလ်အောင်ရွှေ (NLD)   -  BC ၃၅၀၅
ဗိုလ်ရဲထွဋ်       - BC ၃၅၀၆

စသဖြင့် ဗိုလ်နေဝင်းအုပ်စုကိုလည်း တစုံတရာ နေရာပေးထားတာ တွေ့ရပါတယ်။

(ဒီနေရာမှာ ကျွန်မကြုံကြိုက်လို့ ကိစ္စတခုပြောပါဦးမယ်။ ဖေဖေတို့က သူတို့ကိုယ်ပိုင်နံပါတ်ကို အတော်စွဲလမ်းပုံရပါတယ်။ ဖေဖေနေထိုင်မကောင်းဖြစ်နေတဲ့အခါ ကျွန်မက စိတ်ပြေလက်ပျောက် စကားစမြည်ပြောရင်း အော် ဒါထက် ဖေဖေ့ ဘီစီ နံပါတ်က ဘယ်လောက်ပါလိမ့်လို့ ဖြတ်မေးလိုက်ရင် ဖေဖေက ‘သရီး-ဖိုက်-အို-ဖိုး’ တဲ့။ မဆိုင်းမတွကို ဖြေနိုင်ပါတယ်။)

အဲဒီ ကန္ဒီစာချုပ်အရ ဗြိတိသျှက ဖွဲ့စည်းပေးခဲ့တဲ့ အမြဲတမ်းဗမာ့တပ်မတော်မှာ သေနတ်ကိုင် ခြေလျင်တပ်ရင်း ၃ ရင်း (သန က-၃-၄-၅) မှာ ဖေဖေရယ် ဗိုလ်နေဝင်းရယ် ဗိုလ်ဇေယျရယ် ဒုတပ်ရင်းမှူးများ အသီးသီးဖြစ်လာပါတယ်။ အင်္ဂလိပ်လူမျိုး တွေကတော့ တပ်ရင်းမှူးတွေပေါ့။ အဲဒီကမှ တပ်ရင်း ၃ ရင်းက အရာရှိ ၁၀ ဦးစီရွေးပြီး ၁၉၄၆ ခုနှစ် မေမြို့မှာ အထူးဗိုလ် သင်တန်းဖွင့်ပြီး အင်္ဂလိပ်တွေက ဖေဖေတို့ကို စစ်သင်တန်းတွေ ပေးခဲ့ပါတယ်။

အဲဒီဗိုလ်သင်တန်းနဲ့ပတ်သက်လို့ ဖေဖေက သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ အသေးစိတ်ဖော်ပြထားခြင်းမရှိပေမယ့် ဗိုလ်မှူးကြီး ဟောင်း တင်မောင် (စာရေးဆရာ မြတ်ထန်) ရဲ့ ‘တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်မှာ’ တော်တော် ပြည့်ပြည့်စုံစုံ ရေး ထားပါတယ်။ တနေရာမှာ ရေးထားတာကတော့ ....

ထိုသင်တန်းသည် တမျိုးတော့ ပျော်စရာကောင်းလှပါသည်။ မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းပြီးနောက် အင်္ဂလိပ်စစ်တပ် သို့ ဝင်ရောက်ခဲ့ကြရပြီးမှ ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်တို့သည် တစုတဝေး ပြန်လည်တွေ့ဆုံကြရခြင်းဖြစ်သည်။ ထို့ ကြောင့် ရောက်စကမူ ရင်ဆိုင်ကြရမည့် သင်တန်း၏ ပင်ပန်းမှု ပြင်းထန်မှုတို့ကို သတိမရနိုင်ကြဘဲ တဲတတဲမှတတဲ ကူးကြ သန်းကြ အတွေ့အကြုံခြင်း ဖလှယ်ကြ ရှေးဖြစ် နှောင်းဟောင်းတွေပြောကြ တဝါးဝါး တဟားဟား ... လို့ ရေးထားတာ တွေ့ရပါတယ်။

ဟုတ်ပါတယ်။ အဲဒီကာလက ပျော်စရာတွေအကြောင်း ဖေဖေလည်း ပြောပြခဲ့ဖူးတာတွေ ရှိပါတယ်။

ဖေဖေက အဲဒီသင်တန်းတက်တုန်းက ဗိုလ်ဇေယျနဲ့အတူတက်ခဲ့ပြီး နောက်ပိုင်း မတွေ့ဖြစ်တော့တာဟာ ၁၉၆၃ ခုနှစ် ပြည် တွင်းငြိမ်းချမ်းရေးကာလကျမှ ပြန်တွေ့ကြတာဖြစ်တယ်လို့လည်း ပြောပြခဲ့ဖူးပါတယ်။

ဖေဖေက ‘ဗိုလ်ဇေယျကြီးဟာ သိပ်သဘောကောင်းတာ လက်အောက်ငယ်သားတွေ ဖေဖေတို့လို သူ့ထက်ငယ်သူတွေ အပေါ်မှာလည်း ညှာတာတယ်။ လူကလည်း လူချောကြီး အသားကဖွေးနုနေတော့ အမျိုးသမီးတွေက အတော်လိုက်ကြ တယ်’ လို့လည်း ပြောပြဖူးပါတယ်။

ဗိုလ်ဇေယျက ဘီအိုင်အေခေတ် အစောပိုင်းမှာပဲ မန္တလေးက အချောအလှစာရင်းဝင် ကျောင်းသူလေး မခင်တင့်နဲ့ အိမ် ထောင်ကျပါတယ်။ မခင်တင့်က သိပ်လှတာ အိမ်ထောင်ကျတော့ ငယ်ငယ်လေးရှိသေးတယ်လို့ မေမေက ပြောပြဖူးပါတယ်။

(မကြာမီက ဒေါ်ခင်တင့်ကွယ်လွန်တော့ သတင်းစာထဲ နာရေးကြော်ငြာထည့်ရာမှာ ‘ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ဇနီး’ လို့ထည့်ထားတာကို သတင်းစာတိုက်တာဝန်ခံများကတဆင့် ဖိအားပေးဖြုတ်ခိုင်းလို့ ဖြုတ်ပေးလိုက်ရတယ်တဲ့။ အဲသ လောက် အာဃာတကြီးကြပါတယ်။)

ဒေါ်ခင်တင့်ဘယ်လောက်လှလဲဆိုတာတော့ ကျွန်မ မတွေ့ဖူးလို့ မသိပါဘူး။ ဒါပေမဲ့ မမခင်မာလာ (ဗိုလ်ဇေယျ ဒေါ်ခင်တင့် တို့၏သမီးကြီး) လှတာကိုတော့ ကောင်းကောင်းသတိပြုမိပါတယ်။ အသားအရည်ကဝင်းနေပြီး မျက်နှာဝိုင်းဝိုင်းလေး မျက် လုံးတောက်တောက်လေးနဲ့ အတော်ကျက်သရေရှိပါတယ်။ ယခုနာမည်ကျော်သရုပ်ဆောင် (ဗိုလ်ဇေယျမြေးတဦးလည်း ဖြစ်တဲ့) အိန္ဒြာကျော်ဇင်တို့ မျက်နှာပေါက်ပဲ။

မမခင်မာလာက ၁၉၆၂ ဇူလိုင် ၇ ရက်နေ့မှာ ကောလိပ်ဂျင်နေဝင်းနဲ့ မင်္ဂလာဆောင်ပါတယ်။ အဲဒီတုန်းက အသက် ၂၀ တောင်မပြည့်သေးပါဘူး။ ကောလိပ်ဂျင်နေဝင်းက ခရစ်ယာန်ဖြစ်လေတော့ ခရစ်ယာန်ဘုရားကျောင်းမှာလည်း လက်ထပ် ဖို့လိုပါတယ်။ အဲဒီဘုရားကျောင်းမှာ လက်ထပ်တော့ သတို့သမီးကို တွဲထုတ်ဖို့ သတို့သမီးဖခင်နေရာမှာ နေပေးဖို့ ဖေဖေကို ဦးစိုးဝင်း (ဗိုလ်ဇေယျညီ) က လာဖိတ်ခေါ်လို့ ဖေဖေသွားလက်ထပ်ပေးရပါတယ်။ တရားရုံးမှာ လက်ထပ်တုန်းကတော့ ဗိုလ်လကျာ်တို့ဇနီးမောင်နှံက ဦးစီးလက်ထပ်ပေးခဲ့တာပါ။

ဗိုလ်ဇေယျညီ ဦးစိုးဝင်းဆိုတာ ၁၉၈၈ ခုနှစ် အရေးတော်ပုံအပြီး ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ဆက်သွယ်မှုနဲ့ ထောင်ကျပြီး ထောင်ထဲမှာပဲ ကျဆုံးကွယ်လွန်သွားရတဲ့ နိုင်ငံရေးအကျဉ်းသမားတဦးပါ။ မမခင်မာလာတို့ညီအမတတွေကို တောက် လျှောက် အုပ်ထိန်းသူအဖြစ် စောင့်ရှောက်လာခဲ့သူပါ။

ကောလိပ်ဂျင်နေဝင်းကြီးကလည်း ဘယ်လောက်သရုပ်ဆောင်ကောင်းကောင်း ဘယ်လောက်လူကြိုက်များများ မမခင် မာ လာနဲ့ယူမိလို့ တော်တော်နဲ့ အကယ်ဒမီမရနိုင်ခဲ့ပါဘူး။ ကောလိပ်ဂျင်နေဝင်းကြီးဟာ ရုပ်ရှင်ထဲမှာသာ နောက်တီး နောက် တောက်နေပေမယ့် အပြင်မှာကျတော့ အလွန်အိနြေ္ဒကြီး တည်ကြည်ပါတယ်။ ကျွန်မမောင်တွေ ၁၉၆၃ ဧပြီလထဲမှာ ရှင်ပြု တော့ သူတို့ဇနီမောင်နှံလာလို့ ကျွန်မ နီးနီးကပ်ကပ် တွေ့ဖူးလိုက်တာပါ။ နိုင်ငံရေးစိတ်ဓာတ် အခြေခံကောင်းပုံရပါတယ်။ စာရေးဆရာကြီး ဒဂုန်တာရာကို အိမ်ပေါ်တင်ထားပြီး ပြုစုစောင့်ရှောက်ရုံသာမက ဆရာကြီး ဒဂုန်တာရာနဲ့ပတ်သက်ရာ ပတ်သက်ကြောင်း စာပေမိတ်ဆွေတွေ ကဗျာဆရာတွေ ဝင်ထွက်သွားလာနေမှုကိုလည်း ကြည်ကြည်ဖြူဖြူ လက်ခံ ဆက် ဆံတယ်လို့လည်း ကြားဖူးပါတယ်။ သူတို့အများစုက လက်ဝဲနွယ်တွေဖြစ်ပြီး အစိုးရရဲ့ အငြိုငြင်ခံရသူတွေပါ။

ဗိုလ်ဇေယျမှာ သမီးချည်း ၅ ယောက်ရှိပါတယ်။ အငယ်ဆုံးသမီးလေး ရိုးရိုး ၇ လသမီးမှာ သူတို့သားအမိတတွေ အစိုးရထိုး စစ်တခုမှာ အဖမ်းခံလိုက်ရပါတယ်။ အဲဒီတုန်းက ပါတီကလည်း ၅၅ လမ်းစဉ်အရ အိမ်ထောင်သည်များ မြို့ပြန်ပို့ရေး အစီ အစဉ်တွေရှိနေလို့ သူတို့သားအမိတတွေ တောထဲပြန်မရောက်တော့ပါဘူး။ ဒါကြောင့်ဘဲ ရိုးရိုးက သူ့အဖေကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲကာလ တပတ် နှစ်ပတ်လောက်ပဲ တွေ့ဖူးလိုက်လို့ ဖေဖေ့အကြောင်း ဘာမှမသိလိုက်ရပါဘူးလို့ ပြောတယ်လို့ ကြားရဖူးပါတယ်။ အခုလည်း ရိုးရိုးဟာ ‘ရဲဘော်သုံးကျိပ်ဝင် မိသားစု’ အဖွဲ့မှာ တက်တက်ကြွကြွ ခေါင်းဆောင် ပါဝင် နေကြောင်း ကြားရပါတယ်။ ဖခင်ကြီးရဲ့ မပြီးဆုံးသေးတဲ့တာဝန်ကို တတောင့်တနေရာက ပါဝင်ထမ်းဆောင်ရွက်နေပုံပါပဲ။

ဗိုလ်ဇေယျကြီးဟာ ပဲခူးရိုးမအတွင်း အစိုးရရဲ့ ဖြတ် ၄ ဖြတ် စစ်ဆင်ရေးများအတွင်း ၁၉၆၈ ခုနှစ် ဧပြီလ ၁၆ ရက်မှာ ကျဆုံး သွားခဲ့ပါတယ်။ တလောက လွတ်လပ်တဲ့အာရှအသံက လွှင့်သွားတဲ့ (ဗိုလ်ချုပ်ကြီးဟောင်း) ဦးတင်ဦးရဲ့ (ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီးတဦး) ပြန်ပြောင်းပြောဆိုချက်ထဲမှာ တော်တော်အသေးစိတ်ပြောထားပါတယ်။

စစ်ကြောင်းနှစ်ကြောင်းက ဗကပခေါင်းဆောင်တွေ ခိုအောင်းနေတယ်လို့ သတင်းရတဲ့ တောင်ကြောနှစ်ကြောကို ပိတ်ပြီး ရှင်းလင်းရေးလုပ်ရာမှာ ခြုံပုတ်တခုထဲအဝင် အပေါ့အပါးသွားမယ့် လူတယောက်တွေ့ရာမှာ အဲဒီလူ ထွက်ပြေးလို့ ပစ်လိုက် ရာမှာ အသေဖမ်းမိသူ မျက်မှန်နဲ့ပုဂ္ဂိုလ်တဦးကိုလာပြီး ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကြည့်ရှုစစ်ဆေးပေးဖို့ တိုင်းမှူး (ဗိုလ် ချုပ်) ဦးတင်ဦးကိုခေါ်လို့ သွားကြည့်ရာမှာ ဦးတင်ဦးက ‘အလွန်ဝမ်းနည်းစရာကောင်းစွာနဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ ဖြစ်နေတာ တွေ့ရတယ်’ လို့ ပြောပြထားပါတယ်။

ဒီလိုနဲ့ အလွန်ရင်နာဖွယ် ဗမာပြည် ပြည်တွင်းစစ်အတွင်း အဖိုးတန် ဗမာ့သားကောင်းတဦး (ဗမာပြည် အမျိုးသား လွတ် မြောက်ရေးလှုပ်ရှားမှုအတွင်းက သူရဲကောင်းတဦး) အချိန်မတိုင်မီ ကျဆုံးသွားခဲ့ရပါတယ်။ ဗမာပြည်ရဲ့ ပြည်တွင်း နိုင်ငံရေး အခြေအနေအရ ဗိုလ်ဇေယျရဲ့ သမိုင်းဝင်စာမျက်နှာများဟာ မေ့ပျောက်ခြင်းသော်လည်းကောင်း မှေးမှိန်ထားခြင်း သော် လည်းကောင်း ခံနေရပါသေးတယ်။

ဒီလိုပုဂ္ဂိုလ်ကြီးတွေ သမိုင်းမှန် နေရာမှန် ပြန်ရရေးအတွက် ဆက်လက်ကြိုးစားကြပါစို့။

တဆက်တည်း အလျဉ်းသင့်တုန်း ကျွန်မတို့တော်လှန်ရေးအတွင်း ရဲဘော်များအတွင်း ခေတ်စားခဲ့တဲ့ ရဲဘော်ဗိုလ်ဇေယျရဲ့ ‘မိခင်ပါတီ’ သီချင်းကိုဖော်ပြရင်း ဗိုလ်ဇေယျအပါအဝင် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးအတွင်း ကျဆုံးသွားရတဲ့ အာဇာနည် အထောင်အသောင်းကို ဦးညွတ်အလေးပြုလိုက်ပါတယ်။

မိခင်ပါတီသီချင်း
ရေးစပ်သူ- ဗိုလ်ဇေယျ

(ဂုဏ်ရောင်ပြောင်တယ် ပစ္စည်းမဲ့ တို့ပါတီရယ် x x x စာဖွဲ့ရမယ် x x x သီကုံးလို့ရယ် x x x သွေးလှူပေးအပ်ထားတဲ့ x x x ချစ်မိခင်ပါတီမြတ်ရယ်)၂ အူသည်းလှိုက်ဆူ x x x (ဂုဏ်ယူမိတယ်)၂ x x x ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်။

မာက်စ် လီနင် မော်အတွေးအခေါ် ဦးထပ်ပန်လို့ရယ် x x x ရင့်ကျက်သံမဏိနှယ် x x x ကျောက်ဆိုင်ပမာသို့ကွယ် x x x ခိုင်မာတယ် x x x အောင်လံနီစိုက်ကာလွှင့်မယ် x x x ရန်သူကို တိုက်ကာခွင်းမယ် x x x ပြည်သူကိုခေါင်းဆောင်လို့ရယ် x x x အောင်ပွဲသို့သာချီကာရယ် x x x (အာဏာနီထူမယ်)၂ x x x လက်နက်ကိုင်လို့ တိုက်ကြပါစို့ကွယ် x x x (အာဏာနီထူမယ်) ၂ လက်နက်စွဲလို့ ရဲရဲတောက်နီ ဆန္ဒပြုမယ် x x x အမှန်ပင် အောင်မြင်စေရမယ် x x x အဓွန့်ရှည်ပါစေလို့ x x x မိခင် x x x ပါတီ x x x အလီလီကြွေးကြော်တယ် x x xx x xx x x

သဘောတရားကရှေ့ဆောင်တယ် x x x လက်တွေ့နဲ့ရယ်ပေါင်းစပ်မယ် x x x လက်နက်ကိုင် x x x ကြီးပြင်းခဲ့လို့ လူလားမြောက်တဲ့ ဒီချိန်ခါဝယ် x x x အသက်နဲ့ထပ်တူချစ်ခင်ရမယ် x x x သွေးနဲ့ရင်းကာ သစ္စာပြုမယ် x x x တူတံဇင်ရွှေရောင်အဆင်းနဲ့ x x x လမ်းပြတံခွန်ကြယ် x x xx x x ရဲဘော်အပေါင်းရယ် x x xx x x လွှင့်ထူစို့ကွယ် x x x အဓိဋ္ဌာန်ပြုမယ် x x xx x x အောင်စေဖွယ် x x xx x x ဗမာပြည်အနီရောင်လွှမ်းလို့ x x xx x x ချမ်းမြေ့စေမယ် x x xx x x (အလေးနီ)၃ x x xx x xx x x အဓိဋ္ဌာန်ပြုပါတယ်။အို x x xx x x ရဲဘော် x x xx x x ချစ်ရဲဘော်ရယ်x x x ငုပ်မိသဲထိုင် တက်နိုင်ဖျားရောက် အောင်ရမယ်x x x တနေ့တလံ ပုဂံ ဘယ်ပြေးမယ်x x x ဟုတ်တယ်x x xဟုတ်တယ်x x x ဟုတ်တယ်x x x ဟုတ်တယ်x x x မာ့က်စ်လီနင်ဝါဒ x x xအောင်ပွဲရတဲ့ခုချိန်မယ် x x x အနာဂတ်ကို x x x တို့ပိုင်တယ် x x x တို့ပိုင်တယ်x x x တို့သာပိုင်ရမယ် x x xx x xx x x

(တို့တတွေ x x x ပေးအပ်ထားတဲ့တာဝန်ရယ် x x x မဆုတ်မနစ်ကြိုးစားလို့ဖြင့် x x xx x x အောင်စေရမယ် x x xx x x အောင်စေရမယ်)၂ x x xx x xx x x

သံမဏိစည်းကမ်း x x x လိုက်နာလို့ရယ် x x x ပါတီတောင်းဆိုချက်ကို x x x ပြည့်စုံစေမယ် x x x ကိုယ်ကျိုးမဖက်တယ် x x x အသက်ကိုပင် x x x ပေးလှူဖြူစင်ကြယ်၁၄-၁၁-၂၀၁၂

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ- ဆောင်းပါးအမှတ် (၂၈)။

• ထပ်မံဖြည့်စွက်ချက်
သံမဏိမောင်မောင်ရဲ့“နောင် ဥဒါန်းဘယ်မကျေစေရာ” စာအုပ်မှာ ဗိုလ်ဇေယျကျောင်းသားခေါင်းဆောင်ဘဝက ဆောင်ရွက် ချက်အချို့ ပါလာပါတယ်။ လူသိနည်းတဲ့အချက်တွေဖြစ်လို့ ကူးယူဖော်ပြလိုက်ပါတယ်။

---၁၃၀ဝ ပြည့် အရေးတော်ပုံအစရဲ့ အစအနေနဲ့  ချောက်၊ ရေနံချောင်းရှိ ရေနံမြေအလုပ်သမား သပိတ်ပေါ်လာပါတယ်။ သပိတ်မှောက် ဆန္ဒပြအလုပ်သမားများက ရန်ကုန်သို့ ခြေလျင်လျှောက်ဆန္ဒပြမယ့်အကြောင်း သတင်းစာများမှာ အသေး စိတ် ပါလာပါတယ်။ အဲဒီလိုဆန္ဒပြ ချီတက်လာတဲ့ သပိတ်မှောက်အလုပ်သမားတပ်ကြီးကို အုပ်စိုးသူ ကိုလိုနီအစိုးရက လမ်းမှာ တားဆီးနှောင့်ယှက်ခြင်း၊  သပိတ်မှောက်အလုပ်သမားတပ်ကြီးရဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးခြင်းစသဖြင့် မျိုးစုံ ဟန့်တားပိတ်ဆို့နေပါတယ်။ ဒါကြောင့် အလုပ်သမားသပိတ်တပ်ဖွဲ့ကြီးကို ရန်ကုန်သို့ ခေါင်းဆောင်ချီတက်ရန် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ဥက္ကဋ္ဌကိုဗဟိန်းနဲ့ အတွင်းရေးမှူး ကိုဗဆွေတို့ ရေနံချောင်းကို သွားရောက်ခေါင်း ဆောင်ခဲ့တယ်။ အလုပ်သမားသပိတ်ကို ဗကသ သွားရောက်ခေါင်းဆောင်လိုက်တာနဲ့ တချိန်တည်းမှာ နယ်မြို့များသို့ ဗကသခေါင်းဆောင်များကိုယ်တိုင်ဆင်းပြီး တိုက်ရိုက်ခေါင်းဆောင်ခဲ့ပါတယ်။

ရန်ကုန်မှမြန်မာကျောင်းဆရာ ဆရာညို (နောင်အခါ ဗိုလ်ညိုခေါ် ဗိုလ်သူရ)နဲ့ ဆရာကိုလှမောင် (နောင်အခါ ဗိုလ်မှူးလှမောင်) တို့က “ကျောင်းသားသွေးမြေခပြီ” ဆိုတဲ့စာတမ်းများနဲ့အတူ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းမြို့များသို့ ရောက်လာပြီး သပိတ်မှောက် ကျောင်းသားများအား လိုအပ်တာတွေ လမ်းညွှန်ပေးကြပါတယ်။

မြင်းခြံကို ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားခေါင်းဆောင် ကိုလှမောင် (ရဲဘော်သုံးကျိပ်ဝင် -ဗိုလ်ဇေယျ) က လာပြီးဦး ဆောင်ပါတယ်။ မြင်းခြံသပိတ်မှာ ဘာပြဿနာမှမပေါ်ဘဲ အစစ အဆင်ပြေအောင်မြင်ခဲ့ပါတယ်။  ထိုအချိန်မှာပဲ မန္တလေးမှာ ပုဒ်မ ၁၄၄ ကို အာဏာဖီဆန်ဆန္ဒပြချီတက်ရာ အစိုးရက သေနတ်နဲ့ပစ်ခတ်တားဆီးလို့ ကျောင်းသားများနဲ့ ဘုန်ကြီးများအပါ လူ ၁၇ ယောက် သေဆုံးခဲ့ပါတယ်။  ရန်ကုန်တက္ကသိုလ်မှလာရောက်ခေါင်းဆောင်တဲ့ ကျောင်းသားခေါင်းဆောင် ကိုလှမောင် ဟာ ပေါင်မှာ ဒဏ်ရာရသွားခဲပါတယ်။ သူဟာမြင်းခြံမှတဆင့် တာဝန်အရ မန္တလေးရဲ့ အာဏာဖီဆန်ပွဲကို သွားရောက် ခေါင်းဆောင်နေစဉ် ယခုလိုဒဏ်ရာရသွားခြင်းဖြစ်ပါတယ်။

ချင်းပါလက အမှုဆောင်သစ် ဖွဲ့စည်း

$
0
0
ချင်းပါလက အမှုဆောင်သစ် ဖွဲ့စည်း
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၅

ချင်းဗုဒ္ဓသာသနပါလကအဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်ခြင်းအခမ်းအနားကို ၂၀၁၅ ဇွန်လ ၂၈ ရက်နေ့ နေ့ခင်း ၁ နာရီတွင် အမှတ် ၇၄ မြေညီထပ် ကျွန်းတောလမ်း စမ်းချောင်း၌ကျင်းပခဲ့ရာ ချင်းရဟန်းသံဃာ
တော်များနှင့် ချင်းဗုဒ္ဓဘာသာဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနား အဖွင့်သြဝါဒကထာကို အရှင်နန္ဒမာကမြွက်ကြားရာတွင် အဖွဲ့၏ ဆောင်ရွက်ပြီးခဲ့သမျှကို ပြန်လည်သုံးသပ်ကြည့် လျှင် အောင်မြင်သည်ဟုဆိုနိုင်ကြောင်း၊ သို့သော် လူ့သဘာဝအရ  ၉၀ ရာခိုင်နှုန်းအောင်မြင်ခဲ့ခြင်းကို ဂုဏ်ယူဖို့ မေ့နေတတ် ပြီး အထစ်အငေါ့ဖြစ်ခဲ့သော ၁၀ ရာခိုင်နှုန်းကိုသာ သတိရနေတတ်ကြောင်း၊ ထို့ကြောင့် အောင်မြင်ခဲ့မှုများကို ဂုဏ်ယူဖို့ တိုက်တွန်းလိုကြောင်း၊ နောင်တွင် ရုံးအဖွဲ့ကို စနစ်တကျဖွဲ့၍ လုပ်ငန်းများကို သေသေချာချာဆောင်ရွက်ဖို့လိုကြောင်း၊ လစဉ် မဟုတ်လျှင်တောင် နှစ်လ တကြိမ်ပုံမှန် တွေ့ဆုံစည်းဝေးဖို့ လိုကြောင်း၊ သို့မှသာ ပိုမိုရင်းနှီးကြမည်ဖြစ်ကြောင်း၊ ရင်း နှီးပြီး ပြောမနာ ဆိုမနာဖြစ်မှသာ အလုပ်တွင်မည်ဖြစ်ကြောင်း၊ မရင်းနှီးပါက လုပ်စရှိမှသာ ချက်ခြင်းခေါ်လို့ မရနိုင်ကြောင်း စသည်ဖြင့် သြ၀ါဒပေးခဲ့သည်။



အရှင်စန္ဒကုမာရက ချင်းပါလကအဖွဲ့ အောင်မြင်ရေးတွင် ချင်းရောင်ခြည်ထုတ်ဝေခြင်းနှင့် နယ်အနှံ့ကွင်းဆင်း၍ ဆွေးနွေး ဟောပြောခြင်း၊ ထို ၂ ခုအရေးကြီးကြောင်း၊ အဖွဲ့၏လုပ်ငန်းများအတွက် စွမ်းအားရှိသရွေ့ ပါဝင်မည်ဖြစ်ကြောင်း မိန့် ကြားသည်။  အဖွဲ့ဥက္ကဌ ဦးတင်အောင်က သူငယ်စဉ်က ဗိုလ်မှူးကျင်သည် လူငယ်များအား  အရေးတယူစကားပြောခဲ့ခြင်းကို သတိရကြောင်း၊ ယခုမှသာ ထိုကိစ္စအရေးကြီးမှုကို သဘောပေါက်လာကြောင်း၊ လူကြီးနှင့်လူငယ်အကြား နားလည်မှုတည် ဆောက်ခြင်းဖြင့် စည်းလုံးမှု အောင်မြင်မှုကိုရနိုင်ကြောင်းပြောကြားသွားသည်။

ချင်းပါလက အဖွဲ့အမှုဆောင်သစ်ကို ပြန်လည်ဖွဲ့စည်းရာ ဥက္ကဌ ဦးတင်အောင်၊ ဒုဥက္ကဌ ဦးနိုင်းဘူနှင့် မိုင်လှလှဝင်း၊ အတွင်းရေးမှူး ဆလိုင်းရွှေလင်း၊ တွဲဘက်အတွင်းရေးမှူး ဆလိုင်းတင်စိုးနှင့် မိုင်အုန်းအုန်းညွှန့်၊ ဘဏ္ဍာရေးမှူး ဆလိုင်း တင်ထွန်း၊ တွဲဘက်ဘဏ္ဍာရေးမှူးများမှာ ဆလိုင်းရိုးမောင်နှင့် မိုင်သိင်္ဂီထွန်း၊ ပြန်ကြားရေးမှူါ် ဆလိုင်းးနောစော်၊ တွဲဘက် ပြန်ကြားရေးမှူးများမှာ ဆလိုင်းသီဟထွန်း၊ ဆလိုင်းစိုးမိုးဟိန်း၊ ဆလိုင်းကျော်လင်င်းဦးတို့အပါအ၀င် အမှုဆောင်များဖြင့် ဖွဲ့စည်းလိုက်သည်။

 

ချင်းပါလကအဖွဲ့ကို ၂၀၁၂ ဖေဖေါ်ဝါရီလ ၁၂ ရက် နေ့က စတင်ဖွဲ့စည်းခဲ့သည်။ အဖွဲ့၏သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဝန်ဆောင် သံဃာတော်များ၊ ဝန်ဆောင်သီလရှင်များ၊ အဖွဲ့နာယကလူကြီးများကလည်း ချင်းပါလကအဖွဲ့ကို လိုအပ်သလို
လမ်းညွှန်ဦးဆောင်လျှက်ရှိသည်။ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း။ ဧရာဝတီတိုင်းတို့တွင် ချင်းဗုဒ္ဓဘာသာဝင်များနေထိုင်လျှက်ရှိပြီး အရေအတွက် ၂ သိန်း ၆ သောင်းဝန်းကျင်အထိရှိနိုင်ကြောင်း ချင်းပါလကအဖွဲ့က သုံးသပ်ထားသည်။ ချင်းပါလကအဖွဲ့၏ရည်ရွယ်ချက် ၅ ချက်တွင် ချင်းလူမျိုးတို့၏ သာသနာ ရေးသမိုင်းကြောင်းနှင့် မျက်မှောက်ခေတ်သာသနာရေးအခြေအနေများကို အမှန်အတိုင်း ထုတ်ပြန်အသိပေးနိုင်ရန်ဟူသောအချက်လည်း ပါဝင်သည်။

မောင်စွမ်းရည် - တိုးတိုး

$
0
0

 မောင်စွမ်းရည် - တိုးတိုး
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၅

တိုးတိုးလေးပဲ
မေးပါရစေ၊ အဘရေ။

ဟိုလူ ပုတုတ်-
ထူထူတုတ်တုတ်၊ စူပုတ်ပုတ်
ဘယ်လို ဗိုလ်ချုပ်ဖြစ်လာသလဲ။

ဖြစ်မှာပေါ့ဟ။
စစ်သားကပေါ၊ စစ်တပ်ပေါတော့
စစ်ဗိုလ်လဲပေါ၊ ဗိုလ်ချုပ်ပေါရော့၊
ဗိုလ်ချုပ်ပေါတော့၊ သောကောရောကော
ကိုလူပေါလဲ၊ ရောယောင် ဗိုလ်ချုပ်လုပ်လေရော။

နေပါအုံးဗျ၊ မေးပါရစေ
စစ်သားတွေပေါ၊ စစ်တပ်ပေါသနဲ့။

သောကောရောကော၊ စစ်ဗိုလ်ပေါသနဲ့၊
ပေါမှပေါပဲ၊
ပေါလွန်းသဗျာ၊ ဘာကြောင့်ပါလဲ။

ဟဲ့- ရောင်စုံသူပုန်၊ လူမျိုးစုံက
ပုန်ကန်ကြတော့၊ ဗမာ့မြေမှာ
သွားလေရာရာ
စစ်သားတွေက မှိုလိုပေါက်
သူပုန်တယောက်၊ စစ်သားတယောက်
ရှေ့နောက်ဝဲယာ၊ ဘယ်မှာသွားသွား
စစ်သားတွေနဲ့ တိုးမပေါက်ပ
စစ်ဗိုလ်စစ်သား၊ ဒီလောက်များလျက်
သူပုန်သဘက်၊ မငြိမ်သက်တာ
ဘာကြောင့်လဲဗျာ အဘရာ၊
ဟဲ့- သူပုန်သဘက်၊ အကုန်ပျက် ခက်ရချေရဲ့။

သူပုန်မရှိ၊ စစ်မက်မရှိ
စစ်မက်မရှိ၊ စစ်သားမရှိ
ရှိတဲ့စစ်သား၊ ဘယ်သွားထားမလဲ-
စစ်သားများတော့၊ စစ်ဗိုလ်များသမို့
စစ်ဗိုလ်များရင်၊ ဗိုလ်တကာ့ဘုရင်
‘အာဏာရှင်’ တောင်ဖြစ်နိုင်သေး။

လူလည်လူနပ်၊ ချမ်းသာရေး
စစ်ဗိုလ်စစ်သား၊ များများမွေး
ငြိမ်းချမ်းဖို့ရေး၊ နောက်မှမေး
တိုးတိုးဆွေးနွေး၊ တိုးတိုးမေး
ရက်လေးရွှေ့လိုက်ကြအုံးစို့။

မောင်စွမ်းရည်
၂၀၁၅၊ မေ ၁၉

အောင်သဇင် - ခေါင်းလောင်းရှင် မင်းအောင်လှိုင်အတွက် ဒုတိယမ္ပိ ခေါင်းလောင်းသံ (အပိုင်း - ၂)

$
0
0
အောင်သဇင် - ခေါင်းလောင်းရှင် မင်းအောင်လှိုင်အတွက် ဒုတိယမ္ပိ ခေါင်းလောင်းသံ (အပိုင်း - ၂)
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၅

ဒီကနေ့ ဗမာစစ်တပ်ဟာ စစ်စွမ်းရည်နိမ့်ကျမှု၊ ဖွဲ့စည်းပုံအားနည်းမှု၊ အရာရှိအင်အားဖောင်းပွပြီး မခိုင်မာမှုတွေ ဘွားဘွားကြီး ပေါ်လာပြီဖြစ်တယ်။ အခု တပ်မ ၅ ခုက အရင် တပ်မ ၁ ခုစာဘဲရှိတယ်။ စကခ ၇ ဆိုရင် တပ်မတခုလုံး လူ ၁၀၀၀ မပြည့်ဘဲ ကချင်ပြည်တက်သွားခဲ့ရတယ်။ နောက်မှသာ အင်အားဖြည့်တွေ နဲနဲချင်းလိုက်ပေးရတယ်။ ၈၈ မတိုင်ခင်က တပ်မတမ ရှေ့တန်းထွက်ရင် အင်အား ၄၅၀၀ တက်လာတာဖြစ်ပြီး ၂၀၀၉ ပထမကိုးကန့်စစ်ပွဲမှာတော့ တပ်မတမ ၁၈၀၀ တက်ခဲ့သေး တယ်။ အခုတော့ ၁၀၀၀ ကျော်ဘဲပါတော့တယ်။ ဒါကြောင့် ဂွင်တဂွင်မှာ တပ်မတွေ ဗျူဟာတွေ အများကြီးထိုးထည့်ရတော့ ခေါင်းတွေများပြီး ကွပ်ကဲမှု မထိရောက်တော့ဘူး။

ဒါတွေရဲ့ အခြေခံအကြောင်းတရားက တပ်တွေကို ပရမ်းပတာတအားချဲ့ခဲ့လို့ဖြစ်တယ်။ ၈၈ ခုကစခဲ့တဲ့ လူထုဆန့် ကျင်ရေး လမ်းစဉ်ကြောင့် ဗမာလူမျိုးတပ်သားရေသောက်မြစ်လဲ ပြတ်တောက်သွားတယ်။ ဒါပေမဲ့ တဖက်မှာတော့ အခွင့်အရေးမျှော်ကိုးပြီးဝင်လာတဲ့ စစ်ဗိုလ်တွေ တအားများလာတယ်။ DSA DSTA DSMA စစ်ကျောင်းတွေပေါင်းလိုက်ရင် တနှစ်ကို ဗိုလ် လောင်း ၃၀၀၀-၅၀၀၀ အထိခေါ်ခဲ့တယ်။ တနိုင်ငံလုံးက ဆန့်ကျင်နေလဲ စစ်ဗိုလ်မိသားစုတွေနဲ့ ဆွေမျိုးတွေကတော့ ထောက်ခံနေအောင်၊ နောင်တချိန်ချိန် ရွေးကောက်ပွဲလုပ်ရင်လဲ မဲရအောင်ဆိုတဲ့ ရေရှည်အမြင်နဲ့ လုပ်ခဲ့တာ ဖြစ်တယ်။ စီနီယာတွေကတော့ အကျင့်ပျက်ခြစားပြီး ဗမာပြည်မှာဘယ်တုံးကမှ မရှိခဲ့ဖူးတဲ့ စစ်ဗိုလ်သူဌေးကြီးတွေ ဖြစ်လာတယ်။ အင်္ဂလိပ်ခေတ်က မွန်သူဌေး ဦးနာအောက်၊ ဖဆပလခေတ်က ဗမာသူဌေး ပဲခူးဦးစိန်ဝင်းတို့ထက် အဆရာထောင်မက ချမ်း သာတဲ့ ဘောင်းဘီဝတ်ဗိုလ်ချုပ်များ ချိတ်ထမိန်ဝတ်ဗိုလ်ချုပ်ဟောင်းများ ပေါ်လာတယ်။ အောင်သောင်း၊ ညွန့်တင်၊ ထွန်း ကြည်၊ တင်အေး၊ ရွှေမန်းတို့ကို မှီတဲ့ အရပ်သားခရိုနီ မရှိသေးပါဘူး။

အဲဒါနဲ့ ဆန့်ကျင်ဘက်မှာတော့ တပ်အောက်ခြေက တအားဆင်းရဲ၊ ငတ်ပြတ်နေတယ်။ အပစ်ရပ်ခေတ်မှာ လမ်းဖောက် လယ်လုပ် ခြံစိုက် စသဖြင့် ဖက်တိတ်တွေဘဲများခဲ့တယ်။ မြေသိမ်းရ၊ ဗိုလ်ကျရလို့ အောက်ခြေတပ်ထုနဲ့ အောက်ခြေ လူထု ရန်တိုက်ခံရတယ်။ ဒါကြောင့် တပ်မှာ စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီး လူထုစည်းကမ်းလဲပိုပျက်လာတယ်။

ဗမာစစ်တပ်ရဲ့ စစ်မြေပြင်သုံးဖိုင်ဘာခမောက်နဲ့ ကျည်ကာတွေဟာ တရုတ်ဆီက နိုင်ငံတော်အဆင့်ဝယ်တာမဟုတ်ဘဲ အောက်က ကုမ္ပဏီငယ်တွေဆီက ပေါချောင်ကောင်းဝယ်လို့ ဂျင်းထည့်ခံရတယ်။ ၃-၄ လကြာရင် ခမောက်အသား တွေ အလိုလိုကွာကျ ကြွေကျလာတာ၊ ကျည်ကာအင်္ကျီလဲ တိုင်မှာချိတ်ပြီး ပစ်စမ်းကြည့်တော့ ဖြောင်သွားတာတွေ တွေ့လို့ အထက်ကိုသတင်းပို့ပေမဲ့ ရှေ့တန်းမှာ အတင်းဝတ်ခိုင်းပြီး တက်ခိုင်းခဲ့တယ်။ ကကဝယ်ကို သေချာစစ်လိုက်ရင် ပေါ်ပါ တယ်။

လားရှိုးက ရမခ တိုင်းစစ်ဌာနချုပ်ကို ဘယ်သူပုန်မှဝင်ပစ်တာ မဟုတ်ဘဲ ရှေ့တန်းမသွားရအောင် ကိုယ့်ဟာကိုယ် အကြံ အဖန်လုပ်တာလို့ တပ်ထဲမှာနဲ့ လူထုထဲမှာ သတင်းထွက်နေတယ်။ လောက်ကိုင်မသွားရအောင် စစ်ရုံးကို လာဘ်ထိုးရတာ၊ ရှေ့တန်းမသွားရဘဲ သင်တန်းပါအောင် လာဘ်ထိုးရတာ၊ ဆေးကျအောင် စစ်ဆရာဝန်ကို လာဘ်ထိုးရတာတွေလဲ ကျော် မကောင်း ကြားမကောင်း အပုပ်နံ့ထွက်နေတယ်။

၁၀၅ မမ ကျည်တလုံးတန်ဖိုးက ပြည်တွင်းထုတ်ဆိုရင် ကျပ် ၂ သိန်းကျော်ပြီး ပြည်ပလုပ်ဆိုရင် ကျပ် ၃ သိန်း ၈ သောင်း လောက်ရှိတယ်။ ကိုးကန့်စစ်ပွဲမှာ အဲ့ဒီ ၁၀၅ မမ ဟောင်ဝစ်ဇာကို တရက် ကျည် ၄-၅၀၀၀ ပစ်ခဲ့တယ်။ အလားတူ တန်ဖိုးကြီးတဲ့ ၁၂၀ မမ မော်တာကျည်၊ ပိုဈေးကြီးတဲ့ ၁၂၂မမ ဟောင်ဝစ်ဇာကျည်၊ ၁၅၅ မမ ဟောင်ဝစ်ဇာကျည်တွေ၊ ဒုံးကျည်တွေလဲ အများကြီးဖြုန်းခဲ့သေးတယ်။

တပ်မ ၆၆ ခွန်နစ်ရင်းကို လေယာဉ်-ရဟတ်ယာဉ်နဲ့ မိတ္ထီလာ-လားရှိုး-လောက်ကိုင်ပို့ရတာ၊ ရခိုင်မှာ AA တပ် ထ,လာ တော့ စကခ ၉ ငါးရင်းကိုလဲ ရဟတ်ယာဉ်-လေယာဉ်နဲ့ လောက်ကိုင်-လားရှိုး-မိတ္ထီလာ-စစ်တွေ အမြန်ပြန်ပို့ရတာ၊ တင့်ကား အားမတ်ကားတွေသုံးတာ၊ ဒီတင့်ကားတွေအတွက် လောင်စာဆီ စုပုံထားတာမရှိလို့ လားရှိုးကလောက်ကိုင် ကို ရဟတ် ယာဉ်နဲ့ပို့ရတာ၊ လေယာဉ် ရဟတ်ယာဉ်တွေနဲ့ လေကြောင်းပစ်ကူပေးရတာတွေက တန်ဖိုးကြီးတဲ့လောင်စာဆီတွေ အများ ကြီးဖြုန်းခဲ့ရတယ်။ ချုပ်ကြည့်လိုက်ရင် ကိုးကန့်စစ်ပွဲဟာ နိုင်ငံတော်ဘဏ္ဍာ ဒေါ်လာ ၃.၂ မှ ၃.၈ ဘီလီယံကြား ဖြုန်းတီး ပစ်ခဲ့တာဖြစ်တယ်။

ကိုးကန့်စစ်ပွဲမှာကုန်သွားတဲ့ စစ်လက်နက်ခဲယမ်း ပြန်လည်ဖြည့်တင်းရေးနဲ့ ပါကစ္စတန်-ဆားဘီးယားက အသစ်ဝယ်ယူရေး အတွက် ဒေါ်လာအများကြီးလိုနေတော့ CB ဘဏ်က ခင်မောင်အေးနဲ့ ကမ္ဘောဇဘဏ်က အောင်ကိုဝင်းတို့က အဓိက ထွက်ဝယ်နေရပြီး ဒေါ်လာဈေး မကြုံစဖူး တက်လာတယ်။။ CB က ဒေါ်လာ သန်း ၂၀၀ ရလိုက်ပြီး၊ ကမ္ဘောဇဘဏ်က သန်း ၄၀၀ ဝယ်ခဲ့တယ်။

ပွိုင့် ၂၂၀၂ လို့ ဗမာတပ်ကခေါ်တဲ့ နန်ကျင်းမင်ကိုပစ်တဲ့ အမြောက်ဆံဟာ တရက်ကို ၄-၅၀၀၀ ရှိပြီး တခါတလေ ၆၀၀၀-၇၀၀၀ အထိရှိတယ်။ တမိနစ်ကို ၃-၄၀၀ ကျတဲ့အထိရှိတယ်။ တောင်တခုလုံး မီးတောင်ပေါက်ကွဲသလို ဖြစ် အောင် အမြောက်တွေနဲ့ပစ်တာကို ကိုးကန့် ပလောင်နဲ့ ရခိုင်တပ်တွေက ရက်ပေါင်းများစွာ ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ ဗမာ စစ်တပ်ကရော၊ တရုတ် PLA တပ်ကပါ လက်ဖျားခါခဲ့တယ်။ ကိုးကန့်လူထုထဲမှာလဲ သူရဲကောင်းတွေ ဖြစ်သွားခဲ့တယ်။

အခုတော့ ကိုးကန့်တပ်ရော တအာင်းတပ်ရော သံလွင်အရှေ့ခြမ်းကိုးကန့်နယ်မြေမှာ အခြေတကျဖြစ်သွားပြီး နှစ်ဖွဲ့ စလုံးဟာ တပ်ရင်းအသစ်တွေ ဖွဲ့နိုင်ခဲ့တယ်။ အရင်က ဖုံဂိုဏ်းနဲ့မတည့်တဲ့ ယန်ဂိုဏ်းအပါအဝင် ကိုးကန့်ကြားလူတွေ ရော လူထုတွေပါ MNDAA ကို ထောက်ခံနေကြတယ်။ တောင်ပေါ်တွေရော ကွင်းတွေမှာပါ လှုပ်ရှားနိုင် အခြေချနိုင်ပြီ ဖြစ်တယ်။ အထူးသဖြင့် ရခိုင်တပ်အတွက်လဲ အများကြီးအကျိုးရှိသွားတယ်။ ရခိုင်ပြည်မှာ ကောင်းကောင်း အခြေပြန်ချနိုင်ပြီး ကချင်စစ်ပွဲနဲ့ ကိုးကန့် စစ်ပွဲတွေထဲက အဖိုးမဖြတ်နိုင်တဲ့ စစ်အတွေ့အကြုံ အများကြီးရသွားတယ်။ အခုဆိုရင် ပလောင်တပ် ကချင်တပ်တွေဟာ ရှမ်းမြောက်ကားလမ်းမတွေပေါ် လွတ်လွတ်လပ်လပ်သွားလာနေနိုင်ပြီ ဖြစ်တယ်။

ဗမာနယ်စပ် ချင်းရွှေဟော်ဘက်မှာ ယန်ဂိုဏ်းနဲ့ ဗမာအာဏာပိုင်တွေနဲ့ တရုတ်နဲ့ အထူးစီးပွားရေးဇုံလုပ်ဖို့ စီမံကိန်းချထား တာလဲ ကိုးကန့်စစ်ကြောင့် ပျက်သွားသလို ယန်မိုးလျံ ပါတီထောင် ရွေးကောက်ပွဲဝင်ဖို့ အစီစဉ်လဲပျက်သွားတယ်။

ကိုးကန့်စစ်ဆင်ရေးတခုလုံးက မင်းအောင်လှိုင်ရဲ့စီမံချက်ဖြစ်လို့ ဆုံးရှုံးမှုတွေအတွက် ကစထမှူး အောင်သန်းထွဋ်ကိုလဲ ဖြုတ်ဖို့ခက်၊ ရမခတိုင်းမှူး အောင်စိုးကိုလဲ အရေးယူဖို့ခက် ဖြစ်နေတယ်။ ဒါကြောင့် ဗမာ့တပ်မတော်တခုလုံးရဲ့ အခြေအ နေဆိုးမှုမှာ အဓိကတာဝန်ရှိတာ မင်းအောင်လှိုင်ဘဲ ဖြစ်တယ်။

(လက်ရှိအခြေအနေနဲ့ တရုတ်ပေါ်လစီကို အပိုင်း-၃ မှာ ဆက်ဖတ်ပါ)

အောင်သဇင်

Viewing all 9633 articles
Browse latest View live